Monday, January 19, 2015

ငွေလရောင်ရဲ့ တိမ်းရှောင်သူ (သစ်ကောင်းအိမ်)

(၁) 

ကျနော့်အမေ ကွန်မြူနစ်ဖြစ်သွားရခြင်းအကြောင်းကို ပြန်လည်တွေးမိတော့ တယောက်တည်း ပြုံးရယ်ချင်စိတ်နဲ့အတူ အတိတ်ထဲကနေ၍ မျက်တွင်းများ ပါးရိုးနားရိုးများ ချိုင့်ဝင်လျက်၊ ရီဝေဝေ ကြောင်စီစီ မျက်လုံးများ မုတ်ဆိတ်ကျိုးကျဲ ဆီနဲ့ဝေးသော ဆံပင်ခွေ လိပ်လိပ်များနှင့် ကျောပြင်တခုလုံး ပေါက်ပြဲနေသော အင်္ကျီနွမ်းတထည်ကို ဝတ်ဆင်ထားသော လူတယောက် တခါတရံတွင် သတင်းစာတစောင်ကိုကိုင်လျက်၊ တခါတရံတွင် ပုတီးတကုံးကို လက်ထဲတွင်စိတ်လျက် ထိုသို့မှမဟုတ်လျှင် စာအုပ်တအုပ်ကိုကိုင်လျက် ကျနော်တို့ အိမ်မျက်စောင်းထိုး လက်ဖက်ရည်ဆိုင်ဘက်မှနေပြီး ကျနော်တို့အိမ်ရှိရာဘက်ခြမ်းကို လမ်းဖြတ်ကူးလာသည်ကို လှမ်းပြီးမြင်တွေ့လိုက်ရပါသည်။ 

ထိုသူကား ထိုနှစ်များမတိုင်ခင် အချိန်ကာလတခုက ဆင်းရဲသောမိဘ၏ စာတော်သော ကျောင်းသား။ သူတို့ခေတ်ကာလ တက္ကသိုလ်ကျောင်းက ငွေလမင်းတို့အလယ်က ပျိုတိုင်းကြိုက် ဂျိမ်းစဒင်း။ စာပေနှံ့စပ်၍ သီချင်းဆိုလည်း အလွန်ကောင်းသူ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတယောက်။ ကျောင်းဆင်းလာပါက လက်ထပ်ထိမ်းမြားရမည့် စေ့စပ်ပြီးသားချစ်သူနှင့် ရာထူးနေရာတခုကလည်း အဆင်သင့်။ 


သို့သော် သူ့ကံကြမ္မာ ငွေလရောင်က သူ့၏ နုနယ်ပျိုမြစ်သော ပြည့်လုပြည့်ခင် ညကိုတိမ်းဖယ်ရှောင်ခွာခံရကာ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်အရောက်တွင် စိတ္တဇရောဂါစွဲကပ်ခံရပြီး ကျနော်တို့မြို့လေးသို့ ထိုသူ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ 

ကျနော်တို့ အရပ်ပြောဒဏ္ဍာရီထဲတွင်မူ သူ့အား တဖက်သတ်စွဲလန်း ချစ်ကြိုက်နေသူ ရှမ်းပြည်ဘက်မှ ရှမ်းမတယောက်က အချစ်လွန်ပြုစားသောကြောင့် သူ ထိုရောဂါစွဲကပ်ခဲ့သလိုလို စုတ်သပ်ပြောဆိုကြသော်ငြား သူ့အချစ်ရူး ရောဂါလက္ခဏာကား အရပ်ထဲရှိ ရင်းနှီးသောအိမ်များသို့ တအိမ်တက်ဆင်း လက်သီးလက်မောင်းတန်းကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆန့်ကျင်းရေးတရားများကို ခရားလက်လွှတ်ပြောဆိုနေထိုင်ခြင်းပင်။ 

(၂) 

ထိုသူသည် မနက်လင်းသည်နှင့် ကျနော်တို့အိမ်ရှေ့ရှိ ဦးကျင်သိန်း လက်ဖက်ရည်ဆိုင်လေးသို့ ရေနွေးကြို ပြင်ဆင်တုန်းမှာပင် ထိုနေ့၏ ပထမဆုံးဖောက်သည်အဖြစ် အရင်ဦးဆုံးရောက်လာကာ သတင်းစာဖတ်ဖို့စောင့်ရင်း လက်ဖက်ရည် သောက်မည်။ 

ပြီးပါက ကျနော်တို့အိမ်နံဘေးက ဖဆပလခေတ် ပမညတ အမတ်ဟောင်း အဖေကြီး ဦးစိန်မောင် လမ်းလျှောက်ပြန်လာသည့် အရိပ်အယောင်ကိုမြင်တွေ့ပါက ကျနော်တို့အိမ်ရှိရာ လမ်းတဖက်ကမ်းသို့ ကူးလာကာ သူတို့နှစ်ယောက် မနက်ခင်းရေဒီယို နားထောင်လျှင်နားထောင် သို့မဟုတ်ပါက သူ ညက နားထောင်ထားသော ညသိပ် သတင်းများ၊ မနက်ခင်းသတင်းစာပါ အကြောင်းအရာများကို အဖေကြီး ဦးစိန်မောင်အား သူက ပြောဆိုဆွေးနွေးမည်။ 

(ကျနော်တို့မမွေးခင်ထဲ အတီအတေကပင် ကျနော့်မိဘများနှင့် အိမ်ချင်းကပ်နေထိုင်ခဲ့ရာ အဖေကြီး ဦးစိန်မောင်ကို သူ့သားများခေါ်ဝေါ်သည့်အတိုင်း အဖေကြီးဟုခေါ်၍ သူ့ဇနီးသည်အား မေမေလေးဟု ကျနော်က ခေါ်ဝေါ်ပါသည်။ သူတို့နှစ်ဦးက သား ၄ ယောက်မွေးထားပြီး သူ့တို့၏ အငယ်ဆုံး သားထွေး မျိုးကိုကို ဆိုလျှင် ကျနော့်အမေနို့ကို တယောက်တဖက် သောက်စို့ရင်း အတူကြီးပြင်းခဲ့ကြရာ ယခု ကျနော်နေထိုင်ရာ အမေရိကား တောမြို့လေးတွင်လည်း မျိုးကိုတို့မိသားစုနှင့် ကျနော်တို့မိသားစုသည် ရေစက်ကြီးသူ အိမ်နားနီးချင်းပင်)။ 

သူ အဖေကြီးနှင့် ပြောဆိုဆွေးနွေးလို့ ဝလင်ပြီဆိုလျှင် ကျနော့်အဖေ၏ စက်ဘီးပြင်ဆိုင်လေး စဖွင့်ပြီဖြစ်ရာ အိမ်ရှေ့တွင် အလုပ်လုပ်နေသော အဖေဆီသို့ သူ ကူးလာမည်။ သူ့ဘေးနားလာရပ်သော ထိုသူ့အရိပ်ကိုတွေ့ပါက အဖေက မောင်(……) ဘာထူးသေးလဲကွ... ဟု ခရီးဦးကြိုပြုသည်နှင့် ထိုသူက သူ၏ သတင်းအနှစ်ချုပ်ကို မနားတမ်း ထုတ်လွှင့်ကြေငြာမည်။ ကျနော်၏ စိတ်တို၍ ဘုဂလန့်နိုင်သောအဖေက သူ့စကားများကို စိတ်ရှည်လက်ရှည်နားထောင်ပြီး သူ့ထင်ရာမြင်ရာများကို ပြန်ပြောမည်။ 

ထိုသို့ အပြန်အလှန်ပြောဆိုရင်း သူ အာခြောက် ငြီးငွေ့စပြုလာသောအချိန်တွင် ကျနော်တို့အိမ်လည်ရှိ ထမင်းစားခန်းသို့ကူးကာ ထမင်းစားပွဲသို့ဝင်ထိုင်၍ ရေနွေးဓာတ်ဗူးထဲမှ ရေနွေးကြမ်းကိုငှဲ့ သောက်လိုက် သူ့လက်ထဲမှ ဆေးပေါ့လိပ်တိုကို မီးညှိရှိုက်ဖွာလိုက်နှင့် အိမ်နောက်ဖေးတွင် ထမင်းဟင်းချက်ပြုတ်ပြင်ဆင်နေသော အမေ့ကို လှမ်းကာ သူ၏ ကမ္ဘာရေးရာ မြန့်မာရေးရာများကို ဆက်လက်ထုတ်လွှင့်မည်။ 

စိတ္တဇဝေဒနာရှင်တို့ရဲ့ထုံးစံအတိုင်း ပြောနေရင်း အမြီးအမှောက်မတည့် ရှေ့နောက်မညီဖြစ်လာလျှင် အမေက သူ့ကို မောင်ငယ်တယောက်သဖွယ် နောက်ပြောင်ကျီစယ် နှုတ်လှန်ထိုးရင်း သူသောက်နေသော ရေနွေးဓာတ်ဗူးထဲသို့ ရေနွေး ထပ်ဖြည့်ပေးမည်။ 

ထမင်းစားချိန်တိုင်လျှင် သူ့မိဘများနေအိမ်သို့ ပြန်ထမင်းစားကာ သူ စိတ်ဦးတည်ရာ အရပ်တကာသို့ ခြေဦးတည့်ရာ လှည့်လည်မည်။ သို့မဟုတ်လျှင်လည်း သူ၏ ပါးစပ်ရေဒီယိုခလုတ်ကို ဗြုန်းစားကြီးပိတ်ကာ ကျနော်တို့အိမ်နောက်ဖေးမှ ဆင်း၍ တဖက်ခြံထဲက သစ်ပင်တပင်၏ အရိပ်အောက် ဒါမှမဟုတ် ကျနော်တို့တခြံကျော် တိုက်ကြီးကျောင်း ဘုန်းကြီးကျောင်းဝင်းထဲရှိ ဇရပ်ကြီးတွင် သွားထိုင်မည်။ (ရေနွေးကြမ်းလောက် ကြံသကာလောက်နှင့် သူအနှစ်သက်ဆုံး လက်ဖက်ရည်နှင့် ဆေးပေါ့လိပ်မှလွဲ၍ ဘယ်သောအခါမှ မည်သူ့အိမ်ကမှ ထမင်းခေါ်ကျွေး၍မရ) သူကား သူ့မူဝါဒနဲ့ သူ။ 

ဆက်လက်ဖော်ပြပါမည်။ 

 

No comments: