Sunday, November 9, 2014

ကြိုး - ၁ (မင်းသိုက်)

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပတဲ့ လွတ်လပ်ခြင်းအနုပညာပွဲတော်မှာ ဇာတ်လမ်းတိုဆုရခဲ့တဲ့ “ကြိုး” ဇာတ်လမ်းတိုဟာ ကြာမြင့်ချိန် ၆ မိနစ်တိတိရှိပါတယ်။ ဒီပွဲကို ပါဝင်လာအောင် စိတ်သွင်းပေးတာ ကျွန်တော့်ညီငယ် ဝဏ္ဏကျော်ပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ် အခြေပြုလို့ Cream ဖြူး အဓိပ္ပာယ်များစွာဖြင့် ရိုက်ကူးခဲ့သော ကြိုးဇာတ်လမ်းတိုမှာ ရိုက်ကူးရေးကိစ္စ crew တွေ အသံဖမ်းသမားးးတွေ သိုင်းဝန်းပြီး ဖန်တီးခဲ့ရတာတော့ မဟုတ်ပါဘူး။ ရုပ်ရှင်အကြောင်း ဘာမှနားမလည်တဲ့ ကျွန်တော့်မိန်းမရယ်၊ ထိုင်းမှာနေစဉ်ကတည်းက ကျွန်တော့် ဒုက္ခတွေ ပြဿနာတွေကို လိုက်ရှင်းလိုက်ဖေးမပေးခဲ့တဲ့ “ဖိနိုင်” ဆိုတဲ့ .... အစ်ကိုကြီးတစ်ယောက်ရယ်၊ ဒီ ၂ ယောက်အားကိုးနဲ့ ဖန်တီးခဲ့ပါသည်။

ရိုက်ကွင်းပေါ်မှာ ပြဿနာပေါင်း သိန်းခြောက်သောင်းနဲ့ ရင်ဆိုင်ခဲ့ရတယ်။ လိုကေးရှင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ပွဲဆိုတော့ ကြောက်ပြီး ဆက်ရိုက်ခွင့်မပေးဘဲ နှင်ချခံရတာတွေရှိတယ်။ နောက်ဆုံး ကျွန်တော် စိတ်ပျက်ပြီး မရိုက်တော့ဘူးဆို တဝက်တပျက်နဲ့ ပစ်ထားတဲ့အနေအထားဖြစ်သွားတယ်။


ကျွန်တော့် မိန်းမရဲ့အစ်မ ကျွန်တော့်မရီး။ ပညာအရည်အချင်း ၆ တန်း မအောင်ရှာဘူး၊ စီးပွားရေးမှာ ပက်ပက်စက်စက် အောင်မြင်သူက ကျွန်တော့်ကို နားချတယ်။

“နင် မရှက်ဘူးလား... ကိုယ်လုပ်မယ်ဆိုတဲ့အလုပ်ကို ဖြစ်အောင်ဆက်လုပ်၊ လိုတဲ့ငွေကြေး ငါ ထုတ်ပေးမယ်၊ ဆက်ရိုက်” တဲ့။

သူမ ပြောတဲ့ အားအင်တွေနဲ့ ရှက်ရှက်နဲ့ ကျွန်တော် ဆက်ရိုက်တာ ရိုက်ကူးခြင်း ပြီးလေသတည်းပေါ့။ သတ်မှတ်ထားတဲ့ အပ်ရမယ့်ရက်က ၂၀၁၁ ဒီဇင်ဘာလ ၂၀ နေ့၊ အဲဒီမနက် ၄ နာရီမှာ ကျွန်တော် Edit စ ဆက်တယ်။ ကြိုးဇာတ်လမ်းတို ရိုက်မယ်လို့ ဆုံးဖြတ်ပြီးကတည်းက နောက်ခံ တီးလုံးတွေကအစ ဘန်ကောက်မှာ အွန်လိုင်းကနေ ပိုက်ဆံပေးပြီး ဝယ်ထားတာတွေနဲ့ အံကိုက်ဖြတ်သည် တည်းသည်။

မကြိုက်၊ ပြန်ဆက်၊ အားမရ၊ ပြန်ဆက်နဲ့ ညနေ ၃နာရီထိုးပြီ။ ချင်းမိုင်မှာနေစဉ်ကတည်းကိုက ကျွန်တော်နဲ့နီးစပ်၊ ကျွန်တော့်ကိုခင်မင်တဲ့ လူရွှင်တော် ကြယ်သီးကို ကျွန်တော် ဖုန်းဆက်တယ်။

“ကြယ်သီး မင်းဆရာကို မေးကြည့်ပေးပါ၊ ည ၁၂ နာရီမတိုင်ခင် အပြီးလာအပ်ရင် ရသလား? မင်းထင်ကိုကိုကြီးကိုလည်း မေးပေးပါ” ဆိုတော့ .. ရတယ် အစ်ကို မင်းထင်ကိုကိုကြီးအိမ်ကို ည ၁၂ နာရီမတိုင်ခင် သွားပေးလို့ရတယ်ဆိုတော့ကာ ထိုနေ့ည ၁၀ နာရီခွဲမှာ မင်းထင်ကိုကိုကြီး အိမ်ဂေဟာသို့ ကျွန်တော်ကိုယ်တိုင် သွားပေးလိုက်တယ်။ (ကြယ်သီး မပါ) ကျွန်တော်ပေးလိုက်တဲ့ DVD က ဒေတာဖိုင်ဖြစ်နေလို့ မနက်ကျရင် DVD ခုတ်ပြီး လာပေးပါအုန်းဆိုလို့ နောက်တစ်ခေါက် သွားပို့ဖြစ်တယ်၊ ကိုဖေမောင်စိမ်း သက်သေပါ။ အဲဒီမနက်က သူလည်း ရှိနေတယ်။

ကျွန်တော် ဒီဇင်ဘာ ၂၁ မနက် ကိုမင်းထင်ကိုကိုကြီးအိမ် ထပ်သွားတော့ ဝင်လာမစဲ တသည်းသည်း ဖရီးဒမ်းပွဲအတွက် လာပို့နေသူတွေ အပုံကြီး၊ ပြည်ပကလည်း စာတိုက်က ပို့နေတာတွေ အပုံကြီးးး။ နှမြောစရာက အဲဒီ ပြည်ပက ပို့တာတွေကို သတ်မှတ်ရက်မမီလို့ ပါယ်ပလိုက်တာပဲ၊ တကယ်တော့ ကိုသူရနဲ့ မင်းထင်ကိုကိုကြီးက အတွေ့အကြုံ အင်မတန်နုရှာတာ။

ကျွန်တော်လည်း ကိစ္စတွေပြီးတော့ ဘန်ကောက်ပြန်တယ်၊ ကျွန်တော့် ROPE ကို အွန်လိုင်းပေါ်တင်ပြီး Public မဖွင့်ဘူး၊ ရင်းနှီးတဲ့ ဘော်ဘော်အယောက် ၂၀ ဆီ ပို့ပြီး သူတို့အမြင်တွေ မှတ်ချက်တွေ တောင်းကြည့်တယ်။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေ ကျွန်တော် တီးမိခေါက်မိသော်လည်း ဘွားစု ဖလင်ပွဲတော်မှာ အွန်လိုင်း မတင်ရ၊ အွန်လိုင်းမှာ မပြရ၊ မည်သည့်ရုပ်သံမှ ပြထားခြင်းမရှိရ စည်းကမ်းသတ်မှတ်ချက် လုံးဝ (လုံးဝ) မရှိ။

ကျွန်တော်နဲ့အတူ ဆုရတဲ့ Documentary Film Maker ကိုစိုင်းကျော်ခိုင်ရဲ့ Click in Fear က DVB မှာ ပြနေတာကြာလှပေါ့။ ဆန်ကာတင် ၅၄ ယောက်စာရင်းထွက်လာတော့ ကျွန်တော်တင်ထားတဲ့ဖိုင်ကို ပတ်ဗလစ် ဖွင့်ချလိုက်တယ်။ နောက်ဆုံးဆန်ကာတင် ၉ ယောက်မှာလည်း ကျွန်တော့် ကြိုးလေး ပါလာပြန်တယ်။

ဘယ်သူတွေက ဘယ်လိုစံနဲ့ ဘယ်လိုရွေးခဲ့သလဲ ကိုသူရကိုယ်တိုင်ပြောတဲ့ အသံဖိုင်ကို အပိုင်း (၃)မှာ တင်ပေးပါ့မယ်။ ထိုအသံဖိုင်ကို ကျွန်တော့်ဆီပေးခဲ့တဲ့ မိသားစုတမျှ ရင်းနှီးခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ကျွန်တော်ကို တောင်းထားတဲ့ ကတိကိုတော့ ဖျက်လိုက်တော့မယ်ဗျာ၊ ဘဝမှာ ပထမဆုံးဖျက်ဖူးတဲ့ ကတိပေါ့။ ။

ဆက်လက်ဖော်ပြပါမယ်။

No comments: