Tuesday, September 16, 2014

ပျောက်ဆုံးနေတဲ့ ရတနာ (ကိုညို)

“ဖေဖေ... ဂိုဒေါင်ထဲက သမီးစက်ဘီးလေး မရှိတော့ဘူး” 

အလုပ်ကအလာ အိမ်တံခါးဝအရောက် ဆီးပြောလိုက်တဲ့ သမီးစကားကြောင့် အမောဆို့သွားတယ်။ လွန်ခဲ့တဲ့ ၂ ရက်ကပဲ မိသားစု စက်ဘီးစီးထွက်ကြသေးတယ်။ အပြန် သမီးဘီးကို သော့ခတ်မခတ် သတိမထားမိခဲ့။ အခုတော့ ကိုယ့်သတိလက်လွတ်မှုကြောင့် သမီးရဲ့မွေးနေ့လက်ဆောင် စက်ဘီးအသစ်လေး ပါသွားပြီ။ 

အပတ်မင့်တိုက်ခန်းတွေရဲ့ အများသုံးစတိုခန်းဂိုဒေါင်လေးမှာ အိမ်တိုင်းနီးပါးက မိမိအကန့်နဲ့မိမိ စက်ဘီးတွေ တန်းစီ သိမ်းဆည်းလေ့ရှိတယ်။ ဆောင်းတတွင်းလုံး ဘီးမစီးနိုင်လို့ သော့ခတ်သိမ်းခဲ့ပေမယ့် နွေဦးပေါက်လာရင် လူတိုင်း ကိုယ့်စက်ဘီးတွေ ပွတ်တိုက်မွန်းမံပြီး ပြန်အသုံးပြုလာတယ်။ 


လွန်ခဲ့တဲ့ ၆ နှစ် ကျနော်တို့ အော်စလိုရောက်စက စက်ဘီးတွေ ဂိုဒေါင်ထဲ ဒီအတိုင်းထားနေကျ။ တခြားလူတွေလည်း ကိုယ့်လိုပါပဲ။ ဒါပေမယ့် နောက်၂ နှစ်လည်းကြာရော သားရဲ့စက်ဘီး ဖင်ထိုင်ခုံလေး ပျောက်သွားတယ်။ တခြား အိမ်နီးနားချင်းတွေရဲ့ဘီးတွေလည်း ပျောက်တယ်လို့ ပြောကြတယ်။ အပတ်မင့်န့်မှာလည်း လူသစ်တွေ၊ မျက်နှာစိမ်းတွေ များလာတာ သတိထားမိတယ်။ နွေရာသီ အားလပ်ရက်မှာ အပျောက်အရှ များတယ်။ နော်ဝေးနိုင်ငံသားအများစုဟာ နွေအားလပ်ရက် တလမှာ နိုင်ငံအပြင်ဘက် ခရီးထွက်လေ့ရှိတယ်။ နေရောင်ခြည် အပြည့်အဝရပြီး နွေးထွေးတဲ့ရာသီဥတုမို့ နိုင်ငံရပ်ခြားက ဧည့်သည်တွေလည်း လာလည်တတ်တယ်။ 

ဥရောပနိုင်ငံတွေဆိုတော့ ဗီဇာ မလိုဘူးလေ။ နွေရောက်ပြီဆို ခါးပိုက်နှိုက်၊ လုယက်မှု၊ ဖောက်ထွင်းမှု၊ အဓမ္မကျင့်မှုတွေ ခပ်စိတ်စိတ် ဖြစ်တတ်တယ်။ အများအားဖြင့် အရှေ့ဥရောပက ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား အပါအဝင် နိုင်ငံငယ်တချို့က လက်ယဉ်နေတဲ့ သူခိုး ဓားပြဂိုဏ်းတွေ အုပ်လိုက်၊ အဖွဲ့လိုက် ရောက်လာတတ်တယ်။ ရဲမှတ်တမ်းတွေအရ အဲဒီနိုင်ငံက ဝင်ရောက်လာသူတွေက ရာဇဝတ်မှု ပိုကျူးလွန်တယ်လို့ ဆိုတယ်။ အော်စလို ရဲမှတ်တမ်းအရ နှစ်စဉ် ခိုးမှု လုယက်မှု အမှုတသောင်းခွဲကျော်ရှိသတဲ့...။ အခုနှစ် ၂၀၁၄ ခု ပထမ ၆ လအတွင်းမှာပဲ ရဲအမှုရဲ့ ၃၀ ရာခိုင်နှုန်းလောက်ဟာ ခိုးမှု၊ လုယက်မှုတွေတဲ့...။ 

ကျနော်တို့ နော်ဝေးနိုင်ငံမလာခင် ကြိုတင်ပြီး နော်ဝေးအကြောင်းသိထားဖို့ ရည်ရွယ်ချက်နဲ့ တပတ်ကြာ ပဏာမ သင်တန်းလေးတခု တက်ရတယ်။ နော်ဝေးနိုင်ငံသား သင်တန်းဆရာက နော်ဝေးနိုင်ငံဟာ ငြိမ်းချမ်းတယ်၊ အကြမ်းဖက်မှု မရှိ၊ သူခိုး မရှိတဲ့။ အိမ်တွေကို သော့ခတ်စရာတောင် မလိုဘူးတဲ့။ ကျနော်တို့က ဒါဆို ချင်းတောင်လိုပဲပေါ့လို့တောင် နောက်လိုက်သေးတယ်။ ချင်းတောင်မှာလည်း အိမ်တွေကို သော့မခတ်ဘူး၊ သစ်သား မင်းတုံးလေး ကလန့်ထားတာပဲရှိတယ်။ ချင်းစကားမှာ သော့ဆိုတဲ့ ဝေါဟာရတောင် မရှိဘူး။ နောက်ပိုင်း ဗမာလို သော့လို့ခေါ်တာမျိုး၊ ကုလားစကား ကျာဗီး (သော့)ကို မွေးစားလိုက်တာပဲရှိတယ်။ ဟိုတုန်းက သူခိုးမှ မရှိတာ။ 

ကျနော်ငယ်ငယ်က ( ၁၉၆၀-၁၉၇၀ မဆလ ခေတ်ဦးပိုင်း)တုန်းက ရပ်ကွက်ထဲ သူခိုး မရှိဘူး။ အဝတ်အစား မရုတ်၊ စက်ဘီး သော့မခတ်ဘဲ ထားလို့ရတယ်။ အိမ်တံခါးဖွင့်ပြီး ညအိပ်တာ။ ကျနော်တို့ အပြင်ထွက်လည်ရင် အမေက နီးရာ အိမ်နီးချင်းတယောက်ကို “အိမ်လေး ခဏကြည့်ထားလိုက်ပါအုံး၊ ဘယ်သူမှမရှိကြဘူး ညနေမိုးချုပ်မှ ပြန်ရောက်မယ်” လို့ လှမ်းအော် ဟစ်မှာထားလိုက်တာပဲ။ ခြံတံခါး သော့မခတ်ဘူး။ ခြံလုံဖို့ ခွေးတောင်မမွေးဘူး။ နောက်ထပ်လွမ်းစရာတခုက အမေက အိမ်မှာ ဟင်းကောင်းချက်ရင် အိမ်းနားနီးချင်းတွေကို လိုက်ဝေငှတာပါ။ တခြားအိမ်တွေကလည်း ဟင်းဖလှယ်တတ်တယ်။ ငယ်ငယ်က ကျနော်တို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ တယောက်နဲ့တယောက် ရိုင်းပင်းကူညီရုံတတ်တဲ့ လူမှုဝန်ထမ်းစိတ်ဓာတ် ဆိုရှယ်အသိစိတ်တွေ ရှိပြီးသားပါ။ အိမ်ခေါင်မိုးပြင်မယ်ဆို အိမ်နီးနားချင်းတွေ လာကူတယ်၊ ရေတွင်းဆယ်လည်း ဝိုင်းကူတယ်။ 

အရွယ်ရောက်လို့ ၁၉၈၀ ဝန်းကျင်လောက်မှာ ကျနော်တို့ငယ်ငယ်ကထက် ဆိုးရွားတဲ့ စီးပွားရေးအနေအထားကို ကြုံရတယ်။ ရပ်ကွက်ထဲကလူတွေ အရင်လို တောက်တောက်ပပဝတ်စားပြီး သနပ်ခါး ခြေဆုံးခေါင်းဆုံးနဲ့တောင် မတွေ့ရတော့ဘူး။ လူတိုင်းကိုကြည့်လိုက်ရင် မောဟိုက်နွမ်းနယ်နေပုံပဲ။ မျက်နှာတွေလည်း ပူပန်သောကစိတ်တွေနဲ့။ အရွယ်ရောက်လာတဲ့ ကျနော်တို့ညီအကိုတတွေ မိသားစုဝင်ငွေရဖို့ ရတဲ့အလုပ်ရှာလုပ်ကြတယ်။ ရပ်ကွက်ထဲမှာ လူဟောင်းတွေ မရှိသလောက်ဘဲ၊ မျက်နှာစိမ်းတွေ များလာတယ်။ တယောက်နဲ့တယောက် မေးထူးခေါ်ပြောတောင် နှုတ်မဆက်ကြ။ နောက်ပိုင်း ကျနော်ကြီးပြင်းတဲ့ကာလတလျှောက် ခေတ်ဆိုးကြီးကို နင်းဖြတ်လာခဲ့ရတယ်။ ကိုယ့်ဖာသာကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုယ်ယူ၊ ကိုယ်ဖြစ်ကိုယ်ခံ။ လူ့အဖွဲ့အစည်းနဲ့ မိမိအကြား မိသားစုပုံစံ ဆက်ဆံရေးလေး ကျနော်တို့နဲ့ဝေးနေတာ အတော်ကြာပြီ။ မိတ်ဆွေစစ်ဆိုတာ ရှားပါးကုန်လို ဖြစ်သွားတယ်။ 

နော်ဝေးရောက်တော့ ပျောက်ဆုံးနေတဲ့အရာတွေ ပြန်ရလိုက်တယ်။ မိသားစုအပြင်ထွက်ရင် အိမ်နီးနားချင်းတွေက ပျူပျူငှာငှာ ဝိုင်းဝန်းနှုတ်ဆက်ကြတယ်။ လူတိုင်းလူတိုင်း လမ်းမှာ မျက်နှာချင်းဆုံမိရင် “ဟယ်လို” “ဟိုင်း” လို့ နှုတ်ဆက်တတ်တယ်။ ကိုယ်နဲ့မမြင်ဘူး၊ မသိကျွမ်းဘူးဆိုရင်လည်း နွေးနွေးထွေးထွေး အဲလိုနှုတ်ဆက်တတ်တယ်။ အနိမ့်ဆုံးအဆင့် ပြုံးပြတတ်တယ်။ အကူအညီလိုရင် တောင်းလို့ရတယ်။ မသိတာမေးရင် စိတ်ရှည်ရှည်ထား ရှင်းပြတယ်။ ကျနော်တို့ရောက်ပြီး တပတ်အကြာ ရပ်ကွက်ထဲက ဘုရားကျောင်းကို ကျနော်တို့ မိသားစုသွားတက်တယ်။ နောက်နေ့မှာ ဘုရားကျောင်းက လူကြီးတွေ ကျနော့်ဆီခွင့်တောင်းပြီး အိမ်လာလည်တယ်။ အိမ်မှာလိုအပ်တဲ့ ပရိဘောဂ စားပွဲ၊ ကုလားထိုင်၊ ဆက်တီဆိုဖာတွေလိုချင်ရင် လိုက်ကြည့်ဖို့ ပြောတယ်။ သူတို့ကားတွေနဲ့ အိမ်အထိပို့ပေး၊ သယ်ပေးတယ်။ အသားအရောင်၊ ဘာသာလူမျိုး၊ ဆင်းရဲချမ်းသာ ခွဲခြားပြီး ကူတာမဟုတ်၊ လူတိုင်းကို အခက်အခဲရှိရင် အချိန်မရွေး ကူညီတတ်တာ နော်ဝေးလူမျိုးတွေရဲ့ စိတ်သဘောထားအမှန်ပါ။ 

မြို့ထဲနဲ့ ဘူတာရုံတချို့မှာ မူးယစ်ဆေးစွဲပြီး တောင်းစားနေသူတချို့ရှိတယ်။ သူတောင်းစားလို့သာ ဆိုတယ်၊ ပါးစပ်ကလည်း မတောင်းဘူး၊ ခွက်ကလေးရှေ့ချပြီး ငိုက်မြည်းနေတာ၊ တခါတလေ မိန်းမောလဲလျောင်းနေတတ်တာမျိုးပါ။ ပေးချင်တဲ့လူက လှုပ်နှိုးပြီး ဘာစားချင်သလဲ၊ ဖျော်ရည်သောက်မလား၊ ပေါင်မုန့်စားမလား မေးမြန်းပြီး သောက်ချင်၊ စားချင်တယ်ဆို အနီးအနားဆိုင်ကနေဝယ်ပြီး ပေးထားခဲ့တယ်။ 

ကျနော်တို့ အော်စလိုမှာ လမ်းမသိရင်၊ လိပ်စာရှာမရရင် နီးရာလူတယောက်ယောက်ကို အကူအညီတောင်းကြည့်၊ သူ့အလုပ်ကိုဘေးဖယ်ပြီး ချက်ချင်းကူညီတယ်။ လိုက်ပို့တယ်။ အားနာစရာကောင်းအောင်ကို ကူညီတတ်တယ်။ ဒါ ကျနော်တို့ ရောက်စကကြုံခဲ့ရ၊ မြင်ခဲ့ရတဲ့ မြင်ကွင်း။

မြို့ပေါ်မှာ ညကြီးအချိန်မတော် လူခြေတိတ်လည်း အမျိုးသမီးတယောက်တည်း သွားလာရဲတယ်။ ဘာပြဿနာမှ မရှိ။ အော်စလိုရဲဆိုတာ သေနတ်ကိုင်ဖူးရဲ့လားလို့ မေးခွန်းထုတ်ချင်စရာပါ။ လက်ထဲမှာ တုတ်ကိုင်တာတောင် မတွေ့ရဘူး။ ၉/၁၁ နယူးယော့ခ်မြို့ မျှော်စဉ်ညီနောင် တိုက်ခိုက်မခံရခင်က နော်ဝေးဝန်ကြီးချုပ်က ပါလီမန်ကို စက်ဘီးစီးတက်သတဲ့။ တခြားဝန်ကြီးတွေလည်း မက်ထရိုရထားစီး၊ ဘတ်စ်ကားစီး ရုံးတက်တာပဲ။ လွန်ခဲ့တဲ့ နှစ်တွေက နော်ဝေးဘုရင်တောင် သူ့နန်းတော်ကနေ မြို့ထဲ အမျိုးသားကဇာတ်ရုံကို ခြေကျင်လျှောက်လာဖူးသတဲ့။ 

၂၀၁၁ ဇူလိုင်၂၂ ရက်မှာ နော်ဝေးလူမျိုး အကြမ်းဖက်ဗုံးခွဲသမား အန်ဒါဘဲ့ဒင်းဗရယ်ဘစ်ခ် ဆိုတဲ့ လက်ျာအစွန်းရောက် ခရစ်ယာန်ဝါဒီ လူငယ်တယောက်က အော်စလိုမြို့လည်ခေါင် ဝန်ကြီးများရုံးကို ပြင်းထန်တဲ့ဗုံးတွေ ဖောက်ခွဲခဲ့သလို၊ ထိုစဉ်က အာဏာရ လေဘာပါတီရဲ့ လူငယ်ကေဒါများ စခန်းဖွင့်ထားတဲ့ ဥဒိုရာကျွန်းက လူငယ် ၈၀ နီးပါးကို သွေးအေးအေးနဲ့ ပစ်ခတ်လုပ်ကြံခဲ့တယ်။ နော်ဝေးအစိုးရကျင့်သုံးတဲ့ လူမျိုးစုံ ဘာသာစုံ တန်းတူညီတူ နေထိုင်ရေးမူဝါဒကို ဆန့်ကျင်ပြီး ဥရောပတလွှား ခြိမ်းခြောက်လာတဲ့ မွတ်စလင်ဦးရေ ကြီးထွားမှု၊ အကြမ်းဖက်ခြိမ်းခြောက်မှုကို အခြေခံတာဖြစ်တယ်။ ကြွယ်ဝချမ်းသာသလို ငြိမ်းချမ်းတည်ငြိမ်တဲ့ နော်ဝေးနိုင်ငံဟာ တကယ်တမ်း အကြမ်းဖက် ဖောက်ခွဲမှုနဲ့ကြုံရတဲ့အခါ ရဟတ်ယာဉ်၊ စက်လှေ၊ လက်နက် အဆင်သင့်မရှိတဲ့ ပြဿနာတောင်ကြုံခဲ့ရလို့ နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်ပြီး အဝေဖန်ခံခဲ့ရတယ်။ နော်ဝေး လူအဖွဲ့အစည်းကြား သိသိသာသာပြောင်းလဲသွားတဲ့ အရာကတော့ ပြည်ပနိုင်ငံတွေက လာရောက်နေထိုင်သူတွေအပေါ်၊ အထူးသဖြင့် မွတ်စလင်နိုင်ငံတချို့က လာရောက်သူတွေအပေါ် ယခင်ကလို နွေးထွေးဖော်ရွေမှု မပြတော့တာပဲဖြစ်တယ်။ 

အခုနှစ် ၂၀၁၄ ဇူလိုင်လမှာလည်း ဆီးရီးယားအကြမ်းဖက်အဖွဲ့တွေ ဖောက်ခွဲမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လို့ အော်စလိုတမြို့လုံး ထိတ်ထိတ်ပြာပြာဖြစ်ခဲ့တယ်။ လေယာဉ်ကွင်းမှာ နိုင်ငံကူးလက်မှတ်တွေ သေချာစစ်ဆေးတာ၊ မသင်္ကာလို့ ခေါ်စစ်ဆေးတာတွေ ဖြစ်လာတယ်။ 

အခုဆိုရင် အော်စလိုဟာ ကျနော်တို့ရောက်စ အော်စလိုနဲ့လည်း မတူတော့ပါ။ မျက်နှာစိမ်းဖြစ်ပလေ့စေလမ်းတွေ့ရင် “ဟိုင်း” “ဟယ်လို” ဆိုတဲ့ နှုတ်ဆက်သံနဲ့ အပြုံးတွေလည်း မမြင်ရတာ ကြာသွားပါပြီ။ လူသားချင်း ခွဲခြားဆက်ဆံမှုတွေ တနေ့တခြား ပေါ်လွင်လာတယ်။ သူတောင်းစားတွေကိုလည်း အမြစ်ဖြတ်ဖို့ လုပ်နေပါပြီ။ မြို့ထဲ ပတ္တရောင်လှည့် ရဲတွေကို သေနတ်တွေနဲ့ မြင်ရတတ်တယ်။ အော်စလို အပါအဝင် မြို့ထဲက လူစည်ကားတဲ့မှတ်တိုင်တွေနား ရောက်ခါနီးရင် ဘတ်စ်ကားပေါ်၊ ရထားပေါ်က “အခု အော်စလိုဘူတာ ရောက်လာပါပြီ၊ ခါးပိုကနှိုက်များ သတိပြုပါ” ဆိုတဲ့ ကြေငြာသတိပေးမှုတွေတောင် ကြားရတတ်ပါတယ်။ 

ကျနော်ငယ်ငယ် ချစ်ကြည် ငြိမ်းချမ်း၊ ပျော်စရာ ရပ်ကွက်ထဲက ရတနာကို စနစ်ဆိုးရဲ့ ဆင်းရဲခြင်းမုန်တိုင်းက လုယူသွားခဲ့တယ်။ ကမ္ဘာ့နေချင်စရာအကောင်းဆုံး နံပါတ်တစ် ထိပ်တန်း နော်ဝေးနိုင်ငံမှာ ဘဝ အသစ်ပြန်စဖို့ ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ရတနာလေးကျပြန်တော့ တခဏအတွင်းမှာပဲ အစွန်းရောက် အကြမ်းဖက်မုန်တိုင်းက လုယူသွားတယ်။ ကျနော်တို့ငယ်ငယ်က ငြိမ်းချမ်းလှပတဲ့ ဘဝအတွေ့အကြုံတွေဟာ နောင်မျိုးဆက်သစ်တွေအတွက် ယုံတမ်းပုံပြင်တွေအဖြစ် သတ်မှတ်ခံရမှာလား။ ကျနော်တို့ ငတ်မွတ်တဲ့ ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေး၊ သာတူညီမျှရေးဆိုတာ ကြွေးကြော်သံအဆင့်မှာတောင် မရှိတော့ပါလား...။ 

ကိုညို (အော်စလို) 
၀၃ စက်တင်ဘာ ၂၀၁၄ 

ဓာတ်ပုံ - ၂၀၀၉ ခုနှစ် ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှုမှ အစ္စလမ်မစ်ပါတီဝင် တိုက်ခိုက်ရေးသမားများ လေ့ကျင့်နေစဉ်။ (အေပီ) 

(ဒီအပတ်ထုတ် တူမောရိုးဂျာနယ်ပါ ဆောင်းပါး) 

 

No comments: