Tuesday, November 4, 2014

ကြိုး (မင်းသိုက်)

၁၉၉၀ နှောင်းပိုင်းကနေ သက္ကရာဇ် ၂၀၀၀ နှောင်းပိုင်းအထိ ထိုင်းနိုင်ငံမှာရပ်တည်ခဲ့သော ကျွန်တော့်ဘဝဖြတ်သန်းမှုမှာ အနုပညာနဲ့မပတ်သက်တဲ့ ကိုယ်ပိုင်စီးပွားရေးနဲ့သာ ရှင်သန်ခဲ့တယ်။ နည်းပညာနဲ့ အနုပညာကိစ္စတွေကိုတော့ လုံးဝ မျက်ခြေမပြတ်ခဲ့။ ၁၉၈၇ ကတည်းက ကျွမ်းကျင်စွာတတ်မြောက်ခဲ့သော ဗီဒီယိုတည်းဖြတ်ခြင်း အလုပ်ကို ၂၀၀၀ နောက်ပိုင်း ရန်ကုန်မှာ ပြန်အခြေစဖို့ အိမ်မက်က အမြဲမက်တယ်။

ဒီလိုနဲ့ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း ရန်ကုန် (၃၄) လမ်း အလယ်ဘလောက် စန္ဒာညွန့်စာအုပ်ဆိုင် အပေါ်ဆုံးထပ် ၃ ထပ်မှာ (ဓာတ်ပုံ စိုင်းဘုန်းထူးအခန်း) ကို ကျပ်ငွေ ငါးဆယ့်ငါးသိန်းပေးဝယ်ပြီး အက်ဒစ်ခန်းလေး စထူထောင်ဖြစ်တယ်။ တစ်ဗွေတည်းပဲ၊ ဘာ တပည့်တပန်းမှ မရှိဘူး၊ ကြော်ငြာနဲ့ MTV တွေပဲ ဆက်တယ်။ ၃ နှစ်လောက်နေပြီး အဲဒီအခန်းလေးကို မိတ်ကပ်အောင်အောင် (တောင်ကြီး) ကို ၉၂ သိန်းနဲ့ပြန်ရောင်း တာမွေ မအူကုန်း ၁၃၃ လမ်းနဲ့ စက်ရုံလမ်း (မင်္ဂလာဈေးရှေ့လမ်း) ဒေါင့် မီးပွိုင့်ဘေးက မိုးသောက်ပန်းတိုက် ၇ လွှာမှာ အခန်းတစ်ခန်း ၁၁ သိန်းနဲ့ဝယ်ပြီး သိန်းငါးဆယ်ဖိုးလောက် ရွိုင်း၊ ကျန်တဲ့ပိုက်ဆံ စက်ပစ္စည်းတွေထပ်ဖြည့်ပြီး အက်ဒစ်ဆက်လုပ်။


ကြော်ငြာလေးတွေလည်း တစ်ချို့လက်ခံရိုက်ဖြစ်ပေမယ့် ထက်ထက်မိုးဦးကို မကျော်နိုင်တော့ အလုပ်မဖြစ် စိတ်ညစ်၊ (တေးသရုပ်ဖော် ကြော်ငြာမျိုးလည်း ကိုယ်မှမရိုက်ချင်တာကိုး) ဒီလိုနဲ့ ၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးပြီးတော့ ရန်ကုန်မှာ မနေချင်တော့ဘူး၊ ဘန်ကောက်ကို တပ်ပြန်ခေါက်။ ဘန်ကောက်ရောက်တော့ DVB က နော်ဝေနိုင်ငံ၊ အော်စလိုရုံးတွင် ဗီဒီယိုအယ်ဒီတာတစ်ဦး အလိုရှိသည်လို့ အွန်လိုင်းမှာခေါ်တော့ မိတ်ဆွေတစ်ယောက်က လျှောက်ပါလားလို့ အကြံပေးလာတယ်၊ ကျွန်တော် ဘန်ကောက်ကလွဲလို့ ဘယ်မှမသွားချင်။

လျှောက်လွှာတော့ လိုအပ်တာတွေနဲ့ စုံစုံလင်လင် ပို့ပေးလိုက်တယ်။ အော်စလိုတော့ မလာချင်ဘူး၊ ထိုင်းအခြေစိုက်ရင်တော့ လုပ်မယ် မှတ်ချက်ပါထည့်ပေးလိုက်တယ်။ ဒါနဲ့ ၃ လလောက်ကြာတော့ ချင်းမိုင်ဗျူရိုက ဗျူရိုချိဖ် ကိုတိုးဇော်လတ်က ဘန်ကောက်ရောက်တုန်း ကျွန်တော့်ကိုခေါ် အင်တာဗျူးပြီး အလုပ်ခန့်တယ်၊ ချင်းမိုင်ကိုပြောင်းပေါ့။

ချင်းမိုင်ရောက်တော့ ဘာအလုပ်မှလည်း မယ်မယ်ရရ မရှိဘူး၊ ကိုယ့်အတွက် ကွန်ပြူတာတောင် မရှိဘူး။ ညနေ သတင်းဖတ်ချိန်ဆိုရင် ကိုမောင်တူးကို ခေါင်းဖီးပေး အင်္ကျီအဝတ်အစား ကျကျနနလေး သပ်ယပ်အောင်ပြင်ပေး ကင်မရာခလုပ် နှိပ်ပေးယုံလောက်နဲ့တင် တစ်လကြာလာပါလေရော။ နောက်တော့ မသီတာက ကျွန်တော့်ကို အွန်လိုင်းကနေ ထပ်အင်တာဗျူးပြီး DVB မှာ သီးလေးသီးအဖွဲ့ အပတ်စဉ် ဇာတ်လမ်းတိုတွေ ရိုက်ပေးနိုင်မလားဆို မေးလာတော့... အင်းး ပေါ့။

ဒါနဲ့ ကျွန်တော် ကိုယ်ပဲ မှန်မီးထိုး၊ ကိုယ်ပဲ အသံဖမ်း၊ ကိုယ်ပဲ ကင်မရာရိုက်၊ ကိုယ်ပဲတည်းဖြတ်နဲ့ အပတ်စဉ် ဆယ့်ငါးမိနစ်စာ သီးလေးသီး ဇာတ်လမ်းတိုတွေ ဖြစ်သလို ကြုံသလို ပင်ပင်ပန်းပန်း ရိုက်ခဲ့ရတယ်။ ဒါရိုက်တာကတော့ ဂေါ်ဇီလာပေါ့။ ဇာတ်လမ်းတွေက သူ့ဆရာ ကိုဇာဂနာ ထောင်ထဲကနေ ရေးရေးပို့တာ။ ကျွန်တော် ကိုဇာဂနာကို လေးစားတယ်၊ လူချင်းမတွေ့ဖူးပေမယ့် သူ့စိတ်ကူး အိုင်ဒီယာတွေကို သဘောကျတယ်။ သူရိုက်တဲ့ TVC တွေ သပ်ယပ်တယ်။ ဒါကြောင့် သူ့တပည့်တွေရဲ့ ဇာတ်လမ်းတိုတွေကို ကျွန်တော် ဝန်ထမ်းစိတ်ထက် စေတနာအပုံကြီးထား ဖြည့်ပေးခဲ့ပါတယ်။

၂၀၁၀ ဒီဇင်ဘာ ၃၁ မှာ ကျွန်တော့်သဘောဆန္ဒအရ ကျွန်တော် DVB ကထွက်ပြီး ဘူမိနက်သန်နေရာမှန် ဘန်ကောက်ကို တပ်ပြန်ခေါက်ပြီး အေးအေးလူလူပဲ ကိုယ်ပိုင် အက်ဒစ်စက်တစ်လုံး ထပ်ဆင်ပြီး အလွတ်တန်း အယ်ဒီတာဘဝနဲ့ ဆက်နေခဲ့ရင်း ဗမာပြည်ကို ခဏပြန်လာဖြစ်တယ်။ နဂိုကတည်းက အလွန်ရင်းနှီးပြီး ညီအစ်ကိုလိုခင်မင်တဲ့ ဝဏ္ဏကျော်တို့ လင်မယားက မနက်ကြီး ကျွန်တော့်ကို လက်ဖက်ရည်တိုက်ချင်ပါတယ်လို့ အိမ်လာခေါ်တယ်။ မတွေ့တာကြာတော့ တစ်ယောက်အကြောင်းတစ်ယောက် ပြန်မေးကြရင်း ဝဏ္ဏကျော်က ပြောလာတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးစီးလုပ်မယ့် freedom film festival မှာ သူ ဗော်လံဒီယာအဖြစ် ကူလုပ်နေတယ်၊ ကိုကြီးလည်း ဝင်ပြိုင်ပါ့လား ပြောလာတယ်။

ကျွန်တော် အဲဒီအကြောင်း မသိဘူး၊ နောက်ပြီး ဒီလိုပြိုင်ပွဲတွေလဲ မဝင်ဖူးဘူး။ ကိုယ့်အနုပညာကိုလည်း စင်ပေါ်တင်သူများနဲ့ ထိုးခိုင်းတာမျိုး ဖီလင်မရှိဘူးလို့ပြန်ပြောရင်း ကြုံတာနဲ့ ကျွန်တော်ကိုယ်တွေ့ ကြုံဖူးခဲ့ရတဲ့ တစ်နေမှာ အခြေအနေပေးရင် Short Film လေးဖန်တီးဖို့ အိမ်မက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတိုလေးကို ပါးစပ်နဲ့ ရိုက်ပြလိုက်တယ်။

ကျွန်တော် တာမွေ မအူကုန်း ၁၃၃ လမ်း အက်ဒစ်ခန်းမှာတုန်းက အရှေ့တိုက်က ကုလားအဖိုးကြီး နေ့စဉ် လက်ဖက်ရည်နဲ့ အီကြာကွေးထုတ်လေး ကြိုးနဲ့ဆွဲဆွဲတင်တာ၊ သူ့မြေးမလေးက မနက်ကျောင်းမသွားခင်ဝယ်ပြီး ချိတ်ချိတ်ပေးခဲ့တာ။ တစ်နေ့တော့ အဲဒီအဖိုးကြီးနေတဲ့ ၇ ထပ်မရောက်ခင် လက်ဖက်ရည်ထုတ်လေးက အောက်ထပ်က kiss me quick ပန်းပင်လေးနဲ့ ငြိပြီးပေါက်ကျသွားတာ အဖိုးကြီးခမျာ ဝမ်းနည်းပက်လက်။ ဒီဇာတ်တိုလေးကို ပါးစပ်နဲ့တင် ကဒ်တွေခွဲ လက်ဖက်ရည်ဆိုင်မှာရိုက်ပြတော့ ဝဏ္ဏကျော် တပ်ချုပ် မအိ က သဘောတွေကျသွားတယ်။

အပြန်မှာ ကျွန်တော် ဒီဇာတ်လေး ရိုက်ကြည့်မလား ဖီလင်ဝင်သွားပါလေရောပေါ့ဗျာ။ ဒါနဲ့ပဲ တစ်ပတ်လောက်ကြာတော့ ကျွန်တော် ဘန်ကောက်ပြန်ပြီး ရိုက်ကူးရေးအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေ ဝယ်ခြမ်း ရန်ကုန်ပြန်လာပြီး “ကြိုး” ဇာတ်လမ်းတိုလေး အသက်သွင်းဖို့ စိတ်ကူးတွေ နမိတ်ပုံတွေ၊ နေရာတွေလိုက်ကြည့် ကြောင်ရှာတဲ့အလုပ် လုပ်၊ အစစအရာရာ တစ်ဗွေထဲ run ဖြစ်ခဲ့ပါသည်။ ။

ဆက်လက်ဖော်ပြပါမယ်။ 

မင်းသိုက် 
နိုဝင်ဘာ ၄၊ ၂၀၁၄။ နေ့လယ် ၁၁:၅၆။

No comments: