Monday, December 22, 2014

နိုင်ငံတော်ကို ဈာပနချကြဖို့ လိုပြီလား (ရဲဘော်ကျော်သန်း)

တအုံနွေးနွေး လောင်မြိုက်နေတဲ့ လက်ပံတောင်းတောင်အရေးဟာ ဗမာပြည်ရဲ့ အချုပ်အချာအာဏာကို သွေးတိုးစမ်း စိန်ခေါ်နေတဲ့အရေးဖြစ်တယ်။ အင်္ဂလိပ်တို့ ဗမာပြည်ကိုသိမ်းဖို့ ကြံစည်အားထုတ်စဉ်ကာလက ဖြစ်ခဲ့ရတဲ့ ရှင်မဖြူကျွန်းအရေးနဲ့ အလားသဏ္ဌာန်တူတယ်လို့ ဆိုရပါမယ်။ 

ဒီအရေးနဲ့ပတ်သက်ပြီး စစ်အုပ်စုဝန်ကြီး အောင်မင်းက တရုတ်ကိုလည်း ကြောက်ရတယ်လို့ဝန်ခံပြီး ပြည်သူကို တရုတ်နဲ့ လှည့်ခြောက်ခဲ့ပါတယ်။ တပြည်လုံး အားကိုးမျှော်လင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း "တိုင်းပြည်ရဲ့ အနာဂတ်အကျိုးစီးပွားအတွက် ဒီဟာ(စီမံကိန်းအတွက် လယ်တွေသိမ်း တောင်တွေဖြို သိမ်တွေဖျက်တဲ့ကိစ္စတွေ) သူ တာဝန်ယူတယ်၊ သူ့စကားကို နားထောင်လက်ခံကြပါ" လို့ပြောပြီး လက်ရှောင်သွားခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ပြီးရင် လူထုက အားကိုးအမျှော်လင့်ဆုံး ၈၈ ပွင့်လင်းတွေဆို ဝေးဝေးကရှောင်နေကြရုံတင်မက ဒီအရေးမှာ ဝင်ပါနေကြတဲ့ သူတို့နဲ့ပတ်သက်နွယ်သူတွေကိုတောင် ဟန့်တား မာန်မဲခဲ့ကြတယ်။ ဒါကြောင့် သူတို့ကို ကျေးရွာသားတွေက ဦးပိုင်-ဝမ်ပေါင် ကုမ္ပဏီတွေနဲ့အတူ မသာချ ဆန္ဒပြခံခဲ့ကြရတယ်။ 


တခြားနိုင်ငံရေးပါတီလို့ ပြောနေကြတဲ့သူတွေကတော့ အထူးကိုပြောနေစရာမလို့ စစ်အုပ်စုလုပ်သမျှ မကန့်ကွက်တဲ့အပြင် အိုးအိမ်၊ လယ်ယာမြေ၊ စေတီ၊ကျောင်းကန်ပျောက် ဘဝပျက်ကြလို့ ကန့်ကွက်သူ တောင်သူလယ်သမား ကျေးတောသားတို့ရဲ့ အာခံမှုဆန့်ကျင်မှုကို စစ်အာဏာရှင် မျက်နှာလိုအားရ မဟုတ်တန်တရားတွေနဲ့ စွပ်စွဲပုတ်ခတ်ကြတယ်။ 

ဗမာပြည်ရဲ့လူများစုကြီးဖြစ်တဲ့ ကျေးလက်နေ တောသူတောင်သား လယ်သမားဆိုတာ နင်းပြားပါ။ ဟိုလိုနင်း ဒီလူနင်း ခေတ်တိုင်း အနင်းခံနရတဲ့လူတွေပါ။ တိုင်းပြည်ကောင်းလို့ အကျိုးချမ်းသာပေါ်ရင် နောက်ဆုံးမှခံစားကြရပေမယ့် တိုင်းပြည်ပျက်လို့ တရားမဲ့ရင် ဆိုးကျိုးဆင်းရဲဒုက္ခကို အရင်ရှေ့ဆုံးက ရင်စည်းခံကြရသူတွေဖြစ်ပါတယ်။ 

ဒါပေမယ့် သူတို့တောသားဘဝကိုပဲ တတ်နိုင်သမျှ ဖက်တွယ်ထားကြတယ်။ သူတို့ပညာမတတ် ခေတ်ကို နောက်ဆုံးက လိုက်ကြရပေမယ့် သူတို့ရပ် သူတို့ရွာကို ချစ်တယ်၊ သူတို့ကျင်လည်ရာ တောတောင် ရေမြေကို ချစ်တယ်၊ သူတို့နဲ့အတူ ရှင်သန်ရပ်တည်နေကြတဲ့ ကျွဲ၊ နွား၊ ကျေးငှက်တွေကို ချစ်တယ်။ ကာကွယ်တယ်။ စောင့်ရှောက်တယ်။ သစ်ပင်ပန်းမာလ်နဲ့ သားငှက်တို့ ဖွံ့ဖြိုးတိုးတက်တာတွေကို အရိပ်တကြည့်ကြည့်နဲ့ ဝမ်းမြောက်ကြည်နူးတတ်ကြသူတွေ ဖြစ်တယ်။ ဒီလိုပဲ တခြားသက်ရှိ သက်မဲ့ကြီးကြီးမားမားတွေကို မဆိုထားနဲ့ ကိုယ်စိုက်ပျိုးထားတဲ့ ပျိုးပင်သီးပင်လေးတွေကို ရေလောင်း ပေါင်းသင်ရင်းနဲ့ အညွန့်အခက်ကျိုးသွားခဲ့ရင်တောင် စုတ်တသပ်သပ်နဲ့ ဝမ်းနည်းခံစားတတ်တဲ့ စိတ်ထားနဲ့သူတွေ ဖြစ်တယ်။ 

ဒါကြောင့်လည်း ပုံစံအမျိုးမျိုး ရပ်တည်ချက်အမျိုးမျိုးနဲ့ရှိနေကြတဲ့ တိုင်းပြည်ရဲ့ထိပ်တန်းပုဂ္ဂိုလ်များ အမျှော်အမြင် ကြီးကြပါတယ်ဆိုသူများက မျက်နှာလွဲခဲပစ် လစ်လျူရှုထားတဲ့ကြားက သူတို့ သိတတ်သမျှ အသိတရား၊ ရှိသမျှ အားမာန်နဲ့ သူတို့ချစ်တဲ့ တောတောင်ရေမြေကို သူတို့ချည်း အထီးကျန် အာခံတော်လှန်နေကြတာ ဖြစ်ပါတယ်။ 

တိုင်းပြည်ရဲ့ အချုပ်အချာအာဏာနဲ့ နယ်မြေတည်တံ့မှုကို ထိပါးဖျက်ဆီးနေတဲ့ ဒီစီမံကိန်းကနေ ဘယ်သူတွေ အကျိုးအမြတ်ရကြမှာလဲ။ ဒီကျေးတောသားတွေ မရမှာကတော့ အသေအချာပါ။ မရရုံမက ဘိုးဘွားစဉ်ဆက်နေလာကြတဲ့ သူတို့မြေ သူတို့ယာ သူတို့ကျောင်းကန်တွေတောင် ပျက်စီးပျောက်ကွယ်လို့ သူတို့ပါ ဘဝပျက်ရတာ မျက်မြင်ဖြစ်ပါတယ်။ တိုင်းပြည်ကော ရသလား၊ မသေချာပါ၊ အများစု တရုတ်ဝမ်ပေါင် ရမယ်။ ဒီထက်နည်းနည်း စစ်တပ်ဦးပိုင် ရမယ်။ စစ်တပ်ဦးပိုင် ရတယ်ဆိုပေမယ့် အောက်ခြေစစ်သားအများစု မပါ ပါ၊ မရပါ။ လက်တဆုပ်စာ ဗိုလ်ချုပ်တွေပဲ ရမှာပါ။ ဒီထက်ဒီ သပိတ်ဝင် အိတ်ဝင် ဒေါ်လာသန်းရာချီရခဲ့တာက မိစ္ဆာသန်းရွှေနဲ့ လူတစုပါ။ တရုတ်တွေကို ခုလို မတန်တဆ မမျှမတ ရာခိုင်နှုန်းနဲ့ လာဘ်ယူချထားရောင်းစားခဲ့ကြတယ်ဆိုတာ လူအများအသိ ဖြစ်ပါတယ်။ 

ဒီအရေးမှာ ရဟန်းသံဃာတွေ မီးလောင်ဗုံးနဲ့ အတိုက်ခံခဲ့ရတယ်။ ကျေးရွာအိမ်ခြေ၊ ကျောင်းကန် ဘုရားစေတီတွေ ပျက်စီးခဲ့ရတယ်။ ဒီနေ့တော့ တဆင့်တိုး ဆိုးရွားအခြေဆိုက်ခဲ့ပြီ။ လျော်ကြေးမယူတဲ့ မြေယာတွေကို တရုတ်တွေကိုယ်တိုင် ခြံစည်းရိုးခတ်တာကို ကန့်ကွက်ကြတဲ့ ရွာသားတွေကို တရုတ်တွေက ရဲဒင်းနဲ့လိုက်ခုတ်သလို လက်ကိုင်တုတ် ပုလိပ်တွေကလည်း သေနတ်နဲ့ပစ်ခတ်ခဲ့တယ်။ တောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့ပြီး ရွာသားတော်တော်များမျာ ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်၊ စာရင်းတော့ အတိအကျမရှိသေး၊ ၁၅ ယောက် ဒဏ်ရာရတယ်လို့ ကြားနေရတယ်။ 

တိုင်းတပါးသားနယ်ချဲ့ တရုတ်ကုမ္ပဏီကို ကာကွယ်ဖို့ ပြည်သူ့ရိက္ခာကို စားနေတဲ့ရဲက ပြည့်သူ့ဘဏ္ဍာနဲ့ ဝယ်ယူတပ်ဆင်ထားတဲ့ လက်နက်နဲ့ ကိုယ့်ပြည်သူကို သတ်ဖြတ်ခဲ့ပြီ။ ဒါဟာ လွတ်လပ်တဲ့ အချုပ်အာဏာပိုင် နိုင်ငံတခုမှာ ဖြစ်သင့်တဲ့ အခြေအနေလား။ ဒီတောင်သူလယ်သမားတွေဟာ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ သူတို့ရပ်ရွာ သူတို့အိုးအိမ်တွေထဲမှာ တိုင်းတပါးသား နယ်ချဲ့တရုတ်ကုမ္ပဏီနဲ့ အပေါင်းအပါ မျိုးဖျက် စစ်မိစ္ဆာ ဦးပိုင်တို့ရဲ့ ထိပါးစ်ာကားခံနေရတယ်။ နှောက်ယှက်ဖျက်ဆီးခံနေရတယ်။ သတ်ဖြတ်ခံနေရတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ အသက်သွေးချွေးနဲ့ ရယူပေးခဲ့တဲ့ လွတ်လပ်ရေးနဲ့ အချုပ်အချာအာဏာနဲ့ နယ်မြေဟာ ကျူးကျော် စော်ကားခံနေရပြီ။ 

ဒီလိုအခြေနေမှာ လက်ပံတောင်ပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အချာအာဏာနဲ့ နယ်မြေတည်တံ့ရေးတိုက်ပွဲကို တပြည်လုံးက ဝိုင်းဝန်းအးပေးထောက်ခံ ဝန်းရံကြရမယ့်အချိန်ဖြစ်ပါတယ်။ ကိုယ့်မြေကိုယ်ယာကို ကာကွယ်ရင်း ကျဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းရဲ့သေဆုံးခြင်းဟာ နိုင်ငံတော် အချုပ်အချာအာဏာနဲ့ နယ်မြေ ကျဆုံးခြင်းရဲ့ တစိတ်တဒေသဖြစ်ပါတယ်။ အလုံးစုံ ကျဆုံးမယ့်၊ ကျရှုံးမယ့် ရှေ့ပြေးနိမိတ်ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်ခင်ဝင်း ကျဆုံးခြင်းကို တိုင်းပြည်တဝှန်းလုံးမှာ နိုင်ငံတော် မသာကြီးချ ဂုဏ်ပြုကြရင်း လက်ပံတောင်းပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အချာအာဏာနဲ့ နယ်မြေတည်တံ့ရေးတိုက်ပွဲကို တပြည်လုံးက ဝိုင်းဝန်းအးပေးထောက်ခံ ဝန်ရံကြဖို့ အကြံပြုတိုက်တွန်းပါတယ်။ ။ 

ရဲဘော်ကျော်သန်း 
၂၂ ၊ ၁၂ ၊ ၂၀၁၄ 

 

No comments: