Wednesday, December 31, 2014

အဘ အတွက် အမှတ်တရ ရေးတဲ့စာ (ကျော်ကျော်ငြိမ်းချမ်း)

အရင် နဝတ.. နအဖ.. ခေတ်မှာရော ခု နမလ ခေတ်မှာရော နေရာတကာမှာ.. အဘတွေက များလှသဗျာ..။ (ဘာမှန်းမသိအောင် နားမလည်နိုင်တဲ့ခေတ်ဆိုတော့ နမလ ခေတ်ပေါ့ဗျာ) 

အရင် ကျနော်တို့ခေတ် မကဒတ (ABSDF) ကျောင်းသားတပ်မတော်မှာတုန်းကတော့ လူတိုင်းက အဘ ခေါ်တာ ၂ ယောက်လောက်ပဲ ရှိသဗျ.. ကျနော်တို့ရဲ့ အဘ ဗိုလ်စွန်ညို [ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) အေးမြင့် (ကြည်း-၈၅၆၃)] နဲ့ ဆက်သွယ်ရေးက အဘ ဦးဝင်းမောင် (အချက်ပြဆက်သွယ်ရေးတပ် တပ်ကြပ်ကြီးဟောင်း.. မကဒတ ဗဟိုဆက်သွယ်ရေးတပ်-နည်းပြ)။ အဘ ဗိုလ်စွန်ညိုကိုတော့ ကေအန်ယူနဲ့ တခြားမဟာမိတ်ခေါင်းဆောင်၊ ရဲဘော် အတော်များများကလည်း ကြီးကြီးငယ်ငယ် ကျနော်တို့ခေါ်သလို အဘ ပဲ ခေါ်သဗျ။ 

လူချင်းစတွေ့တော့ ၁၉၉၀ နှစ်ဆန်းပိုင်း ထင်ပါတယ်.. ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်းတို့က အဘကို ဘန်ကောက်ကနေ မဲဆောက်ကို လာပို့ပါတယ်။ ကျနော်က မာနာပုလောကနေ မဲဆောက်ကို လာကြိုပါတယ်။ ဒီမတိုင်ခင် သူ ဘန်ကောက်မှာရှိနေစဉ်က ကိုနိုင်အောင်နဲ့ ကိုသောင်းထွန်းတို့က လှမ်းအကြောင်းကြားလို့.. သူ ကျနော်တို့ မကဒတ-ကျောင်းသားတပ်မတော်မှာ ကာလတခုလာနေရင်း သင်တန်းလာပေးမယ့်အကြောင်း၊ ခွင့်ပြုပေးဖို့အကြောင်း မာနာပုလောမှာ ကေအဲန်ယူခေါင်းဆောင်များနဲ့ ညှိနှိုင်းခဲ့ပါတယ်။ 


ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်ချုပ်တာမလာဘော အပါအဝင် ကေအန်အယ်လ်အေ တပ်မှူးတွေက ခမရ-၁ က ဗိုလ်မှူးအေးမြင့်လား.. အေး.. ကောင်းကောင်းသိတာပေါ့ကွ.. ကောင်းတယ်.. ရိုးရိုးသားသားလာတာဆိုရင် အားလုံးအတွက် အကျိုးရှိတာပေါ့ကွာ.. တဲ့။ မင်းတို့လည်း စိစစ်ပြီးဖြစ်မှာပေါ့.. ငါတို့လည်း စိစစ်ကြည့်ပါဦးမယ်ဆိုပြီး ပြောပါတယ်။ တပတ်လောက်အကြာမှာ မီးစိမ်းပြတော့ အပေါ်မှာပြောသလို အဘ ရောက်လာပါတယ်။ 

ပထမဆုံး အမှတ်တရက မဲဆောက်က မာနာပုလောအသွားမှာ ထိုင်းဘက်ခြမ်း မဲသဝေါဂိတ်ကနေ သောင်ရင်းမြစ်အတိုင်း လှေမစီးခင် ကားပေါ်ကနေ မဲသဝေါတောင်ကို ကျနော်ကလှမ်းပြတော့ အဘ ပထမဆုံးပြောပြတဲ့ ကေအဲန်ယူနဲ့ တိုက်ပွဲတွေထဲက နာမည်ကြီး မဲသဝေါတိုက်ပွဲအကြောင်း စ ကြားရပါတယ်။ အကျအဆုံး၊ အထိအခိုက်များခဲ့ပေမယ့် ၁၉၈၁ မှာ သူတို့ ခမရ-၁ က သူ့ကွပ်ကဲမှုအောက် တပ်စုတစုက တောင်ထိပ်အရောက် တက်ရောက် ရှင်းလင်းနိုင်ခဲ့တဲ့အကြောင်းနဲ့ တောင်ထိပ်ရောက်သူ ၂၁ ဦးလုံး သူရဲကောင်းမှတ်တမ်းဝင် ရခဲ့တဲ့အကြောင်း..၊ နောက်တန်း လက်နက်ကြီး ပစ်ကူတောင်းရင်းနဲ့ ထိုင်းဘက်ကမ်း မဲသဝေါရွာဘက်ကို လက်နက်ကြီး ၂-၃ လုံးကျတဲ့အကြောင်း..၊ ဆက်သွယ်ရေးစက်ပေါ်မှာ သူက နောက်က ဗျုဟာစက်ကို.. “စစ်ဖြစ်နေတာပဲကွ.. တောင်နဲ့ မြစ်နဲ့ ဒီလောက်ကပ်နေတာ တလုံး နှစ်လုံးကျတော့ ဘာဖြစ်လဲ..” လို့ ပြန်ပြောမိတယ်.. တဲ့။ 

အထက်က ဗျူဟာမှူးလား.. ဒု-တိုင်းမှူးလား မသိ နားထောင်နေတာနဲ့မိလို့.. “ကိုအေးမြင့် Border Crisis ဖြစ်ရင် ခင်ဗျားပြဿနာပဲနော်”.. လို့ သတိပေးခံရတဲ့အကြောင်း ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ပြောပြပါတယ်။ ကျနော်ကလည်း.. “အဘတို့ပစ်လို့ ၁၂၀ မမ ကျည်ဆံကျထားတဲ့ နေရာကနေ လှေ စစီးရမယ်.. သူတို့ မြေကြီး ချိုင့်ဝင်သွားလို့ အဲဒီရွာက ထိုင်းတွေ အဘကို စိတ်ဆိုးနေတယ်.. အသံ သိပ်မထွက်နဲ့” လို့ နောက်မိတယ်။ 

၁၉၈၄ မှာ မဲသဝေါကို ကေအဲန်ယူကပြန်သိမ်းပြီး ၁၉၈၉ နှစ်ကုန်ပိုင်းမှာ ရန်သူက ပြန်သိမ်းထားပါပြီ။ တောင်ထွတ် ၂ ခု ရှိရာမှာ ဘုရားတောင်လို့ ခေါ်တဲ့ဘက်အခြမ်းမှာ ရန်သူက အလံထောင်ပြီး တပ်စွဲထားပါတယ်။ ကျနော်လည်း ရိက္ခာနဲ့ လက်နက်ကြီးပို့ရင်း တောင်ထိပ်ကို တခေါက်ရာက်ဖူးကြောင်း.. ကျောက်တောင်သက်သက်ဖြစ်ပြီး ကတုတ်ကျင်း နက်နက်တူးဖို့ခက်ကြောင်း.. (Limestone ထုံးကျောက်တောင်ကြီး ဖြစ်ပါတယ်) ဘယ်ဘက်က စခန်းထိုင်ထိုင်.. ကြာရှည် တပ်စွဲထားဖို့ ခက်ကြောင်း၊ ရိက္ခာပို့လမ်းကြောင်း ခက်ခဲ၊ ရေကိုလည်း တောင်အောက် ဆင်းခပ်ရကြောင်း၊ အဲဒီတောင်ထိပ်တိုက်ပွဲမှာ ကေအဲန်ယူက ကျနော်တို့မိတ်ဆွေ ဗိုလ်မှူးတူးတူးလေး နားကို လက်နက်ကြီးအစ ထိပြီး နားထိုင်းသွားတဲ့အကြောင်း၊ မာနာပုလောရောက်ရင် သူ အပါအဝင် အဘနဲ့ တိုက်ဖော်တိုက်ဖက်တွေ ပြန်တွေ့ရမယ့်အကြောင်း စသဖြင့် ပြန်ပြောဖြစ်ပါတယ်။ 

လမ်းမှာလာရင်းနဲ့တင်.. စကားပြောရင် ရင်ထဲရှိတဲ့အတိုင်း ရိုးရိုးသားသား ရှင်းရှင်းပြတ်ပြတ် ပွင့်ပွင့်လင်းလင်း ဟန်မဆောင်ဘဲ တဲ့တိုးပြောတတ်တဲ့ အဘနဲ့ စကားလက်ဆုံ စကျမိနေပါပြီ...။ ထိုင်းစစ်တပ်ဂိတ်အလွန် မဲသဝေါ အောက်ဂိတ်ကနေ လှေနဲ့ စုန်ဆင်းလာတော့.. ဟိုဘက်ကမ်းမှာ ရန်သူတပ်က ရဲဘော်အချို့ ရေဆင်းချိုး၊ အဝတ်လျှော်နေတာ တွေ့ပါတယ်။ ကျနော်တို့လှေကို ၂ ယောက် ၃ ယောက်က လက်ပြလှမ်းခေါ်လိုက်လို့ စိတ်ထဲ ထိတ်ခနဲဖြစ်သွားပေမယ့် လှေသမားကို ဂရုမစိုက်နဲ့၊ လှည့်မကြည့်နဲ့ အရှိန်မြှင့်ပြီး ဆက်မောင်းလို့ ပြောရပါတယ်။ သူတို့က ကြုံရင် ဒီလိုပဲ လှေတွေကို ကပ်ခိုင်းပြီး ဆေးလိပ်၊ မုန့်ပဲသရေစာ တောင်းစားလေ့ရှိပါတယ်။ 

မာနာပုလောမှာလည်း အဘ ကို ကေအဲန်ယူ အပါအဝင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု - မဒတ (NDF) မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်-မဒမခ (DAB) က ခေါင်းဆောင်တွေနဲ့ မိတ်ဆက်ပေးတော့ အားလုံးက နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြတော့ အဘလည်း ဝမ်းသာနေပုံရပါတယ်။ ရက်အတန်ကြာတော့ ပထမဆုံး ဗိုလ်ချုပ်မြနဲ့ တွေ့ကြပါတယ်။ ကျနော်တို့ကတော့ ဗိုလ်ချုပ်မြအကြောင်းသိနေလို့ ဘယ်လိုမှ မဖြစ်ပေမယ့် အဘကတော့ နည်းနည်း စိတ်လှုပ်ရှားနေပုံရပါတယ်။ ဗိုလ်ချုပ်မြနဲ့တွေ့တော့ နှစ်ယောက်လုံးက အရပ်ဝတ်နဲ့ဖြစ်ပေမယ့် အဘ က အရင် Salute လုပ်.. လက်တင်ပြီး အလေးပြုပါတယ်.. ဗိုလ်ချုပ်မြကလည်း ချက်ခြင်းပဲ သူ့လို ပြန်အလေးပြုပါတယ်။ 

ကျနော်တို့ကတော့ ကရင်တပ်မှူးကြီးတွေတွေ့ရင် သူတို့အချင်းချင်း လုပ်လေ့ရှိတဲ့ သတိဆွဲ.. ဖနောင့်တချက်ကြွ.. ခြေဖျားထောက်ပြီး အလေးပြုလေ့ရှိပါတယ်။ စစ်ရေးပြ အခမ်းအနားတွေမှာမှ... ယူနီဖောင်းဝတ်ထားပါမှ အပြန်အလှန် လက်တင် အလေးပြုကြပါတယ်။ နောက်တော့ အဘ က အဲဒါ အင်္ဂလိပ်နည်းကွ.. ကရင်တပ်မှူးကြီးတွေက British Army Commission တွေဖြစ်ဖူးတော့ အဲဒီကနေ လာတာ.. ဒို့တပ်မတော်မှာလည်း အစောပိုင်းမှာ အဲဒီနည်းနဲ့ အလေးပြုကြဖူးတယ်.. နောက်တော့ တပ်မှူးငယ်တွေက သူတို့ မလေးစားတဲ့ အထက်အရာရှိတွေကို ဖနောင့်ကြွသလိုလိုနဲ့ ကော့ ကော့ပြတော့ နောက် အဲဒီအလေးပြုနည်းကို ဖျက်သိမ်းလိုက်တယ်.. တဲ့။ အလေးပြုတဲ့နေရာမှာတောင် နည်းစနစ်ကျကျ အလေးပြုနည်း၊ ဆောင်ရန် ရှောင်ရန်.. စသဖြင့် ခရီးသွားဟန်လွှဲ လေ့လာမှတ်သားစရာတွေရသလို ရယ်စရာ မောစရာတွေလည်းကြုံရတာ ဆက်ပြောရဦးမယ်။ 

ပထမဆုံးအကြိမ် တွေ့တွေ့ချင်း ဗိုလ်ချုပ်မြက ဗိုလ်မှူးအေးမြင့်.. လို့ခေါ်ပြီး.. အဘကတော့ ဗိုလ်ချုပ်လို့ခေါ်တာ သတိထားမိပါတယ်။ (နောက်ပိုင်းတော့ ဗိုလ်ချုပ်မြကလည်း ကျနော်တို့ခေါ်သလို တခါတလေ အဘ လို့ လိုက်ခေါ်သလို အဘကလည်း ကျနော်တို့ခေါ်သလို အဖိုး လို့ လိုက်ခေါ်ပါတယ်..) ရင်းရင်းနှီးနှီး စကားပြောကြရင်း တဲ့တိုးသမားချင်းဆိုတော့ ဗိုလ်ချုပ်မြက.. ခင်ဗျားတို့တပ်က ဘာကောင်းလဲဗျာ... လူထုကို သိပ်နှိပ်စက်တာပဲ.. မုဒိန်းကျင့်၊ ရွာမီးရှို့ ၊ စားပင်သောက်ပင်တွေ ဖျက်ဆီး.. သိပ်လုပ်တာပဲ.. တဲ့။ အဘကလည်း ဇွတ်မငြင်းပါဘူး။ မတစ်ရာသားတွေ စုထားတာကိုး ဗိုလ်ချုပ်ရဲ့ .. လူအမျိုးမျိုးဆိုတော့ ထိန်းရသိမ်းရခက်တာတွေတော့ ရှိတာပေါ့လေ.. ဒါပေမယ့် ကျနော့် ကွပ်ကဲမှုအောက်တပ်တွေကိုတော့ အဲဒါမျိုးတွေမလုပ်ဖို့ တတ်နိုင်သလောက် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပါတယ်.. စသဖြင့် အလိုက်အထိုက် ပြန်ပြောပါတယ်။ 

ကျန်တာတွေတော့ အသေးစိတ်မမှတ်မိပေမယ့် ဗိုလ်ချုပ်မြက... သင်တန်းတွေပေးဖို့နဲ့ သူ့တပ်မှူးတွေနဲ့ အသေးစိတ် ဆက်ဆွေးနွေးဖို့..၊ တော်လှန်ရေးမှာ လစာတွေ ဘာတွေတော့ မပေးနိုင်ဘူး.. ဒါပေမယ့် လိုအပ်တာရှိရင် အားမနာနဲ့ ပဒိုအောင်ဆန်းကို ပြော.. နီးနီးနားနားဆို ဗိုလ်ခဲနီ [ဗိုလ်မှူးကြီး ခဲနီ (Saw Kenny) - KNLA ဗဟိုဆက်သွယ်ရေးတပ်မှူး] ကို အချိန်မရွေး ပြောပါလို့... ပြောရှာပါတယ်။ မာနာပုလောရဲ့ မြောက်ဘက်အကျဆုံး ကျနော်တို့ မကဒတ ဗဟိုဌာနချုပ်ရုံးနဲ့ အနီးဆုံးက KNLA ဗဟိုဆက်သွယ်ရေးတပ် ရှိပါတယ်။ ကျန်းမာရေး ဂရုစိုက်ဖို့နဲ့ ငှက်ဖျားကို အထူးဂရုစိုက်ဖို့လည်း မှာပါတယ်။ 

ကျန်တဲ့ခေါင်းဆောင်များနဲ့ တွေ့ဆုံရာမှာ အစ ပထမပိုင်းတွေမှာတော့ တဲ့တိုးပြောတတ်တဲ့ အဘရဲ့ဝသီကြောင့် အိုးတိုးအမ်းတမ်းကလေးတွေ ဖြစ်ရပေမယ့် တထိုင်တည်းနဲ့ အဘ တကယ့်စိတ်ရင်းသိသွားကြတဲ့အခါ ငယ်ပေါင်းကြီးဖော်တွေလို ရင်းရင်းနှီးနှီးဖြစ်သွားတာချည်းပါပဲ။ 

တခါသား မဒတ ရုံးမှာ ထိုင်စကားပြောနေကြတုန်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ယခု PNLO ကိုယ်စားလှယ်နဲ့ UNFC ခေါင်းဆောင်ပေါ့) ဝင်လာတော့ အဘနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ PNO ပအို့ယ်အမျိုးသားအဖွဲ့က ကိုယ်စားလှယ်ပါလို့ ပြောတော့.. အဘ က ပအို့ဝ်ဖြူလား ပအို့ဝ်နီလားဗျ.. တဲ့။ ကျနော်ကတော့ စိတ်ထဲက ရိပ်မိလိုက်ပြီ.. အဘ ကတော့ ဇာတ်လမ်း စပြန်ပြီလို့။ ပအို့ဝ်ဖြူက ကျနော်တို့နဲ့ နားလည်မှုရှိတယ်ဗျ.. ဘယ်တော့မှ မတိုက်ဘူး.. ပအို့ဝ်နီသတင်းတောင် ကျနော်တို့ကို ပေးလိုက်သေးတယ်.. တဲ့။ ပအို့ဝ်နီ တာကလယ်တို့နဲ့ကတော့ ဆော်မှ ဆော်ပဲဗျို့.. တဲ့။ ခိုင်စိုးနိုင်အောင်၊ နိုင်ဟံသာ၊ ဒေါက်တာတူးဂျာ၊ ခိုင်စောထွန်း၊ ဦးအေးဆောင်နဲ့ ကျန်တဲ့ NDF-DAB ခေါင်းဆောင်များ တဝါးဝါးနဲ့ ခွန်ဥက္ကာကို ဝိုင်းပြီး ကျီစယ်ကြတာပေါ့ဗျာ။ 

ဗိုလ်မှူးခွန်ဥက္ကာကလည်း အရိုးရင့်နေတဲ့ နိုင်ငံရေးသမားပဲ.. ဘယ်ဖြုံလိမ့်မလဲ။ ဒီလိုပါ အဘရဲ့.. ကျနော်တို့က လူထု ထိခိုက်မှာစိုးလို့ ရွာတွေထဲမှာ တိုက်ပွဲမဖြစ်အောင် ရှောင်တာပါ.. ဘာညာ.. စသဖြင့် ရယ်ကျဲကျဲနဲ့ ပြန်ပြောတာပေါ့... အဲဒီတော့မှ အဘလည်း ရိပ်မိတယ်။ အေးဗျာ.. စိတ်မရှိပါနဲ့.. ကျနော်က ရိုးရိုးသားသား အမှန်အတိုင်းပြောမိတာပါ.. တဲ့။ အဲလိုပြောမှ ပိုဆိုးပြီး ပိုရယ်ကြရတော့တာပေါ့။ ဘယ်သူမှ စိတ်မဆိုးကြပါဘူး.. အဘကို ပိုလို့တောင် ခင်သွားကြသေးတယ်။

နောက်တခါကတော့ ကျနော်တို့ ဗဟိုကို ဗမာပြည်ကွန်မြူနစ်ပါတီက ဗဟိုကိုယ်စားလှယ်အဖွဲ့ ရောက်လာတဲ့အချိန်ပေါ့။ ဦးအေးသန်း၊ ဦးစောဗမိုး နဲ့ ဦးစောကိုဦး (ဆရာဂျက်ကော့) တို့ပေါ့။ သူတို့ ၃ ဦးကို ကျနော်တို့ ဗဟိုနိုင်ငံရေးနဲ့ စည်းရုံးရေးဌာနကြီးမှာ နေရာချထားပေးပြီး.. ကေအဲန်ယူ၊ မဒတ၊ မခမခ (DAB) တို့နဲ့ ဆွေးနွေးပွဲတွေ စီစဉ်ပေးဖို့ တည်းခို စောင့်ဆိုင်းနေတဲ့ကာလပေါ့။ အဘ ကလည်း ကျနော်တို့ စစ်ရုံးမှာရှိနေတော့ တမနက် မိတ်ဆက်ပေးပြီး စကားစမြည် ပြောကြမယ်ပေါ့။ 

အဘကိုပြောတော့.. မင်းတို့လည်း ငါ့အကြောင်းသိသားနဲ့ မလိုအပ်ရင်လည်း ငါ မတွေ့ပါရစေနဲ့ကွာ.. တော်ကြာ ပြောမှားဆိုမှားဖြစ်ရင် မင်းတို့လည်း မကောင်းဘူးဖြစ်နေမယ်.. တဲ့။ ကျနော်တို့ကလည်း ကိစ္စမရှိပါဘူး အဘရဲ့.. နိုင်ငံရေးအရ အဖွဲ့အစည်းအနေနဲ့ တရားဝင်အစည်းအဝေးမှ မဟုတ်တာ.. အလွတ်သဘော ပြောကြတာပဲဟာ ဆိုတော့... အေးပါ ငါလည်း ဗိုလ်ချုပ်ကျော်ဇောအကြောင်းမေးချင် ပြောချင်လို့ တွေ့ချင်ပါတယ်.. တော်ကြာ မင်းတို့ အလုပ်ကိစ္စတွေ ထိခိုက်မှာစိုးလို့ပါ.. တဲ့။ ဒီလိုနဲ့ တွေ့ကြရောဆိုပါတော့...။ 

မိတ်ဆက်ပေးပြီး စကားစတာနဲ့ အဘ က.. ကျနော်က တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့ သာမန် အဖြူရောင် စစ်သားရိုးရိုးပါဗျာ.. နိုင်ငံရေးလည်း နားမလည်ပါဘူး.. နိုင်ငံရေးဝါဒ အရောင်အသွေးလည်း မရှိပါဘူး..၊ ဒါပေမယ့် ကျနော့် အတွေ့အကြုံအရကတော့ ဆိုရှယ်လစ်လည်း မကောင်းဘူး.. ကွန်မြူနစ်လည်း မကောင်းဘူး.. တကယ်တော့ မဆလနဲ့ ဗကပ က အတူတူပါပဲဗျာ.. ဘယ်သူမှ မကောင်းပါဘူး.. တဲ့.. လုပ်ရော။ ကွန်မြူနစ်ကြီး ၃ ယောက်ကလည်း တပြုံးပြုံးနဲ့ ဟုတ်ကဲ့ အဘ.. အင်း.. အဘ.. ဆိုပြီး အမြင်မတူတဲ့ အကြောင်းအရာတွေအပေါ်သူ့ကိုပြန်ပြီး မငြင်းရှာ.. မရှင်းရှာပါဘူး၊ ကွန်မြူနစ်ပါတီ လက်အောက်ခံတပ်တွေနဲ့ အရှေ့မြောက်မှာ၊ အလယ်ပိုင်းဗျုရိုဘက်မှာ တိုက်ဖူးတဲ့ သူ့ အတွေ့အကြုံတချို့ပြောပြတာကိုပဲ ပထမပိုင်းမှာ နားထောင်နေပါတယ်.. နောက်မှ ဗိုလ်ချုပ်ကျော်ဇောအကြောင်း.. တရုတ်ဖြူ စစ်ဆင်ရေးတွေအကြောင်း.. အမြင်တူတာတွေကို ရင်းရင်းနှီးနှီး အပြန်အလှန် ပြောကြဆိုကြ ရယ်မောကြနဲ့ ဖြစ်သွားပါတယ်။ 

စိတ်လှုပ်ရှားစရာ အကောင်းဆုံးအပိုင်းကတော့ သူနဲ့ စစ်မြေပြင်မှာ တကယ်တိုက်ဖူးတဲ့ ကေအဲန်ယူနဲ့ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ - ရလလဖ (SNPLO) (အစောပိုင်းမှာ သူ ပအို့ဝ်နီ လို့ ညွှန်းတဲ့ ဥက္ကဋ္ဌ ဦးစောတာကလယ် ဦးဆောင်တဲ့အဖွဲ့) က တပ်မှူးတွေနဲ့ အဘနဲ့ သူတို့ မျက်နှာချင်းဆိုင် တိုက်ခိုက်တဲ့ တိုက်ပွဲတွေအကြောင်းကို မြိန်ရေရှက်ရေ ပြန်ပြောဖြစ်ကြတဲ့ အကြောင်းအရာတွေပါပဲ။ 

အံ့သြစရာကောင်းတာက အကုန်လုံးက တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို အကုန်မှတ်မိကြတာပဲ.. ဖြစ်တဲ့နေရာ၊ ကြာတဲ့အချိန်၊ ၂ ဖက်အင်အား၊ ရာသီဥတု၊ မြေပြင်အနေအထား၊ သုံးတဲ့လက်နက်၊ ကျဆုံး သေဆုံး ထိခိုက် ဒဏ်ရာရ.. နောက်ဆက်တွဲဖြစ်ရပ် အစရှိသဖြင့် အသေးစိတ် အပြန်အလှန် လု ပြောနေလိုက်ကြတာ.. ကျနော်တို့မှာ ဘေးကနားထောင်ရင်း အံ့သြ ထိတ်လန့်.. ရင်သပ်ရှုမော.. ဝမ်းနည်း ဝမ်းသာ..။ 

ထူးခြားတာက တယောက်မှ ဒေါသနဲ့ စိတ်ဆိုးမာန်ဆိုး မပြောကြတာပဲ။ ခင်ဗျားဗျာ.. အဲဒီတုန်းက ခင်ဗျားကို မိဖို့ နည်းနည်းလေးလိုတော့တာ ကျုပ်ဆီက ကျောင်းဆင်းကာစ တပ်စုမှူးလေး နည်းနည်းညံ့သွားလို့ပေါ့.. တို့.. ဘာတို့။ အဘရာ.. အဘက ညစ်ပတ်လွန်းပါတယ်.. ကျနော့်မမိတော့ ကျနော် စိုက်ထားတဲ့ ငရုတ်ခင်းကြီး မီးရှို့သွားတာတော့ မကောင်းဘူးပေါ့.. ဟား.. ဟား.. ဟား.. တို့.. ဘာတို့။ ဟ.. လုပ်မှာပေါ့ဗျ.. ခင်ဗျားလုပ်လို့ ၅ မိနစ်လောက်အတွင်း ကျနော့်လူ ၃ ယောက်ကျ ၅ ယောက်လောက် ဒဏ်ရာရနဲ့၊ ထမင်းကလည်းငတ်.. ကျုပ်မှာ အရှက်ကိုကွဲရော.. တို့.. ဘာတို့။ ဒီလောက်တော့ရှိမှပေါ့ အဘရာ.. ဒီမှာ ကျနော့်လက်လဲ ကြည့်ဦးလေ.. အဘလုပ်လို့ ကျိုးပြီး တဖက်က သိမ်နေပြီ.. မပျောက်တော့ဘူး သေရာပါပဲ.. တို့.. ဘာတို့။ 

ခင်ဗျား ပွဲကြိုက်မှန်းသိလို့ ရွာကို ပွဲငှားပေးပြီး ရအောင်ထောင်ဖမ်းတာပဲဗျ.. ကြည့်ဖြစ်အောင် လာကြည့်ပြီး ရအောင် ပြန်ထွက်သွားတယ်.. ခင်ဗျား တော်တော်လည်တဲ့သူ.. တို့.. ဘာတို့။ ဟား ဟား.. ဟား.. ကျနော် ပွဲထိုင်ကြည့်သွားတဲ့ ဖင်နေရာလေးတော့ မြေကြီးပေါ်မှာတွေ့တယ်မဟုတ်လား အဘ.. တို့.. ဘာတို့။ ဥက္ကဋ္ဌကြီး တာကလယ်နဲ့၊ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ငိန်းကယန်းထန်(ဦးရွှေအေး)နဲ့၊ တပ်မဟာ(၁) ကေအဲန်ဒီအိုက ဗိုလ်မှူးမြင့်သိန်းနဲ့၊ ဗိုလ်မှူးရွာဟိတ်နဲ့...၊ ...နဲ့ ၊ ...နဲ့ ၊ ... ဝိုင်းဖွဲ့ပြောတဲ့ နေ့တွေ .. ညတွေ။ 

သူတို့အချင်းချင်းပြောနေပုံက မသိရင် တဖက်နဲ့တဖက် ရန်သူအနေနဲ့ တိုက်ခဲ့ကြတာမဟုတ်ဘဲ တဖက်တည်းကနေ အတူတူတွဲ တိုက်ကြတဲ့လူတွေ တိုက်ပွဲအကြောင်း ပြန်ပြောတာကျနေတာပဲ။ ပြောရရင် တရပ်ကွက်တည်းနေ.. သူငယ်ချင်းတွေ ညနေဘက် ရပ်ကွက်ထဲမှာ အသင်း ၂ သင်းခွဲ၊ အပျော်တမ်းဘော်လုံးကန်အပြီး ညဘက် လက်ဖက်ရည်ဆိုင်မှာ ထိုင် စားမြုံ့ပြန်နေကြတဲ့အတိုင်းပဲ။ 

အော်... သူတို့ဘဝတွေ (ကျနော်တို့ဘဝတွေလည်း ပါတာပေါ့လေ) ကို တွေးမိပြီး စိတ်မကောင်းလည်းဖြစ်ရ၊ တိုက်တုန်းက အသေအကြေ တိုက်ခဲ့ကြပြီး တချို့ဆို အဲဒီတိုက်ပွဲတွေကရခဲ့တဲ့ ဖျောက်ဖျက်လို့မရတဲ့ သေရာပါ စိတ်ဒဏ်ရာ၊ ရုပ်ဒဏ်ရာဒဏ်ချက်ကြီးတွေနဲ့။ အခုကျတော့လည်း အဲဒီတုန်းက သူတို့ကိုယ်တိုင်မဟုတ်ခဲ့ဘဲ ရုပ်ရှင်စစ်ကားတွေထဲက ဇာတ်လိုက်တွေအကြောင်းကို မင်းထက် ငါက ပိုသိပါတယ်ကွာ.. ဆိုပြီး စကားနိုင်လုပြီး.. ပြောနေကြတဲ့ ကလေးကြီးတွေလိုမျိုး။ အမုန်းတရားမရှိ၊ ရန်ညှိုးတွေ.. အာဃာတတွေမရှိ.. အနိုင်ရလိုစိတ်မရှိ။ စစ်အတွင်းက ကွဲသွားတဲ့အမျိုးတွေ ပြန်တွေ့ကြသလို ရယ်လိုက် မောလိုက်.. တယောက်နဲ့တယောက် မခံချင်အောင် စလိုက်.. နဲ့ တော်တော်ကို စိတ်ကြည်နူးစရာ ကောင်းလိုက်တဲ့ဖြစ်ခြင်း။ 

ကျနော့်ရင်ထဲမှာ ပီတိအဖြစ်ရဆုံးကတော့ သူတို့ တွေ့ဆုံပွဲတွေပြီးဆုံးတိုင်း ကျနော်တို့ လောကွားလူ မကဒတ ဌာနချုပ်ရုံး အစည်းအဝေးခန်းအလယ်မှာ ကပ်ထားတဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကြီးကို နောက်ခံထားပြီး လက်ဆွဲနှုတ်ဆက်နေကြတဲ့ပုံ.. အမှတ်တရ ဓာတ်ပုံရိုက်ကြတာပါပဲ။ အော်.. အဘတို့.. ကျနော်တို့အားလုံး စစ်အာဏာရှင်စနစ်ဆိုးရဲ့ သားကောင်တွေဘဝ ရောက်ခဲ့ကြရတာ.. အင်မတန် စိတ်နာစရာ။ ခုတော့လည်း နာစရာကို လွမ်းစရာနဲ့ ဖြေပါတယ်။ 

နောက် အမှတ်တရတွေကတော့ အဘအချစ်ဆုံး.. အခင်ဆုံး၊ အဘကိုလည်း အချစ်ဆုံး.. အခင်ဆုံး.. ကျော်ဘိ.. (ဗိုလ်ဘီနန် ခေါ် ဗိုလ်မှူးကြီး လောဝါဒီတရူ - KNLA စစ်ရုံးချုပ် စစ်ဦးစီးဌာနက မာနာပုလောဒေသ စစ်ဗျူဟာမှူး) နဲ့ အဘနဲ့ အတူတူတွဲခဲ့ကြတဲ့ ရွှေရောင်နေ့ရက်များပေါ့..။ မဟာဗျူဟာ.. နည်းဗျူဟာ ဆွေးနွေးလိုက်ကြ.. စစ်ဆင်ရေး စီမံချက်တွေ ဆွဲလိုက်ကြ၊ သင်တန်းတွေ ပေးလိုက်ကြ၊ စစ်ပွဲတွေ.. တိုက်ပွဲတွေကို ဦးစီးလိုက် ကွပ်ကဲလိုက်ကြ.. ရှေ့တန်း ဗျူဟာရုံးတွေ ဖွင့်လိုက်ကြ...။ အားတဲ့ နားတဲ့အချိန် ပိုကာဆွဲကြ.. ဂစ်တာတီးကြ.. သီချင်းဆိုကြ။ 

ကျနော်က ဖဲလည်း မရိုက်တတ်.. ဝါသနာလည်း လုံးလုံးမပါ။ မအိပ်မနေ အလုပ်လုပ်သလောက်.. အနားရလို့ ဖဲရိုက်ရင်လည်း မအိပ်မနေ ရိုက်နိုင်ကြတဲ့ သူတို့ ၂ ယောက်ကို.. အဘတို့က ဗျူဟာနဲ့ ပိုကာ တခုခု မဆွဲရရင် မနေတတ်ကြဘူးပဲ.. ဒါမှမဟုတ် ဗျူဟာမှူး မလုပ်ရရင် ဘီယာမူး လုပ်ကြတယ်.. လို့ နောက်ရင် အဘက.. ဟိတ်ကောင် မင်း.. ဂစ်တာတီးမှာ တီးစမ်း.. လျှာမရှည်စမ်းနဲ့.. ဒီအချိန်မှာ မင်း ငါ့ကို အမိန့်ပေးလို့မရဘူး.. ငါတို့လည်း ဖဲသမား.. မင်းလည်း လမ်းသူရဲ.. လာမလုပ်နဲ့ .. လို့ ပြန်နောက်လေ့ရှိပါတယ်။ အဘကို ဘီယာမူး.. လို့ နောက်သာ နောက်ရတာပါ.. အဘ က တကယ် နာမည်ပျက်ရုံပဲ သောက်တာပါ.. 330 ml ဘီယာ သံဗူးလေးတဗူး ကုန်အောင် မနည်းသောက်ရတာပါ.. မကုန်တဲ့အခါက များပါတယ်.. တဗူးကုန်တဲ့နေ့က မှန်သွားတဲ့နေ့ပဲ။ 

ပြီးတာနဲ့ သူ့ ဖေးဘရိတ် Hank Locklin ရဲ့ Fraulein (လီယို ကိုအောင်မင်းရဲ့ မှုန်ရွှေရည်ဇာတ်လမ်း သီချင်းအလိုက်) ကို ကျနော့်ကို ဂစ်တာတီးခိုင်းပြီး သံနေသံထားမှန်မှန် စည်းဝါးမှန်မှန်နဲ့ ဟဲပါတော့တယ်။ ပြီးတာနဲ့ CCR ရဲ့ Lodi .. ဒီသီချင်းကိုတော့ မေဆွိ စာသား.. မကြာခင်မှာ ကြင်နာမယ်.. ကို မြန်မာလိုပါဆိုပြီး ထ က ကြပါတယ်။ သူတို့ ၂ ဦးလုံးက အင်္ဂလိပ်သီချင်း တော်တော်များများကို အလွတ်ရကြ.. ဌာန်ကရိုဏ်းကျအောင် ဆိုတတ်ကြပါတယ်။ တခါတလေ ကျနော် မတီးတတ်တဲ့သီချင်းဆိုရင် ကျော်ဘိက.. ဦးဆယ်ပြား.. ခင်ဗျားတို့ မောင်ကျောင်းသားတွေ.. အိမ်စာလုပ်ဦး.. အိမ်စာလုပ်ဦး.. ဆိုပြီး ကျနော် မခံချင်အောင် စ တတ်ပါတယ်။ ကျော်ဘိ အကြိုက်ဆုံးသီချင်းကတော့ ဘိုဘိုဟန်ရဲ့ ဆရာမ ပါ။ ဒါလည်း အဆန်းတော့မဟုတ်ပါဘူး.. သူ့ ချစ်ဇနီး အမ နန်းနွယ်ဇံ က သူ့ဆရာမ ကိုး... သူ့ထက်လည်း အသက်ကြီးပါတယ်။ ကေအဲန်ယူ ဥက္ကဋ္ဌကြီး မန်းဘဇံရဲ့သမီး အငယ်ဆုံးပါ.. (ဒီနှစ် ဧပြီလထဲမှာ နော်ဝေးမှာ ဆုံးသွားရှာပါပြီ)။ 

ကျော်ဘိက ဆရာမ သီချင်းဆိုပြီဆိုရင်.. အိမ်နောက်ဖေးမှာ ကျနော်တို့ စားဖို့ (မြည်းဖို့ ပြောပါတော့) ချက်ပြုတ်နေတဲ့ အမ ကို လှမ်းခေါ်ပြီး သူ့ဘေးမှာ ထိုင်ခိုင်းထားပြီးမှ ဟန်နဲ့ပန်နဲ့ ဆိုပါတယ်။ ပြီးရင် စိုင်းထီးဆိုင်ရဲ့.. ချယ်ရီကိုသာပန်ပါကွယ်.. ပါ။ အဘနဲ့ ကျော်ဘိ ၂ ယောက်လုံး အကြိုက်တူတဲ့သီချင်းကတော့ ကျနော်တို့အားလုံးရဲ့ ဖေးဘရိတ်ဖြစ်တဲ့ Take me home, country road .. ပါ။ West Virginia ဆိုတဲ့နေရာမှာ ကျော်ဘိက East Kawthoolei လို့ ပြောင်း ပြောင်းဆိုတော့ နောက်တော့ ဘယ်မှာဆိုဆို အားလုံးလည်း East Kawthoolei ဖြစ်ကုန်ပါတယ်။ 

အဘနဲ့ ဒီသီချင်းကို နောက်ဆုံး အတူဆိုခဲ့ဖူးတာက ၂၀၀၆ သြဂုတ်လ ၂၃ ရက်နေ့က။ အတိအကျ မှတ်မိနေတာက မိတ်ဆွေတယောက်ရဲ့မွေးနေ့နဲ့ အဘ သြစတြေးလျကနေ မဲဆောက်ကို ပြန်လာလည်တာနဲ့ ကြုံကြိုက်လို့ ဧည့်ခံတဲ့ပွဲကို ကျနော်တို့ရုံးမှာ ပေါင်းလုပ်ပေးတုန်းက။ ကျော်ဘိနဲ့ကတော့ ၁၉၉၉-၂၀၀၀ လောက်မှာ ဗိုလ်ချုပ်မြသား နာဒါးမြ တပ်ရင်းမှူးလုပ်နေတဲ့ ကေအဲန်အယ်လ်အေ တပ်ရင်း ၂၀၃ နေရာမှာ ကျော်ဘိရှိနေတုန်း NCUB အစည်းအဝေးနဲ့ ကြုံလို့ရောက်သွားတော့ သူနေတဲ့တဲမှာ သွားအိပ်ရင်း ဆိုခဲ့တာ။ ကျော်ဘိကတော့ ဆုံးရှာပြီ။ အဘနဲ့ ပြန်ဆုံပြီး သီချင်းအတူပြန်ဆိုချင်ပါသေးတယ်။ 

အဘက တောထဲမှာ ကျနော်တို့နဲ့နေရင်း တဖက်က စစ်ဦးစီးသင်တန်းတွေ၊ တပ်မှူးငယ်သင်တန်းတွေ စတဲ့ သူ တတ်တဲ့ စစ်ပညာမျိုးစုံကို သင်တန်းတွေပေးရင်း၊ ကျနော်တို့ သုနေသနကထုတ်တဲ့ စစ်အင်္ဂါစဉ်ကို ဝိုင်းဝန်းပြုစုရင်း၊ တဖက်ကလည်း တပ်မတော်ထဲက အတွေ့အကြုံတွေ၊ ခေတ်ပြိုင် နိုင်ငံရေးအပြောင်းအလဲတွေအပေါ် သူ့သုံးသပ်ချက်နဲ့ အမြင်တွေကို ဒေါင်းအိုးဝေ အပါအဝင် တော်လှန်ရေးကထုတ်ဝေတဲ့ စာစောင်တွေထဲမှာ ဆောင်းပါးတွေ ရေးပါတယ်။ ပထမဆုံး စရေးတဲ့ ဆောင်းပါးမှာ ကလောင်နာမည်ကို “စစ်သူကြီး အာမုန်နာလီ” လို့ ပေးပါတယ်။ လူတွေက အာရပ်နာမည်လား.. ဘိုနာမည်လား.. ဆိုပြီး သို့လော သို့လော ဖြစ်ကြတယ်.. ခင်တဲ့သူတွေက သူ့ကို သွားမေးကြတယ်။ 

အဘကတော့ အခုပြောလို့ မရဘူးကွ.. နောက်မှပဲဆိုပြီး ခပ်တည်တည် ပြောပါတယ်။ ကျနော်ကတော့ ကျနော် သိပါတယ် အဘရာ.. ဒါပေမယ့် ကျနော်လည်း မပြောဘူး.. နောက်မှပဲ.. လို့ သူ့လေသံနဲ့ ပြောပါတယ်။ ညဘက်မှာ သူနဲ့ အေးအေးဆေးဆေး စကားပြောရင်း သူက မင်းက ငါ့ကလောင်နာမည်ကို ဘာထင်လို့တုန်း.. တဲ့။ ကျနော်ကလည်း အဘ ကတိပေးရင် ကျနော်ပြောမယ်ဆိုတော့.. ဘာကတိလဲ.. တဲ့။ အဘ ကလောင်နာမည်ထဲက တဝက်ကို ကျနော့်ပေးရမယ်ဆိုတော့.. ဆဲလိုက်တာ မိုးမွှန်နေတာပဲ။ မင်းပါးစပ် လုံလုံထား.. မဟုတ်ရင် မလွယ်ဘူးသာမှတ်.. တဲ့။ ကျနော်ကလည်း အားရပါးရ ရယ်ပြီး အဘရယ်.. ရုတ်တရက်မို့ မစဉ်းစားမိကြတာပါ.. အကုန်လုံးက ခေတဲ့သူတွေမှ မဟုတ်တာ.. အဘ ဆိုက်ဖာက မကြာခင် သူ့အလိုလို ပေါက်မှာပါ.. ကျနော်က အဘကို စ တာပါလို့ ပြန်ချော့ရတယ်။ 

သူ့မှာ သမီး ၂ ယောက်ရှိတယ်ဆိုတာ ကျနော်ကသိထားတော့ နာမည်ရင်းတွေကို မသိပေမယ့် မှန်းကြည့်လိုက်ရင် နာမည် နှစ်ခုကို စကားလိမ်လုပ်ထားတာမှန်း အလွယ်တကူ ရိပ်မိပါတယ်။ နောက်တော့လည်း ကျနော်ပြောသလို မကြာခင် အကုန်သိသွားတော့ ရင်းနှီးခင်မင်တဲ့သူအကုန်လုံးက အခွင့်ကြုံတိုင်း အဘကို နည်းမျိုးစုံနဲ့နောက်ပြီး သမီး တောင်းတော့တာပဲ။ နောက်တော့.. အဲဒီကိစ္စနဲ့ပတ်သက်ရင် “ဟေ့.. နောင်တချိန်ကျရင် ကျောင်းသားတပ်မတော်ထဲမှာ ၂၄ နာရီ တာဝန်ထမ်းဆောင်ဘူးတဲ့ကောင် တကောင်မှ ငါ့အိမ်နဲ့ ကိုက် ၅၀၀ အတွင်း အဝင်မခံဘူး.. ဆောရီးပဲ” ဆိုတာ အဘ လက်သုံးစကားဖြစ်သွားတော့တာပဲ။ 

အဘရဲ့ မှတ်လောက်သားလောက်စကား နောက်တခုက “မဆလ တပ်မတော်ရဲ့ သဘောထားအမှန်ကိုသိလို့ တောခိုလာတာဟေ့.. ခုတော့ ကျောင်းသားတပ်မတော်ရဲ့ သဘောထားအမှန်ကိုသိလို့ သြစတြေးလျကို သွားတော့မယ်” လို့.. အဆင်မပြေတာ တခုခုတွေ့တိုင်း နောက် နောက်ပြီး ပြောလေ့ရှိတယ်။ 

အဘရဲ့ ချစ်စရာခင်စရာကောင်းတဲ့ အပြုအမူ ဓလေ့စရိုက်တွေကတော့ အများကြီးပါ။ အဲဒီထဲက တခုကတော့ စစ်သားကောင်းပီပီ ရဲဘော်ရဲဘက်စိတ်ရှိတာပါ။ တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲတော့ သူ့အတွက် မရှိမဲ့ ရှိမဲ့ထဲက စားစရာတခုခု သီးသန့်လုပ်ပေးရင် မြိုမကျ.. စားမဝင်ဖြစ်တာပါပဲ။ သီးသန့်မလုပ်ပါနဲ့ကွာ.. ငရုတ်သီးပါရင် ရပါပြီ.. ငါ စစ်သားပါဟ.. လို့ အမြဲပြောလေ့ရှိပါတယ်။ နောက် ဘယ်တော့မှ ဟင်းကို ကုန်အောင်မစားပါ။ ဘယ်လောက်နည်းတဲ့ ဟင်းဖြစ်ဖြစ် အနည်းဆုံး တဝက်လောက်ချန်ပြီး သူနဲ့အတူနေ ရဲဘော်ကို ကျွေးလေ့ရှိပါတယ်။ အပြင်ကမိတ်ဆွေတွေ လက်ဆောင်ပေးတဲ့ ဘာပစ္စည်းတွေပဲရလာလာ.. သူ့အတွက် မလိုတဲ့ပစ္စည်း၊ ပိုလျှံတဲ့ပစ္စည်းတွေကို ရဲဘော်တွေကို အမြဲဝေပေးလေ့ရှိတယ်။ 

Esprit de corps ရဲ့အဓိပ္ပာယ်ကို အသေးစိတ် သူ ရှင်းပြမှ ကျနော်တို့ လွယ်လွယ်ပြောနေကြတဲ့.. “ရဲဘော်ရဲဘက်စိတ်” ဆိုတာရဲ့ လေးနက်မှု တန်ဖိုးကြီးမှုကို သေချာနားလည်တော့တယ်.. အပြောနဲ့ အလုပ် တထပ်တည်းကျတဲ့ အဘ ပါ။ အလုပ်လုပ်တဲ့နေရာ.. သင်တန်းပေးတဲ့နေရာမှာ စည်းကမ်းတိကျပြီး ပြတ်သားသလောက် နားတဲ့အချိန်ဆို ရဲဘော်တွေနဲ့ ရေနွေးကြမ်းသောက်ရင်း ပျော်ပျော်ပါးပါး ရယ်ရယ်မောမောနဲ့ သူ့ဘဝအတွေ့အကြုံတွေ၊ မှတ်စရာ သားစရာတွေကို ပြောပြလေ့ရှိပါတယ်။ 

သူ့အနားမှာ အမြဲတမ်း ရဲဘော်တွေ ဝိုင်းပြီး တဝါးဝါး တဟားဟား ဖြစ်နေလေ့ရှိပါတယ်။ ဟာသဓာတ်ခံရှိသလို အမြဲအရွှန်းဖောက်ပြီး ပြောလေ့ရှိပါတယ်။ တခါ ဗဟိုနိုင်ငံရေးနဲ့ စည်းရုံးရေးဌာနက ရဲဘော်တချို့နဲ့ စကားဝိုင်းဖွဲ့နေပါတယ်... ထွန်းထွန်းအောင်(ယခုနော်ဝေး)၊ ကိုမြင့်ဆွေ(ယခု သြစတြေးလျ)၊ ကိုညွန့်ဝင်း (အမေရိကား) နဲ့ အောင်ကျော်တိုး (အမေရိကား) တို့ ပါတာ မှတ်မိပါတယ်။ 

ကျနော်တို့ ဝါတာကာလာဗူးလို့ နောက်နောက်ပြောနေတဲ့ ရင်ဘတ်မှာတပ်ရတဲ့ လုပ်သက်နဲ့ဆိုင်တဲ့.. ဘွဲ့ထူး၊ ဂုဏ်ထူးနဲ့ဆိုင်တဲ့.. သင်တန်းတွေနဲ့ဆိုင်တဲ့ တံဆိပ်တွေအကြောင်း အဘ က ရှင်းပြနေတာပါ။ အဘရင်ဘတ်မှာထိုးတဲ့ လေထီးခုန်ထားသူတွေမှတပ်ရတဲ့ တံဆိပ်အကြောင်းကို တယောက်က မေးပါတယ်.. အနည်းဆုံး ၇၅ ကြိမ်နဲ့အထက် ခုန်ပြီးမှ တောင်ပံ ၂ ဖက်အပေါ်က လေထီးနဲ့ ကြယ်နဲ့ပါတာကို တပ်ရတယ်.. ဘယ်နှကြိမ်ခုန်ပြီးရင် ဘယ်လိုတံဆိပ် စသဖြင့် အဘက စိတ်ရှည်လက်ရှည် ရှင်းပြနေပါတယ်။ သူက ၇၆ ကြိမ်တောင် ခုန်ထားတာပါ။ 

အဲဒီတုန်း ထွန်းထွန်းအောင်က ထ ဖောက်ပါတယ်... အဘ လေထီးခုန်တာက လေယာဉ်ရပ်ထားတုန်း ခုန်တာလား.. မောင်းနေတုန်း ခုန်တာလားတဲ့။ အဘ ထဆဲပါလေရော.. အကုန်လုံးလည်း ဝိုင်းရယ်ကြ။ ဟိုကောင်က အမှန်တော့ စ မေးတုန်းက နောက်တာ မဟုတ်ပါဘူး.. ၇၆ ကြိမ်ဆိုတာ သူ့စိတ်ထဲ သိပ်များနေတယ်ထင်လို့ လေ့ကျင့်ရင်း လေယာဉ်တံခါးပေါက်ပုံစံ ဆောက်ထားတဲ့ အမြင့်ပေ တနေရာကနေ ခုန်ချတဲ့ဟာတွေပါ ထည့်တွက်သလားဆိုတာ သိချင်လို့ စပ်စုတာပါ။ အဘကတော့ သူ ဂုဏ်ယူတန်ဖိုးထားတဲ့အရာ၊ ခက်ခက်ခဲခဲ အသက်နဲ့ရင်းပြီး ရယူထားတဲ့အရာကို ဟိုကောင်က နောက်တယ်လို့ ထင်လို့။ ဟိုကောင် ပြာပြာသလဲရှင်းပြတော့မှ အဘလည်း တဟားဟား အော်ရီရင်း မင်း ဆိုတဲ့ကောင်ကတော့ တော်တော်အတွေးခေါင်တဲ့ကောင်.. အူတဲ့ကောင်ပဲဆိုပြီး ရယ်ရင်းနဲ့ ထပ်ဆဲနေပြန်ပါတယ်။ 

အဲဒီတုန်း ပိုဆိုးသွားတာက ကိုမြင့်ဆွေ(ဘဘကြီး) က ထပ်မေးပါတယ်။ အဘ ခုန်ချလို့ လေထီးမပွင့်ရင် ဘယ်လိုလုပ်မလဲ.. တဲ့။ ဒီတခါတော့ အဘ က မဆိုင်းမတွ.. ခပ်တည်တည်နဲ့.. ဟ.. မပွင့်ရင် နောက်တကြိမ် ထပ်ခုန်ပေါ့ကွ.. တဲ့။ ရုတ်တရက် အကုန်လုံးကြောင်ပြီး ငြိမ်သွားကြတယ်။ ခဏနေတော့မှ.. သဘောပေါက်ပြီး.. ဝါးခနဲ ကိုမြင့်ဆွေကို ဝိုင်းရယ်ကြတယ်။ အဲဒီတော့မှ အဘ က.. ဟိတ်ကောင်ရယ်.. လေထီးမပွင့်ရင် သေ ပေါ့ ဟ ... နောက်တကြိမ်ကို မင်း နောက်ဘဝမှ ခုန်လို့ရမှာပေါ့.. ဆိုပြီး ထပ်ဆဲပြန်ပါတယ်။ အဲဒီမှာတင်.. မင်းတို့ နိုင်/စည်း (နိုင်ငံရေးနဲ့ စည်းရုံးရေးဌာန) ကကောင်တွေ မေးလိုက်ရင် “နိုင်ထက် စည်းနင်း” တွေချည်းပဲ.. ဆိုပြီး “နိုင်ထက်စည်းနင်း” နာမည် တွင်သွားပါတော့တယ်။ သူတို့ဌာနကြီးမှူး ကိုအောင်ထူး (နောက် Burma Lawyers' Council.. ယခု Legal Aids Network) လည်း အောင့်သက်သက်နဲ့ အဘပြောသမျှ ခံရတော့တယ်။ 

နောက် အဘပေးတဲ့ နာမည်တခု ရှိပါသေးတယ်။ ကျန်းမာရေးဌာန - ဗဟိုဆေးရုံက ဆေးမှူးရဲမေ မေသန်းရှိန် (ယခု အမေရိကား)နဲ့ မင်းမင်းအောင်(ကနေဒါ) တို့က.. အဲဒီတုန်းက ငယ်ငယ်ချောချော အပျိုပေါက်စ နပ်စ်မတွေဆိုတော့ ညနေတိုင်ရင် ဗဟိုဆေးရုံမှာ လူစည်လေ့ရှိပါတယ်။ ရောဂါမရှိ ရောဂါရှာ.. ခါတော်မီရောဂါမျိုးစုံနဲ့ ဆေးရုံလာလာပြတဲ့ ရဲဘော်တွေ (လူကြီးတချို့လည်းပါ ပါတယ်.. ရှက်မှာစိုးလို့ မပြောတော့ပါဘူး) ကို အဘ က မျက်စိနောက်ပုံရပါတယ်။ ဟိုရဲမေတွေကလည်း ရဲဘော်တွေ ကျေနပ်အောင် အတော်များများကို ပါရာဆီတမောပဲ ပေးလွှတ်နေရတာ တွေ့တော့.. အဘ က သူတို့ ၂ ယောက်ကို “ပါရာ ၂ ပြား” လို့ နာမည်ပေးလိုက်တာ တွင်သွားပါလေရော။ 

အဘ အမှတ်တရတွေက အထက်ကပြောခဲ့သလို အများကြီး။ တောထဲမှာ အဘ ဖြတ်သန်းခဲ့ရတဲ့အချိန်ကလည်း တကယ့် မိုးထဲရေထဲ အချိန်။ အခက်ခဲဆုံး.. အဆင်းရဲဆုံး.. အပင်ပန်းဆုံးအချိန်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြတ်သန်းမှုတွေကလည်း အများကြီးဆိုတော့ (သူ့အိပ်တဲ့တဲပေါ် သစ်ပင်လဲကျပြီး ခြေထောက်ကျိုးတာ.. သောင်ရင်းမြစ်ထဲမှာ လှေမှောက်တာ.. မဟာမိတ်အဖွဲ့က ခပ်ဆိုးဆိုးတပ်မှူးတွေ ဒုက္ခပေးတာ.. စသဖြင့်) ရေးရရင် စာတအုပ်နဲ့တောင် ကုန်နိုင်ဖွယ်မမြင်ဘူး။ 

ဒီလောက်ဆို အဘ ဘယ်လိုလူလည်းဆိုတာ အရိပ်အမြွက်သိလောက်ပြီမို့ သူ့စာကိုသာ ဆက်ဖတ်ဖို့ တိုက်တွန်းရပါစေတော့...။ သူ ထုတ်မယ့်စာအုပ်အတွက် အမှာစာတောင်းကာမှ သူ့စာအုပ်ထက် အမှာစာက ပိုရှည်နေဖို့ မသင့်တော်ဘူး.. မဟုတ်ရင် အဆဲခံနေရဦးမယ်...။ အဆဲမခံရတာကြာတော့ အဘ ဆဲသံလေးတွေကိုတော့ အလွမ်းသား...။ နောက်များမှပဲ တဝကြီး ဆက်လွမ်းပြီး အဆဲခံရဦးမယ်။ ခုတော့ ဒီ အမှာစာမဟုတ်တဲ့ အမှတ်တရစာလေးနဲ့ပဲ အဝေးကနေ လေးမြတ်စွာ ဦးညွှတ်အလေးပြုလိုက်ပါရဲ့။ 

ချစ်သော အဘ ဗိုလ်စွန်ညို သက်ကောင်းရှည်ပါစေ...။ 

ရဲဘော်ကျော်ကျော် (ကသ/ ၃၁၁၀ ငြိမ်း) 
ကျောင်းသားတပ်မတော် 
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) 
၀၀း၃၂ နာရီ၊ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂ ရက်၊ အင်္ဂါနေ့။ 
မဲဆောက်မြို့ ၊ ထိုင်းနိုင်ငံ။ 

အဘ ဗိုလ်စွန်ညို [ဒုတိယဗိုလ်မှူးကြီး အေးမြင့် (ကြည်း ၈၅၆၃ - အငြိမ်းစား)] ရဲ့ “ကြုံရဆုံရ စစ်သားဘဝကြေးမုံ အဖြစ်စုံ” စာအုပ် ထွက်ပြီ.. ဆိုင်ပေါ်ရောက်ပြီ.. လို့ မိတ်ဆွေတယောက်က လှမ်းပြောတယ်။ လွန်ခဲ့တဲ့ ၃ လလောက်က အဲဒီမိတ်ဆွေက တဆင့် အဘ က သူ့စာအုပ်အတွက် အမှာစာရေးပေးပါပြောလို့ “အမှာစာ” မဟုတ်တဲ့ “အမှတ်တရစာ” ရေးပေးဖြစ်တယ်။ [ရောင်း မကောင်းရင်တော့ ကျနော့် အမှတ်တရစာကြောင့်လို့တော့ မဆဲနဲ့ပေါ့ အဘရယ်..] 

ဓာတ်ပုံ - ကျနော့် အမှတ်တရစာကိုဖတ်ပြီး သဘောကျနေတဲ့ အဘ ဗိုလ်စွန်ညို 


 

No comments: