Tuesday, February 3, 2015

အတိတ်သို့ လွမ်းကြည့်ခြင်း (မင်းသိုက်)

အချိန်ကား - ၁၉၈၆ ဒီဇင်ဘာလ ၅ ရက်နေ့။ 
နေရာကား - ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေ။

- - - 

နည်းနည်းတော့ ခြေအေး လက်အေး ရင်ခုန် စိတ်လှုပ်ရှား ငါဟဲ့ တက္ကသိုလ်ကျောင်းသား၊ အတန်းတော့ သွားကြည့်လိုက်ဦးမှပါလေ။ အံမယ် မယ် P1, T1 တဲ့၊ ဟိုမှာ ဆံပင်ရှည် ဖားလျားကြီးနဲ့ အရပ်အမောင်းကလည်း ကိုယ့်လောက်နီးနီး၊ နီစပ်စပ် အသားအရေနဲ့ စော်ကြီးက ရုပ်ရှင်မင်းသမီးကြီး ဒေါ်ချိုပြုံးသမီးတဲ့ ဟိဟိ။ ကိုယ်နဲ့ ရိုးလ်နံပတ် ရှေ့နောက်။ အဲဒါတွေ သိပ်စိတ်မဝင်စားဘူး၊ အဆောင်ကန်တင်းမှာ ရွှေဒင်္ဂါး ရသတဲ့၊ အစိတ်ဖိုး ဝယ်ထားလိုက်ရင် တစ်ပတ်လုံး အမုန်း ရှုလို့ရသတဲ့၊ သွား ဖန်ထားပြီး ဥထားမှ။ 

- - - 


ဒီလိုနဲ့ တက္ကသိုလ်ကျောင်းသား ပေါက်စဘဝ စ ရောက်၊ ပေါင်းတော့လည်း ကိုယ်နဲ့မေဂျာမတူတဲ့ ဒိုက်ဦးသားအုပ်စုတွေနဲ့ ပေါင်းသင်း၊ ကိုယ့်အတန်းထဲက ဘော်ဘော်တစ်ယောက်မှ မရှိဘူး၊ ပရယ်တီကယ်ချိန်ပဲ ကိုယ်တိုင်ဝင်လုပ်တယ်၊ ဒေါ်ချိုပြုံးသမီး အိနီတာဆီက ကူးချတယ်။ သူကလည်း စာတော်တာမဟုတ်ပေမယ့် သူ့ကို စာပေးကူးတဲ့သူတွေ ဝိုင်းကူညီတဲ့သူတွေများတော့ ကိုယ်က အသာလေး သူ့ဆီက ကူးချ၊ ကျူတိုရီယယ်ကတော့ တစ်ခါမှကို ကိုယ်တိုင် မဝင်ဘူး။ မူကြိုကတည်းက ငယ်သူငယ်ချင်း နေလင်းခေါင်းကြီးကို အပြီးအပ်ထားလိုက်တယ်။ 

ကျောင်းရောက်တာနဲ့ လူငယ် ကန်တင်းရှေ့ ကုက္ကိုပင်အောက်မှာ ... ဆေးခြောက်ထိုင်ရှုပြီး မာစတာဂျစ်အစိမ်းတွေ RC 2 ဆယ်လီဗျဲတီတွေရဲ့ လှုပ်ရှားမှုတွေ ဝေးလားဝါးလားလုပ်နေသူတွေကို ထိုင်ရှု၊ ဗိုက်ဆာလာရင် အနောက် အဆောင်ကန်တင်းမှာ ၂ ကျပ်ခွဲတန် နန်းကြီးသုပ် ၂ ပွဲစား၊ ရေနွေးသောက်၊ ပြီးရင် ဒိုက်ဦးသားဘော်ဘော် ၂ ယောက် ၃ ယောက်နဲ့ ဦးချစ်ဆိုင် သွားထိုင် ကော်မက်သာဇင် အပေါက် တပိုင်းမော့ ... ဒီလိုနဲ့ ပထမနှစ် စာမေးပွဲနီးတော့ အနီးကပ်ကျူရှင်တက်၊ စပေါ့ရတော့ ပလေကပ်ပုဆိုးမှာ ဘောပင်နဲ့ သေးသေးလေး ရေးသွားပြီး အတန်းထဲရောက်တော့ ခိုးချ ခိုးကူးပလိုက်ထာပဲ။ 

- - - 

ဒီလိုနဲ့ ဒုတိယနှစ်ရောက်တော့ တက္ကသိုလ်ပါး နည်းနည်းဝလာပြီ။ ၈၈ အရေးအခင်း မဖြစ်ခင်အချိန်အထိ ပြဲလိုက် ကွဲလိုက် ညလုံးပေါက် ဂစ်တာတီးလိုက်နဲ့ အရေးအခင်းပြီးတော့ ကျောင်းဆက်မတက်ချင်တော့ဘူး။ ၈၈ တို့အရေး ချီတက် လမ်းလျှောက်ရင်းတွေ့ဆုံခဲ့ရတဲ့ ထမီစိမ်းတိုတိုဝတ် ပါးချိုင့်လေးနဲ့ ဖူးစာဖြစ်ပြီး ၈၉ ဒီဇင်ဘာကျတော့ သုတ်ပြေးပါလေရော။ အဲဒီမှာတင် ယူနီဗာစတီ စကျူးဒင့် လိုက်ဖ် တစ်ခန်းရပ်သွားတယ်။ 

- - - 

အွန်လိုင်းပေါ်မှာ ပြန်ဆုံခွင့်ကြုံလိုက်ရတဲ့ တက္ကသိုလ်တုန်းက အတန်းတူ မေဂျာတူ ဘော်ဘော်ကြီး Khin Zaw တင်ထားတဲ့ ရူပဗေဒ ဆရာကန်တော့ပွဲ ဓာတ်ပုံတွေ တွေ့ရတော့ ... ကိုယ့်မှာ အမှတ်တရ သိမ်းထားတဲ့ ပစ္စည်းလေးတစ်ခု ထုတ်ကြည့်မိရင်း မနေ့ကတည်းက အတိတ်ကို ပြန်လွမ်း တမ်းတမိနေတာ၊ ဒီမနက်တော့ ဖေ့စဖွတ်ပေါ် အန်ချလိုက်တယ်။ ။ 

မင်းသိုက်
 

No comments: