Friday, February 13, 2015

သွေးစွန်းခဲ့တဲ့ ချစ်သူများနေ့ (ကျော်ကျော်ငြိမ်းချမ်း)

ဟေးဗားဆက်အိတ် အစုတ်တလုံးကို လွယ်လို့... ဝါးခမောက်တလုံးဆောင်း... ထီးတချောင်းလက်မှာ ကိုင်ထားတယ်...။ နှစ်နေရာ သုံးနေရမှာ ဖာထားတဲ့ စစ်ဘောင်းဘီ ခပ်နွမ်းနွမ်းတထည်ကို ဝတ်လို့... မာနယ်ပလောမှာ သူ့ကို စတွေ့ဖူးတုန်းက...။ 

ဘယ်သူတုန်းလို့မေးတော့... ဗိုလ်ချုပ် ပီအေ... ခဏနေ အစည်းအဝေးကျရင် တွေ့ရမယ်... သူလည်း ခင်ဗျားတို့လို ရန်ကုန်တက္ကသိုလ်ထွက်ပဲ... တဲ့... အဖူးစောသန်းအောင်က ပြောတယ်...။ 

အစည်းဝေးပြီးတော့ သူ့အိမ်လိုက်ခဲ့ဖို့ ဖိတ်တယ်...။ တောင်ဘက်ထိပ်ဆုံးထိ လမ်းလျှောက်ရတယ်... နာနတ်ခင်း အကြီးကြီးနောက်မှာ သစ်ရိပ်ဝါးရိပ်ကြား၊ တောရိပ်တောင်ရိပ်ကြားက တဲတလုံး...။ စားပင် သီးပင်တွေ စိုက်ထားတာ အများကြီးရယ်...။ အမိုးနဲ့ မိတ်ဆက်ပေးတယ်...။ 


နာနတ်သီး လတ်လတ်ဆတ်ဆတ်တွေ ခွဲကျွေးတယ်... လတ်လတ်ဆတ်ဆတ် တော်လှန်ရေးအကြောင်း ပြောကြတယ်...။ 

ကျနော် ခင်ဗျားကို တွေ့တာ ၃ ရက်ရှိပြီ... ဒီယူနီဖောင်း အစုတ်နဲ့ပဲ... ရော့ဗျာ... တဲ့... အပြန်ကျတော့ ကရင်ပုဆိုးတထည် ပေးလိုက်တယ်...။ သူ့ကဗျာတပုဒ်ပါတဲ့ သနူးထူးဂျာနယ် အဟောင်းတစောင် ပေးလိုက်တယ်...။ 

.........

အရေးတကြီး ပြောစရာရှိတယ်ဗျာ... ခဏလာခဲ့ပါ... တဲ့...။ ၂ နာရီလောက်ကြာအောင် ခေါင်းပူကြရတယ်။ ရှိတာနဲ့ ထမင်းစားသွားဗျာ... တဲ့ ။ အယ်မူး ဖုတ်ပေးတဲ့ ငါးခြောက်ဖုတ်နဲ့ ထမင်းပေါ်ကို ရေနွေးကြမ်းလောင်းပြီး သူ စားတယ်...။ ကျနော်ကတော့ ထမင်းဆီဆမ်းကို ငါးခြောက်ဖုတ်နဲ့...။ ခဏနေတော့ ခေါင်းပူသွားပြီဗျာ... တဲ့... သူ့ကက်ဆက် အစုတ်ကလေးနဲ့ မာမာအေးသီချင်း ထဖွင့်ပြီး ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ရင်း ဖားဝယ်တောင်ဘက်ကို ငေးနေတယ်...။ 

.........

ရန်ကုန်ကနေ ဗိုလ်ခင်ညွန့်တို့နဲ့ ဆွေးနွေးပွဲပြီးလို့ သူနဲ့ ဗိုလ်ချုပ်တာမလာဘော ပြန်လာပြီး နောက်တပတ်...။ အစည်းဝေး ဗီဒီယိုဖိုင်မှတ်တမ်းကို ကြည့်ခိုင်းတယ်...။ ဗီဒီယိုထဲမှာ ဟိုဘက်က ဗိုလ်ချုပ်တွေ တယောက်ပြီးတယောက် မတ်တပ်ရပ်၊ စာရွက်ကလေးတွေ ကြည့်ကြည့်ပြီး ရွှန်းရွှန်းဝေအောင် စကားဖောင်တယ်...။ သူကတော့ ကုလားထိုင်မှာ ထိုင်ရင်းနဲ့ပဲ အေးအေးဆေးဆေး စကားကို တခွန်းချင်း အလွတ်ပြောတယ်... ပြီးတော့... ပြောလိုက်သေးတယ်... ခင်ဗျားတို့လည်း သက်တောင့်သက်သာ ထိုင်ပြောလို့ ရပါတယ်... တဲ့။ အဲဒီ မှတ်တမ်းတွေကြည့်နေတုန်း နောက်တရက်ပဲ ကိုယ့်ဘက်က ခေတ္တဌာနချုပ်လုပ်ထားတဲ့ ထီးခယ်ပလယ်ဘက်ကို ဦးတည်ပြီး ရန်သူက အကြီးအကျယ် ထိုးစစ်ဆင်တယ်...။ 

ဘယ်လိုလဲ အတီး... ခင်ဗျားဟာက ဖင်တောင် မပူသေးပါလား... ဆိုတော့…။ အဲဒါ ပြောတာနေမှာပေါ့... ကျနော်တို့နဲ့ စကားပြောတာက ကက(လှမ်း) တဲ့... ကက(ကြည်း) က ဘာပြောမယ် မသိသေးဘူး... လို့တော့ ဗိုလ်စန်းပွင့်နဲ့ ဗိုလ်ကျော်ဝင်းက ပြောလိုက်သား...။ ခုဟာက ကက(ကြည်း) က စကားပြန်တာနေမှာပေါ့... တဲ့ ။ အပြုံးမပျက်ပဲ...။ 

ကျန်တာတွေ ခဏထားပြီး... အရေးကြီး ပစ္စည်းတွေ၊ စာရွက်စာတမ်းတွေသိမ်း... စနစ်တကျ ဆုတ်ခွာဖို့ပြင်ရတယ်...။ ဇင်းမယ်က မိတ်ဆွေတယောက်က စိတ်ပူလို့ ဖုန်းလှမ်းဆက်တယ်... ကျနော်က အကျိုးအကြောင်း ရှင်းပြနေတယ်...။ သူက အလုပ်ရှုပ်နေတဲ့ကြားက ဖုန်းခဏပေးဗျာ... တဲ့...။ 

ဟိုဘက်က မိတ်ဆွေကို သူ လှမ်းပြောတယ်...။ ဟိတ်လူ... ကို---- ခင်ဗျားကို ကျုပ် အမိန့်ပေးမယ်... ဇင်းမယ် မဆုတ်တမ်းခံစစ်က တစ်လက်မမှ နောက်ဆုတ်မပေးနဲ့... ဒါပဲ... တဲ့။ ပြောပြီး တဖက်ကပြန်ပြောတာ မစောင့်ဘဲ ဖုန်းချလိုက်တယ်...။ ကျနော်တို့အားလုံး ရယ်လိုက်ရတာ... အတောမသတ်...။ ချစ်တဲ့ မိတ်ဆွေတွေကို အဲလို... ခပ်တည်တည် ကျီဆယ်တတ်တယ်...။ 

.........

သူ နောက်ဆုံးနေခဲ့တဲ့အိမ်က သူ့အိပ်ယာဘေးက နံရံပေါ်မှာ ဓားမြှောင် အကြီးစားတချောင်း ထောင်ထားတယ်...။ သူ့ကိုလုပ်ကြံဖို့ ရန်သူက တပ်ပြေးယောင်ဆောင်ပြီး လွှတ်လိုက်တဲ့ ကလေးစစ်သားလေးက သူ့ကိုထိုးရမယ့် ဓားမြှောင်နဲ့ ထိုင်ကန်တော့ရင်း သူ့ကို ပေးခဲ့တာ...။ အဲဒီကလေး အပါအဝင် ကလေးစစ်သား ၄ ယောက်ကို သူ မွေးစားထားခဲ့တာ... စာသင်ပေးခဲ့တာ... နောက်တော့ တတိယနိုင်ငံကို ပို့ပေးခဲ့တာ...။ 

.........

တခါက ကျနော်က ဦးဇောတိက စာအုပ်တအုပ် သူ့ကို ဖတ်စေချင်လို့ လက်ဆောင်ပေးတယ်...။ သူ ယူထားတယ်...။ အတော်ကြာလို့ သတိရလို့ ဖတ်ပြီးပြီလားလို့ မေးတော့... သူ... ရယ်နေတယ်...။ ခဏနေမှ... လောလောဆယ် မာမာအေးနဲ့ လုံလောက်ပါတယ်ဗျာ... တဲ့... ခပ်ပြုံးပြုံးနဲ့ ပြောတယ်...။ 

သူ့မှာ ဆီးချိုရှိမှန်း သူ့ဟာသူ မသိဘူး... သိတဲ့အခါကျတော့ ဆေးရုံပေါ်ရောက်နေပြီ...။ ကျနော် ဆေးရုံသွားကြည့်တော့ သူ့အိပ်ယာဘေးမှာ ကျနော်ပေးထားတဲ့ ဦးဇောတိကစာအုပ်...။ ခင်ဗျားပြောတာ ဟုတ်တယ်ဗျ... ဖတ်လိုက်... စဉ်းစားလိုက်နဲ့... အတော်နေလို့ ထိုင်လို့ ကောင်းသွားတယ်... ကျေးဇူးတင်တယ်ဗျာ... တဲ့...။ 

ခဏနေတော့ အစမရှိ အဆုံးမရှိ ထ ပြောတယ်...။ ဟိုနေ့က ဗလ လာတယ်... (သူ့သား အငယ်) ပြန်ခါနီး သူ့ဟာသူ ရုတ်တရက် ထိုင်ကန်တော့သွားတယ်... သူ တခါမှ အဲလိုမလုပ်ဖူးဘူးဗျ... ကျနော်လည်း လုပ်ခိုင်းလေ့ မရှိဘူး .. တော်တော်ထူးဆန်းတယ်... ကျနော့်စိတ်ထဲ တမျိုးပဲဗျာ... တဲ့။ 

......... 

အဲဒီနေ့က မနက်ပိုင်းကတည်းက ကျနော့်ကို သူ ဖုန်းဆက်နေတယ်...။ မြစ်ဝကျွန်းပေါ်က ဧည့်သည် ၂ ယောက်နဲ့အတူ နေ့လည်စာ လာစား... တဲ့ ခေါ်တယ်။ (မွန်းလွဲစာ ပြောပါတော့... သူက တောထဲမှာ နေတုန်းကအတိုင်းပဲ တနေ့ ပုံမှန် ၂ နပ်ပဲ စားတာဆိုတော့) သူတို့အပြန်မှာ ထည့်ပေးလိုက်ဖို့ ဂြိုတ်တုဖုန်းပြင်နေတာ မပြီးသေးလို့... စားနှင့် ပြီးမှလာခဲ့မယ်လို့ ပြောလိုက်တယ်။ နောက်တော့ ကိုသန်းထွဋ် ရောက်လာလို့ စကားပြောနေတာရယ်... နဲ့ တခြားမိတ်ဆွေတွေ ရောက်လာလို့ မအားတာရယ်ကြောင့် ဖုန်းကို ရုံးအဖွဲ့သားတယောက်ကို သွားပို့ခိုင်းလိုက်တယ်...။ 

ခဏနေတော့ သူက အဲဒီဂြိုလ်တုဖုန်းနဲ့ စမ်းပြီး ခေါ်လာတယ်...။ ဖုန်းထဲမှာ ပြောတယ်... အသံကြည်သားပဲ တဲ့။ ကြည်မှာပေါ့ အပြင်ကနေ အလွတ်အော်ပြောရင်တောင် ကြားနိုင်တဲ့ နီးနီးလေးကိုး... လို့ ကျနော်က နောက်တော့...။ ဘယ်ဟုတ်မလဲ... ကမ္ဘာပတ်နေတဲ့ ဂြိုလ်တုကနေ တပတ်ပြန်လာရတာ အဝေးကြီးပဲ... လူတော့ မရောက်ဘူး... ကျနော့်အသံတော့ ကမ္ဘာ့အပြင်ဘက် ရောက်သွားပြီ... တဲ့... သူက ပြန်နောက်တယ်။ အဲဒါ သူနဲ့ နောက်ဆုံး စကားပြောလိုက်ရတာပဲ...။ 

နောက် တနာရီလောက်ကြာလို့ ကျနော် အပြေးအလွှားရောက်သွားတော့ သူက သွေးအိုင်ထဲမှာ... လဲလို့...။ 

ဘေးနားမှာ သူ စားလက်စ နာနတ်သီးစိတ်လေးတွေ ဟိုတစိပ်... ဒီတစိပ်... ပြန့်ကြဲလို့...။ 

လွန်ခဲ့တဲ့ ၇ နှစ်က... ဒီနေ့ပေါ့ဗျာ...။ ။ 

ကျော်ကျော်ငြိမ်းချမ်း 

 

No comments: