Friday, January 16, 2015

၂၀၁၅ နိုင်ငံရေး အခင်းအကျင်းကြားထဲက နိုင်ငံရေးအကျဉ်းသားတို့ရဲ့ အခန်းကဏ္ဍ (ခင်ငြိမ်းသစ်)

လွတ်လပ်ရေးရပြီးကတည်းက မြန်မာ့သမိုင်းတွင် နိုင်ငံရေးအကျဉ်းသား ရှိခဲ့သည်။ ၁၉၆၂ ခုစစ်တပ်မှ အာဏာသိမ်းပြီးနောက်တွင် အစိုးရအားဆန့်ကျင်သူ မည်သူ့ကိုမဆို နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်သွင်း အကျဉ်းချခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးကြောင့် အကျဉ်းချခံရသူ မျိုးဆက်အလိုက် ရှိနေခဲ့ခြင်းဖြစ်သည်။ 

၁၉၈၈ စက်တင်ဘာတွင် တပ်မတော်မှ အာဏာလွဲပြောင်းယူခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားဦးရေမှာ အလွန်များပြားလာခဲ့သလို လူတန်းစားလည်း စုံလင်စွာပါလာခဲ့သည်။ AAPP ၏ ခန့်မှန်းချက်အရ ၁၉၆၂ ခုနှစ်မှစတင်ပြီး ယနေ့အထိ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်နိုင်သူဦးရေ ၇ ထောင်နှင့် တစ်သောင်းကြားတွင်ရှိသည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံရေးမျက်နှာစာက နိုင်ငံရေးသမားတွေရဲ့ အခန်းကဏ္ဍ 

ခေတ်အဆက်ဆက်မြန်မာနိုင်ငံ၏ အရေးကြီးသော နိုင်ငံရေးဖြစ်စဉ်တိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့ကြသည်။ ၁၉၈၈ အရေးတော်ပုံကြီးပေါ်ပေါက်လာစဉ် လွတ်လပ်ရေးခေတ်ကတည်းက ပါဝင်ခဲ့သည့် သက်ရှိ နိုင်ငံရေးအကျဉ်းသားများ၊ ၁၉၆၂ ခုနှစ်မှစတင်ပြီး ဦးနေဝင်းလက်ထက်တစ်လျှောက် နိုင်ငံရေးအတွက် အကျဉ်းကျခံရဖူးသူများသည် အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် ကျောင်းသားလူငယ်များနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။ 


၁၉၈၈ မှ ယနေ့အချိန်အထိ နှစ်ပေါင်း ၂၇ နှစ်ကြာမြင့်ခဲ့ချိန်တွင် အချို့နိုင်ငံရေးအကျဉ်းသားများလည်း ကွယ်လွန်ခဲ့ကြသလို၊ အချို့မျိုးဆက်များအနေနှင့်လည်း အသက်အရွယ်ကြီးမြင့်လာခဲ့ကြသည်။ မျိုးဆက်အားဖြင့် ၈၈ ခုနှစ်က ကျောင်းသား လူငယ်များပင် ယခုအချိန်တွင် လူလတ်ပိုင်းဟု သတ်မှတ်နိုင်သည့် ၅၀ ဝန်းကျင်သို့ ရောက်လာခဲ့ပြီဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားအများအနေဖြင့် တိုင်းပြည်ကို ချစ်မြတ်နိုးသောကြောင့် တိုင်းပြည်၏ အရေးကိစ္စတိုင်းတွင် ပါဝင်ပတ်သက်ခဲ့ကြသည်။ သို့သော် လူနည်းစုဖြစ်သည့် အချို့လူများအနေနှင့် မိမိတို့ရင်ဆိုင်နေရသည့် အခက်အခဲများကြောင့် ပါဝင်ပတ်သက်နိုင်ခြင်းမရှိကြသော်လည်း တိုင်းပြည်၏ အချိုးအကွေ့ကိုတော့ဖြင် စိတ်ပါဝင်စားခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဒေါ်ချိုနွယ်ဦးကတော့ သူ့အနေနှင့် သူတတ်နိုင်သည့်ဘက်မှ နိုင်ငံရေး လှုပ်ရှားမှုများကို အကူအညီပေးနေသော်လည်း အားရကျေနပ်မှုမရှိကြောင်း ပြောပြသည်။ ဒေါ်ချိုနွယ်ဦးက “ကျွန်မတို့တိုင်းပြည် အပြောင်းအလဲအတွက် လုပ်နေတဲ့လူတွေကို စိတ်အားဖြင့်၊ လူအားဖြင့် အားပေးကူညီနေပါတယ်၊ ဒါပေမယ့် အားရလားလို့မေးရင်တော့ အားမရဘူး။ ဒီထက်ကို ပိုပြီးထဲထဲဝင်ဝင် ပါချင်ပေမယ့် ဘဝက ခွင့်မပြုဘူး” ဟု သူမ၏ ခံစားချက်ကို ပြောပြသည်။ 

၂၀၁၅ အတွင်း ဖြစ်နိုင်သည့် နိုင်ငံရေးဖြစ်စဉ်များနဲ့ နိုင်ငံရေးအကျဉ်းသားတို့ရဲ့ ချိန်ခွင်ညှာ 

၂၀၁၅ ခုနှစ် မြန်မာ့နိုင်ငံရေးမှာ စိန်ခေါ်မှုတွေ အများကြီးရှိနိုင်သည်ဟု မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတိုင်းက မှတ်ချက်ပြုထားသည်။ စိန်ခေါ်ချက်များအဖြစ် ၂၀၀၈ အခြေခံဥပဒ ပြင်ဆင်နိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များ၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှင့် ၂၀၁၅ တွင်ပြုလုပ်မည့် အထွေထွေရွေကောက်ပွဲအား လွတ်လပ်မျှတစွာ ကျင်းပနိုင်ရေးတို့ဖြစ်သည်။ 

ထိုစိန်ခေါ်ချက်များကို နိုင်ငံရေးအကျဉ်းသားများက အသွင်သဏ္ဍာန် ၄ မျိုးဖြင့် ပါဝင်နိုင်သည်။ (၁)အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွတ်တော်တွင်း၊ လွတ်တ်ာပြင်ပ နိုင်ငံရေးတွင် ပါဝင်နိုင်သည်။ (၂) လူထုအခြေပြု အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားခြင်းဖြင့် အခြေခံဥပဒေပြင်ဆင်နိုင်ရန်၊ လူထုအနေနှင့် မိမိတို့၏ ရပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်စေရန်၊ (၃) ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များကို စောင့်ကြည့်လေ့လာရန်နှင့် ပြည်ပရောက် နိုင်ငံရေးအကျဉ်းသားများအနေနှင့် မြန်မာပြည်၏ လက်ရှိ နိုင်ငံရေးအခြေအနေများအပေါ်တွင် ကမ္ဘာ့နိုင်ငံများ သိရှိနားလည်နိုင်ရန် စသည်လှုပ်ရှားမှုတို့ကို ဆောင်ရွက်နိုင်သည်။ 

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက “နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ၂၀၁၅ နိုင်ငံရေးအခင်းအကျဉ်းမှာ ဘယ်လိုပါဝင်ကြမယ်ဆိုတာကို သူတို့ကိုယ်တိုင်ရွေးချယ်ရမယ့်ကိစ္စဖြစ်တယ်။ သူတို့က တစ်သက်တာ နိုင်ငံရေးထဲမှာ ဇောက်ချပြီးလုပ်တော့မယ်ဆိုရင် ပါတီနိုင်ငံရေးဖြစ်စေ၊ အရပ်ဖက်အဖွဲ့အစည်းမှာလည်း နိုင်ငံရေးပုံစံတစ်ခုနဲ့ လုပ်နေကြတာဆိုတော့ ဘယ်လိုပုံစံနဲ့ လုပ်မယ်ဆိုတာကို သူတို့ကရွေးချယ်ရမယ့်ကိစ္စ၊ ဒီဘက်ပိုင်းမှာတော့ နိုင်ငံရေးလို့ လူသိများ ထင်ရှားတာက လွှတ်တော်နိုင်ငံရေးပေါ့၊ အခုနောက်ပိုင်း အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ ရွေးကောက်ပွဲတွေပေါ့၊ အဲဒီ့မှာ အုပ်ချုပ်ရေးပိုင်းကို ဝင်မလား၊ ဥပဒေပြုရေးကို ဝင်မလားဆိုတာကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေအနေနဲ့ ဆုံးဖြတ်ပြီးတော့ ပြင်ဆင်သင့်တယ်” ဟု ဦးကိုကိုကြီးက ၎င်း၏ ထင်မြင်ချက်ကို ပြန်လည်ဖြေကြားသည်။ 

လွှတ်တော်တွင်း၊ လွှတ်တော်ပ ဆောင်ရွက်မှု 

၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီအချို့မှနေ၍ နိုင်ငံရေးအကျဉ်းသားဟောင်းများက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရသည်။ ထို့အတူ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှာ ဝင်ရောက် ယှဉ်ပြိုင်ကြသူများထဲတွင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်ခဲ့သည်။ လွှတ်တော်အတွင်း ရောက်ရှိသွားသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုယ်စားလှယ်များအနေနှင့်၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်တွင်း ရုန်းကန်လှုပ်ရှားခဲ့ကြသည်။ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများအား ဆွေးနွေးခြင်းတို့ကို ၎င်းတို့ခွန်အားရှိသည့်အလျှောက် လုပ်ဆောင်ခဲ့ကြသည်။ 

ထိုလုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့တွင် ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံရေးအကျဉ်သားဟောင်းတစ်ဦးဖြစ်သူ ဦးအေးကျော်က “နိုင်ငံရေးအကျဉ်းသားဟောင်း လွှတ်တော်အမတ်တွေအနေနဲ့ သူတို့ရနိုင်သမျှ space ကနေ အကောင်းဆုံး ကြိုးစားကြတာကိုတွေ့ရတယ်” ဟု ပြောသည်။ ထို့အတူ မိမိတို့ပြင်ဆင်လိုသည့် ပုဒ်မများကို မည်သို့ပြင်ဆင်သင့်ကြောင်းကိုလည်း ကြိုးစားဆွေးနွေးခဲ့ကြောင်းကို တွေ့ရသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအနေနှင့် လွှတ်တော်တွင်းသို့ရောက်ရှိခဲ့သည်မှာ အချည်းအနှီးမဖြစ်ဘဲ အကျိုးဖြစ်ထွန်းကြောင်းလည်း မှတ်ချက်ပြုသည်။ 

ဦးအေးကျော်က ဆက်လက်ပြီး နိုင်ငံရေးအကျဉ်းသားများအပါအဝင် ၈၈ အရေးတော်ပုံနှင့်အတူ ပေါ်ပေါက်ခဲ့သည့် မျိုးဆက်များအနေနှင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့်သက်ဆိုင်သည့် နေရာတော်တော်များများကို ဝင်ရောက်နိုင်ရန် လိုအပ်သည်ဟုလည်း အကြံပြုပြောကြားခဲ့သည်။ 

ထိုသို့ဝင်ရောက်သင့်သည်ဆိုသည့် သဘောထားအမြင်အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးတိုးကျော်လှိုင်ကလည်း သဘောတူသည်။ ဦးတိုးကျော်လှိုင်က “နိုင်ငံရေးအကျဉ်းသားဟောင်းတွေအနေနဲ့ အစိုးရကို ဆန့်ကျင်တတ်သလို အစိုးရလည်း လုပ်တတ်တယ်ဆိုတာကိုပြသဖို့ လိုတယ်၊ ကိုယ်ကိုတိုင် အစိုးရလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေပြည့်စုံအောင် လေ့ကျင့်သင့်တာမျိုးကိုတော့ ပြင်ဆင်ထားသင့်တယ်” ဟု ပြောကြားခဲ့သည်။ 

လွှတ်တော်ပြင်ပအနေနှင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်မှုများပြုလုပ်ကာ အာဏာရအစိုးရကို တောင်းဆိုခဲ့သည်။ ထို့အတူ ၂၀၁၄ မေလမှ ဇူလိုင်လအထိ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက NLD ပါတီနှင့်ပူးပေါင်းကာ ပြည်သူလူထု၏ ထောက်ခံလက်မှတ်ကောက်ခံသည့် လှုပ်ရှားမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကတော့ အဓိက အတိုက်အခံပါတီတစ်ခုဖြစ်သည့် NLD အနေနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ယခုထက်ပိုပြီး နီးနီးကပ်ကပ်ထိတွေ့သင့်သည်ဟု ဆိုသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သည့်အဖွဲ့များအနေနှင့် ယခုထက်ပိုပြီး ညီညွတ်သင့်သည်ဟုလည်း ၎င်းကပြောသည်။ ထို့အပြင် အဓိက အတိုက်အခံ NLD ပါတီအနေနှင့် ကျောင်းသားခေါင်းဆောင်များအား တရားဝင်ခေါ်ယူကာ ပူးပေါင်းဆောင်ရွင်သင့်သည်ဟုလည်း ဆိုသည်။ 

သို့သော် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါ NLD ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကျော်ထွေးကတော့ NLD ပါတီအနေနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ထိတွေ့ဆက်ဆံနေသလို၊ ပူးပေါင်းဆောင်ရွက်မှုများလည်းရှိသည်ဟု ဆိုသည်။ ဦးကျော်ထွေးက “NLD က မပူးပေါင်းတာတော့ မဟုတ်ပါဘူး။ အခြားအဖွဲ့တွေနဲ့ ဆက်ဆံရေးကော်မတီဆိုတာ ရှိပါတယ်။ ထင်သာမြင်သာ အများသိအောင် ထုတ်ဖော်မပြတာပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။ 

လူထုအခြေပြု အဖွဲ့အစည်းများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်မှု 

လူထုအခြေပြု အဖွဲ့အစည်းများအတွင်း နိုင်ငံရေးအကျဉ်းသားအများစု ပါဝင်လှုပ်ရှားနေကြပြီး အများအားဖြင့် အခြေခံအခွင့်အရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ မြေယာသိမ်းဆည်းခံရမှုများကို ကာကွယ်စောင့်ရှောက်မှုများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့အစည်းများတွင် ပါဝင်လုပ်ကိုင်နေကြသည်။ 

လွှတ်တော်ပြင်ပလှုပ်ရှားမှုအဖြစ် အခြေခံဥပဒေပြင်ဆင်ရေးကို တောင်းဆိုနေကြသည့် အဖွဲ့အစည်းများလည်း ရှိနေသည်။ ထိုအဖွဲ့အစည်းများနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးတိုးကျော်လှိုင်က“လွတ်တော်အတွင်းမှာ အခြေခံဥပဒေပြင်ဆင်ဖို့တောင်းဆိုတဲ့အခါမှာ ကိုယ့်ဘက်က လူနည်းစုဖြစ်နေတာကြောင့် လွတ်တော်ပြင်ပကနေ အင်နဲ့အားနဲ့ တွန်းပေးလိုက်ရင် ပိုပြီးတော့ ရလာနိုင်တာကြောင့် ဒီလိုချိန်ဆက်ပြီးလုပ်နိုင်ရင်ပိုကောင်းမှာပါ” ဟု ပြောသည်။ ထိုလှုပ်ရှားမှုများတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများလည်း အင်နှင့်အားနှင့် ပါဝင်ကြရန်လည်း တိုက်တွန်းသည်။ 

ဆက်လက်ပြီး ဦးတိုးကျော်လှိုင်က တွေ့ဆုံဆွေးနွေးရေးတွင် အပွင့်အရေအတွက်ထက် အကြောင်းအရာကသာလို့ အရေးကြီးသည်ဟု ယူဆကြောင်းလည်း ပြောသည်။ အကြောင်းအရာပေါ်မူတည်မှသာလျှင် ရလာဒ်တစ်ခု ထွက်ပေါ်လာမှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးအတွက်လည်း လွှတ်တော်ပြင်ပရှိ နိုင်ငံရေးအကျဉ်းသားများက ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းရန်လိုသည်ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအနေနှင့် အပစ်အခတ်ရပ်စဲရေးအပေးထားရှိသည့် ဘုံသဘောထားကို ထုတ်ဖော်ပြောပြရန်လည်း လိုအပ်သည်ဟု ဆိုသည်။ ဦးတိုးကျော်လှိုင်က “အပစ်အခတ်ရပ်စဲရေးအပေါ်မှာ ကျွန်တော်တို့ ဘယ်လိုသဘောထားရှိလဲဆိုတာကို ပြောဖို့လိုသလို ပြောဖို့လည်း ကောင်းပါတယ်။ လက်နက်ကိုင်တိုက်နေတဲ့ ဘက် ၂ ဘက်က ဆွေးနွေးနေတာဖြစ်လို့ ကျွန်တော်တို့ပါဝင်နိုင်တဲ့ အကန့်အသတ်က နည်းတော့နည်းပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ကအားလုံးကို ကိုယ်စားပြုနိုင်တဲ့ သဘောတူညီချက်ရခဲ့ရင် အားလုံးကို ကျွန်တော်တို့ပြောဖို့ လိုပါတယ်” ဟု ပြောသည်။ 

၂၀၁၅ တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အတိုက်အခံအင်အားစုများအနေနှင့် လွှတ်တော်အတွင်း ပိုမိုပါဝင်ရန်လိုအပ်သည်ဟု ဦတိုးကျော်လှိုင်က မှတ်ချက်ပေးသည်။ ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာမည့် လွတ်တော်အတွင်း ဒီမိုကရေစီအင်အားစုများ အားကောင်းမောင်သန် ပါဝင်လာနိုင်စေရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအနေနှင့် ဝန်းရံပေးရန် ဝတ္တရားရှိသည်ဟု ဆိုသည်။ 

၂၀၁၅ တွင် ဒီမိုကရေစီအင်အားစုများ လွှတ်တော်အတွင်း အများစုပါဝင်နိုင်စေရန်အတွက် ရွေးကောက်ပွဲဝင်နိုင်သည့် အရည်အချင်းရှိသူများအနေနှင့် ရွေးကောက်ပွဲတွင် ပါဝင်ကြရန်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးကျော်ထွေးက ပြောသည်။ ဦးကျော်ထွေးက “နိုင်ငံရေးအကျဉ်းသားဟောင်းတွေအများစုက အစိုးရကို အချိန်မရွေး ကန့်ကွက်ရဲတယ်၊ အချိန်မရွေး ဆန့်ကျင်ရဲတယ်၊ အချိန်မရွေး ထောင်ထဲဝင်ရဲတယ်၊ နည်းနည်းလေး ပြောင်းဖို့လိုနေတာကတော့ နိုင်ငံရေးအကျဉ်းသားတွေက အချိန်မရွေး တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြဖို့လိုပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ အုပ်ချုပ်ရေးယန္တရားအတွက် ပြင်ဆင်ရမယ့်ဟာတွေကို ပြင်ဆင်ကြဖို့ လိုပါတယ်” ဟု ဆိုသည်။ 

ဦးကျော်ထွေးက ဆက်လက်ပြီး နိုင်ငံရေးအကျဉ်းသားများအနေနှင့် သန်ရာသန်ရာ အရည်အသွေးများရှိကြသော်လည်း စီမံခန့်ခွဲမှုစွမ်းရည်ကိုတော့ အထူးလေ့ကျင့်ထားရန် လိုအပ်သည်ဟု ဆိုသည်။ နိုင်ငံရေးအရည်အသွေးနှင့် တွေးခေါ်မျှော်မြင်မှုတွင် မည်သူမှ အားနည်းခြင်းမရှိဟု ၎င်းက ယုံကြည်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးသားကြီးကတော့ နိုင်ငံရေးအကျဉ်းသားအများစုအနေနှင့် နိုင်ငံတွင်ဖြစ်ပေါ်နေသည့် အရေးအရာများတွင် ပါဝင်နေကြသည့်အပေါ် အားရကျေနပ်သည်ဟု ဆိုသည်။ သို့သော်လည်း နိုင်ငံရေးအကျဉ်းသားအများစုအနေနှင့် မိမိပါဝင်ပတ်သက်သည့် နယ်ပယ်တွင် ယခုထက်ပိုပြီး လေ့လာကြရန်တော့ လိုအပ်သည်ဟုလည်း အကြံပြုထားသည်။ 

လိပ်ခဲတည်းလည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအကျဉ်းသားဟာင်းတို့ရဲ့ အခန်းကဏ္ဍ 

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်မီးအား ငြှိမ်းသတ်ရန် ပြည်သူလူထုတစ်ရပ်လုံးက လိုလားသည်။ ထို့ကြောင့်လည်း ၂၀၁၀ နောက်ပိုင်း ကချင်ပြည်နယ်အတွင်း တစ်ကြော့ပြန် ပြန်လည်ဖြစ်ပွားလာသည့် စစ်မီးအား ငြှိမ်းသတ်နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများက ကြိုးစားခဲ့ကြသည်။ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်အချို့ စစ်ပွဲဖြစ်ပွားနေသည့်ကချင်ပြည်နယ်အတွင်း သွားရောက်ကာ ကချင်ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံခဲ့ကြသည်။ ထို့အတူပင် ၂၀၁၃ ခုနှစ်မှ စတင်ကာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှလည်း တိုင်းရင်းသားများ လိုချင်နေသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံကာ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ဟောပြောဆွေးနွေးပွဲများကို ကျင်းပပေးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သည့် လူထုအခြေပြု အဖွဲ့အစည်းများကလည်း စစ်ပြေးဒုက္ခသည်များကို စောင့်ရှောက်သည့် လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးတိုးကျော်လှိုင်က “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အပါအဝင် အစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ပါတယ်။ အခုလို ငြိမ်းချမ်းရေးဆွေးနွေးတဲ့အချိန်မှာလည်း သူတို့ ပါဝင်ကြပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားအချို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်မှုကို ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကတော့ ၎င်းတို့အနေနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်မှုအနေနှင့် အကန့်အသတ်များရှိသော်လည်း ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေးအပေါ်ထားရှိသည့် သဘောထားအမြင်များကို ပြသနေသင့်သည်ဟု ဆိုသည်။ 

ပြည်ပရောက် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အခန်းကဏ္ဍ 

၈၈ အရေးအခင်းပြီးနောက် ကျောင်းသားလူငယ်အများစုကို အာဏာသိမ်း တပ်မတော်က ဖမ်းဆီးထောင်ချခဲ့သည်။ အကျဉ်းထောင်များမှ လွတ်မြောက်လာသူများကိုလည်း အမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် ထောက်လှမ်းရေးများက စီးပွားရေး၊ ပညာရေး၊ လူမှုရေးတို့ကို တားမြစ်ခဲ့သည်။ ထို့ကြောင့် အချို့သော နိုင်ငံရေးအကျဉ်းသားဟောင်းများက နောက်ထပ်တစ်ကြိမ် အကျဉ်းထောင်များအတွင်း ပြန်လည်မရောက်ရှိစေရန် တိုင်းရင်းသားလက်နက်ကိုင်များရှိရာ လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ လွတ်မြောက်နယ်မြေမှတစ်ဆင့် တတိယနိုင်ငံများသို့ရောက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများက မိမိတို့ရောက်သည့် နိုင်ငံတွင်မြန်မာပြည်၏ လူ့အခွင့်အရေဒအခြေအနေ၊ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတို့ကို ကမ္ဘာကသိအောင် လှုံ့ဆော်ပေးနိုင်ခဲ့သည်။ 

ထို့အတူ လွတ်မြောက်နယ်မြေဖြစ်သော ထိုင်းနိုင်ငံအတွင်း ကျန်နေခဲ့သူများကလည်း မြန်မာ့နိုင်ငံအရေးကိုကမ္ဘာက သိရှိစေရန်နှင့် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းမြန်မာများ၏အရေးကို လှုပ်ရှား ဆောင်ရွက်ခဲ့ကြသည်။ 

အမေရိကန်နိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်သည့် မသီသီအောင်က “ကျွန်မတို့ အမေရိကန်နိုင်ငံရောက်ကတည်းက မြန်မာပြည်ထဲက ပြည်သူတွေရဲ့ဘဝကို အမေရိကန်ပြည်သူတွေ၊ ကမ္ဘာပြည်သူတွေ သိလာအောင် ဖော်ထုတ်ကြတယ်၊ မြန်မာပြည်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာ့အစိုးရတွေ သိအောင်လုပ်ပေး နိုင်ခဲ့တယ်၊ အခုထိလည်း ကိုယ်နိုင်သလောက် ဆက်လုပ်နေပါတယ်” ဟု ပြောကြားခဲ့သည်။ 

လက်ပံတောင်းတောင်တွင် တောင်သူတစ်ဦး သေနတ်ဖြင့် ပတ်သတ်ခံရမှုနှင့်ပတ်သက်ပြီး အမေရိကန်ရောက် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ကိုရဲထွန်းကတော့ သူနေထိုင်ရာ ပြည်နယ်အမတ်မှတစ်ဆင့် မြန်မာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်းကို အမေရိကန်အစိုးရထံရောက်အောင် တင်ပြသွားမည်ဖြစ်ကြောင်းကိုလည်း ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ 

ကြားဖြတ်ပြဿနာများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတို့ရဲ့ ပါဝင်မှု 

မြန်မာနိုင်ငံ၏ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများထဲတွင် လူမျိုးရေး၊ ဘာသာရေးအပေါ်အခြေခံသည့် ပြဿနာ အပါအဝင် အထွေထွေ ပြဿနာများရှိနေပြီး ထိုပြဿနာများကို အခြေတည်ကာ ၂၀၁၅ တွင် နိုင်ငံရေးတည်ငြိမ်မှုပျက်ပြားအောင် လုပ်လာမှာကိုလည်း နိုင်ငံရေးအကျဉ်းသားအများစုက စိုးရိမ်နေကြသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးတိုးကျော်လှိုင်က “ကျွန်တော်တို့နိုင်ငံမှာ ပြဿနာဖြစ်နိုင်တဲ့ အစတွေက များလွန်းအားကြီးနေတယ်။ ဘယ်အစကို ဆွဲထုတ်ပြီးတော့ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင် လုပ်လာနိုင်သလဲဆိုတာတွေကိုလည်း နိုင်ငံရေးသတိနဲ့တော့ ကြည့်ရမယ်။ ဒီပြဿနာတွေက အားလုံးကို အနှောက်အယှက်ဖြစ်လာနိုင်တဲ့သဘောရှိတယ်” ဟု ဆိုသည်။ 

မြန်မာ့နိုင်ငံရေးဖြစ်စဉ်များတွင် နိုင်ငံရေးအရ အောက်တန်းကျကျ စီမံတတ်သည့် အလေ့အထများရှိခဲ့ပြီး ထိုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်စေလိုကြောင်းကိုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောကြသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးကျော်ထွေးက “ရွေးကောက်ပွဲနီးလာချိန်မှာ ဥပဒေပလုပ်ရပ်တွေ လုပ်လာမှာရယ်၊ ရွေးကောက်ပွဲဥပဒေဘောင်အတွင်းကနေ လှည်ဖျားမှုတွေ၊ ကလိန်ကကျစ်ကြတာတွေ လုပ်လာမှာရယ်၊ အခုဖြစ်နေတဲ့ လူမျိုးရေးဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေဖြစ်လာမှာကို စိုးရိမ်ပါတယ်။ Black Campain တွေလည်း လုပ်လာနိုင်ပါတယ်” ဟု ၂၀၁၅ နှင့်ပတ်သက်သည့် စိုးရိမ်ချက်များကို ပြောကြားသည်။ 

မည်သို့ပင်ဖြစ်ပါစေ၂၀၁၅ ကိုတော့ ရောက်လာခဲ့ပြီဖြစ်သည်။ ၂၀၁၅ သည် မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ်မြောက် ပါတီစုံရွေးကောက်ပွဲကို ကျင်းပမည့်နှစ်လည်းဖြစ်သည်။ ဒုတိယအကြိမ်ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားအများစုကလည်း လေ့လာစောင့်ကြည့်ကြမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဦးကျော်ထွေးက“နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်နိုင်ရာ၊ ကိုယ်ကျရာနေရာက ပါဝင်သင့်တယ်။ နိုင်ငံရေးအကျဉ်းသားတွေမှာပဲ တာဝန်ရှိတယ်လို့တော့ မဆိုလိုဘူး။ ဒီမိုကရေစီလိုလားသူတွေအနေနဲ့ ၂၀၁၅ ရဲ့ဖြတ်သန်းမှုကို မဖြစ်မနေ ပါဝင်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီကိုကူးပြောင်းတဲ့အချိန်မှာ ပထမ သက်တမ်းထက် ဒုတိယသက်တန်းကာလက အရေးကြီးပါတယ်။ အလုံးစုံပြောင်းလဲရေးမဟုတ်တောင်မှ ဒီမိုကရေစီဘက်ကို ခြေချနိုင်တဲ့ အပြောင်းအလဲဖြစ်ဖို့လိုပါတယ်” လို့ ပြောခဲ့သည်။ ။ 

ခင်ငြိမ်းသစ် 

 

No comments: