Friday, January 23, 2015

ငွေလရောင်ရဲ့ တိမ်းရှောင်သူ - ၂ (သစ်ကောင်းအိမ်)


(၅)

ကျနော် ၅ တန်းစာမေးပွဲဖြေဆိုပြီးသည့်နှစ်တွင်တော့ အနော်မာမြစ် တဖက်ကမ်းကို လှမ်းမျှော်ရည်စူး၍ အဖေနဲ့ အမေက ကျနော်တို့တခြံကျော်ရှိ တိုက်ကြီးကျောင်းမှာ ကိုရင်ဝတ်ပေးပါသည်။ 

ထိုစဉ်က ကျနော်တို့ရပ်ကွက် ရွာဦးရှိ ဘိုးဘွားအစဉ်ဆက် ကိုးကွယ်ဆည်းကပ်ခဲ့သော ကျောင်းထိုင်ဘုန်းဘုန်းမှာ ကျောင်းဝန်းကျယ်ကြီး တခုလုံး တပါးတည်း အုပ်စိုးခြယ်လှယ် သီတင်းသုံးနေထိုင်လေရာ ကျောင်းကြီးပေါ် မောင်မဆော့ပေမယ့် အလှူပြီးသည့်ညမှာပဲ ကျနော် ကိုရင်အား လက်ခံစောင့်ရှောက်မည့်သူ မရှိသဖြင့် တခြံကျော်ရှိ ကိုယ့်အိမ်ကိုယ်ပြန်ကာ သီတင်းသုံးနေထိုင်ရပါသည်။ 

အဖေရယ် အမေရယ် အိမ်ရယ်နဲ့ ကျနာ် တခါမှ ခွဲမအိပ်စဖူး... အိမ်ရှေ့ခန်းက သီးသန့်ခင်းကျင်းပေးထားသည့် အိပ်ရာပေါ်က သင်္ကန်းနံ့စူစူးပေါ် လူးလိမ့်လို့ ကြမ်းတပြေးကြီးပေါ်မှာ အလွမ်းကြီးကြီး … ကျမ်းကြီးကြီး ညတညပါ မေမေရယ်... ဘယ်အမျိုးသမီးနဲ့မှ တမိုးတည်းအောက် မအိပ်ရဆိုတော့ ကျနော် ငရဲရောက်ရတော့မှာလား ... အမေ့မေတ္တာတရားမှာ တရားဦးမနာဘဲ ဈာန်နဲ့ပျံကြွနိုင်သူ ရဟန္တာ... ကောင်းကင်မှာ ဘယ်နှပါးများ ရှိပါလိမ့် …။ 


(၆) 

ကျနော် အိမ်နဲ့ ပထမဆုံးအကြိမ် စတင်ခွဲခွာဖူးသည့် နေ့တနေ့သည်လည်း ကျနော့်အရေပြားပေါ်တွင် အရုပ်ဆိုး အကျည်းတန်လွန်းသည့် အမာရွတ်တခုအနေနဲ့ပဲ ဖွဲ့နွဲ့ရမည်လား… လှပ၍ ဆွဲဆောင်မှုအားကောင်းလှသော ဆေးမင်ကြောင်တခုအဖြစ် တင်စားရမည်လားမပြောတတ်ပါ။ 

တမနက်ခင်းတွင် အဖေနဲ့အမေက ကျနော်ကို သပ်ရပ်စွာ ဖီးလိမ်းပြင်ဆင်ပေးလျက် စက်ဘီးနောက်တွင်တင်ကာ ခေါ်ဆောင်သွားပြီး ပုသိမ်ထောင်ကြီးဘေး စစ်သားစုဆောင်းရေး မျက်နှာချင်းဆိုင်ရှိ နေ့ကလေးထိန်းကျောင်းတွင် ကျနော်အား ထားရစ်ခဲ့ကြပါသည်။ 

သူတို့ထွက်သွားတော့ ဆရာမတယောက်က ကျနော်အား အတင်းဆွဲခေါ်ထားကာ တံခါးကို ပိတ်ပစ်လိုက်ပါသည်။ ကျနော်ကား ဆရာမလက်ထဲမှ အတင်းရုန်းကန်ပြေးထွက်လျက် ကျောင်းရှေ့ သံတိုင်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း ထောင်ကုန်းလမ်းမဘက်ကို မျက်နှာတူရှုလျက် ကျနော့်အိမ်ရှိရာအရပ်ကို မှန်းဆပြီး... အိမ်ပြန်မယ်... အိမ်ပြန်မယ်... ဟု အော်ဟစ်ငိုယိုနေပါသည်။ 

ဆရာမများကလည်း အတွေ့အကြုံအရ ထင်ပါသည်… အော်ဟစ်ငိုယိုနေသော ကျနော်အား ချော့မော့မနေဘဲ အားရအောင် ငိုစမ်းဆိုသလို ဒီအတိုင်း လွှတ်ပေးထားကြပါသည်။ ထိုသို့ ကျနော် အော်ဟစ်ငိုယိုနေတုန်း သိပ်မကြာခင်တွင် ကျနော်နဲ့ သက်တူရွယ်တူ ကောင်မလေးနှစ်ယောက် စပ်စပ်စုစုနဲ့ ကျနော့်နံဘေးသို့ရောက်လာကာ ကျနော့်ကို ထိုင်ကြည့်ရင်း... ယောက်ျားလေးဆိုတာ မငိုရဘူးဟု... ပြောလာပါသည်။ (ထိုအရွယ်ထက် အသက်နည်းနည်းပိုကြီးသည့် အရွယ်ဖြစ်မည်ဆိုပါက ယောက်ျားမငိုရဘူးဆိုပြီး နင်တို့အမေလင်က မှာထားလို့လား... လူပဲဟာ ငါ့ဟာငါ ငိုချင် ငိုမယ် ရယ်ချင် ရယ်မယ်။ နင်တို့သောက်ပူပါလို့လား... ဟု ပြန်လည်ပြောဆိုမိမည်မှာ သေချာပါသည်။) 

ထိုစဉ်ကတော့ ကျနော် ခဏ အငိုတိတ်ပြီး သူတို့နှစ်ယောက်ကို ကြောင်စီစီ ငေးကြည့်နေမိသည် ထင်ပါသည်။ သူတို့နှစ်ယောက်စကားကြောင့် စိတ်တိုပြီး ကျနော် ပိုငိုချင်လာမိပါသည်။ ထို့နောက် အိမ်ပြန်လမ်းဘက်ကို မျှော်ကြည့်ရင်း အိမ်ပြန်မယ်... အိမ်ပြန်မယ်ဆိုပြီး ကျနော်ဆက်၍ အော်ငိုပါသည်။ နေ့ခင်းလောက်ကျ သူတို့နှစ်ယောက်နဲ့ ကျနော် သူငယ်ချင်းဖြစ်သွားပါသည်။ ကျနော်တို့ ကားစီးတိုင်း ကစားကြပါသည်။ တယောက်က ကားမောင်းလျှင် နောက်က နှစ်ယောက်က တွန်းပေးကြပါသည်။ နောက်တနေ့များတွင် အမေနဲ့အဖေ ကျောင်းလိုက်ပို့သည့်အခါ ကျနော် ငိုယိုပြီး ကျန်မနေရစ်ခဲ့တော့ပါ။ 

.......... 

အားလပ်ရက်လည်းဖြစ်၊ ရာသီဥတုကလည်း ပူနွေး၍ ခြေခင်းလက်ခင်းသာသော ညနေခင်းများတွင် အိမ်နောက်ဖေး မြက်ခင်းပြင်ပေါ်တွင် စိတ်လွတ်ကိုယ်လွတ် ပက်လက်လှန် လဲလျောင်းကာ ခပ်လှမ်းလှမ်း တောအုပ်ပေါ်မှ တောင်ဘက်ဆီ ပျံသန်းသွားသည့် ငန်းရိုင်းများ... အရပ်တပါးဆီသို့ ဦးတည်လွင့်မျောနေသော မိုးတိမ်များ... ဥဒဟို မောင်းနှင်နေသော လေယာဉ်ပျံများမှ ထင်ကျန်ရစ်သော မီးခိုးငွေ့တန်းများအား ကျနော် တယောက်တည်း တိတ်ဆိတ်စွာ ငေးမောနေသည်ကို သူမ မြင်တွေ့လျှင် အိမ်ပြန်မယ်... အိမ်ပြန်မယ်ဟု အော်ဟစ်ငိုယိုနေသော သူမ၏ ငယ်သူငယ်ချင်း ချာတိတ်တယောက်အား သတိရသွားပုံပေါ်ပါသည်။ မြက်ခင်းပြင်ပေါ် တယောက်တည်း လဲလျောင်းငေးငိုင်နေသော ကျနော်နံဘေး လာထိုင်လျက် ရယ်စရာမောစရာများကို ရှာကြံပြောဆို စကားလမ်းကြောင်းလွှဲရင်း ကျနော့်မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်နေတတ်ပါသည်။ ယောက်ျားဆိုတာ မငိုရဘူးဟူ၍ သူမကလည်း မပြောတော့ပါ။ 

ဖြူစင်ကြည်လင်၍ ပျော်ရွှင်ဖွယ်ကောင်းသော ကျနော့်ငယ်ဘဝ၏ မျက်ရည်စီးကြောင်းများသည်လည်း ရွက်စုတ်ပြက္ခဒိန်လို ပါးလျားလာသော နေ့ရက်များအတွင်းက ဘဝပပ်ကြားအက်များကြားသို့ စီးဆင်း ခြောက်သွေ့သွားနှင့်ပြီးပြီလည်း ဖြစ်ပါသည်။ 

ဆက်လက်ဖော်ပြပါမည်။ 

 

No comments: