အင်းစိန်ထောင်ကြီးထဲမှာ လူချစ်လူခင်များတဲ့ စနေသား တန်းစီးကြီးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူပေးဆပ်စရာတွေ ပေးဆပ်ပြီးလွတ်လာတော့ သူ့ထောင်တွင်း အတွေ့အကြုံတွေ ဇာတ်လမ်းပေါင်းစုံတွေကို ညည လက်ဖက်ရည်ဆိုင်ထိုင် ပြန်ပြောပြတာ နားထောင်ခဲ့ရဖူးတယ်၊ ခုတော့ သူလည်း ဆုံးပါးသွားရှာပါပြီ။
သူ့အတွေ့အကြုံတွေထဲက “ဘာဆိုလားပဲ လူတန်းစား” ထောင်တွင်း အသိုင်းအဝိုင်းအကြောင်း အလွန် စိတ်ဝင်စားစရာကောင်းတယ်။ အ.က.စ လို့ခေါ်တဲ့ အကျဉ်းဦးစီးဌာနရဲ့ဝန်ထမ်းတွေ ဘဝမဖူလုံလို့ အကျဉ်းသားတွေဆီက တောင်းစားနေရတာတွေ၊ အကျဉ်းသားတချို့ကို ကိုးကွယ်ကြရတာတွေထဲကမှ ရွှေနားကွပ် အိန္ဒိယမိတ် ပိတ်ဖြူပုဆိုး ဝတ်၊ မြင်းခေါင်းတံဆိပ် စွပ်ကျယ်လက်စကနဲ့ ကတ္တီပါဖိနပ်စီး၊ စီးကရက်ဘူးကိုင် မီးခြစ်ခါးထိုး၊ ရေသန့်ဘူး တစ်သျှူးသုံးကြတဲ့ “ဘာဆိုလားပဲ ” လူတန်းစားရှိခဲ့လေသတဲ့။
အနှီး ဘာဆိုလားပဲ လူတန်းစားတွေဟာ အမှုပေါင်းစုံနဲ့ ကျလာတဲ့သူတွေထဲကမှ မ/ယ လို့ခေါ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေများသတဲ့။ နာမည်ဆိုးနဲ့ကျော်စောတဲ့ အင်းစိန်ထောင် အဆောင်(၂) တိုးချဲ့ (၃) ဆောင်ဟာ အင်းစိန်ထောင်ရဲ့ ချိုင်းနားတောင်းလို့တောင် တွင်ခဲ့ဖူးဆိုပဲ။
ညနေ ညနေ အဆောင်မပိတ်ခင် ချိုင်းနားတောင်း
အကျဉ်းသား ဘာဆိုလားပဲတို့က ညစာစားဖို့ စားကောင်းသောက်ဖွယ်တွေကို အ.က.စ ဝန်ထမ်းတွေကို ကြိုမှာထားတယ်။ ရွှေဘဲက ဘဲကင်၊ ရွှေပုဇွန်က ဖာလူဒါ၊ ကျားစီးချင်ရင် ကျား (ကျားဆိုတာ အရက်ကိုပြောတာ)၊ ထောင်တွင်း ၁-၂-၃ လုံး လောင်းကစားအစုံကလဲ ဘာဆိုလားပဲ ကိုကိုတွေက ဒိုင်ချုပ်ထားတာ။
ထောင်ထဲမှာ ငွေစက္ကူတစ်ရွက် ကိုင်တာတွေ့ရင်တောင် တိုက်ပိတ်ခံရတဲ့အချိန် သူတို့ကတော့ ထောင်တန်အလိပ်လိုက် ကိုင်သုံး၊ အချိုးမပြေတဲ့ အဆောင်မှူး၊ ထောင်မှူးကိုတောင်နေရာရွှေ့ပစ်လိုက်နိုင်သူများ၊ အင်းစိန်ထောင်ထဲ “ဘောက်ချာ” လို့ခေါ်တဲ့ သာမန် အပ်ထည်အကျဉ်းသားတွေက “ပါမွှား”၊ “ဘာဆိုလားပဲ” ဆိုတဲ့ ဘသားချောတွေကမှ “စတား” တဲ့။
စနေသား တန်းစီးကြီး ကြုံဆုံတွေ့ခဲ့ရဖူးသော ဘာဆိုလားပဲ စတားတွေထဲကမှ မူးယစ်ရောင်းဝယ် ဖြန့်ဖြူးသူ တရုတ်လူမျိုးလေးတစ်ယောက်အကြောင်း အတော် စိတ်ဝင်စားစရာကောင်းတယ်။ ဒီတရုတ်လေး အမှု ရင်ဆိုင်နေစဉ်ကထဲက အဆောင် (၂) တိုးချဲ့ (၃) မှာနေလာတာ ၁ နှစ်ကျော်ကြာတော့ စနေသားတန်းစီးကြီးနဲ့ အတော်လေးရင်းနှီးခဲ့သတဲ့။ နောက်ဆုံး အမိန့်ချလိုက်တော့ တရုတ်လေး ၂၅ နှစ် ပြစ်ဒဏ်ကျခံရရှာတယ်။ တရားရုံးကပြန်လာတော့ တရုတ်လေး အေးဆေးပဲ ပျော်ပျော်ရွှင်ရွှင်ပဲတဲ့၊ အယူခံတောင် မတက်ဘူးတဲ့။
ဒီလိုနဲ့ ၂ လလောက်ကြာတော့ နှစ်ကြီးအကျဉ်းသားတွေထဲကတစ်ချို့ကို တပ်က ပေါ်တာအဖြစ်သုံးဖို့ အ.က.စ ရုံးကို အမိန့်ကျလာတယ်။ အဲဒီ စာရင်းထဲမှာတရုတ်လေးနာမည်က ထိပ်ဆုံးကပါသတဲ့။ အကျဉ်းသားတစ်ယောက် ရှေ့တန်းပေါ်တာ ပါသွားရင် သေရွာသွားရသလိုပဲ၊ သေလူအဖြစ် သတ်မှတ်လိုက်ကြတာ၊ များသောအားဖြင့်တော့ ပေါ်တာကို သေဒဏ်ကျခံရတဲ့သူတွေကိုသာ ရွေးခေါ်လေ့ရှိတာ၊ တရုတ်လေးပါသွားတော့ စနေသား တန်စီးကြီး အတော်စိတ်မကောင်းဖြစ်သတဲ့၊ မျက်ရည်တောင် ကျသတဲ့။
အရှင်လတ်လတ်ကြီးခွဲခွာသွားတဲ့ တရုတ်လေး လက်ပြ ထွက်သွားပြီးနောက် ၆ နှစ်ခန့်ကြာတော့ စနေသားတန်းစီးကြီးလည်း ပြစ်ဒဏ်တွေလွတ်ငြိမ်းပြီး အရပ်ထဲ ပြန်ရောက်လာတယ်။
တနေ့ကျတော့ စနေသားကြီး မြို့ထဲ အလည်အပတ်ထွက်ရင်း ဗြုန်းခနဲ အရှင်လတ်လတ် လမ်းခွဲသွားလေသူ တရုတ်လေးကို ပြန်ဆုံတွေ့တော့ အံ့သြမှင်သက်၊ တရုတ်လေး ကားကြီးကားခန့်နဲ့ သူ့သမီးလေး သူ့မယားလေးနဲ့၊ စနေသားကြီးကို ကားပေါ်ခေါ်တင်ပြီး ပန်းဆိုးတန်း ရွှေဘဲမှာ ဗိုက်ကားအောင် ပြုစုကျွေးမွေးဆိုပဲ။
ပြန်ပြောပြနေရင်းတန်းလန်း စနေသားတန်းစီးကြီးက စကားဖြတ်ပြီး ဆေးပေါ့လိပ်လေးဖွာ၊ ရေနွေးငှဲ့သောက်နေပြန်တော့ နားထောင်သူ ကျွန်တော်တို့ အားမလိုအားမရ ဘာတုန်းဟ့ပေါ့၊ ကျွန်တော်ကပဲ စိတ်မရှည်စွာ “ဟ့ ဘကြီးကလည်း ကောင်းခန်းရောက်မှ ရှေ့ဆက်အုန်းလဗျာ တရုတ်လေး ဘယ်ပုံ ဘယ်နည်းနဲ့ သာယာသွားတာတုန်းဗျ”
“အင်း... ဘကြီးလဲ တန်းစီးသာဖြစ်တာ ဂွင်ပါးဝသူတော့မဟုတ်တော့ ထိုစဉ်က ဒီဂွင်တွေ ဘယ်သိအုံးမှာတုန်း၊ တန်းစီးဆိုတာလဲ လူဆိုးလူမိုက်လို့သာ အများကထင်နေကြတာ တကယ်တော့ တန်းစီးဆိုတာ အကျဉ်းသားနဲ့ အကျဉ်းဦးစီး ဝန်ထမ်းတွေကြား ပေါင်းကူးတံတားလိုပါပဲ၊ သမာသမတ်ကျရမယ် မျှတရမယ် ကိုယ့်အခန်းထဲက အကျဉ်းသားအပေါ် ငဲ့ညှာသနားတတ်ရမယ်၊ ဒီလိုလူမျိုးကသာ တန်းစီး ရာထူးမြဲတာ။
ဒီလိုကွ... စစ်တပ်က ပေါ်တာဆိုပြီး အကျဉ်းသားတွေခေါ်သုံးတာ အမြဲတော့မဟုတ်ဘူး၊ တစ်နှစ်တစ်ခါတောင် တိုက်ပွဲကြီးတွေကြီးမှ၊ ဒါပေမယ့်… ဘဘကြီးတို့နဲ့ ပိုင်လို့ “မလှိုင်” ဆို့နိုင်ရင်တော့ ကွက်ကျား ပေါ်တာ ပေါ်တယ်၊ အကျဉ်းသားကို ပေါ်တာအဖြစ်ခေါ်ပြီဆိုတာနဲ့ ရဲဘက်နဲ့မဆိုင်ဘူးနော် အဲဒီ ပေါ်တာအကျဉ်းသားဟာ အကျဉ်းဦးစီးဌာနနဲ့ ဘာမှမဆိုင်တော့ဘူး၊ သူ့ ရာဇဝတ်မှတ်တမ်းတွေကအစ တပ်ကို အပြီးအပ်လိုက်ရတော့တာ၊ သေသူအဖြစ် သတ်မှတ်လိုက်ရတော့တာ...။
အဲ... အဲဒီအထဲကမှ တရုတ်လေးတို့လို ဘာဆိုလားပဲ လူတန်းစား အကျဉ်းသားတွေကတော့ ရှေ့တန်း စစ်မျက်နှာအထိမပါဘဲ နောက်တန်း တပ်ထဲမှာပဲ တပ်ရေးဗိုလ်ကြီးအိမ်မှာ နေ စား ဈေးသွားနဲ့ သာသာယာယာပဲ၊ ဒီလိုနဲ့ တပ်ထဲမှာ လေးငါးရှစ်လတော့ ဥနေပြီးရင် ရှေ့တန်းတိုက်ပွဲမှာ တပ်ပေါ်တာကို ရန်သူက ဖမ်းသွားတယ်တို့၊ တောထဲမှာ ဒဏ်ရာအပြင်းအထန်နဲ့ ကျန်ရစ်ခဲ့လေသည်တို့လို့ ဇာတ်ညွှန်းကောင်းလေးတွေနဲ့ ဇာတ်သိမ်းစာရင်းသွင်းပေးလိုက်ပြီး သွားလိုရာ သွားပေတော့ပေါ့ကွာ၊ ခပ်ပြင်းပြင်းတော့ ဂါ ရတာပေါ့ကွယ်...” ဟု စနေသား တန်းစီးဘကြီးတစ်ယောက်မှ ရှင်းပြရင်း သက်ပြင်းရှည်ကြီးချလိုက်ချိန်မတော့...
တိုက်တိုက်ဆိုင်ဆိုင် အဝေးဆီမှ ညသံချောင်းခေါက်သံ ၁ ချက်ကြားလိုက်ရချိန်မှာပဲ... တန်းစီးကြီး ပါးစပ်မှ ယောင်ယမ်း၍ “အားလုံးကောင်းပါသည်ခင်ဗျ” ဆိုသော အသံနက်ကြီး ကျယ်လောင်စွာ ထွက်လာလေတော့သတည်း။
ဘကြီး ရောက်ရာဘုံဘဝမှာ တန်းစီးကြီးဖြစ်နိုင်ပါစေ။ ။
အောက်တိုဘာ ၂၄၊ ၂၀၁၄
နေ့ခင်း ၁၂ နာရီ ၅၀ မိနစ်။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment