ကျောက်တုံးကြီးရေ
ရွာမှာဆို မင်းက ဆင်ကြီး
ငါတို့က ဆင်ဦးစီးပေါ့၊
တို့ကျောင်းပေါ်မှာ
‘ကဒို’ ‘ခကဝေါ်’
တစာစာအော်တော့
မင်းကတို့ကို တမျှော်မျှော်နဲ့။
မင်းကျောပေါ်ကို တို့တက်စီး
ဟဲ့ ဆင်ကြီးလို့ ငါတို့အော်
ငါတို့လည်းပျော်
မင်းလည်းပျော်ပေါ့။
အခုတော့လည်း
ကျောင်းတိုင်မီးစွဲ
အပျော်တွေစဲ အဖော်တွေလည်းကွဲလို့။
သူငယ်ချင်းတို့ရေ
တို့တတွေ ဆင်လုပ်စီးတဲ့
ကျောက်တုံးကြီးတွေ
သင်ပုန်ကြီးတွေ ဖြစ်နေပြီ။
မင်းတို့တွေလည်း
ဘယ်ကိုရောက်လို့
ဘယ်ကျောက်ဆောင်နား
ခိုနား
ဘယ်လိုတွေ သင်ကြားနေသလဲ။
ပေါ်တာပါသွားတဲ့
တို့ဆရာလေး
အသက်မှ ရှင်သေးရဲ့လား။
လက်ရေးလှလှ ရေးကြနော်လို့
တကြော်ကြော်အော်တဲ့ ဆရာမလေးရေ
ကျောက်တုံးကြီးတွေပေါ်က
စာလုံးစောင်းစောင်းကြီးတွေကို
ငါ လှအောင်လည်း မရေးနိုင်တော့ဘူး။
တို့ခိုလှုံရာ
တောတောင်တွေဆိုတာကလည်း
ကျိန်စာတွေသင့်နေသလိုပဲ
တနေ့ တလုံး
တဝုန်းဝုန်းနဲ့ ဗုံးတွေကွဲလို့။
ဒီလိုနဲ့ပဲ
ဒီနေ့ ဒီနေရာ
နောက်နေ့ ဘယ်နေရာဆိုတာ
ဘယ်သူမှလည်း မပြောနိုင်ကြဘူး။
တို့ပြောနိုင်တာ ငှက်ဖျား
သူက သစ္စာတရား တအားကြီးတယ်
တနေ့ တခါ
တို့ဘဝထဲကို မှန်မှန်လာတယ်။
သူလာရင် ငါမပျော်ပေမယ့်
ငါအော်ချင်တာ အော်လို့ရတယ်။
သူငယ်ချင်းတို့ရေ …
ဒီနေ့လည်း
ငါ အော်ရဦးမယ်
ငါတို့ကျောင်းလေး ပြန်ပေးပါလို့။
ခိုင်မာကျော်ဇော
ဇန်နဝါရီလ ၁၉၊ ၂၀၁၅
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment