Wednesday, January 7, 2015

ပြင်သစ် မဂ္ဂဇင်းတိုက် ပစ်ခတ်ခံရမှု

ပဲရစ်မြို့က Charlie Hebdo ရှာလီအက်ဘ်ဒိုး မဂ္ဂဇင်းတိုက်ကို အစ္စလာမ္မစ် အစွန်းရောက်တွေလို့ ယူဆရတဲ့ သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်ခဲ့လို့ အနည်းဆုံး ၁၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ။ 

မျက်နှာဖုံးစွပ် သေနတ်သမား အနည်းဆုံး ၂ ယောက်က မဂ္ဂဇင်းရုံးခန်းအတွင်း တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထွက်ခွာစဉ် လမ်းပေါ်မှာ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီး ကားနဲ့ ထွက်ပြေး လွတ်မြောက်သွား။ 

သေဆုံးသူတွေထဲက ၂ ဦးမှာ ရဲအရာရှိတွေဖြစ်ပြီး ဒဏ်ရာရသူတွေလည်း အခြေအနေ စိုးရိမ်ရ။ 


လူသတ်သမားတွေကိုရှာဖွေဖို့ ရဲတွေက စစ်ဆင်ရေးကြီးတရပ်ကို ဆောင်ရွက်နေပြီး ပဲရစ်မြို့တော်ကို လုံခြုံရေး အမြင့်ဆုံးအဆင့်အထိ တပ်လှန့်ထား။ ထွက်ပြေးလွတ်မြောက်သူ စုစုပေါင်း ၃ ဦးကို ရှာဖွေနေဟု ဆို။ 

ဒီတိုက်ခိုက်မှုဟာ မကြုံဖူးတဲ့ ရိုင်းစိုင်းယုတ်မာမှုဖြစ်ကြောင်း ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က ပြော။ 

အသတ်ခံရသူတွေထဲမှာ မဂ္ဂဇင်း အယ်ဒီတာချုပ် အပါအဝင် မဂ္ဂဇင်းရဲ့ နာမည်ကြီး ကာတွန်းဆရာ ၄ ဦးလည်း ပါဝင်။ 

အသတ်ခံရသူတွေထဲက တဦးဖြစ်တဲ့ ထုတ်ဝေရေး ဒါရိုက်တာနဲ့ ကာတွန်းဆရာဖြစ်သူ မစ္စတာ Charbonnier ဟာ အရင်က အသက်အန္တရာယ် ခြိမ်းခြောက်ခံရလို့ ရဲအစောင့်အရှောက်နဲ့ နေခဲ့ရသူဖြစ်။ 

အသတ်ခံရတဲ့ ကျန်ကာတွန်းဆရာ ၃ ဦးဖြစ်တဲ့ Wolinski ၊ Cabu နဲ့ Tignous ။ သူတို့အားလုံး နေစဉ်လုပ်နေကျ အယ်ဒီတာအစည်းအဝေး ပြုလုပ်ချိန်မှာ ပစ်သတ်ခံခဲ့ကြရ။ 

ဒဏ်ရာရသူတွေလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေ။ 

သရော်စာတွေရေးသားတဲ့ အပတ်စဉ်ထုတ် မဂ္ဂဇင်းဟာ အရင်ကလည်း ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံခဲ့ရဖူး။ မဂ္ဂဇင်းက နောက်ဆုံးအနေနဲ့ IS အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi ရဲ့ ကာတွန်းကို ဖော်ပြခဲ့ဖူး။

သေနတ်သမားတွေ ထွက်ပြေးရာမှာ ကားတွေကို ပြောင်းလဲအသုံးပြုခဲ့တယ်လို့ ယူဆကြ။ 

ဒီတိုက်ခိုက်မှု ဖြစ်ပြီးနောက် ပြင်သစ် မီဒီယာဌာနတွေအားလုံးကို လုံခြုံရေးသတိရှိကြဖို့ အစိုးရက ဆော်သြထား။ 

သတင်း၊ ဓာတ်ပုံ (ဘီဘီစီ) 

 

No comments: