ဆောင်းရာသီဆိုပေမယ့် ညနေ ၃ နာရီ နေအပူရှိန်က တောက်လောင်နေဆဲ။ ပြင်းပြသည့် အပူရှိန်အောက်တွင် ရွှေပြည်သာ ထန်းခြောက်ပင်လမ်းမကြီးပေါ်မှာတော့ ဆိုက်ကားတွေ၊ ဆိုင်ကယ်ကယ်ရီတွေ၊ ဈေးဝယ်တွေ၊ ဈေးသည်တွေက ပျားပန်းခပ်မျှ ရှုပ်ထွေးလျက်။
စတိုးဆိုင်ကြီးများ၊ ကုန်စုံဆိုင်ကြီးများဖြင့် ထည်ထည်ဝါဝါရှိနေသည့် ထန်းခြောက်ပင်လမ်းမထက်တွင် အဝတ်အစား နွမ်းဖတ်ဖတ်နှင့် လမ်းလျှောက်နေသူများလည်း မရှားလှ။ ဟိုငေးသည်ငေးနှင့် ပေ ၅၀၀ ခန့်လမ်းလျှောက်ပြီးနောက် အိမ်ကြီး၊ အိမ်ကောင်း၊ ဆိုင်ကြီး ဆိုင်ကောင်းတွေကို မတွေ့ရတော့။ သက်ကယ်မိုး၊ ဝါးခင်း၊ ဝါးထရံကာထားသည့် ၁၀ ပေလည် မရှိတရှိ အိမ်များစုထားသည့် အိမ်တမ်းရှည်တွေကိုသာ တွေ့ရတော့သည်။
ထိုရပ်ကွက်ကလေးကို သဲကွင်းကျေးရွာဟု ခေါ်ကြပြီး မြန်မာပြည်အတွင်းရှိ အများစုဖြစ်သည့် အဆင်းရဲဆုံး လူတန်းစားများ အသက်ရှင် နေထိုင်နေကြရသော ရပ်ကွက်ဟု ခေါ်ဆိုလို့ရမည်ထင်သည်။ ထိုရပ်ကွက်အတွင်း နေထိုင်ကြသူအများစုမှာ နေရာ အတည်တကျမရှိကြဘဲ အလုပ်အကိုင်ရှိရာသို့ ပြောင်းရွေ့နေထိုင်သူအများစုဖြစ်ပြီး အုတ်၊ သဲသယ်ခြင်း၊ ပုဇွန်စက်ရုံတွင် ပုဇွန်ခေါင်းခြွေခြင်းဖြင့် အသက်မွေးဝမ်းကြောင်းကြသည်။
ထိုအိမ်တန်းရှည်များအလွန် တဲစုစုတို့ကြားထဲတွင် အုတ်တံတိုင်းများကာရံထားသည့် အစိမ်းရောင် အဆောက်အဦတစ်ခု ရှိနေပါသည်။ ထိုအဆောက်အဦရှေ့တွင် အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၊ ရွှေပြည်သာမြို့နယ်ဟု ကမ္ပည်းထိုးထား၏။ ထိုအဆောက်အဦကို အစိုးရက အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်းမဟုတ်ဘဲ၊ အုတ်သဲကျောက် လုပ်ငန်းရှင် ၃၀ က စုပေါင်းလှူဒါန်းထားခြင်းဖြစ်ပြီး ယခုနှစ်မှစတင်ကာ အစိုးရအသိအမှတ်ပြု ကျောင်းတစ်ကျောင်းအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်သည်။
ထိုရပ်ကွက်အတွင်း နေထိုင်ကြသူများ၏ သားသမီးအများစုမှာ ဆင်းရဲနွမ်းပါးလှသဖြင့် ပညာသင်ကြားနိုင်ခွင့် ဆုံးရှုံးနေကြသူများဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း မူလတန်းပညာ မသင်ကြားနိုင်သည့် ကလေးသူငယ်အရေအတွက်မှာ ၂၇ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။ ထိုကလေးသူငယ်များသည် ဆင်းရဲမွဲတေမှုကြောင့် ကျောင်းပညာကို သင်ကြားနိုင်ခြင်းမရှိကြောင်းကိုလည်း ဖော်ပြထားသည်။
ထို အစိမ်းရောင်ကျောင်းကလေးတွင် ပုံမှန်ကျောင်းတက်ပြီး ပညာသင်ကြားသည့် (Formal Education) ရရှိသည့် ကလေးငယ် ၂၀၀ ဝန်းကျင်ရှိပြီး အများအားဖြင့် အသက်အရွယ်အရ အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိသေးသည့် “ဆင်းရဲသည့် ကလေးများ”သာ ဖြစ်ကြသည်ဟု ထိုကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးထွန်းမင်းက ပြောပြသည်။ အသားညိုညို၊ မျက်နှာပြုံးချိုသည့် ကျောင်းအုပ်ဆရာကြီးက ဤကျောင်းတွင်၂၀၁၄၊ ဇွန်လ ၁၅ ရက်ကမှစတင်ကာ ကျောင်းအုပ်တာဝန်ကို ယူခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ကျောင်းစတက်သည့်နေ့မှာပင် သူကြုံတွေ့ခဲ့ရသည်က သူငယ်တန်းအပ်နှံသူ ကလေး ၁၉၆ ဦးရှိနေခြင်းပင် ဖြစ်သည်။ အလွန်များပြားသည့် ပမာဏဖြစ်သောကြောင့် မွေးစာရင်းယူကြည့်သော်လည်း အများစုက မွေးစာရင်းမရှိကြ ဟု ဆိုသည်။ ရပ်ကွက်ထောက်ခံစာဖြင့်သာ လာရောက်အပ်နှံသူများဖြစ်သည်ဟုလည်း ဆက်လက် ပြောကြားသည်။
ကျောင်းအုပ်ဆရာကြီး ဦးထွန်းမင်းက “ဒီရပ်ကွက်မှာနေထိုင်ကြတဲ့ လူအများစုက ရေကြည်ရာမြက်နုရာကို ရောက်လာကြတဲ့လူတွေ များတယ်၊ အလုပ်ကြမ်းသမားတွေများတော့ သူတို့မှာမွေးစာရင်းတို့၊ သန်းကောင်စာရင်းတို့ မရှိဘူး။ နေကြတာလည်း စက်ရုံကပိုင်တဲ့ မြေတွေပေါ်မှာ ဒီလိုပဲ ကျူးကျော်နေကြရတာ” ဟု ဆိုသည်။
ထိုရပ်ကွက်တွင် နေထိုင်သူများက ၎င်းတို့ကိုယ်တိုင်လည်း ပညာမတတ်ကြသလို မိမိတို့၏ သားသမီးများအား ပညာရေးထက် မိသားစုဝမ်းရေးအတွက် အလုပ်လုပ်နိုင်သည့်အရွယ်ရောက်လာလျှင် သားသမီးများကို အလုပ်ခိုင်းလေ့ရှိကြသည်ဟု ကျောင်းပြင်ပ မူလတန်းပညာသင်ကြားရေးလုပ်ငန်း (Non Formal Primary Education) ကို လုပ်ကိုင်နေသည့် ဆရာမ ဒေါ်ခင်မိုးအောင်က ပြောပြသည်။
ကျောင်းအုပ်ဆရာကြီး ဦးထွန်းမင်းကလည်း ၎င်း၏အတွေ့အကြုံကို ယခုလို ပြောပြပြန်သည်။ “ကျောင်းအပ်တုန်းက အားလုံး ၁၉၆ ယောက်ရှိပေမယ့် အစိုးရပေးတဲ့ ငွေတစ်ထောင်၊ ဗလာစာအုပ် ၆ အုပ်နဲ့ ဖတ်စာအုပ်တွေလည်းရပြီးရော တစ်ဝက်လောက် ကျောင်းကနေ ပျောက်သွားကြတယ်” ဟု ဆိုသည်။
ထို့အပြင် ရွှေပြည်သာမြို့နယ်အတွင်းရှိ မူလတန်းကျောင်းများမှာလည်း ၎င်း၏ကျောင်းကဲ့သို့ပင် ကျောင်းသားများ ပျောက်ကုန်ကြသည်ဟုလည်း ဆိုသည်။ “သူတို့အတွက် ငွေတစ်ထောင်ဆိုတာ တော်တော်တန်ဖိုး ရှိတယ်၊ ပြီးရင် ဗလာစာအုပ်တွေကိုလည်း ရောင်းစားပစ်လိုက်ကြတယ်” ဟု ရယ်လျက်ပြောသည်။ ထိုအပြုအမူအတွက် အပြစ်မတင်ရက်ဟုလည်း ဆိုသည်။
ထိုကျောင်းကလေးတွင် မွန်းလွဲ ၂ နာရီအထိ အသက် ၅ နှစ်မှ ၈ နှစ်ဝန်းကျင် ကလေးများအတွက် Formal education ရှိသလို၊ ညနေ ၃ နာရီမှ ၅ နာရီအထိ NFPE ဟုခေါ်သော ကျောင်းပြင်ပ မူလတန်းပညာ သင်ကြားခြင်းကို ပြုလုပ်လျက် ရှိသည်။ NFPE တွင် အသက် ၁၀ နှစ်မှ ၁၅ နှစ်အထိကလေးများကို Level (၁) နှင့် Level (၂) ဟုသတ်မှတ်ကာ သင်ကြား ပေးသည်။
ပထမအဆင့်တွင် မူလတန်း၊ ပထမတန်း၊ ဒုတိယတန်းတို့နှင့်ညီမျှသည့် သင်ခန်းစာများကို သင်ကြားပေးပြီး Level (၁) ပြီးဆုံးပါက ဒုတိယတန်းအောင်လက်မှတ် ထုတ်ပေးသည်။ ထိုအောင်လက်မှတ်နှင့် Formal education သင်ကြားသည့် ကျောင်းများတွင် ဆက်လက်ပညာသင်ယူခွင့်ရှိသည်။ သို့သော် အများစုမှာ ဆက်လက် ပညာသင်ယူနိုင်ခြင်းမရှိဟု အသားခပ်ညိုညို၊ ပိန်ပိန်ပါးပါးနှင့် ဒေါ်ခင်မိုးအောင်က ဆိုသည်။
ဒုတိယအဆင့်တွင် တတိယတန်း၊ စတုတ္ထတန်းနှင့်ညီမျှသည့် အတန်းပညာကို သင်ကြားပေးပြီး ဒုတိယအဆင့်ပြီးဆုံးပါက စတုတ္ထတန်းအောင်လက်မှတ် ထုတ်ပေးသည်ဟု ဒေါ်ခင်မိုးအောင်က ဆက်လက်ပြောပြသည်။
“သူတို့ အရင်က စာမဖတ်တတ်ကြဘူး၊ ကျောင်းလည်း မနေချင်ကြဘူး။ အစပိုင်းကတော့ သူတို့ စာသင်ချင်အောင်လုပ်ရတာ ခက်ခဲပါတယ်၊ အခုတော့ သူတို့ ကျောင်းတက်ရတာပျော်နေကြပြီ” ဟု အင်္ကျီအဟောင်းအနွမ်းကလေးများကို ဝတ်ဆင်ထားသည့် သူမ၏ တပည့်များကို ပြုံးရွှင်စွာကြည့်ရင်း ပြောသည်။
ဒေါ်ခင်မိုးအောင်က ထိုကလေးများသည် ဆင်းရဲနွမ်းပါးလွန်းလှသည့် မိသားစုမှ ပေါက်ဖွားလာကျသူများဖြစ်သကဲ့သို့ မိဘများ၏ ဆိုဆုံးမမှုများလည်း ကောင်းစွာမရရှိခဲ့သည့် ကလေးများဖြစ်သည်ဟုလည်း ဆိုသည်။ ထိုကလေးများ၏ မိဘများကိုယ်တိုင်က အခြေတကျ နေထိုင်ကြသူများမဟုတ်ဘဲ ရေကြည်ရာ၊ မြက်နုရာကိုသာ ရွေ့ပြောင်း နေထိုင်ကြသူများဖြစ်သည်ဟူ၍လည်း ပြောပြသည်။
“မိဘတွေ ကိုယ်တိုင်က ရန်ဖြစ်ရင် နပန်းလုံးဖို့ ဝန်မလေးကြဘူး။ ဒါကြောင့် ကျွန်မစာသင်ကာစက သူတို့ရန်ဖြစ်ရင် အတန်းထဲမှာ လုံးထွေး ထိုးကြိတ်နေကြတာ” ဟု ဆိုသည်။
ကလေးမိဘများအနေနှင့် စားဝတ်နေရေးအတွက် မနက်မိုးလင်းသည့်အချိန်မှစတင်ကာ ညမိုးချုပ်သည့်အချိန်အထိ အိမ်ပြင်ထွက်ကာ အလုပ်လုပ်ကိုင်နေကြရသဖြင့် ကလေးများအား လိမ္မာယဉ်ကျေးလာစေရန်၊ သန့်ရှင်းသပ်ရပ်စေရန်အတွက် ဆရာမများကသာ သင်ပြ လမ်းညွှန်ခဲ့ရကြောင်းပြောသည်။
ကလေးများကို ပညာသင်ကြားပေးနေသည့် ဒေါ်ခင်မိုးအောင်ကပဲ “တချို့ကလေးတွေဆိုရင် အသက်က ၁၃ နှစ်လောက်ဖြစ်နေပြီ ဘောင်းဘီခွကြားပြဲနေတာကို ချုပ်ဝတ်ရမယ်ဆိုတာကို မသိကြဘူး။ ရေလည်း မှန်မှန်မချိုးကြတော့ တကိုယ်လုံး ချွေးစော်တွေ၊ သေးနံတွေနဲ့ ဆံပင်တွေ၊ အင်္ကျီတွေဆိုရင် ဆပ်ပြာနဲ့မလျော်တော့ မာတောင်တောင်နဲ့” ဟု ဆိုသည်။
ထိုကလေးများသည် လမ်းဘေးတွင် နေထိုင်စားသောက်နေကြရသဖြင့် တခါတရံ အလစ်သုတ်တတ်သည့် အဖြစ်အပျက်မျိုးလည်းရှိတတ်ကြောင်း ဒေါ်ခင်မိုးအောင်က ဆက်ပြောသည်။ သို့သော် ၎င်းတို့အနေနှင့် ကလေးများ လိမ္မာယဉ်ကျေးလာအောင် ကြိုးစားသင်ပြခဲ့ရပုံကိုလည်း ပြောပြသည်။
“ကလေးတစ်ယောက်ဆိုရင် အသက် ၁၃ နှစ်လောက်နဲ့ လစ်ရင်လစ်သလို ခိုးတတ်လို့ ကျွန်မတို့ ခဏခဏ လိုက်ရှင်းပေးရဘူးတယ်၊ ဒါကြောင့် ကျွန်မတို့တွေကပဲ အရင်းစိုက်ပြီး ဖရဲသီးရောင်းခိုင်းလိုက်တယ်။ ရောင်းကောင်းအောင်လည်း ဝိုင်းဖေးမရတာပေါ့” ဟု ဆိုသည်။ ထိုကလေးက ဆရာမများ၏ အားပေးကူညီမှုကြောင့်လည်း ဘဝကို ရိုးသားစွာ ရပ်တည်ချင်လာသည်ဟုလည်း ဆိုသည်။
ဒုတိယအဆင့်ကို ဆရာမ ဒေါ်နိုင်နိုင်အေးက သင်ကြားနေခြင်းဖြစ်ပြီး ၎င်း၏အခန်းတွင် ကျောင်းသူ ၉ ဦးရှိရာ ၇ ဦးမှာ ပထွေးများနှင့်သာ နေထိုင်နေရကြောင်း ပြောကြားသည်။ “အိမ်တွေက သိပ်ကျဉ်းတယ်၊ အခန်းတွေလည်း ဖွဲ့ထားတာ မဟုတ်ဘူး၊ ဒါကြောင့် ဒီရပ်ကွက်မှာ အဓမ္မပြုကျင့်မှုတွေ ခဏခဏ ဖြစ်တယ်။ ကျွန်မတပည့်တွေ အဓမ္မအကျင့်မခံရအောင် လို့ ကျွန်မတို့က သင်ပေးထားရတယ်” ဟု ပြောပြသည်။
ဆင်းရဲပြီး နေစရာနေရာ အတည်မကျမရှိသည့် ကလေးများအပေါ် အခွင့်အရေးယူရန် ချောင်းနေသည့် သားရဲများလည်း ရှိနေပြီး ထိုသားရဲတို့၏ အန္တရာယ်များမှ တတ်နိုင်သမျှ အကာအကွယ်ပေးနေရသည့်အကြောင်းကိုလည်း ဒေါ်နိုင်နိုင်အေးက ပြောသည်။
ထို့အပြင် ကလေးများက သူတို့၏မိဘများအား မပြောပြချင်သည့်ကိစ္စရပ်များကို ဆရာမများအား လာရောက် ရင်ဖွင့်လေ့ရှိသည်ဟုလည်း ပြောပြသည်။ ဒေါ်နိုင်နိုင်အေးက သူမ၏ တပည့်ကောင်လေးတစ်ဦးကို ရပ်ကွက်အတွင်းနေထိုင်သည့် မူးယစ်ရမ်းကားတစ်သူတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့မှုရှိခဲ့သော်လည်း သူမအနေနှင့် ကာကွယ်လိုက်နိုင်သည်ဟုလည်း ဆိုသည်။ “ကလေးက ကျွန်မကျောင်းမှာစာသင်ပြီးရင် ညဘက်ရောင်းတဲ့ဈေးဆိုင်မှာ အလုပ်လုပ်ရတယ်၊ ပြန်လာရင် မိုးချုပ်တယ်၊ အဲဒီလူက စော်ကားဖို့ကြံစည်တဲ့အကြောင်း ကျွန်မတို့ကို ကလေးက ပြောပြတယ်၊ ဒါကြောင့် အုပ်ချုပ်ရေးမှူးနဲ့တိုင်ပင်ပြီး အဲဒီလူ မလုပ်ရဲအောင် တားဆီးခဲ့ရတယ်” ဟု ပြောပြသည်။
လမ်းပေါ်ရောက်ကာ ပညာမသင်ကြားနိုင်သည့် ကလေးများအား ပညာသင်ကြားပေးရန်အတွက် ပညာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) စာတတ်မြောက်ရေး အထောက်အကူပြု စီမံဌာနတို့ ပူးပေါင်းကာ လက်ရှိပညာသင်နှစ်အတွင်း မြို့နယ်ပေါင်း ၈၉ မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာမပြီးဆုံးသေးသည့် ကျောင်းသားပေါင်း ၁၁၈၀၀ ဦးကို အခမဲ့ စာသင်ပေးမည်ဖြစ်ကြောင်း အမှတ် (၂) အခြေခံပညာဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဆရာမ ဒေါ်နိုင်နိုင်အေးက “ဒီကလေးတွေအတွက် သင်ကြားနည်းနဲ့ သင်ခန်းစာတွေက သီးသန့်ပြုလုပ်ထားတာပါ။ ပုံမှန် ပညာရေးက ကလေးတွေနဲ့ သင်ခန်းစာ မတူဘူး” ဟု ဆိုသည်။ ထိုကလေးများကို သင်ကြားရာတွင် ကလေးဗဟိုပြု သင်ကြားနည်း Children Centre Apporach (CCA) နည်းဖြင့် သင်ကြားနေခြင်းဖြစ်သည်ဟု ပြောကြားသည်။
ဒေါ်နိုင်နိုင်အေးကပဲ သူမ၏တပည့်မလေးတစ်ဦးကိုလည်း NFPE ပညာသင်ကြားပေးခြင်းကပဲ လူကုန်ကူးခံရသူများထံမှ ကယ်ယူနိုင်ခဲ့သည်ဟု ဆိုသည်။ ထိုကျောင်းသူမှာ သူမသင်ကြားနေသည့် NFPE ပညာသင်ကြားခြင်းကပဲ လူကုန်ကူးခံခဲ့ရခြင်းမှ ကယ်ယူနိုင်ခဲ့ကြောင်းပြောသည်။ ထိုကျောင်းသူသည် သင်တန်းတွင် ၅ ရက်သာ ပညာသင်ကြားခဲ့ရသည်ဟု ဆိုသည်။ ထိုကျောင်းသူ၏မိခင်က မန္တလေးတွင် လစာကောင်းကောင်းနှင့် အလုပ်အကိုင်ရမည်ဟုဆိုသဖြင့် မန္တလေးသို့ ထည့်လိုက်သည်။ မန္တလေးမသွားမီတွင် ဒေါ်နိုင်နိုင်အေးက ဖုန်းခေါ်ဆိုနည်းကို သင်ကြားပေးခဲ့ပြီး သူမ၏ဖုန်းနံပါတ်ကို ကျောင်းသူကလေးအား သင်ကြားပေးခဲ့သည်ဟု ဆိုသည်။
“ကလေးက မန္တလေးသွားရမယ်ဆိုတော့ ကျွန်မက ဂဏန်းတွေ ၁၁ လုံးကို အင်္ဂလိပ်လို မှတ်မိအောင်ပဲ သင်လိုက်တယ်။ နောက်ပြီး ဖုန်းခေါ်တဲ့နည်းကိုလည်း သင်ပေးလိုက်တယ်” ဟု ပြောသည်။ ထိုသို့သင်ကြားပေးလိုက်သည့်အတွက် ပွဲစား အမျိုးသမီးက စားသောက်ဆိုင်တစ်ခု၌ မော်ဒယ်ရှိုး လျှောက်ခိုင်းချိန်တွင် ၎င်းထံသို့ ဖုန်းခေါ်ဆိုခဲ့သဖြင့် ထိုမိန်းကလေးကို သွားရောက်ကယ်တင်နိုင်ခဲ့သည်ဟု ဒေါ်နိုင်နိုင်အေးက ဆိုသည်။
လွန်ခဲ့သည့် ၅ နှစ်လောက်အထိ စက္ကူစက်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် လက်ဗွေနှိပ်ရုံသာ ပြုလုပ်ခဲ့သော်လည်း ယခုနောက်ပိုင်းနှစ်များတွင် စက်ရုံများ၌ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် လျှောက်လွှာကို မိမိတို့ကိုယ်တိုင် ဖြည့်သွင်းနိုင်မှသာ ခန့်အပ်တော့ကြောင်း ဒေါ်ခင်မိုးအောင်က ပြောသည်။
ဒုတိယဆင့်တွင်တွင် ပညာသင်ကြားနေသည့် အသက် ၁၃ နှစ်အရွယ် မရတနာစုက သူမအနေနှင့် Level (၂) ပြီးဆုံးပါက အထည်ချုပ်စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်လိုသည်ဟု ဆိုသည်။ သူမ၏မိခင်မှာ နောက်အိမ်ထောင်နှင့် အခြားနေရာတွင် နေထိုင်ပြီး သူမကတော့ အသက် ၇၅ နှစ်ရှိပြီဖြစ်သည့် အဖွားနှင့်အတူ နေထိုင်သည်။ အဖွားကို ကျောက်သယ်ခြင်းဖြင့် လုပ်ကိုင်ကျွေးမွေးနေသည်ဟုလည်း မရတနာစုက ပြောပြသည်။ သူမ၏ပုခုံးပေါ်မှာ ကျောက်သယ်သဖြင့် ရရှိသည့် ဒဏ်ရာများကိုပြသကာ “ဒီ အနာတွေအပေါ်မှာ ပုဆိုးကြမ်းခုပြီး နေ့တိုင်း ကျောက်သယ်ရတယ်၊ တစ်နေ့ကို တာလီ ၁၀၀ ရမှ ငွေ ၂၀၀၀ ပဲ ရတာပါ” ဟု ပြုံးပြုံးလေး ပြောပြသည်။
ဒုတိယဆင့်တွင် ပညာသင်ကြားနေသည့် အသက် ၁၃ နှစ်အရွယ်ဖြစ်သော်လည်း ပုံမှန်ထက် သိသိသာသာညှပ်နေသော မောင်သန်းထိုက်အောင်ကတော့ ယခုလို ကျောက်သယ်နေရသည့်အလုပ်အပေါ် စိတ်ကုန်နေပြီဖြစ်ကြောင်း ပြောသည်။ “ကျောက်သယ်ရတာ ညဘက်ဆိုရင် ပုခုံးတွေနာတာမှ အရမ်းပဲ။ ဒီအတန်းအောင်သွားရင် ဆရာမ မနိုင်ကိုပြောပြီး လက်သမားသင်တန်း ပို့ခိုင်းမယ်” ဟု ဆိုသည်။
ဆရာမ ဒေါ်နိုင်နိုင်အေးက Level (၂) ပြီးဆုံးသွားသည့်သူများအား NFPE ပညာရေးစနစ်အရ အလယ်တန်းကျောင်းသို့ တက်ရောက်လိုပါက တက်ရောက်ပညာသင်ကြားနိုင်အောင် ပို့ဆောင်ပေးနိုင်သည်ဟု ပြောသည်။ အကယ်၍ ဆက်လက် ပညာသင်ကြားလိုခြင်းမရှိပါက အလုပ်လုပ်နိုင်သည့်အသက်တွင် စက်ရုံအလုပ်ရုံများသို့ ပို့ဆောင်ပေးပြီး အသက်မပြည့်သေးပါက အသက်မွေးဝမ်းကြောင်း သင်တန်းများသို့ ပို့ဆောင်ပေးသည်ဟုလည်း သိရသည်။
“FPA လို့ခေါ်တဲ့ အသက်မွေး သင်တန်းကျောင်းကို ပို့ပေးပါတယ်။ ယောင်္ကျားလေးတွေကို လက်သမား၊ သံဂဟေ စတာတွေ သင်ပေးတယ်။ မိန်းကလေးတွေကို စက်ချုပ်၊ ဇာထိုးပန်းထိုး သင်ပေးတယ်။ သောကြာနေ့ဆိုရင် အစားအသောက် ကျွေးတယ်၊ ခရီးစားရိတ် ၁၅၀ ကျပ် ပေးတယ်။ ဒါကြောင့် သူတို့က အဲဒီ့ကျောင်းကို တက်ချင်တယ်” ဟု ဆိုသည်။ စာသင်နှစ် ၄ နှစ်အတွင်း ကျောင်းသား ၃၀ ကျော်ကို အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးခဲ့သည်ဟုလည်း ပြောပြသည်။
ညနေ ၅ နာရီခွဲအချိန်တွင် ကလေးများအားလုံး စာအံနေရာမှ ညီညီညာညာ ထရပ်လိုက်ပြီး “မင်္ဂလာပါ ဆရာမ၊ ကျေးဇူးတင်ပါတယ် ဆရာမ” ဟု နှုတ်ဆက်ခါ ကျောင်းခန်းမှ ထွက်ခွာသွားကြလေသည်။
ဆရာမ ဒေါ်ခင်မိုးအောင်က “သူတို့ဘဝတွေ လမ်းပေါ်ရောက်ကုန်တာက မပြည့်စုံတဲ့အတွက်၊ ဆင်းရဲလွန်းတာကြောင့်လို့ ထင်တယ်” ဟု ဆိုသည်။ ဆရာမများအနေနှင့် ဒီထက်မက ကူညီလိုသော်လည်း သူတို့ရင်ဆိုင်နေရတာက အကန့်အသတ် ရှိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဆရာမ ဒေါ်ခင်မိုးအောင်က“အစိုးရအနေနဲ့ ဒီလိုကလေးတွေရဲ့ဘဝကို ထိထိရောက်ရောက် အကူအညီပေးစေချင်ပါတယ်” ဟု ညည်းညူသည်။
ညနေ မှောင်စပျိုးချိန်တွင် ထိုရပ်ကွက်ကလေး၏အမှောင်က ပိုလို့မှောင်နေသယောင်ရှိနေသည်။ လမ်းမီးမရှိ၊ တဲတစ်လုံးက ဖယောင်းတိုင်ကလေး ထွန်းနေတာကိုတော့ တွေ့လိုက်သည်။ ခပ်မြန်မြန်လမ်းလျောက်ရင်း အများပြည်သူသုံး ဘတ်စ်ကားများ မရှိတော့မှာကိုတော့ စိုးရိမ်မိပါသည်။ ။
ခင်ငြိမ်းသစ်
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment