Monday, January 12, 2015

နိုင်ငံရေး အညံ့သံသရာ (ညီစောလွင်)

“ကျွန်ုပ်တို့တွေဟာ အတိတ်ရဲ့ ထုတ်ကုန်တွေပါပဲ။ ဒါပေမယ့် အတိတ်ရဲ့အကျဉ်းသားတွေတော့ မဖြစ်ရပါဘူး။” (ရစ်ခ်ဝရန်၊ အမေရိကန် စာရေးဆရာ) 

လူတွေဟာ ကိုယ်လုပ်ဖူးတာ၊ လုပ်တတ်တာကိုပဲ ကောင်းကောင်း၊ ညံ့ညံ့ ထပ်တလဲလဲ လုပ်ကြတာ များပါတယ်။ မကောင်းတာကို ထပ်တလဲလဲ လုပ်တာကတော့ ကိုယ့်အတွက်လည်း ဆိုး၊ ကိုယ်ပတ်ဝန်းကျင်အတွက်လည်း ဆိုးပါတယ်။ ဒါပေမယ့် ဖောက်ထွက်စဉ်းစားလုပ်ကိုင်သူက ရှားပါတယ်။ 

ဒီအကြောင်းကို ပညာရေးစနစ်နဲ့ ဥပမာပေးချင်ပါတယ်။ ကျနော်တို့ မျိုးဆက်က ပညာရေး ညံ့တယ်၊ ဘာကြောင့် ညံ့လဲဆိုတော့ ပညာရေးစနစ် ညံ့တယ်။ ဆရာတွေ ညံ့တယ်၊ တပည့်တွေ ညံ့တယ်၊ ဒါပေမယ့် ဇာတ်လမ်းက အဲဒီမှာ မရပ်ဘူး၊ ညံ့တဲ့ တပည့်တွေက ဆရာတွေဖြစ်တော့ နောက်ထပ် တပည့်ညံ့တွေကိုမွေးပြီး အဲဒီ တပည့်ညံ့တွေဟာ ဆရာညံ့တွေ ထပ်ဖြစ်ပြီး တပည့်ညံ့တွေကို ထပ်ခါထပ်ခါ မွေးနေတော့တယ်၊၊ အညံ့သံသရာ ဖြစ်သွားတယ်။ မျိုးဆက်တွေ တဆက်ပြီးတဆက် ညံ့ဆင်းသွားတော့တယ်။ 


ဒီအကြောင်းကို ကျနော် အက်ဆေးရေးတော့ သူငယ်ချင်းတယောက်က ဒါက ဆရာတွေကို စော်ကားမှုပဲ လို့ ဝေဖန်တယ်၊ သူကိုယ်တိုင်လည်း မန္တလေး ဦးသောင်း နည်းပညာကျောင်းက ကျောင်းပြီးတဲ့နောက် နယ်ဘက်က ဂျီတီစီတခုမှာ ဌာနမှူး လုပ်ခဲ့ဖူးတယ်။ အခုတော့ သူလည်း ညံ့တဲ့ဆရာအလုပ်ကို စွန့်လွှတ်လိုက်ပြီး တခြားတနိုင်ငံမှာ တခြား အလုပ်တခုကို သွားလုပ်နေပါတယ်၊ အညံ့တွေ အဟောင်းတွေထဲက ထွက်ပြီး အသစ်တွေကို သင်ယူလေ့လာ အသက်မွေးခွင့်ရမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ 

ဒါကို သတိရတာက ကျနော်တို့ရဲ့ “နိုင်ငံရေးရာ” ဆွေးနွေးပွဲ ဆိုတာပါပဲ။ 

ကျနော်တို့ လူမှန်းသိစအချိန်တွေမှာ မကြားချင်အဆုံး ခပ်ညံ့ညံ့ စကားလုံး ရှိခဲ့ပါတယ်။ အမျိုးသားညီလာခံ ဆိုတာပါ၊ အမျိုးသားတွေချည်းတက်တဲ့ ညီလာခံကိုဆိုရင်တော့ အနီးစပ်ဆုံး ဖြစ်ပါလိမ့်မယ်။၊ စစ်တပ်က စိတ်ကြိုက်ရွေးတဲ့ ကိုယ်စားလှယ်တွေချည်းတက်တဲ့ ညီလာခံကို ဗိုလ်ချုပ်ကြီး သိန်းစိန်က နောက်ဆုံးနှစ်တွေကို ဦးဆောင်ခဲ့ပါတယ်။ လောကပါလတရားနဲ့ ဖွင့်ပြီး လောက ပါလတရား မူးလို့ ရှူစရာမရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥဒေကို ရေးဆွဲခဲ့တယ်။ နောက်တော့ မြောက်ကိုရီးယားမှာ အတည်ပြုသလိုမျိုး အတည်ပြုခဲ့တယ်။ 

အဲဒီ တခဲနက် ရာခိုင်နှုန်းကြီးကိုပဲ ကြုံတဲ့အခါ ကိုးကားပြောနေကြတာလည်း ကျနော်တို့ အစိုးရမင်း ခေါင်းဆောင်တွေရဲ့ ကိုယ့်ကျင့်တရား အခြေအနေအမှန်ပါပဲ။ စစ်မှန်တဲ့ လူထု ဆန္ဒခံယူပွဲတခုကို ထပ်လုပ်ဖို့တော့ သတ္တိရှိပုံ မရပါဘူး။ အခု မြန်မာပြည် နိုင်ငံရေး အကျပ်အတည်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းပါပဲ၊၊ တိုင်းပြည် မငြိမ်းချမ်းတဲ့အကြောင်းက ဖွဲ့စည်းပုံ၊ တိုင်းပြည် မတည်ငြိမ်တာ ဖွဲ့စည်းပုံ၊ တိုင်းပြည် မဖွံ့ဖြိုးတာ ဖွဲ့စည်းပုံပါပဲ။ ဘာဖြစ်လိုလဲဆိုရင် ငြိမ်းချမ်းဖို့ ညီညွတ်ဖို့ လိုတယ်၊ ညီညွတ်ဖို့ တန်းတူဖို့ လိုပါတယ်။ ကလေးတွေ ကစားကြရင်တောင် ငါက ဘုရင်ကြီးပဲ အမြဲတမ်း လုပ်မယ်။ မင်းက သူတောင်းစားပဲ အမြဲတမ်း လုပ်၊ ငါတို့ ရန်မဖြစ်တော့ဘူးလို့ လုပ်လို့ မရပါဘူး။ တန်းတူရည်တူဆိုတာ လူတိုင်းလိုချင်တဲ့ ဆန္ဒဖြစ်ပါတယ်။ 

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းတရားတွေ ခေါင်းပါးတဲ့ အဲဒီ ဖွဲ့စည်းပုံဆိုတာကို ပြင်ပေးဖို့ ပြည်သူတွေက တောင်းဆိုတဲ့အခါ၊ လွှတ်တော်ကြီးက တောင်းဆိုတဲ့အခါ အမျိုးသားညီလာခံ ဥက္ကဋ္ဌ ဦးသိန်းစိန် အစိုးရက ပယ်ချပြီး အမျိုးသားညီလာခံလို့ဟာမျိုးကြီးတခုကို တင်လာတယ်။ 

ဒါဟာ စောစော ပညာရေးစနစ်ညံ့၊ ဆရာညံ့၊ တပည့်ညံ့ - ဆိုတဲ့ ညံ့သုံးညံ့ သံသရာမျိုးပါပဲ။ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာလည်း နှစ်ပေါင်းများစွာ သူတို့ ကျင်လည်ခဲ့တဲ့စနစ်ရဲ့ လောင်းရိပ်၊ သူတို့ ရှေ့ကဆရာတွေ သင်ပေးခဲ့တဲ့ လုပ်နည်းလုပ်ဟန်အတိုင်း ကိုယ်တတ်တာကိုပဲ ထပ်တလဲလဲ ပြန်လုပ်နေတဲ့သဘော ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေး ယဉ်ကျေးမှုသစ်လို့ မခေါ်နိုင်ပါဘူး။ ဇန်နဝါရီလ ၁၂ ရက်နေ့ ဆွေးနွေးပွဲမှာ လူ ၄၀ ကျော် တက်ပါတယ်၊ ဆွေးနွေးကြတာ ကောင်းပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲဖြစ်ဖို့ လိုပါတယ်။ တိုင်းပြည်အကျိုးအတွက် မတူတာကို မဖြေရှာဖို့၊ အပေးအယူ၊ အလျှော့အတင်းလုပ်ဖို့ ဆွေးနွေးတာဆိုရင် ကောင်းပါတယ်။ 

ဒါပေမယ့် အမျိုးသားညီလာခံလိုမျိုး အတိုက်အခံတွေရဲ့အသံတွေကို မှိန်ထားဖို့ အစိုးရလူတွေနဲ့ လူများအောင် အိမ်ဖြည့်၊ ကြိုတင် ရေးဆွဲထားတဲ့ အစီအစဉ်တွေကို အတည်ပြုတာမျိုးဆိုရင် နောက်ထပ် နိုင်ငံရေးအဆိုးသံသရာ လည်ပါဦးမယ်။ အရင်တခေါက် ဆွေးနွေးပွဲဆိုကတည်းက အန်အယ်ဒီက တောင်းဆိုတဲ့ လေးပွင့်ဆိုင်၊ လွှတ်တော်က တောင်းဆိုတဲ့ ၆ ပွင့်ဆိုင်ကို လမ်းလွှဲဖို့လားဆိုပြီး သံသယရှိကြပါတယ်။ အမေရိကန် သမ္မတ အိုဘားမားရဲ့ ခရီးစဉ်နဲ့လည်း ရက်ပိုင်းပဲ ခြားပါတယ်။ ဒီကြားထဲမှာ နယ်ဘက် လွှတ်တော်တွေက ဘောင်ကျော်ပြီး တခြား အဆိုတွေကို တင်တာ၊ လူဦးရေ အတိအကျတက်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ခဲ့တာတွေဟာလည်း စစ်အစိုးရ လက်ထက်က စစ်အစိုးရ အလိုကျ ကြေညာချက်တွေ၊ လူထုထောက်ခံပွဲဆိုတာတွေကို သတိရစရာပါပဲ။ 

အခုတခေါက် ဆွေးနွေးပွဲဟာလည်း အမေရိကန် သံတမန်၊ ကုလသမဂ္ဂ သံတမန်တွေ မြန်မာပြည်မှာ ရောက်နေချိန်နဲ့ တိုက်ဆိုင်ပါတယ်။ ဘာဖြစ်ဖြစ် ဘယ်လို ဆွေးနွေးပွဲမျိုးဖြစ်ဖြစ် စစ်မှန်တဲ့ အဓိပ္ပယ်ြရှိတဲ့ ဆွေးနွေးပွဲအတွက် လမ်းပွင့်သွားရင် ကြိုဆိုသင့်ပါတယ်။ 

ဒါပေမယ့် အခုတခေါက် ဆွေးနွေးပွဲပြီးသွားတဲ့အခါ မကျေလည်တဲ့အသံတွေ အရင်ထက် ကြားရပါတယ်။ ရှမ်းခေါင်းဆောင် ခွန်ထွန်းဦးက လူများပြီး ပွဲမစည်တဲ့ ဆွေးနွေးပွဲအဖြစ် မြင်ပါတယ်။ အတိုက်အခံ အစစ်တွေရဲ့အသံတွေကို မှိန်ထားတယ်လို့ မြင်တယ်။ နောက်တကြိမ် ဆွေးနွေးရင် လူလျှော့သင့်တယ်လို့ ပြောပါတယ်။ 

ဒေါ်အောင်ဆန်စုကြည်လည်း မီဒီယာတွေနဲ့တွေ့တဲ့အခါ အတော်လေး မျက်နှာမသာယာ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါဟာ ၆ ပွင့်ဆိုင်ကို လမ်းလွှဲဖို့ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။ ဦးသိန်းစိန် အစိုးရတက်ခါစက ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးကို ယုံတယ်၊ တိုင်းပြည်အကျိုးအတွက် အသုံးချခံရင်လည်း ခံမယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုတော့ ကိုယ်စားလှယ်တွေ ဖိတ်ကြားတဲ့ပုံစံကအစ အတော်လေး စိတ်ပျက်နေပုံပါပဲ။ ဆွေးနွေးပွဲဟာ အပြန်အလှန် ဆွေးနွေးတဲ့ ပုံစံမဟုတ်တာလည်း ထင်ရှားပါတယ်။ 

ဆွေးနွေးပွဲအပြီး ကြေညာချက်ဆိုတာက ဖိတ်စာနဲ့ မခြားပါဘူး။ အခြေအနေ အချိန်ခါ သင့်လျှော်တဲ့အခါ နောက်တကြိမ်ဆွေးနွေးဖို့ သဘောတူတယ်ဆိုတဲ့ တကြောင်းပဲ ပိုပါတယ်။ ဒါကိုကြည့်ရင် ဆွေးနွေးပွဲ အခြေအနေကို သိနိုင်ပါတယ်။ 

မြန်မာပြည်ရဲ့ နှစ်ပေါင်းများစွာ အရိုးရင့်နေတဲ့ ပြဿနာကို ဆွေးနွေးပွဲအဖြေရှာတာ နေ့ချင်း ညချင်းနဲ့ အဖြေမထွက်နိုင်ပါဘူး၊ ဒါ လူတိုင်းသိပါတယ်။ ဒါပေမ့ယ် ဆွေးနွေးပွဲတွေဟာ တကယ် အဖြေရှာတဲ့ နည်းလမ်း ဖြစ်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပြဿနာကို လမ်းလွှဲတာမျိုးဆိုရင် ပြေလည်သွားဖို့ လမ်းမမြင်ပါဘူး။ ရွေးကောက်ပွဲ အချိန်မတိုင်ခင် ဖြေရှင်းရမယ့် ပြသနာတွေ၊ ရွေးကောက်ပွဲအလွန်ကျမှ ဖြေရှင်းရမယ့် ပြသနာတွေ ရှိပါတယ်။ ဒါတွေကို ခွဲခြားပြီး အဖြေမရှာနိုင်ရင် နိုင်ငံရေး သောင်မတင်ရေမကျ သံသရာဆက်လည်နေပါလိမ့်မယ်။ 

နောက်ထပ် ဆွေးနွေးပွဲတွေမှာ ခွန်ထွန်းဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအေးသာအောင် တို့လို စစ်မှန်တဲ့ အတိုက်အခံတွေ ဆက်ပါနေဖို့ ဆွေးနွေးပွဲ ဒီဇိုင်းနဲ့ ဦးစားပေး အကြောင်းအရာတွေကို ပြန်ဆွေးနွေးဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင်တော့ ရွေးကောက်ပွဲ မတိုင်ခင်မှာပဲ နိုင်ငံရေး အကျပ်အတည်းက ပေါ်လာနိုင်ပါတယ်။ ။ 

ညီစောလွင် 

 

No comments: