ညီအကို မသိတသိအချိန်ကို
ကျော်ခဲ့ပါပြီ ။
ဆည်းဆာလား
အရုဏ်ဦးလား
စဉ်းစားမနေပါနဲ့ ။
သေချာတာတခုက
ကျားဆိုးပေါတဲ့
ခယောင်းရိုးကို
ရဲရဲတိုးကြဖို့လိုတယ် ။
ကျားဆိုးဆိုတာ
မေ့လျော့နေသူတွေ
ကျားစာကျွေးခံရလိမ့် ။
ကျားရိုးသွေးပြီး
တိုက်ရင်တောင်
ကိုက်ချင်သတဲ့ ။
တောကောင်က
အပမှီနေတာ၊ ဖုတ်ဝင်နေတာ
ဥပုသ်စောင့်နေတာ မဟုတ်ဘူး ။
သူ့အတွက်က
မျက်နှာဖုံးလည်း မလိုတော့ဘူး
အရေလည်း မခြုံတော့ဘူး
အမည်ခံလည်း မဟုတ်တော့ဘူး ။
ကျားနဲ့ နွား အတူယဉ်တွဲနေထိုင်ရေး
ဒီမိုကရေစီခေတ်ဆိုတော့
ပိုနေမြဲ ကျားနေမြဲအစိုးရတွေ ၊
ကျားသားမိုးကြိုး ကတိတွေ ၊
ကျားကိုက်တာကို နာတာရှည်လားမေးတဲ့
လွှတ်တော်တွေ ၊
ကျားရဲရာ ကြမ္မာမရိုးသာတဲ့ ငြိမ်းချမ်းရေးတွေ ၊
နွားကွဲတော့ ကျားဆွဲညီညွတ်ရေးတွေ ၊
ကျားသနားမှ နွားချမ်းသာ ဖယ်ဒရယ်တွေ ၊
ကျားကြီးလို့ ခြေရာကြီးလာတဲ့ ခရိုနီတွေ ၊
ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရတဲ့
လယ်သမား အလုပ်သမားတွေ ၊
ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးမယ့်
မျိုးစောင့်ဂိုဏ်းသားတွေ ၊
ကျားရဲပဲသေမလား တောပဲကျေမလားဆိုတဲ့
ရွေးကောက်ပွဲတွေနဲ့ ၊
ကျားဆိုးတွေ ကျားကုတ်ကျားခဲ
ကျားကန်နေပုံက
ကျားကျားမီးယပ်တွေများလှပြီ ။
ကျားတွေ မိုင်းဆက် ပြောင်းမှ
တောရိုင်းဥပဒေ ပြင်လို့ရမှာလား။
ကျားဆိုတာ နွားကို သားကောင်လို့ပဲမြင်တယ်
ကျားနဲ့ နွား ကြားမှာ တတိယသမား မရှိဘူး ။
ထွန်းဝင်းငြိမ်း
၁၀၊ ၁၊ ၂၀၁၅
မိုင်းဆက် = mind-set = တွေးမြင်ပုံ
No comments:
Post a Comment