အစိုးရဆိုတာ... တန်ခိုးရှင် မဟုတ်၊ ပြည်သူရဲ့ဆန္ဒကို ဖော်ဆောင်ပေးရတဲ့ ပြည်သူ့ အစေခံသာဖြစ်တယ်။ မိဘလို့ သဘောထားရမှာ မဟုတ်၊ ပြည်သူကို လုပ်ကြွေးပြုစုရမယ့် အစေခံသာဖြစ်တယ်။ ပြည်သူရဲ့ အခွန်ဘဏ္ဍာတွေ စားနေသူသက်သက်မို့ ပြည်သူကို ကျေးဇူးပြန်ဆပ်ရမှာဖြစ်တယ်။
အစိုးရဟာ ပြည်သူ့ကျေးဇူးရှင် မဟုတ်၊ ပြည်သူကသာ အစိုးရရဲ့ ကျေးဇူးရှင်ဖြစ်တယ်။ အစိုးရဆိုတာ ပြည်သူ့ရဲ့ ကျေးကျွန်သက်သက်သာ ဖြစ်တယ်။
ဒီမိုကရေစီနိုင်ငံတွေမှာ ဝန်ကြီးချုပ် သမ္မတကစလို့ အစိုးရဝန်ကြီးတွေအားလုံး ပြည်သူနဲ့ တတန်းတစားထဲ အခွင့်အရေးခံစားကြတာ ဖြစ်တယ်။ ပြည်သူ့ဆန္ဒကို ဖြည့်စွမ်းပေးရတယ်၊ ပြည်သူတွေ လိုအပ်ချက်ကို အမြဲမပြတ် ကြားနာလေ့လာပြီး အကောင်အထည်ဖော်ပေးရတယ်။
ပြည်သူ့ဆန္ဒကို အကောင်အထည်မဖော်နိုင်ရင် ဖြုတ်ချလို့ရတယ်။ ဆန္ဒပြကန့်ကွက်ပြီး ရာထူးက ဖြုတ်ချနိုင်ခွင့်ရှိတယ်။ အစိုးရက မှားယွင်းရင် ပြည်သူကို လူသိရှင်ကြား တောင်းပန်ရမှာဖြစ်တယ်။ အစိုးရကို ပြည်သူက ကြောက်စရာ မလိုဘူး။ အစိုးရကသာ ပြည်သူကို ကြောက်ရွံ့ရိုသေ လေးစားရမှာဖြစ်တယ်။
ဗမာပြည်မှာက အစိုးရလူကြီးတွေဟာ အခွင့်အရေးပိုပြီးယူရုံမက ရဟန်း ရှင်လူ ပြည်သူ ကျောင်းသားတွေကိုတောင် သူရဲ့ ကျေးဇူးခံတွေလိုလို၊ ကျေးကျွန်တွေလို အစေခံလို ပြန်ပြီး ဆက်ဆံနေတယ်။ အဲဒါ လုံးဝ လွဲနေတဲ့အမှား။ ဒီမိုကရေစီမဟုတ်၊ အာဏာရှင်အကျင့်ဆိုးဖြစ်တယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာတချို့တောင် အဲလို အကျင့်ဆိုးတွေ မပျောက်သေးဘူး။
ပြည်သူက ကိုယ့်စိတ်ထဲမှာ အစိုးရကို အရှင်သခင်၊ မိဘ၊ ကျေးဇူးရှင်လို့ မြင်နေသရွေ့ အဲဒီ တိုင်းပြည်ဟာ အာဏာရှင်တွေကို အလုပ်အကြွေးပြုရတဲ့ တိုင်းပြည်ပဲဖြစ်လိမ့်မယ်။ စစ်အာဏာရှင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်တွေထဲက မလွတ်မြောက်နိုင်သေးတဲ့ ကျေးကျွန်အဆင့်ပဲ ရှိနေလိမ့်မယ်။
ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီခေတ်ကို အသွင်ကူးပြောင်းနေတာဖြစ်တယ်။ အထက်တန်းကျကျ စိတ်ဓာတ်ပဲ မွေးမြူပြီး သခင်စိတ်နဲ့ ခွန်အားယူ၊ ဒီမိုကရေစီစနစ်ကို ထူထောင်ရမှာဖြစ်တယ်။
ဒီအစိုးရဟာ ကျနော်တို့ရဲ့ ကျေးကျွန်ပဲ ဖြစ်ရမယ်။ မိဘ မဟုတ်၊ အရှင်သခင် မဟုတ်။ အပြန်အလှန် လေးစားမှုရှိသင့်တာ မှန်ပေမယ့် ကိုယ့်အပေါ် သူ့ကျွန်လို၊ သူ ပေးစာ ကမ်းစာနဲ့မှ အသက်ရှင်ရမလို စိတ်ဓာတ်မျိုးရှိနေရင် အဲဒီ အစိုးရလူကြီးကို ချက်ချင်း ကန့်ကွက်ဆန္ဒပြပြီး ဖြုတ်ချနိုင်ဖို့ ဒါမှမဟုတ် သူ့အကျင့် ချက်ချင်းပြင်ဖို့ ပညာပေးရုံကလွဲပြီး တခြားနည်းလမ်း မရှိပါ။
အစိုးရဆိုတာ ပြည်သူလောက် အာဏာစက် မပြင်းထန်ဘူး။
ပြည်သူကသာ အာဏာရှိတယ်။
ပြည်သူကိုသာ ကြောက်ရမှာဖြစ်တယ်။
ပြည်သူမထောက်ခံရင် အစိုးရဆိုတာ မဖြစ်လာဘူး။
ပြည်သူက သစ်ပင်ဖြစ်သလို ရေသောက်မြစ်လည်း ဖြစ်တယ်။
ပြည်သူဆိုတဲ့ ပင်မ သစ်ပင်ကြီးက လိုလားမှ အစိုးရဆိုတဲ့ အသီးက သီးခွင့်ရတာဖြစ်တယ်။
အဲဒီအသီးကို ပြည်သူလူထုက ကောင်းရင် အရသာရှိရင် စားသုံးခွင့်ရှိတယ်။
မကောင်းရင်၊ အဆိပ်သင့်ရင် ခြွေချ ဖယ်ရှားခွင့်ရှိတယ်။
ဒါကြောင့်...
ဒီမိုကရေစီစနစ် ကူးပြောင်းဖို့ ...
အစိုးရဆိုးအလို မရှိ။
ဝန်ထမ်းဆိုးတွေ ဖြုတ်ချပစ်။ ။
ကိုညို (အော်စလို)
No comments:
Post a Comment