ဒီနေ့ ကျနော်အလုပ်လုပ်တဲ့ဆိုင်မှာ သူခိုးတယောက် မိတယ်။ ဈေးဝယ်တယောက်က သတင်းပေးလိုက်လို့ ဆိုင်တာဝန်ခံက ခဏမေးစရာရှိတယ်ဆိုပြီး သူခိုးကို ရုံးခန်းထဲ ခေါ်လာတယ်။ သူခိုးက ထွားထွားကျိုင်းကျိုင်း၊ အရှေ့ဥရောပ (ရိုမေးနီးယား) နိုင်ငံသား၊ အရက်နံ့ရတယ်။
အပေါ်အနွေးထည်အထူကို ချွတ်ခိုင်းတယ်။ မချွတ်ဘူး၊ ဂျစ်ကန်ကန် ပြန်ဟောက်တယ်။ ငါ့ဘာကြောင့်ခေါ်တာလဲ၊ ဘာညာနဲ့ ဆဲတယ်။ ကိုယ့်ဆိုင်တာဝန်ခံကလည်း သူခိုးကို ဇွတ်မချွတ်ခိုင်းဘူး။ စီစီတီဗွီမှတ်တမ်းကို ပြန်ကြည့်တယ်။ ချောကလက်တောင့် ပတ်ကင်တွေထားတဲ့နေရာမှာ သူခိုးက အပီအပြင် ထည့်နေတာ...။ ခိုးနေတဲ့ သူ့ပုံကြီးမြင်ပေမယ့် သူခိုးက ငြင်းနေတယ်။
အင်္ကျီအောက်မှာ ဖွက်ထားတဲ့ဟာတွေ ထုတ်ခိုင်းလည်း မထုတ်ပေးဘူး။ (ဗမာပြည်ဆို ရေရေလည်လည် ကျွေးခံရပြီ) ကိုယ်တောင်ဘေးကနေ ဒေါသထွက်နေပြီ။ ကိုယ့်လူက အဓမ္မ မချွတ်ခိုင်းဘူး။ မကြာခင် ဆိုင်လုံခြုံရေးအစောင့် ရောက်လာတယ်။ သူခိုးကို အင်္ကျီချွတ်ခိုင်းတယ်။ သူခိုးက ပွစိပွစိလုပ်ပြီး နောက်ကျောက ချောကလက် ပတ်ကင် ၃ ထုပ် ထုတ်ပေးတယ်။ နောက်ထပ်ရောလို့မေးတော့ မရှိဘူး။ ဒါ ငါ ဗိုက်ဆာလို့ယူတာလို့ ပြောတယ်။ မင်း ပိုက်ဆံမပေးဘဲ အဲလို ယူခွင့်မရှိဘူးပြောတော့ လုံခြုံရေးကို ပြန်ဟောက်တယ်။ ကိုယ်မသိတဲ့စကားတွေနဲ့ ဆဲဆိုကြိမ်းမောင်းနေတယ်။
လုံခြုံရေးက ကိုယ်ထဲက ကျန်တာတွေ ထပ်ထုတ်ခိုင်းတယ်။ မထုတ်ပေးဘူး၊ မရှိဘူးတဲ့။ လုံခြုံရေးက နောက်ကျောကို လက်နဲ့စမ်းကြည့်ပြီး ဒါတွေထုတ်လို့ ပြောတယ်။ နောက်ထပ် ၃ ထုတ် ထွက်လာတယ်။ ကျန်သေးတယ် ထပ်ထုတ်အုံးပြောတော့ နောက်ထပ် ၃ ထုတ် ထပ်ထွက်လာတယ်။ ဆူအောင့်ဆဲဆိုပြီး ဒါ အကုန်ပဲတဲ့။ လုံခြုံရေးလူငယ်က စမ်းကြည့်ပြီး အကုန်ထုတ်ပေးလို့ ပြောတယ်။ ဂျစ်ကန်ကန်ကြည့်ပြီး ထုတ်ပေးလိုက်တယ်။ တထုပ်ပြီးတထုပ် ထွက်လာတယ်။ ချောကလက်တောင့် အားလုံးပေါင်း ၂၇ ထုတ်တိတိ။ ခရိုနာ ၁၆၀၀ ဖိုးတဲ့..။
မကြာခင်မှာ ထောင်ထောင်မောင်းမောင်း ဗလတောင့်တောင့် ယူနီဖောင်းဝတ်၊ ရဲ ၂ ယောက် ရောက်လာတယ်။ သူခိုးကို မှတ်ပုံတင် စစ်တယ်။ ဝိုင်ယာလက်စ်တွေနဲ့ ဖုန်းဆက်တယ်။ သူခိုးက ဂျစ်ကန်ကန်နဲ့ ရဲကိုတောင် ပြန်ဟောက်နေတယ်။ ငါ ပြန်မယ်၊ ဗိုက်ဆာတယ်ဆိုပြီး ချောကလက်တထုတ် ဖြည်ဖို့လုပ်တယ်။ ရဲက ပြန်လုယူပြီး ဗိုက်ဆာရင် နောက်မှ ကျွေးမယ်၊ အခု စာရင်းမှတ်ရမယ် မစားရသေးဘူးလို့ ပြောတယ်။
သူခိုးက ဆူအောင့်အောင့်နဲ့ ပူညံပူညံလုပ်နေတယ်။ သူ့ဘာသာစကားနဲ့ တဗြစ်တောက်တောက် ဆဲနေတယ်။ ရဲတွေက ဘာမှမသိသလိုပဲ။ မဆူနဲ့ ငြိမ်ငြိမ်နေလို့ပဲ အေးအေးဆေးဆေး ပြောတယ်။ နောက်တော့ သူခိုးကို လက်မောင်းကဆွဲပြီး ခေါ်သွားတယ်။ သူခိုးက ဂျစ်ကန်ကန်နဲ့ကြည့်ပြီး ယက်ကန်ကန်နဲ့ ပါသွားတယ်။ ပါးစပ်ကလည်း ပွစိပွစိဆဲဆိုနေတာ မိုးမွှန်လို့...။
ရဲက လက်ပူးလက်ကြပ်နဲ့ သူခိုးကိုမိတာတောင် လက်ဖျားလေးနဲ့တောင် မတို့ဘူး။ မဆူဘူး၊ မငေါက်ဖူး။ သူ့တာဝန်က မိထားတဲ့သူခိုးကို သက်သေ မှတ်တမ်းမှတ်ရာယူပြီး စခန်းဆီခေါ်သွားဖို့ပဲ ဖြစ်တယ်။ သူခိုးက ဆဲဆို အော်ဟစ်နေတာတောင် အေးဆေးပဲ...။ တဖက်သား နာကျင်ထိခိုက်အောင် ကိုယ်ထိလက်ရောက်လုပ်ဖို့ မဆိုထားနဲ့ နှုတ်ကတောင် မာထန်ထန် မပြောဘူး...။ ကျနော်ကတော့ ဖြစ်ပျက်စုံကို ငေးကြည့်ပြီး အံ့သြလို့...။
သြော်... မေတ္တာတရားနဲ့ တရားဥပဒေစိုးမိုးတဲ့အရပ်မှာ ဥပဒေချိုးဖောက်တဲ့လူတွေတောင် လူလိုတန်ဖိုးထား ဆက်ဆံခံရတတ်ပါလား...။ ပူပူနွေးနွေးဖြစ်သွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးဖြစ်ရပ်လေး ခေါင်းထဲဝင်လာပြီး စိတ်ထဲ အတော်လေး နာနာကျင်ကျင် ခံစားလိုက်ရတယ်...။
ကိုညို (အော်စလို)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment