Monday, December 29, 2014

အရေးတော်ပုံအနံ့ ရတယ်၊ သပိတ်စုံရင် သူပုန်ထလိမ့်မယ် (ကိုညို)

ပြည်သူနဲ့ အယုံအကြည် ပျက်သွားပြီ 

ကြံ့ဖွတ်အစိုးရ မတရားမှုတွေကို ၃ နှစ်အတွင်း ပြည်သူတွေ သည်းမခံနိုင်ဖြစ်လာပြီ။ အုပ်ချုပ်သူတွေနဲ့ ခရိုနီတွေ၊ ဝန်ထမ်းတွေရဲ့ ဓနဥစ္စာ တဖက်စောင်းနင်း ပိုင်ဆိုင်မှု၊ စီးပွားရင်းနှီးမှုနဲ့ အရင်းအမြစ်မှန်သမျှ လောဘတကြီး သိမ်းကြုံး လက်ဝါးကြီးအုပ်မှု၊ နဂိုအကျင့်စရိုက်ကို မပြောင်းလဲ မပြုပြင်နိုင်မှု၊ ရာထူးစည်းစိမ်နဲ့ ဂုဏ်အရှိန်အဝါ၊ လာဘ်လာဘ ဆုံးရှုံးမှာကို စိုးရိမ်ပူပန်မှု၊ အကြောက်တရား ကြီးမားမှု၊ စစ်ဗြူရိုကရေစီယန္တယားရဲ့ ခိုင်မာအားကောင်းမှုဟာ ဒီကနေ့ ဒီမိုကရေစီအရွေ့ကို အနှောက်အယှက်ပေးလာတယ်။ 

လူထု မကျေနပ်မှုကို တနေ့တခြား ကြီးမားစေတယ်။ လတ်တလောအခြေအနေက ကျင့်ဝတ် စံနှုန်းမရှိတဲ့ တရုတ်အစိုးရအပေါ် လိုက်လျော ဆက်ဆံလွန်းတာပါ။ စစ်ယူနီဖောင်းချွတ် အရပ်သား သမ္မတ တက်ခါစ အခြေအနေနဲ့ ဆန့်ကျင်ဘက်အဆင့်ထိ ပြောင်းလဲသွားတယ်။ သမ္မတ ဦးသိန်းစိန်ကို အရင်လို လက်ခုတ်တီး ကြိုဆိုမယ့်သူ ရှားပါးနေတာ သတိပြုမိတယ်။ အစိုးရနဲ့ ပြည်သူ အယုံအကြည်ပျက်သွားတာက ၈၈ အာဏာသိမ်းစစ်အစိုးရနဲ့ ဆက်ဆံခဲ့ကြသလိုပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အရွေ့ 

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ဟာ အရဲစွန့်ဝင်လိုက်တာဟာ အစိုးရရော၊ လွှတ်တော်နဲ့ပါ ယုံကြည်မှုတည်ဆောက်ပြီး ပြုပြင်ပြောင်းလဲရေးကို လွှတ်တော်ကနေ တဖြည်းဖြည်းလုပ်ယူမယ့် အဓိပ္ပာယ်ပြခဲ့တယ်။ 


ဒါပေမယ့် နောက်ပိုင်းမှာ တစတစ ယုံကြည်မှုတွေ ပိုမိုပျက်ပြားလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဓားစာခံလိုဖြစ်ခဲ့တယ်။ ဥပမာ လက်ပံတောင်း စုံစမ်းကော်မရှင်ကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ကြံ့ကြာတဲ့ကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဖြစ်ရေး မျှော်လင့်ချက် ဝေးကွာနေတဲ့ကိစ္စတွေကအစ တိုင်းပြည်ရဲ့ အဓိက နိုင်ငံရေးပြဿနာထဲက တခုဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးထဲ ဝင်မပါနိုင်တဲ့အခြေအနေ၊ လယ်သမား အလုပ်သမားနဲ့ ကျောင်းသားအခွင့်အရေး ဆုံးရှုံးနေမှုကို ဝင်မပါနိုင်တဲ့အနေအထားတွေက တချိန်ကရော ယနေ့အထိ သြဇာရှိနေတဲ့ လူထုခေါင်းဆောင်နဲ့ လူထုအကြား အားကိုးယုံကြည် လက်တွဲတိုက်ပွဲဝင်နိုင်တဲ့အဆင့်ကနေ ကင်းကွာအောင် ဖန်တီးပေးသလို ဖြစ်လာတယ်။ 

ဒီအတိုင်းငြိမ်ပြီး သူတို့ခင်းတဲ့ မတရားဥပဒေအတိုင်း မျက်စိစုံမှိတ်သည်းခံပြီး ဆက်လျှောက်ရင်၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒီထက်ဆိုးရွားတဲ့ နိုင်ငံရေးအကြပ်အတည်းတွေ မြင်ရလိမ့်မယ်။ ဖိနှိပ်မှု၊ မသမာမှုတွေ တွေ့ရမယ်။ ၂၀၁၅ လည်း အဟောသိကံ ဖြစ်လိမ့်မယ်။ 

လက်ပံတောင်းဟာ ယမ်းအိုးကြီး 

ဒီကနေ့ လက်ပံတောင်းသတ်ဖြတ်မှုဟာ အရင်ကတည်းက အပ်နဲ့မထွင်းခဲ့လို့ဖြစ်လာတဲ့ ပုဆိန်ပေါက် ပြဿနာဖြစ်နေပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ပံတောင်း စုံစမ်းရေးကော်မရှင်ရဲ့ အစီအရင်ခံစာကို ဦးပိုင် (စစ်တပ်) က ဆွဲဖြဲလိုက်တာ၊ စိန်ခေါ်လိုက်တာဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ လိုတယ်။ ဒေါ်ခင်ဝင်းကိုသတ်ဖြတ်မှုဟာ အာဏာရှင်တွေရဲ့ မပြောင်းလဲချင်၊ အထိမခံချင်တဲ့ ဒီမိုကရေစီအပေါ် ဖီဆန်အာခံမှုဖြစ်တယ်။ လူသတ်မှုထက်လေးနက်တဲ့ လူ့အဖွဲ့အစည်းကို သတ်ဖြတ်မှုဖြစ်တယ်။ အပြစ်ကြီးလွန်းတယ်။ 

ဒီတော့ သူတလူ ငါတမင်းဖြစ်နေတဲ့ ကာချုပ်ရယ်၊ သမ္မတရယ်က ဒီပြဿာနာကို ပြည်သူ့ဆန္ဒကို ဗဟိုထားပြီး အပျော့ပြောင်းဆုံး အညင်သာဆုံး ပြုပြင်ပြောင်းလဲ လိုက်လျှောမှုကို အရင်ဦးဆုံး လုပ်ရတော့မယ်။ မလုပ်ရင် ထပ်ဆင့် စိန်ခေါ်တဲ့အဓိပ္ပာယ်မို့ ပြဿနာပိုကြီးလာမယ်။ 

အန္တရာယ်နံ့ သတိပြု 

အာဏာရှင် ဘက်တော်သားတွေက မလိုလားအပ်တဲ့ ခလောက်ဆန်မှုတွေ၊ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်နေတာကို လူထုကိုယ်တိုင် သတိကြီးကြီးနဲ့ တုံ့ပြန်ဖို့လိုတယ်။ သူတို့ ပွဲပျက်အောင် ဖျက်နေတယ်။ မဟန်ရင် ပိုမိုဆိုးရွားတဲ့ နိုင်ငံရေးပြဿနာတွေ မီးမွှေးပြီး အကြမ်းဖက်မှုတွေဖြစ်လာအောင် ဖန်တီးမယ်။ ဖမ်းမယ်။ ထိန်းမယ် ထောင်ချမယ်။ တရုတ် စီးပွားရေးနဲ့ ဝမ်ပေါင်ကုမ္ပဏီဟာ မြန်မာ့နိုင်ငံရေးပြဿနာရဲ့ သော့ချက်တွေထဲက တခုလည်း ဖြစ်ကောင်းဖြစ်မယ်။ 

ဒါပေမယ့် ပစ်မှတ်လို့ လောလောဆယ် မယူဆစေချင်ဘူး။ တကယ့်ပစ်မှတ်ဟာ ဦးပိုင်၊ ကြံ့ဖွတ်အစိုးရ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖြစ်တယ်။ သတိပြုဖို့တခုက ဦးပိုင်ဟာ သူ့ဗိုက်ကိုတော့ အဖောက်ခံမှာ မဟုတ်ဘူး။ လက်ပံတောင်းဟာလည်း သူ့ရဲ့အသက်ဇီဝိန်ကို လှည့်ပတ်ပေးတဲ့ စီးဆင်းနေတဲ့ ပင်မသွေးကြောတခု ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခြေတဖက်ကျွံဝင်ထားတယ်။ သတိပြုပါ။ မှန်ကန်ပြီး လူ့အခွင့်အရေးစံနှုန်းကိုက်ညီအောင်၊ စီမံကိန်းကာလ အတိုးအလျှော့လုပ်နိုင်အောင် ဆောင်ရွက်နိုင်ရင် မဆိုးဘူး။ 

ဒါပေမယ့် တရုတ် ဝမ်ပေါင်ကုမ္ပဏီကို အကောင်းမမြင်နိုင်တော့တဲ့ အဖိနှိပ်ခံ လက်ပံတောင်းနယ်ခံတွေရဲ့ တင်းပြည့်ကျပ်ပြည့် ကျေနပ်မှုရနိုင်ဖို့ ခက်နေအုံးမယ်။ ဧရာဝတီမြစ်ဆုံကို သူတို့ ယာယီရပ်ထားတယ်။ နောက်ထပ်ပေါက်ကွဲမှုတခု ဖန်တီးနိုင်တဲ့ စနက်တံဆိုတာ သတိထားရမယ်။ အခြေခိုင်ရင် မြစ်ဆုံစီမံကိန်း ပြန်လည်ပတ်အောင် သွေးစုတ်ဖုတ်ကောင်တကောင်လို ကုန်းရုန်းထလာလိမ့်မယ်။ 

လှုပ်ရှားမှုအရှိန် မလျှော့စေနဲ့ 

ခေတ္တငြိမ်သက်နေတဲ့ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုကလည်း ထပ်ပေါ်လာအုံးမယ်။ အိုးအိမ်မဲ့ အခြေခံပြည်သူတွေ၊ အလုပ်သမား အင်အားစုတွေလည်း အရေးတော်ပုံထဲ အချိန်မရွေး ပါလာနိုင်တယ်၊ အခု လယ်သမားအရေးတော်ပုံဟာ အတော်နဲ့ငြိမ်းသွားမှာ မဟုတ်။ လက်ပံတောင်းမှာ သွေးစိမ်းရှင်ရှင်ထွက်၊ မီးလောင်ဗုံးထိ၊ သာသနိက အဆောက်အအုံ လယ်တီသိမ်ရွှေ့နဲ့ အောင်းထားခဲ့တဲ့ အနာတွေက လွယ်လွယ်နဲ့ မငြိမ်းနိုင်အောင် ပြာဖုံးနေတဲ့ ရှားမီးခဲလို ဖြစ်သွားပြီ။ 

သံဃာတော်တွေ ပါပတ်သက်နေတာ သတိပြုရမယ်။ ဒီတော့ အရေးတော်ပုံကို ကြိုတင်ရှုမြင်ပြီး ကျောင်းသား၊ ပြည်သူ၊ အလုပ်သမားနဲ့ လယ်သမား သံဃာအဖွဲ့တွေ ပြန်လည်ချိတ်ဆက် လက်တွဲထားဖို့ ပြင်ဆင်လုပ်နေကြမယ်လို့လည်း ယူဆရပါတယ်။ ဘယ်နည်းနဲ့မှ လှုပ်ရှားမှု အရှိန်မကျစေနဲ့၊ ဘယ်လိုထိန်းပြီးလုပ်ရမယ်ဆိုတဲ့ နည်းပရိယာယ်ကို ၈၈ တွေ၊ ပြည်သူတွေ၊ ကျောင်းသားတွေ အထာညက်ပါတယ်။ 

အစွန်းရောက်တွေကို သတိထားပါ 

ဒီကြားထဲ ဒီမိုကရေစီနဲ့ လူသားအခွင့်အရေးကို ပျက်ရယ်ပြုတဲ့ လူမျိုး ဘာသာ သွေးထိုးခွဲခြားမှု၊ အစွန်းရောက် ၉၆၉၊ မဘသ လှုပ်ရှားမှုတွေနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေဟာ နိုင်ငံရေး ယမ်းအိုးတွေဖြစ်တယ်။ ပညာတတ်တွေ၊ စစ်မှန်တဲ့ ဗုဒ္ဓဝါဒီတွေ၊ သာသနာမြင့်မားရေးကို စိတ်စေတနာအပြည့် ထမ်းရွက်နေတဲ့ ဘာသာရေးထက်သန်တဲ့ သံဃာတော်တွေက အဲလို အစွန်းတရားတွေကို ဆန့်ကျင်တဲ့ အင်အားစုတွေဖြစ်တယ်။

ဒီတော့ အစွန်းရောက် မဘသ နဲ့ ဘာသာရေးလှုပ်ရှားမှုကို နိုင်ငံတကာကလည်း ဝေဖန်ရှုတ်ချနေသလို ပြည်တွင်းမှာလည်း သတိကြီးကြီးနဲ့ စောင့်ကြည့်နေတယ်။ ဒီအတိုင်းဆက်သွားရင် အစွန်းရောက်တွေရဲ့ နောက်ဆုံးဗျူဟာဟာ အကြမ်းဖက် ဆူပူ မီးရှို့ သောင်းကျန်း သတ်ဖြတ်မှုပဲ ဖြစ်လိမ့်မယ်။ တိုင်းပြည် ပိုနာလိမ့်မယ်။ ကမ္ဘာက မထောက်ခံတဲ့ လုပ်ရပ်လည်းဖြစ်တယ်။ 

ဒိုင်ယာလော့စားပွဲဆီ တွန်းပို့ပါ 

ဒီကနေ့ လက်ငင်းကာလဟာ တိုင်းပြည်ခေါင်းဆောင်တွေ စားပွဲဝိုင်း တွေ့ဆုံရေး၊ ပြဿနာကို တိုင်းပြည်မျက်နှာ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးရဲ့ မျက်နှာကိုကြည့်ပြီး ရဲရဲတင်းတင်း အဖြေထုတ်ရမှာဖြစ်တယ်။ လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်သင့်တယ်။ ဟိုအင်အားစု ဒီအင်အားစုတွေကလည်း တောကြောင်လက်ခမောင်းခတ် ဝင်ပါတဲ့ ဆယ့်နှစ်မျိုး ဂျင်းသုတ် တွေ့ဆုံဆွေးနွေးမှုမျိုး လုံးဝ မဖြစ်သင့်ပါ။ 

စစ်ဘီလူးက ဝင်ဆွဲချင်လို့ လူစုကွဲအောင် ခွဲနေတာကို သတိမူသင့်တယ်။ သူတို့အချင်းချင်းလည်း(လွှတ်တော် ဥက္ကဋ္ဌ၊ ကာချုပ်၊ သမ္မတ) မျက်နှာချင်းမဆိုင်ချင်တာကို သတိထားမိတယ်။ တချိန်က မိုးထဲလေထဲမှာ ဘယ်အင်အားစုတွေက အနစ်နာခံ တောင်းဆိုတိုက်ပွဲင်ခဲ့သလဲဆိုတဲ့ စေတနာမှန်ကိုလည်း ရွေးချယ်တတ်ဖို့ လိုတယ်။ 

ပြီးတော့ အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေကြား ယုံကြည်မှု တည်ဆောက် မရသေးဘူး။ သဘောထား တင်းမာနေတယ်။ ငြိမ်းချမ်းရေးစင်တာကလည်း အစိုးရရုပ်သေးအဖြစ် နာမည်ပျက်နေတယ်။ ဘယ်နည်းနဲ့ပဲ ဖြစ်ပလေ့စေ ခေါင်းဆောင်တွေတွေ့ဆုံပြီး လက်တွေ့ကျတဲ့ နိုင်ငံရေး အဖြေရှာညှိနှိုင်းဖို့ လိုတယ်။ 

လိုအပ်ရင် လွှတ်တော်ကို ကျောခိုင်းပါ 

ဒီတော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကနေ လူထုကြားဆင်းရမယ့်အချိန်ဟာ မလွဲမသွေ ရောက်လာပါပြီ။ လူထုက သူ့ခရီးသူနှင်နေတာကို သတိပြုကြည့်ပါ။ ၈၈ တုန်းက ဘယ်ခေါင်းဆောင်မှမပါဘဲ အစိုးရ မင်းသုံးဆက်ကို ဖြုတ်ချခဲ့တယ်။ ခေါင်းဆောင်တွေလည်း ပါလာရော အချင်းချင်း မညီမညွတ်နဲ့ လက်ငင်းလုပ်စရာတွေကို မလုပ်နိုင်ခဲ့လို့ စစ်တပ် အာဏာသိမ်းတာကို ခံခဲ့ရတယ်။ ပြည်သူတွေက နောက်တခါ အဲလို မညီမညွတ်နဲ့ မကြုံချင်တော့ပါ။ အာဏာသိမ်းတာကိုလည်း လက်မခံနိုင်တော့ပါ။ ကမ္ဘာကလည်း လက်ခံမှာမဟုတ်။ အာဏာရှင်နံ့ မပျောက်သေးတဲ့ အစိုးရကတော့ အာဏာမြဲအောင် အားထုတ်မှာပဲ။ ဒါဆို လူထု လမ်းပေါ်ရောက်လာတော့မယ်။ 

ဒီနေ့ကာလဟာ ၁၉၈၈ သြဂုတ်မတိုင်မီ ၁၉၈၇- ၈၈ ဆန္ဒပြပွဲတွေ ငုတ်လိုက် ပေါ်လိုက်ဖြစ်နေတာနဲ့ သဏ္ဍာန်တူနေပါတယ်။ အဲဒီတုန်းက ဆင်းရဲမှု၊ အခွင့်အရေးမဲ့မှုထက် ဒီနေ့ပိုဆိုးတယ်။ ဒီထက်ဆိုးတာက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ မြေပေါ် ရောက်နေတယ်။ သပိတ်စုံ သူပုန်ထနိုင်တဲ့အဆင့်ထိ ဖြစ်လာနိုင်တယ်။ မြန်မာ့နိုင်ငံရေးဟာ ဒီအတိုင်းဆက်သွားလို့ မရနိုင်တော့ပြီ။ အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာရမယ်။ ဒီအချိန်မှာ ပီပြင်တဲ့ အတိုက်အခံ နိုင်ငံရေးကို ပြည်သူက အလိုရှိနေပြီ။

သေချာရေရာအောင် ပြင်ဆင်ကြ

ဒီတော့ ဒေါ်အောင်ဆန်းစုကြည် လူထုတိုက်ပွဲထဲ ပြန်ဝင်ဖို့ အသင့်ပြင်ထားရတော့မယ်။ လိုအပ်ရင် အစိုးရကို အယုံအကြည်မရှိ အဆိုတင်ပြီး သပိတ်မှောက်ရလိမ့်မယ်။ လွှတ်တော်ထဲကနေ လူထုကြားဆင်းဖို့ အချိန်နီးကပ်နေပါပြီ။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ စားပွဲပေါ်မရောက်ရင် လူထု သူပုန်ထလိမ့်မယ်။ 

ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနဲ့ ပြည်သူတွေက လက်ငင်း လူထုဒုက္ခတွေ ဖြေရှင်းရေးအတွက် ဆက်ပြီး လှုပ်ရှားမှုတွေလုပ်နေကြသလိုပဲ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ထိရောက်တဲ့ နိုင်ငံရေး တွေ့ဆုံစားပွဲဝိုင်းပေါ်ရောက်အောင် တွန်းပို့ဖို့ နိုင်ငံရေးကြွေးကြော်သံ၊ တောင်းဆိုသံတွေပေါ်အောင် လုပ်ရင်ကောင်းမယ်လို့ မြင်ပါတယ်။ 

ဒီနေ့အခြေအနေက ရေတံခွန်နဲ့နီးလာတဲ့ ရေစီးလိုပဲ ဖြစ်စဉ်တွေဟာ ဆက်တိုက်လိုလို လျှင်မြန် သွက်လက် အားကောင်းနေတာကို မြင်နေရလို့ပါ။ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားကြပါတော့။ 

ကိုညို (အော်စလို) 
၂၉ ဒီဇင်ဘာ၊ ၂၀၁၄ 

 

No comments: