(တစ်)
အိမ်နားနီးချင်း ထိုင်းနိုင်ငံရောက် မြန်မာတွေက မေးဖူးပါတယ်။ ထိုင်းနဲ့ မြန်မာဘယ်လိုခွဲမလဲတဲ့။ ဟုတ်ပါ့။ ဘယ်လိုလုပ်ပြီး ခွဲတတ်ပါလိမ့်မလဲ။ ဆံပင်အတူတူ၊ အရပ်အတူတူ၊ မျက်နှာပေါက်အတူတူ၊ အသားအရောင်အတူတူ၊ ပါးစပ်က ထွက်လာတဲ့ စကားသံကို မကြားဘဲနဲ့တော့ ဘယ်လိုမှ ခွဲခြားလို့မတတ်ပေါင်ဗျာ။ ကွယ်လွန်သူ သံအမတ်ကြီး ဦးသက်ထွန်းကတောင် သူ့စာတစ်ပုဒ်မှာ ‘‘သိပ်မတူသော အမြွှာညီနောင်’’ လို့ ခေါင်းစဉ်တပ်ပြီး ထိုင်းနဲ့ မြန်မာတို့ ဆင်ဆင်တူပုံတွေကို ရေးခဲ့ဖူးသေးတာပဲဥစ္စာ။
ဟုတ်ပါတယ်။ ကွဲပြားခြား နားမှုရဲ့ သော့ချက်ကို မသိသူတွေအဖို့ ထိုင်းနဲ့ မြန်မာခွဲရတာ နည်းနည်းကလေး ခက်ပါတယ်။ ဒါပေမယ့် ခွဲနည်းကို သူတို့ကပြောပြတော့လည်း အရှင်းသားပါကလား။
ထိုင်းရဲတွေက မြန်မာကိုဖမ်းတဲ့အခါ နှစ်ချက်ကြည့်လေ့ရှိပါတယ်တဲ့။ ပထမတစ်ချက်က ပါးစပ်ကိုကြည့်တာပါ။ မသေချာရင် ပါးစပ်ကို ဟပြခိုင်းတတ်ပါတယ်။ ကွမ်းစားထားသလား၊ မစားဘူးလား။ ကွမ်းစားထားရင် မြန်မာ၊ မစားရင် ထိုင်း။ လွဲခဲပါတယ်။ တောနေ တောထိုင် သက်ကြီးရွယ်အို နည်းနည်းပါးပါးကလွဲလို့ သည်နေ့ မျိုးဆက်သစ်ထိုင်းတွေဟာ ဘယ်သူမှ ကွမ်းမစားကြတော့ပါဘူး။
ဒါကြောင့် ပါးစပ်မှာ ကွမ်းစားထားတဲ့ အရိပ်အယောင်ကလေး တွေ့လိုက်ရပြီဆိုတာနဲ့ အဲသည့်လူကိုဖမ်းပြီး လိုချင်တာကို ညှစ်လို့ရပါပြီ။ ဧကန်မုချ အဲဒါ မြန်မာနိုင်ငံသားပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ ကားလမ်း၊ ရထားလမ်း၊ ဘူတာရုံ၊ လူသွားစင်္ကြံ၊ ဆေးရုံ၊ ကျောင်း၊ရုံး၊ လှေကားအတက်အဆင်း နေရာတိုင်းမှာ ကွမ်းတံတွေးတွေနဲ့ ပေလူးနေတာကို အားလုံးအသိပဲမို့ ထိုင်းရောက် မြန်မာအမျိုးကောင်းသားတို့က အဲဒါကို ဆက်ပြီးကျင့်သုံးကြတဲ့အခါ ထိုင်းရဲက ဖမ်းဖို့ လွယ်ကူသွားတာပါ။
(နှစ်)
ကျွန်တော်က ဒါဆိုရင် ကွမ်းမစားကြတော့ဘူးဆိုရင်ဖြင့် ခွဲရခက်သွားမှာပေါ့လို့ အထွန့်တက်မိခဲ့ပါသေးတယ်။ မိတ်ဆွေက ရယ်ပါတယ်။ မခက်ဘူး ဆရာရဲ့ တဲ့။ တခြားနည်းလမ်းတွေရှိသေးတယ်တဲ့။ ဆိုစမ်းပါဦးလို့ စကားကလေး ထောက်ပေးတော့ ရယ်သွမ်းသွေးရင်းကနေ မလှမ်းမကမ်းက ပလက်ဖောင်းပေါ်မှာ လျှောက်သွားနေတဲ့ လူတစ်ယောက်ကို လက်ညှိုးညွှန်ပြပါတယ်။ အဲဒါ မြန်မာဗျတဲ့။
ကျွန်တော်က ခင်ဗျား ဘယ်လိုခွဲခြားသတုံးဗျာလို့ မေးမိတော့ သူက ဟိုမှာ လမ်းသွားရင်းနဲ့ ဖုန်းကို ပွတ်သွားနေတာ မတွေ့ဘူးလားတဲ့။ ဟုတ်တယ်ဗျ။ လမ်းတစ်လျှောက်လုံးမှာကို လက်ထဲကဖုန်းကို တရစပ်ပွတ်ပြီး လျှောက်သွားနေတာ။ သူပြောမှပဲ သတိထားမိတော့တယ်။ ထိုင်းနိုင်ငံသားအားလုံးလိုလိုဟာ အကြောင်းမဲ့သက်သက် ဖုန်းကို ပွတ်နေတယ်ဆိုတာ အလွန်တွေ့ရခဲတာကလား။
အမျိုးကောင်းသား မြန်မာတို့သာ ဘူတာရုံမှာ ပွတ်၊ ကားမှတ်တိုင်မှာ ပွတ်၊ ရထားပေါ် ကားပေါ် ပွတ်၊ ရုံးခန်းစားပွဲမှာ ပွတ်၊ ခြင်ထောင်ထဲမှာ ပွတ်၊ လှေကားထစ်ထောင့်ချိုးမှာ ပွတ်၊ လမ်းဘေးအုတ်ခုံမှာ ပွတ်၊ ထိုင်ပွတ်၊ ထပွတ်၊ လျောင်းပွတ်၊ အိပ်ပွတ်။ ထိုင်းရဲက အရည်မရ အဖတ်မရ ဖုန်းပွတ်နေတာကို မြင်လိုက်တာနဲ့ ဒါ မြန်မာနိုင်ငံသားဆိုတာ ကိုးဆယ့်ကိုးဒသမကိုးကိုး သေချာတယ်ဆိုပြီး ဖမ်းတာပါ။ လွဲခဲတယ် ခင်ဗျ။
(သုံး)
မြန်မာနိုင်ငံသားဖြစ်မှန်း တန်းသိနိုင်တဲ့အချက်တွေဟာ တော်တော်ပဲ များပါတယ်။ ထိုင်းရောက် မြန်မာတွေဟာ ထိုင်းနဲ့ ဆင်တူကြတာကြောင့် ထိုင်းလား၊ မြန်မာလားဆိုတာကို အထက်မှာပြောပြခဲ့တဲ့ နည်းလမ်းမျိုးတွေနဲ့ ခွဲရသလို ဥရောပကမ္ဘာလို၊ အနောက်ကမ္ဘာလို နိုင်ငံကလူတွေကျတော့လည်း ဒါဟာ မြန်မာလား၊ ထိုင်းလား၊ ဗီယက်နမ်လား၊ ကမ္ဘောဒီးယားလား ခွဲခြားရခက်တတ်ပါတယ်။ ရင်းနှီးသူ၊ လူဖြူမိတ်ဆွေတချို့က မြန်မာဖြစ်မှန်း တန်းသိတဲ့အချက်တချို့ကို အသိတရား လက်ဆောင်ဝေမျှပါတယ်။
လေဆိပ်ထဲမှာ Check In ဝင်တဲ့အခါ၊ လေဆိပ်ကောင်တာမှာ Boarding Pass ယူတဲ့အခါ၊ လေယာဉ်ပေါ်သို့တက်၊ လေယာဉ်ပေါ်ကဆင်းတဲ့အခါ တန်းမစီဘဲနဲ့ ဟိုလိုလို သည်လိုလိုလုပ်ပြီး ဝင်လာသူကို တွေ့တဲ့အခါ အဲဒါ မြန်မာပါ တဲ့။
အမှိုက်ကို ရထားပေါ်က၊ ကားပေါ်က၊ လမ်းလျှောက်သွားနေရင်းက တိုက်ခန်းပေါ်က ပစ်ချသူကိုတွေ့တဲ့အခါ အဲဒါ မြန်မာပါ တဲ့။
ကလေးငယ်ကလေးတစ်ယောက်၊ သက်ကြီးရွယ်အိုတစ်ဦး၊ မသန်စွမ်းသူ တစ်ပုဂ္ဂိုလ်ကို တွေ့နေပါလျက်နဲ့ ထိုင်ခုံက မထပေးဘဲ နေမြဲနေနေတာ အဲဒါ မြန်မာပါ တဲ့။
မျဉ်းကျားကနေ လမ်းကူးဖို့ စောင့်နေတဲ့လူကို ရပ်မပေး၊ ကူးနေတဲ့သူကို တွေ့တော့လည်း နင်ပဲ ငဆနဲ့ ဆဲဆိုကြိမ်းမောင်းပြီး မထီမဲ့မြင် မောင်းနှင်ထွက်သွားတတ်တဲ့ ကားမောင်းသူနဲ့တွေ့တဲ့အခါ အဲဒါ မြန်မာပါ တဲ့။
အသက်မပြည့်တဲ့ ကလေးတွေကို စီးကရက်ရောင်းပေးတာ မြန်မာ၊ အရက်ဘီယာရောင်းပေးတာ မြန်မာ၊ အိမ်နားနီးချင်းတွေ နားမခံသာအောင် သီချင်းတွေ၊ တရားခွေတွေ ဝက်ဝက်ကွဲဖွင့်တာ မြန်မာ၊ ကိုယ့်ကြောင့် လူတစ်ယောက်ယောက် အနေအထားပျက်သွားတဲ့အခါ တောင်းပန်ပါတယ်လို့ တိုးလျှိုးဖို့ ဝန်လေးနေတာ မြန်မာ၊ သြော်... မြန်မာရဲ့ သိသာထင်ရှားတဲ့ အမှတ်အသားတွေဟာ များလှချည်ရဲ့။
ဒါပေမယ့်... အဲဒါတွေဟာ ကျေနပ်စရာတွေလားလို့မေးခဲ့ရင် မြန်မာနိုင်ငံသားတွေ ဘယ်လိုဖြေကြလေမယ် မသိ။ စိတ်တွေ ဘာတွေရော ဆိုးနေကြဦးမှာလေလား။ ကျွန်တော်ကတော့ မဆိုးဘူး။ မဆိုးချင်ဘူး။ အဲဒါ ကျွန်တော်တို့ရဲ့ပုံရိပ်ပဲလေ။ အဲသည့်ပုံရိပ်ကို ကျွန်တော်တို့ ကိုယ်တိုင်ဖန်တီးခဲ့ကြတာပဲလေ။
မကျေနပ်ရင် အဲသည့်ပုံရိပ်တွေကို ဖျက်ပစ်ဖို့ပဲပေါ့။ ပုံရိပ်လှအောင်ပြန်ပြီး ထုဆစ်ကြရုံပဲပေါ့။ အဲဒါ စာဖတ်တဲ့သူတွေရော၊ စာမဖတ်တဲ့သူတွေရော ပြန်ပြီးထုဆစ်ကြမှရမယ့်ကိစ္စ။ မြန်တာ နှေးတာက နိုင်ငံသားတွေနဲ့ စိတ်ဇော အဟုန်ထက်သန်မှု၊ မထက်သန်မှု။ ။
မောင်သာချို
No comments:
Post a Comment