နှစ်ဟာင်းဝတ်စုံ သူတို့ခြုံလို့ ကောင်းနေကြတုန်း
သွားကြပြန်ပြီ
စစ်ဗိုလ်ချုပ်တွေ ကန်တော့ပွဲတဲ့
တို့ပြည်သူတွေကို သတ်ခဲ့တဲ့
ကြည်းတပ် ရေတပ် လေတပ်တွေကို
သူတို့ သူတို့တွေ ...
လက်အုပ်ချီ ကန်တော့နေကြတော့မယ်
ကရင်ပြည်သူတွေ မျက်ရည်တွေနဲ့
သိက္ခာတွေ တလှေကြီးပေးလိုက်ရပြီ အတီးရေ ...
မြစ်ဝကျွန်းပေါ်ကတော့
ငေးငေးငိုင်ငိုင်
ဘေးထိုင်နေရရှာတယ်
တော်လှန်ရေး ဘူမိနက်သန်
သမိုင်းမှာပဲ ကျန်ခဲ့သလား
မစဉ်းစားကြတော့ဘူး
သူတို့လှေ သူတို့ထိုးလို့
ရန်ုကုန်ရောက်ရောက်
နေပြည်တော်ရောက်ရောက်
မိုးစုန်းစုန်းချုပ်မှရောက်လည်း
အရှုံးမှမရှိပဲတဲ့
ပူးပေါင်းဆောင်ရွက်တာ မကောင်းဘူးလား
အကြောင်းထူးသားပဲလေ
ဝစ်သောက် အစီး ၃၀၀
ကုမ္ပဏီ ၃၅ လုံး
ပဒိုကြီးတွေ ပြုံးလို့ပျော် စစ်ဗိုလ်ချုပ်ကြီးတွေ ပြုံးလို့ပျော်
တောနက်နက်တနေရာ
ပြည်တွင်းဒုက္ခသည်ဆိုတဲ့ရွာမှာတော့
ဖယောင်းတိုင်တထုတ်နဲ့  နှစ်သစ်ကို ကြိုလိုက်ကြတယ်
မနက်ဖြန်
နေဝင်ပြီးရင် နေပြန်ထွက်မယ်
ငြိမ်းချမ်းရေး
ငါတို့ မသိဘူး
စစ်ဗိုလ်ချုပ်တွေ ငါတို့ မယုံဘူး
ပဒိုကြီးတွေလည်း အတူတူပါပဲလေ
ငါတို့အသက်ကို ဘုရားသခင်က ဖန်ဆင်းတယ်
ငါတို့အသက်ရှင်နေသေးတယ်ဆိုရင်ပဲ
ငါတို့ဘုရားသခင်ကိုပဲ ငါတို့ယုံကြည်တယ်။
ခိုင်မာကျော်ဇော
ဇန်နဝါရီ ၂၊ ၂၀၁၅
သရုပ်ဖော် - စိုးဝင်းငြိမ်း
No comments:
Post a Comment