Tuesday, December 30, 2014

ပန်းခြံထက်မှာ နတ်ဆိုးရဲ့ ကြုံးဝါးသံတွေ ရှိတယ် (ဇွန်မှိုင်း)


(၁) 

ကျနော် ပန်းဆိုးတန်းမှတ်တိုင်မှာ ဆင်းလိုက်ပြီး ဆူးလေဘုရားဘက်ကို လျှောက်ခဲ့တယ်။ သိတ်မကြာခင် ကျနော် မဟာဗန္ဓုလပန်းခြံရှေ့ကို ရောက်တော့မယ်။ စဉ်းစားကြည့်လိုက်တော့ ဒီပန်းခြံရှေ့ကို ကျနော် မရောက်ဖြစ်တာ တော်တော်တောင်ကြာခဲ့ပြီပဲ။ ဒီနေရာကို ကျနော့်စိတ်နှင့်ကျနော် မရောက်ဖြစ်ခဲ့တာတော့ လုံးဝ မဟုတ်ပါဘူး။ ဆူးလေစေတီတော်မြတ်ရှိရာ၊ မြို့တော်ခန်းမရှိရာ ပြီးတော့ ကျနော်ချစ်တဲ့ ပန်းဆိုးတန်းစာအုပ်တန်းရှိရာ ဒီနေရာ ဒီဝန်းကျင်တွေကို ကျနော် သိတ်လာချင်တာပေါ့။ ဒီဝန်းကျင်လေးဟာ ကျနော့်အတွက် အမှတ်ရစရာတွေ အများကြီးရှိတဲ့ နေရာလေးပါ။ 

ဒီနေရာလေးကို ကျနော် အင်မတန် ချစ်တယ်၊ အင်မတန်လည်း လာချင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ဒီနေရာလေးကို လာလို့မရခဲ့ဘူးလေ။ ကျနော် ဘယ်လောက်ပဲ လာချင်လာချင် စေတန်နတ်ဆိုးက ကျနော့်ကို လာခွင့်မပြုခဲ့ဘူး။ ကျနော့်ကို ဒီနေရာလေးဆီ လွတ်လပ်စွာလာရောက်ခွင့်ကို အဲဒီစေတန်နတ်ဆိုးက ကန့်ကွက်တားဆီးခဲ့တယ်။ 


တကယ်လို့ အဲဒီစေတန်နတ်ဆိုးရဲ့ ကျိန်စာတွေသာ ကျနော့်အပေါ်မှာ မကျရောက်ခဲ့ဘူးဆိုရင် ကျနော်ဟာ ဒီနေရာလေးကို အကြိမ်ကြိမ် ရောက်ဖြစ်ခဲ့မှာပါ။ အဲဒီနတ်ဆိုးသာ မရှိခဲ့ဖူးဆိုရင် ကျနော့်ဘဝကိုယ်တိုင်လည်း ဒီအချိန်မှာ တစုံတရာ အောင်မြင်နေတဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာတယောက် သေချာပေါက် ဖြစ်နေရမှာ။ ခုတော့ ကျနော်ဟာ အင်ဂျင်နီယာကျောင်းကို ဆက်တက်ခွင့်မရခဲ့သူ၊ အင်ဂျင်နီယာတယောက် ဖြစ်ခွင့်လည်း လုံးဝ မရနိုင်တော့တဲ့သူ ဖြစ်ခဲ့ရပါတယ်။ 

ကျနော် အလယ်တန်းကျောင်းသားလောက်ကတည်းက စွဲစွဲလန်းလန်း ဖြစ်ချင်ခဲ့တဲ့၊ ပြောရရင် ကျနော့် ငယ်အိပ်မက်တွေထဲမှာ အကြိမ်ကြိမ်အခါခါ ဖြစ်ခဲ့ဖူးတဲ့၊ ဖြစ်ကြည့်ခဲ့ဖူးတဲ့ အင်ဂျင်နီယာတယောက် ကျနော့်ဘဝမှာ ဘယ်လိုမှ ဖြစ်ခွင့်မရတော့အောင် အဲဒီ နတ်ဆိုးက အတင်း ပိတ်ပင် တားဆီးကန့်သပ်ပစ်ခဲ့တယ်။ အင်မတန် ရမက်ကြူးတဲ့၊ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အဲဒီ နတ်ဆိုးဟာ တိုင်းပြည်ရဲ့အနာဂတ်လို့ အားလုံးက တန်ဖိုးပေးထားကြတဲ့ ကျောင်းသားလူငယ့်တယောက်ရဲ့ဘဝကို၊ ရည်မှန်းချက်တွေကို၊ စိတ်ကူးစိတ်သန်းတွေကို၊ အိပ်မက်တွေကို မိုက်မိုက်ကမ်းကမ်းကိုပဲ အတိုင်းအဆမရှိ နင်းချေဖျက်ဆီးပစ်ခဲ့တာပါ။ 

ပန်းခြံရှေ့ကို ကျနော်ရောက်ပြီ။ ရောက်တယ်ဆိုရင်ပဲ ပန်းခြံရှေ့ မျက်နှာစာတခုလုံး ရဲရဲနီနေတဲ့ ခွပ်ဒေါင်းအလံတွေ လွှင့်ထူထားတာ တွေ့ရတယ်။ ခွပ်ဒေါင်းအလံတွေအောက်မှာတော့ မျက်ဝန်းတွေမှာ အရောင်တောက်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေကို တွေ့ရပါတယ်။ တချို့က ခမောက်တွေ ဆောင်းထားကြတယ်။ တချို့က ခမောက်မပါဘူး၊ နေက တော်တော်ကြီး ပူနေတုန်းပဲ။ 

ကျောင်းသားတွေရဲ့ မျက်ဝန်းတွေမှာ၊ မျက်နှာတွေမှာ အခုပူနေတဲ့နေထက် အဆ ရာထောင်မက ပူပြင်းလောင်မြိုက်လာနိုင်သေးတဲ့ ဘာမဆိုအတွက် ရင်ဆိုင်ဖို့အသင့်ပြင်ထားကြတဲ့ သတ္တိထူးကို ကျနော်မြင်နေရတယ်။ ကျနော် ငေးပြီးကြည့်နေခိုက်မှာ ကျောင်းသားအချို့က သူတို့ရဲ့ သဘောထား ထုတ်ပြန်ကြေညာချက်ရိုက်ထားတဲ့ စာရွက်တွေကို ပရိတ်သတ်ဆီ လိုက်ကမ်းပေးနေကြတယ်။ ကျောင်းသူတချို့ကလည်း ဖြတ်သွားတဲ့ လိုင်းကားတွေ၊ အငှားကားတွေကို ကမ်းပေးနေကြတယ်။ 

အဲဒီအချိန်မှာ ကျောင်းသားသပိတ်ခေါင်းဆောင် ကျောင်းသူတယောက်က အမျိုးသားပညာရေးဟာ ကျောင်းသားထုကို အခြေမခံဘဲ၊ ကျောင်းသားထုရဲ့သဘောထားဆန္ဒကို မရယူဘဲ တဖက်သပ်ပြဌာန်းလိုက်တာကို ဘယ်လိုမှ လက်မခံနိုင်တဲ့အကြောင်း အချက်အလက်တွေ ထောက်ပြတဲ့မိန့်ခွန်းကို ရဲရဲဝံ့ဝံ့ တည်တည်ကြည်ကြည်နှင့် ပြောဆိုနေတယ်။ သူ့မိန့်ခွန်းအဆုံးမှာ သပိတ်မှောက်ကျောင်းသားထုဆီက ကြွေးကြော်သံတွေ ကွင်းပြင်တခုလုံး ဟိန်းပြီး ထွက်လာတယ်။ 

“ဒီမိုကရေစီ ပညာရေး၊ ဒို့အရေး ဒို့အရေး” 
“ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး၊ ဒို့အရေး ဒို့အရေး” 
“ကျောင်းသားထုကို အခြေမခံသော အမျိုးသားပညာရေးဥပဒေ၊ အလိုမရှိ အလိုမရှိ” 
“ဒို့ကျောင်းသားတွေ ညီရဲ့လားဟေ့၊ ညီတယ်ဟေ့ ညီတယ်ဟေ့” 
“ဒို့ကျောင်းသားတွေ ညီရဲ့လားဟေ့၊ ညီတယ်ဟေ့ ညီတယ်ဟေ့” 
“သပိတ် သပိတ်၊ မှောက် မှောက်” 
“သပိတ် သပိတ်၊ မှောက် မှောက်” 
“အရေးတော်ပုံ၊ အောင်ရမည်” 
“အရေးတော်ပုံ၊ အောင်ရမည်” 

ကျနော် ကြက်သီး ဖြန်းဖြန်းထသွားတယ်။ ဒီကြွေးကြော်သံမျိုးတွေ ကျနော်ကိုယ်တိုင် ဒီနေရာမှာ တိုင်ပေးခဲ့ဖူးတယ်။ ကျနော့်ရဲဘော်တွေ တိုင်ပေးတဲ့အခါမှာလည်း ကျနော် လည်ချောင်းကွဲမတတ် ကြွေးကြော်ခဲ့ဖူးတယ်။ ဟုတ်တယ်။ ဒီနေရာမှာပဲ ဒီကြွေးကြော်သံမျိုးတွေပဲ ကျနော်ကိုယ်တိုင် တိုင်လည်းတိုင်ပြီး ကြွေးလည်း ကြွေးကြော်ခဲ့ဖူးတယ်။ 

(၂) 

ကျောင်းသားတွေ တယောက်ပြီးတယောက် မိန့်ခွန်းတွေ ဆက်ပြောနေကြပါတယ်။ အဲဒီမိန့်ခွန်းတွေ နားထောင်နေရင်း ကျနော့်အတွေးက ၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ဆီ ပြန်ရောက်သွားပါတယ်။ 

အဲဒီနေ့ဟာ ကျနော်တို့ စက်မှုတက္ကသိုလ်ကျောင်းသားတွေ လူတိုင်း စိတ်လှုပ်ရှားခဲ့ကြတဲ့နေ့လို့ ကျနော် ခံစားမိတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့မှာ ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာလှဟန်တို့ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေနှင့် ဒူးတိုက်ဆွေးနွေးမယ်ဆိုပြီး ချိန်းထားတဲ့နေ့ ဖြစ်ပါတယ်။ 

ကျနော်ကျောင်းကိုရောက်တော့ စက်မှုတက္ကသိုလ်ပင်မဆောင် ပထမထပ်မှာရှိတဲ့ ခန်းမကြီးတခုလုံးမှာ နေရာလပ်မကျန်အောင် ကျောင်းသားတွေ အပြည့်နေရာယူထားပြီးနေကြပါပြီ။ ခန်းမထဲမှာ မဆန့်တော့လို့ ခန်းမရှေ့ ဝရန်တာတခုလုံးသာမက ဂ ငယ်ပုံ ဝရန်တာတွေအထိ ကျောင်းသားတွေ ပြည်လျှံနေအောင် နေရာယူထားပြီးကြပါပြီ။ ဇွန်လ ၅ ရက်နေ့က ဒီဝန်ကြီး ၂ ဦးက တိမွေးကု တက္ကသိုလ်ကျောင်းသားတွေနှင့် ဆွေးနွေးခဲ့ပါတယ်။ ဇွန်လ ၆ ရက်နေ့မှာတော့ မနက်ပိုင်းကို စက်မှုတက္ကသိုလ်၊ နေ့လည်ပိုင်းကို သဘာဝသိပ္ပံကောလိပ် (နောင် လှိုင်ဒေသကောလိပ်) ကို တွေ့ကြဖို့ ဖြစ်ပါတယ်။ 

ကျနော်တို့ကျောင်းသားတွေ ကျောင်းမှာ ထိုင်စောင့်နေတုန်းမှာပဲ ဝန်ကြီးတွေရဲ့ ယာဉ်တန်းကျောင်းထဲကို ဝင်လာပါတယ်။ ကျောင်းသားတွေက ကျောင်းသား ၃၀ လောက်သာတင်နိုင်တဲ့ ကျောင်းဖယ်ရီတးစီကို ကျောင်းသား ၇၀ လောက် ကြပ်ညပ်နေအောင်တိုးဝှေ့စီးပြီး ကျောင်းတက်နေရတဲ့အချိန်မှာ ဝန်ကြီး ၂ ပါးကတော့ မာစီဒီး ၈ စီး၊ လုံခြုံရေးကား ၅ စီးနှင့် ရောက်လာကြတာဖြစ်ပါတယ်။ ဝန်ကြီးအဆောင်အယောင်အပြည့်နှင့် ဂိုက်ထွားထွား ဝင်လာတာ မြင်ကတည်းက ကျောင်းသားတွေ အာရုံကတော့ စ နောက်နေကြပါပြီ။ 

ဒီမှာ ဝန်ကြီးတွေက “ကျောင်းသားတွေရဲ့အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း တင်ပြကြပါ၊ ဒီလိုတင်ပြတဲ့အတွက် အရေးယူတာ၊ အပြစ်ပေးတာ လုံးဝ မရှိစေရဘူး၊ တာဝန်ယူတယ်။ တင်ပြတာတွေထဲမှာ ချက်ချင်းဖြေရှင်းလို့ရတာတွေကို ချက်ချင်း ဖြေရှင်းပေးသွားမယ်။ ချက်ချင်းဖြေရှင်းလို့မရတာတွေကို အထက်ကို ဆက်လက်တင်ပြဖို့ သယ်သွားမယ်” လို့ နိဒါန်းချီပြီး တွေ့ဆုံခြင်း အစီအစဉ်ကို စပါတယ်။ 

စက်မှုတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ကြီးကတော့ ကျောင်းသားတွေ ဘာတွေတင်ပြကြမလဲ၊ ဘာတွေ မေးခွန်းထုတ်ကြမလဲ၊ ပြဿနာများတက်လေမလား စသဖြင့် စိုးရိမ်စိတ်တဝက်နှင့် အကဲခတ်နေရှာပါတယ်။ ဝန်ကြီးတွေက ကျောင်းသားတွေနှင့် ဒူးတိုက်တွေ့ဆုံဆွေးနွေးပြီး ကျောင်းသားတွေရဲ့အခက်အခဲ၊ တိုင်းပြည်ရဲ့အခက်အခဲတွေကို ကွင်းဆင်းပြီး ဖြေရှင်းတယ်ဆိုတဲ့အမှတ်ကို ယူချင်တာသက်သက်ပဲဖြစ်လိမ့်မယ်ဆိုတာ ကျောင်းသားတွေက သိနေပါတယ်။ 

ဒါကြောင့် ကျကျနန သင်္ခန်းစာပေးဖို့ ပြင်ဆင်ထားကြတာပါ။ ဝန်ကြီးတွေနှင့် လက်ဝါးရိုက်ထားတဲ့ ကျောင်းသားဆိုတာကလည်း ရှိတတ်ကြတာဆိုတော့ သဘာဝကျစွာပဲ အဲဒီကျောင်းသားတွေက သူတို့ ပြင်ထားတဲ့ မေးခွန်းတွေ၊ အခက်အခဲဆိုတာလေးတွေနှင့် မေးခွန်း မေးမြန်းခြင်းကို စတင်ကြပါတယ်။ 

“ဝန်ကြီးခင်ဗျာ ကျနော်တို့အဆောင်မှာ တပါတ်ကို ကော်ဖီ ၃ ကြိမ်ပဲ တိုက်ပါတယ်။ အဲဒါ ဖြစ်နိုင်ရင် ၅ ကြိမ်လောက် တိုက်ပေးဖို့ တင်ပြပါတယ်ခင်ဗျား” ဆိုတာမျိုး။ 

“ဝန်ကြီးခင်ဗျာ ကျနော်တို့ ကျောင်းဖယ်ရီတွေကို နည်းနည်း တိုးပေးလို့ရရင် ကူညီစေချင်ပါတယ်” ဆိုတာမျိုး။ 

“ဝန်ကြီးခင်ဗျာ Learners Dictionary ရောင်းပေးတဲ့ ခွဲတမ်းက နည်းနေပါတယ် အဲဒါကို တိုးပေးလို့ ရနိုင် မရနိုင် သိလိုပါတယ်” ဆိုတာမျိုး။ 

ဒီလိုမေးခွန်းတွေအတွက်တော့ ဝန်ကြီးတွေက အပျော့ပေါ့။ ဒေါက်တာခင်မောင်ဝင်းဆိုတာ ပြုံးပြုံး ပြုံးပြုံးနှင့် ဖြေတော့တာပေါ့။ ဒီလောက်မေးခွန်းမျိုးကတော့ မဆလ ဝန်ကြီးက ဂုဏ်ထူးမှတ်ရအောင်ကို အက်ရှင်အပြည့်နှင့် ဖြေပြတော့တာပေါ့။ ဒါပေမဲ့ ကျောင်းသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲက ဒီလောက်လေးမှ မဟုတ်တာ။ မေးခွန်းတွေ ဆက်မေးကြပါတယ်။ 

“ဝန်ကြီးခင်ဗျာ ကျနော်တို့နိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေက အင်မတန်နည်းနေပြီး ကာကွယ်ရေး အသုံးစရိတ်ကျတော့ အင်မတန်များနေတယ်လို့ သိရပါတယ်။ အဲဒီအသုံးစရိတ်တွေကို မျှမျှတတ ဖြစ်သွားအောင် ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားပါသလဲ” ဆိုတဲ့မေးခွန်းတခု စ တက်လာပါတယ်။ 

“ဝန်ကြီးခင်ဗျာ ဝန်ကြီးတို့က တိုင်းပြည်တည်ဆောက်ရေးကာလမှာ စိတ်ရှည်ကြဖို့ ချွေတာကြဖို့ ပြောဆိုတာကို ကျနော်တို့ ဘယ်လိုမှ နားလည်လို့မရ ဖြစ်နေရပါတယ်။ ကျနော်တို့က လူ ၃၀ ဆန့်တဲ့ကျောင်းဖယ်ရီကို လူ ၇၀ လောက် ကြပ်ညပ်နေအောင် စီးနေကြရပါတယ်၊ အန္တရာယ်ရှိမှန်းသိလျက်နှင့် တိုးဝှေ့ပြီး စီးနေရပါတယ်။ ဝန်ကြီးတို့ကျတော့ ဝန်ကြီး ၂ ယောက်လာတာကို ကားက ၁၃ စီး သုံးထားတာ တွေ့ရပါတယ်။ ဒီမြင်ကွင်းအရကိုပဲ ကျနော် မေးချင်ပါတယ် ဘယ်သူက ချွေတာရမှာလဲ၊ ဒါတွေအပေါ် ကျနော်တို့က ဘာအတွက် စိတ်ရှည်ကြရမှာလဲလို့ မေးချင်ပါတယ်” 

အဲဒီလိုမေးခွန်း ထပ်မေးကြတယ်။ 

“ဝန်ကြီးခင်ဗျာ ကျနော်တို့ မိဘတွေရဲ့ ဝင်ငွေ ထွက်ငွေတွေက ဘယ်လိုမှမမျှအောင် ဖြစ်လာနေပါတယ်။ တနေ့တခြား ဒုက္ခကြီးလာနေပါပြီ။ အဲဒါရဲ့အကျိုးဆက်က ကျနော်တို့ စာသင်နှစ်ဆုံးအောင်၊ ကျောင်းပြီးအောင် ဆက်မှ တက်နိုင်ပါတော့မလားဆိုတဲ့ စိုးရိမ်စိတ်ကို ဖြစ်လာစေပါတယ်။ အဲဒီတော့ လူထုတွေရဲ့ စားဝတ်နေရေးဘဝ တိုးတက်အောင် ဆောင်ရွက်ပေးဖို့ ဝန်ကြီးတို့ အစိုးရအဖွဲ့မှာ ဘာအစီအစဉ်ရှိပါသလဲ” 

ဝန်ကြီးတွေရဲ့မျက်နှာတွေက ရဲနေတာပဲ။ ကျနော်တို့ပါမောက္ခချုပ် ဒေါက်တာအောင်ကြီးမျက်နှာမှာလည်း သွေးမရှိတော့ဘူး။ မျက်နှာလေးကို ငယ်လို့။ 

ဒီမှာ ကျောင်းသားတယောက်က 

“ဝန်ကြီးတို့ခင်ဗျာ ကျနော်တို့မေးခွန်းတွေ ကျနော်တို့ အကြံပြုချက်တွေက ကျနော်တို့နှင့်ပဲ ဆိုင်ပါတယ်၊ အရေးယူမယ်ဆိုရင်လည်း ကျနော်တို့ကို ကြိုက်သလို အရေးယူပါ။ ဘာမှမသက်ဆိုင်တဲ့ ကျနော်တို့ပါမောက္ခချုပ် ဒေါက်တာအောင်ကြီးကိုတော့ လုံးဝ တခုခုမလုပ်ဖို့ ကျနော်တို့အနေနှင့် တောင်းဆိုချင်ပါတယ်” လို့ ထပြီး ဆွေးနွေးပေးပါတယ်။ 

“ဝန်ကြီးခင်ဗျာ တခြားနိုင်ငံတွေမှာဆိုရင် စီမံကိန်းတွေ မအောင်မြင်ဘူးဆိုရင် သက်ဆိုင်ရာဝန်ကြီးတွေ ကိုယ့်သိက္ခာ ကိုယ်ဆယ်တဲ့အနေနှင့် နှုတ်ထွက်သွားကြတာတွေ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာ ဖတ်ကြရပါတယ်။ ကျနော်တို့နိုင်ငံမှာ စီမံကိန်းတွေ တခုပြီးတခု မှားနေကြပါလျက်နှင့် မအောင်မြင်တာတွေ ရှိနေကြပါလျက်နှင့် ဘယ်ဝန်ကြီးကမှ ကျနော့်မှာတာဝန်ရှိပါတယ်လို့ ဝန်မခံကြတာ၊ ကျနော် နှုတ်ထွက်ပါမယ်လို့ မပြောကြတာ ဘာကြောင့်ပါလဲခင်ဗျာ ကျနော်တို့ကို ရှင်းပြပေးစေချင်ပါတယ်” 

ဝန်ကြီးတွေခမျာ တိကျတဲ့အဖြေကလည်း မရှိ။ ကိုယ်ပိုင်အဆုံးအဖြတ်နှင့် လွတ်လွတ်လပ်လပ် ဖြေဆိုနိုင်တဲ့ လုပ်ပိုင်ခွင့်ကလည်းမရှိဆိုတော့ လာတွေ့မိတာ မှားလိုက်တာဆိုတဲ့ မျက်နှာတွေ ဖြစ်နေကြပါတယ်။ အဲဒီမှာ ဝန်ကြီးတွေက ထပြောပါတယ်၊ ကျောင်းသားတွေ မေးတဲ့မေးခွန်းတွေကို ကျနော်တို့ အထက်ကို တင်ပြဖို့ ယူသွားပါမယ်။ အခုဆက်ပြီး တိုင်းပြည်တိုးတက်အောင်ဘာတွေဆက်ပြီး လုပ်ဖို့လိုမလဲ ဘာတွေလုပ်သင့်သလဲ အကြံပြုပေးစေလိုပါတယ် ဆိုတာမျိုး ဖွင့်ပေးပါတယ်။ ဒီမှာ ကျောင်းသားအချို့က သူတို့အမြင်တွေ ထ ဆွေးနွေးကြပါတယ်။ ဆွေးနွေးချက်တွေလည်း သူ့ဟာနှင့်သူ ကောင်းကြပါတယ်။ 

အဲဒီမှာ ကျောင်းသားတယောက်က ...

“ဝန်ကြီးခင်ဗျာ တိုင်းပြည်တိုးတက်သွားဖို့ ကျနော်အကြံတခု ပြုလိုပါတယ်။ အဲဒါကတော့ အခုကျောင်းသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေလည်း ချောမွေ့ပြေလည်သွားအောင်၊ မိဘပြည်သူတွေရဲ့ စားဝတ်နေရေး ဒုက္ခအဝဝလည်း ပြေလည်သွားအောင်၊ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်သွားအောင် လုပ်ရမှာက တခုပဲရှိပါတယ်။ အဲဒါကတော့ တခြား မဟုတ်ပါဘူး။ ဝန်ကြီးတို့ အစိုးရတဖွဲ့လုံး ချက်ချင်း နှုတ်ထွက်ပေးလိုက်ဖို့ပဲ ဖြစ်ပါတယ်ခင်ဗျား” 

လက်ခုပ်သံတွေ ခန်းမတခုလုံး ဟိန်းသွားတယ်။ ဝန်ကြီး ၂ ဦးလုံးလည်း မျက်နှာတွေ မဲခနဲ ဖြစ်သွားပါတယ်။ အဲလိုဖြစ်နေချိန်မှာ အဲဒီကျောင်းသားကပဲ အခုလို ဆက်ပြောပါတယ်။ 

“ဝန်ကြီးတို့ခင်ဗျာ ကျနော့်အကြံပြုချက်ကို အလေးအနက်ထားစေလိုပါတယ်။ ဝန်ကြီးတို့စိတ်ထဲမှာ ကျနော့် အကြံပြုချက်နှင့်ပတ်သက်ပြီး ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ကျနော် ဒီပရိသတ်ကြီးနှင့် သက်သေထူပြပါမယ်။ ခဏစောင့်ကြည့်ပေးပါ။ ပရိသတ်ကြီးခင်ဗျာ တိုင်းပြည်တိုးတက်ဖို့၊ လူထုတွေဘဝတွေ တိုးတက်ဖို့အတွက် ဆောင်ရွက်ပေးဖို့ အကောင်းဆုံးနည်းလမ်းက အခုလက်ရှိ အာဏာယူထားတဲ့ အစိုးရတဖွဲ့လုံး ချက်ချင်း နှုတ်ထွက်ပေးရမယ်ဆိုတဲ့ နည်းလမ်းပဲဖြစ်တယ်လို့ တင်ပြတဲ့ ကျနော့်ရဲ့အဆိုကို ပရိတ်သတ်ကြီးက သဘောတူတယ်ဆိုရင် သက်သေပြတဲ့အနေနှင့် ထိုင်ပေးကြပါခင်ဗျား” 

ပြောလိုက်တယ်ဆိုရင်ပဲ ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေရော၊ ပါမောက္ခတွေ ဌာနမှူးတွေရော တပြိုင်နက်တည်း ထိုင်ချလိုက်ကြတယ်။ ခန်းမထဲမှာသာမက အပြင်ဝရံတာတွေမှာပါ မတ်တတ်ရပ်သူ လုံးဝ မရှိ၊ အားလုံး ထိုင်ချလိုက်ကြပါတယ်။ 

အဲဒီမှာ အဲဒီအဆိုရှင်ကျောင်းသားကပဲ အခုလို ထပ်ပြောပါတယ်။ 

“ပရိသတ်ကြီးခင်ဗျာ ကျေးဇူး အထူးတင်ပါတယ်၊ ကျနော်အနေနှင့် ထပ်ပြီးမေတ္တာရပ်ခံချင်ပါတယ်။ ဝန်ကြီးများ ပိုပြီး ရှင်းရှင်းလင်းလင်း သိသွားရအောင် ပင်ပန်းတယ်လို့ သဘောမထားဘဲ မိမိတို့ရဲ့ ဆန္ဒသဘောထားတွေကို နောက်တကြိမ်ထပ်ပြီး ပြသပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ် ခင်ဗျာ။ ပရိသတ်ကြီးခင်ဗျာ တိုင်းပြည်တိုးတက်ဖို့၊ လူထုတွေဘဝတွေ တိုးတက်ဖို့အတွက် အစိုးရအဖွဲ့တဖွဲ့လုံး ချက်ချင်း နှုတ်ထွက်ပေးရမယ်ဆိုတဲ့ ကျနော့်ရဲ့အဆိုကို သဘောတူတယ်ဆိုရင် မတ်တတ်ရပ်ပြပေးကြပါခင်ဗျာ” 

သူ့ရဲ့ပြောသံဆုံးတာနှင့် စောစောကထိုင်နေသူအားလုံး တဝုန်းဝုန်းအသံတွေထသွားအောင် ချက်ချင်း မတ်တတ်ရပ်ပြလိုက်ကြပါတယ်။ ဝန်ကြီးတွေဆိုတာ မျက်နှာတွေမှာ ဘာသွေးမှ မရှိတော့ပါဘူး။ တုန်တုန်ရီရီတွေ ဖြစ်လာကြပြီး ကျနော်တို့ နေ့လည် သဘာဝသိပ္ပံကောလိပ်မှာ တွေ့ဖို့ရှိတဲ့အတွက် ပြန်ခွင့်ပြုပါဆိုပြီး ချက်ချင်း ပြန်ထွက်ပြေးကုန်ကြပါတယ်။ 

(၃) 

နေ့လည်ကျတော့ သဘာဝသိပ္ပံကောလိပ်မှာ ဆက်တွေ့ကြဖို့ ကျနော်တို့ ကျောင်းသားတွေ ဆက်လိုက်သွားကြတယ်။ သဘာဝသိပ္ပံကောလိပ်မှာက ခန်းမကျယ်ကျယ် မရှိဘူး။ စာသင်တဲ့အခန်း (Theater) လောက်ပဲ ရှိတာဆိုတော့ ကျောင်းသားအသံများများ ပိုရဖို့၊ ကျောင်းသားတွေ များများတက်ပြီး ဆွေးနွေးနိုင်ဖို့က သိတ်အဆင်မပြေဘူး ဖြစ်နေတယ်။ 

ဒါကြောင့် တွေ့ဆုံပွဲကို သမိုင်းဝန်းထဲက သမိုင်းအားကစားရုံမှာ ပြောင်းရွှေ့ပြီးလုပ်ဖို့ ဝန်ကြီးဌာနတွေဆီ ဖုန်းဆက်ခိုင်းပြီး ကျောင်းသားတွေအားလုံးက သမိုင်းအားကစားရုံကနေ စောင့်နေကြပါတယ်။ ဝန်ကြီးတွေက နေ့လည် ၁း၀၀ နာရီမှာတွေ့ဖို့ ချိန်းထားကြပေမယ့် ညနေ ၆း၀၀ နာရီအထိစောင့်တာတောင် ရောက်မလာကြတော့ပါဘူး။ 

ဒီမှာ ကျောင်းသားတွေ သိတ်ကို စိတ်ဆိုးကြတယ်။ တွေ့ချင်တယ်လို့ စ ချိန်းတာက သူတို့။ တစောင့်စောင့်နှင့် တနေကုန်စောင့်နေပေးပါလျက်နှင့် လာမတွေ့ဘဲ၊ အကျိုးအကြောင်းလည်း ဘာစကားမှ မပြန်ဘဲ မလေးမစား အစီအစဉ်ဖျက်လိုက်တာလည်း သူတို့။ ကျောင်းသားတွေက အစော်ကားခံလိုက်ရတယ်လို့ ယူဆကြတယ်။ ဘယ်လိုမှ သည်းညည်းခံလို့မရတော့ပဲ ဒီကိစ္စကို တနိုင်ငံလုံးက ကျောင်းသားတွေသိအောင်၊ လူထုတွေသိအောင် လုပ်ရမယ်ဆိုပြီး လမ်းမပေါ်ကို စတက်လိုက်ကြပါတော့တယ်။ 

သမိုင်းဝန်းထဲကနေ အင်းစိန်လမ်းမကြီးပေါ်။ အဲဒီနောက် မနက်ကတွေ့ခဲ့ကြတဲ့ စက်မှုတက္ကသိုလ်ခန်းမ။ ပြီးတော့ ပြန်ထွက်လာကြပြီး ရန်ကုန်တက္ကသိုလ်ဝန်းထဲကို ချီတက်ခဲ့ကြတယ်။ ညဘက်မှာပဲ ဘွဲ့နှင်းသဘင်ခန်းမကို သပိတ်စခန်းအဖြစ် သိမ်းပိုက်လိုက်ကြတယ်။ 

ဝန်ကြီးအဖွဲ့နှင့် ဆွေးနွေးကြရလိမ့်မယ်။ အစိုးရတဖွဲ့လုံးနှင့် ဆွေးနွေးကြရလိမ့်မယ်။ သူတို့က မလာဘူးဆိုရင် သူတို့ရှိရာအထိလိုက်ပြီး ဆွေးနွေးကြရလိမ့်မယ်။ ဒီလိုစဉ်းစားချက်တွေနှင့် ကျနော်တို့ စက်မှုတက္ကသိုလ်ကျောင်းသားတွေ သပိတ်မှာ ပူးပေါင်းပါဝင်လိုက်ကြတယ်။ နောက်တနေ့မှာပဲ တက္ကသိုလ်ပေါင်းစုံ၊ ကောလိပ်ပေါင်းစုံ၊ သိပ္ပံပေါင်းစုံ သပိတ်ထဲ ပါလာကြပါတယ်။ ကျောင်းသားသပိတ်ရဲ့ ကြွေးကြော်သံများက 

“အစမ်းသပ်ခံ ပညာရေးစနစ် ဖျက်သိမ်းရေး၊ ဒို့အရေး ဒို့အရေး” 
“ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး၊ ဒို့အရေး ဒို့အရေး” 
“အဖမ်းခံကျောင်းသား ပြန်လွှတ်ရေး၊ ဒို့အရေး ဒို့အရေး” 
“ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေး၊ ဒို့အရေး ဒို့အရေး” 
“ကုန်ဈေးနှုန်း ကျဆင်းရေး၊ ဒို့အရေး ဒို့အရေး” 
“ပြည်သူတွေရဲ့စားဝတ်နေရေးဘဝ တိုးတက်ရေး၊ ဒို့အရေး ဒို့အရေး” 
“သပိတ် သပိတ်၊ မှောက် မှောက်” 
“အရေးတော်ပုံ၊ အောင်ရမည်” စတာတွေကို တင်ခဲ့ကြပါတယ်။ 

ဒီကြွေးကြော်သံတွေနှင့် ကျောင်းဝန်းတွေထဲမှာ လှည့်ခဲ့ကြတယ်။ အင်းစိန်ထောင်ကို သွားပြီးဝိုင်းခဲ့ကြတယ်။ မြို့ထဲကို လှည့်ပြီး လူထုကို ရှင်းပြခဲ့ကြတယ်။ ဆူးလေစေတီတော်ရှေ့ကို ရောက်ခဲ့ကြတယ်။ အခုလိုပဲ မဟာဗန္ဓုလပန်းခြံရှေ့ကို ရောက်ခဲ့ကြပါတယ်။ 

(၄) 

ကျနော့်နားထဲမှာ အခုကျောင်းသားတွေ ကြွေးကြော်နေကြတဲ့ ကြွေးကြော်သံတွေကို ကြားနေရပါတယ်။ တပြိုင်နက်တည်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၉ နှစ်က ကျောင်းသားတွေရဲ့ ကြွေးကြော်သံတွေကိုလည်း ကြားနေရပါတယ်။ ကျနော့်နှလုံးသားထဲမှာ ကြွေးကြော်သံတွေက တခုနှင့်တခု ရောထွေးနေကြတယ်၊ တခုနှင့်တခု နှိုင်းယှဉ်ကြည့်နေကြတယ်။ ပြီးတော့ တခုနှင့်တခု ထပ်တူပြုနေကြတယ်။ ပြီးတော့ တခုနှင့်တခု တသားတည်း တခုတည်းပမာ ပေါင်းစည်းသွားကြတယ်။ 

ဟုတ်တယ်။ ကြွေးကြော်သံတွေဟာ စီးကြောင်းတခုတည်းမှာ လှိုင်းတွေထသွားအောင် စီးဆင်းနေကြပါပြီ။ ကျနော် စဉ်းစားကြည့်မိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က အစမ်းသပ်ခံပညာရေးရဲ့ သားကောင်တွေဘဝက လွတ်မြောက်အောင်၊ ပညာရေးကို ဒီမိုကရေစီပညာရေးဖြစ်အောင် အဲဒီခေတ်က ကျောင်းသားတွေ တောင်းဆိုခဲ့ကြတယ်။ 

အခုလည်း ကျနော့်ရှေ့က ကျောင်းသားတွေက အဲဒါကိုပဲ တောင်းဆိုနေကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က ကိုယ့်ပညာရေးဥပဒေကို ကိုယ်ကိုယ်တိုင်ပါဝင်ပြီး ရေးဆွဲခွင့်ရရှိအောင် အဲဒီခေတ်က ကျောင်းသားတွေ တောင်းဆိုခဲ့ကြတယ်။ အခုလည်း ကျနော့်ရှေ့က ကျောင်းသားတွေက အဲဒါကိုပဲ တောင်းဆိုနေကြပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ လောက်က ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့် ရရှိရေးကို အဲဒီခေတ်က ကျောင်းသားတွေ တောင်းဆိုခဲ့ကြတယ်။ အခုလည်း ကျနော့်ရှေ့က ကျောင်းသားတွေက အဲဒါကိုပဲ တောင်းဆိုနေကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က ပြည်သူတွေရဲ့ စားဝတ်နေရေးဘဝ ပြေလည်တိုးတက်ရေးအတွက် အဲဒီခေတ်က ကျောင်းသားတွေ တောင်းဆိုခဲ့ကြတယ်။ အခုလည်း ကျနော့်ရှေ့က ကျောင်းသားတွေက အဲဒါကိုပဲ တောင်းဆိုနေကြပါတယ်။ 

ဟုတ်တယ်။ တောင်းဆိုချက်တွေတူနေရတာဟာ လိုအပ်ချက်တွေ တူနေလို့ပဲပေါ့။ ဒါဆို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က နတ်ဆိုးဟာ ခုထက်ထိရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ သိတ်ကို သေချာသွားပါပြီ။ ဘုရား၊ ဘုရား။ ဒီ နတ်ဆိုးဟာ သက်ဆိုးရှည်လှချည်လား။ အတင့်ရဲလှချည့်လား။ ကျနော်တို့ကျောင်းသားတွေရဲ့ ဘဝတွေအပေါ်မှာ၊ ကျနော်တို့ လူမျိုးစုံပြည်သူတွေရဲ့ ဘဝတွေအပေါ်မှာ ဒီနတ်ဆိုးဟာ ရှိမြဲရှိနေသေးတယ်ဆိုတာ သေချာသွားပြီပေါ့။ ကျနော်တို့မျိုးဆက်တွေ တဆက်ပြီးတဆက် ကျောင်းအထုတ်ခံ၊ ထောင်အကျခံ၊ ဘဝ အပျက်ခံပြီး ဖြိုချဖျက်သိမ်းပစ်ဖို့ ကြိုးစားပမ်းစား တိုက်ခိုက်ခဲ့ကြတဲ့ ဒီနတ်ဆိုးဟာ ဒီနေ့အထိ မသေသေးဘဲ အောင်ပွဲခံနေတုန်းပါပဲလား။ 

ကျနော်တို့အားလုံးရဲ့ကံကြမ္မာတွေကို တစစီ တဖဲ့စီဖြစ်သွားအောင် ဆွဲချိုးနင်းချေဖို့ အစွယ်တွေ တဖွေးဖွေးနှင့် မဟာဗန္ဓုလပန်းခြံထိပ်မှာ ဟားတိုက်ရီမောနေတုန်းပါပဲလား။ နတ်ဆိုးရဲ့ ကြုံးဝါးသံတွေနှင့် ဟားတိုက်ရီမောသံတွေဟာ လွတ်လပ်ရေးကျောက်တိုင်ကြီးကိုတောင် လှုပ်ခါသွားစေပါပေါ့လား။ ။ 

ဇွန်မှိုင်း 
၂၂ - ၁၂ - ၂၀၁၄ 

ဗမာနိုင်ငံလုံးဆိုင်ရာ အင်ဂျင်နီယာ ကျောင်းသားဟောင်းများကွန်ယက်မှ စီစဉ်ထုတ်ဝေသော စာစုများမှ ...

 

No comments: