Sunday, August 3, 2014

ကိုကိုးကျွန်းမှာ အနီရောင်လွှမ်းခဲ့စဉ်က - ဖိုးသံ (လူထု)

၁၉၆၉ ခုနှစ်၊ ကိုကိုးကျွန်းပေါ်ကိုရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသမားတွေထဲမှာ တချို့က နာကြည်းချက်၊ တချို့က ဒေါသ၊ တချို့က လွမ်းဆွတ်မှု၊ တချို့က ကြောက်ရွံ့မှု၊ တချို့က စူးစမ်းလိုမှု၊ တချို့က စွန့်စားလိုမှု စသဖြင့် ခံစားချက်အမျိုးမျိုး ပါလာကြပါတယ်။ လူတယောက်ထဲမှာကိုပဲ တမျိုးမက ပါလာတာတွေ ရှိပါတယ်။ 

အဲဒီလို နိုင်ငံရေးအကျဉ်းသားတွေဟာ ကျွန်းပေါ်ကို ခြေချလိုက်တယ်ဆိုတာနဲ့ သူတို့ လုံးဝ ထင်မထားတဲ့၊ ဗမာနိုင်ငံသမိုင်းမှာ မရှိခဲ့ဖူးတဲ့ ထောင်စနစ်တခုနဲ့ ဝင်ဆောင့်ပါတယ်။ လူတွေကို သဲသောင်ပြင်ပေါ်မှာ နေလှန်းထိုင်ခိုင်းပြီး ကိုယ်ထူကိုယ်ထလုပ်ရမယ်လို့ အကျဉ်းထောင် အထူးအရာရှိ ဗိုလ်ထွန်းရင်လောက မိန့်တဲ့အခါ ကျွန်တော့်တဦးချင်းရဲ့ခေါင်းထဲမှာတော့ ဒါဟာ ငုံ့ခံနေရမယ့်ဟာ မဟုတ်ဘူးလို့ပဲ တခါတည်း တေးထားလိုက်မိပါတယ်။ 


ဒီလိုနဲ့ ထောင်ထဲ၊ အဆောင်တွေထဲကိုရောက်လာတဲ့အခါကျတော့ ပိုပြီ ထင်မထားတာတွေကို တွေ့ရတော့တာပါပဲ။ အဲဒါကတော့ တဆောင်နဲ့တဆောင် ၂၄ နာရီ ကြိုက်သလို သွားလာခွင့်ရတာ၊ ကိုယ်ပြည်မက ပါလာတဲ့ စာအုပ်နဲ့ပစ္စည်းတွေ ကိုယ်နဲ့မကွာရှိနေတာ၊ ရေဒီယိုသတင်းနားထောင်ခွင့်ရတာ၊ ဘော်လီဘောနဲ့ တင်နီကွိုက် ခေါ် ကြက်ပေါင်ကွင်းတွေ ကစားဖို့ထုတ်ပေးတာ စတာတို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဒါတွေဟာ ကိုယ်ထူကိုယ်ထ လုပ်ရတာကြောင့် လိုက်လျောထားတာတွေဖြစ်တယ်ဆိုတာကို မမေ့ကြပါဘူး။ 

မကြာလိုက်ပါဘူး။ ရောက်ပြီးလို့ တလကျော်လောက်ပဲ ရှိဦးမယ်ထင်ပါတယ်။ အာဏာပိုင်တွေပေးတဲ့ ငါးပိပုပ်တွေကို မစားနိုင်၊ လက်မခံနိုင်ကြောင်းဖော်ပြပြီး တိုက်ပွဲဝင်ကြပါတယ်။ ကျွန်းပေါ်မှာ ပထမဆုံးတိုက်ပွဲပါ။ အစာငတ်ခံ တိုက်ပွဲဝင်ကြပါတယ်။ ကျွန်တော်တို့ဘက်မှာ အမှန်တရားရှိမှု၊ အကျဉ်းသားအားလုံး စည်းလုံးညီညွတ်မှုနဲ့ အာဏာပိုင်တွေဘက်မှာ အကျပ်အတည်းတွေရှိနေမှုတို့ကြောင့် တိုက်ပွဲဝင်လို့ တပတ်မပြည့်ခင်မှာပဲ ကျွန်တော်တို့ အောင်ပွဲရလိုက်ကြပါတယ်။ 

ကိုကိုးကျွန်းပေါ်ရောက်ပြီးလို့ ဗွေဆော်ဦးတိုက်ပွဲကို အောင်ပွဲခံလိုက်ရပြီးတဲ့နောက် ဧပြီလ သင်္ကြန်ကိုရောက်တယ်ဆိုတာနဲ့ ကျွန်တော်တို့တတွေ ပွဲကြီးလမ်းကြီး ခင်းပစ်လိုက်ကြပါတယ်။ တီးဝိုင်း-အဆို အကတွေ၊ အငြိမ့် ပြဇာတ်တွေနဲ့ ရဲနီတွေက တည၊ ကျွန်တော်တို့က တည စင်တင်ဖြေဖျော်ပွဲကြီးတွေ ဝှဲချီးကျင်းပကြပါတယ်။ တူရိယာပစ္စည်းမျိုးစုံအပြင် ဆလိုက်မီးတွေနဲ့ တင်ဆက်ကြတဲ့ အစီအစဉ်တွေပါ။ သူ့ပွဲ ကိုယ်အားပေး၊ ကိုယ့်ပွဲ သူအားပေး၊ တကယ်ကို စည်ကားသိုက်မြိုက်တဲ့ပွဲတွေ ဖြစ်ပါတယ်။ အုန်းထမင်း၊ အုန်းနို့နနွင်မကင်းတွေကလည်း ထောင်ထဲမှာ နှစ်နဲ့ချီ နေခဲ့ရတဲ့လူတွေအဖို့ နတ်သုဓာပါပဲ။ 

ဒီနောက် တဆက်တည်းလိုပဲ ၇ ရက် ဇူလိုင် အထိမ်းအမှတ်၊ စစ်တွေဆန်လုပွဲ အထိမ်းအမှတ် အခမ်းအနားတွေကိုလည်း ဆက်တိုက်ကျင်းခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့လူတွေက မြေပုံကြီးတွေထောင်ပြီး ရှင်းပြတာဖြစ်လို့ အင်မတန်မှ စိတ်ဝင်စားစရာကောင်းပါတယ်။ သူတို့ကလည်း သူတို့ရင်ထဲမှာ အနှစ်နှစ်အလလ မျိုသိပ်ထားရတဲ့ကိစ္စတွေကို ပထမဆုံးအကြိမ် အများရှေ့မှာ ဖော်ထုတ်ပြောရတာမို့ အင်မတန် စိတ်လှုပ်ရှားကြပါတယ်။ သူတို့မျက်နှာတွေပေါ်က ခံစားချက်တွေဟာ နားထောင်သူတွေရဲ့ရင်ထဲကို တိုက်ရိုက်စီးဝင်သွားတယ်လို့ ပြောနိုင်ပါတယ်။ 

၇ ရက် ဇူလိုင် အရေးအခင်းကို အဓိကရှင်းပြသူက ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ခရမ်းကိုစိန်ဝင်းဖြစ်ပြီး စစ်တွေဆန်လုပွဲကို ရှင်းပြတာကတော့ စစ်တွေက အဲဒီတိုက်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အစိုးရအမှုထမ်းတဦးဖြစ်တဲ့ ရဲဘော်စံရွှေမောင် ဖြစ်ပါတယ်။ စစ်တွေဆန်လုပွဲဟာ ကျွန်တော် ထောင်ထဲရောက်ပြီးမှ ဖြစ်ပွားတာဆိုတော့ သူ ပြောပြချက်မှန်သမျှဟာ ကျွန်တော့်အဖို့ လုံးဝ အသစ်ဖြစ်နေပြီး တအံ့တသြနားထောင်ရင်း အံတကြိတ်ကြိတ် ဖြစ်ရပါတယ်။ ဒီအခမ်းအနားတွေမှာ ကျွန်တော်တို့က ရခိုင်လို၊ ဗမာလို သီချင်းတွေ သီးသန့်စပ်ဆို ဖြေဖျော်တာလည်း လုပ်ပါတယ်။ ဒါ့အပြင် တခြားအဖွဲ့အစည်းက မဟာမိတ်တွေကိုလည်း ဖိတ်ကြားတက်ရောက်စေခဲ့လို့ တက်ရောက်လာသူတွေ များလှပါတယ်။ 

ဇူလိုင်ပြီးတော့ သြဂုတ်ပါ။ တိုက်ဆိုင်ချင်တော့ အဲဒီ သြဂုတ်လ ၁၅ ရက်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ အနှစ် ၃၀ ပြည့်မြောက်တဲ့နေ့ ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ ထောင်ထဲမှာနေခဲ့တဲ့နှစ်တိုင်းပဲ ပါတီနေ့ကို အခါအခွင့်ပေးသလို ကျင်းပပါတယ်။ တယောက်တည်း တိုက်ထဲမှာနေရရင်တောင် ပါတီအလံကိုမှန်းပြီး အလေးနီပြုတာ၊ အင်တာနေရှင်နယ် သီချင်းဆိုတာတွေ လုပ်ပါတယ်။ ကြာတော့ ဘယ်လောက်အထိဖြစ်လာသလဲဆိုရင် ထောက်လှမ်းရေးက ထောင်အာဏာပိုင်တွေကို ပါတီနေ့တွေမှာ ဗကပ အနွယ်တွေကို အထူးသတိထားစောင့်ကြည့်ဖို့ မှာကြားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း သတိပို ဝိရိယပိုရှိရပါတယ်။ အားလုံး တိုးတိုးတိတ်ချည့် လုပ်ကြရတာပါ။ 

ဒါပေမယ့် ကျွန်းပေါ်က အနှစ် ၃၀ မြောက် အခမ်းအတားကျတော့ ငါးပိပုပ်တိုက်ပွဲမှာ အောင်ပွဲရထားတာက တကြောင်း၊ တကျွန်းမှာ ကိုယ်ထူကိုယ်ထလုပ်ရတဲ့ ဒေါသတွေကြောင့် တကြောင်း ပါတီနေ့ကို အကြီးကျယ်ဆုံး ကျင်းပကြပါတယ်။ ဒီခေတ်စကားနဲ့ဆိုရင် ထောင်ထဲက ပွဲတကာပွဲတို့ရဲ့မိခင်လို့ ဆိုနိုင်လောက်အောင် ကျင်းပကြပါတယ်။ ဘော်လီဘောပြိုင်ပွဲ၊ ကျားပြိုင်ပွဲ၊ နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲတွေကို တပတ်လောက်ကြိုပြီး အုပ်စုပွဲ၊ ရှုံးထွက်ပွဲတွေနဲ့ တနစ်တကျ ကျင်းပပါတယ်။ နောက်ပြီး ဒီနေ့ဒီရက်အတွက် အထူးစပ်ဆိုတဲ့ သီချင်းတွေကိုလည်း ရက်တွေကြိုရေးစပ်ပြီး တီးဝိုင်းနဲ့ အဆိုဝိုင်းနဲ့ တိုက်ကြပါတယ်။ 

ဒီလိုနဲ့ သြဂုတ်လ ၁၅ ရက်နေ့ကိုရောက်တော့ အမှတ် ၉ အဆောင်မှာ သင်္ကြန်တုန်းကလိုပဲ ဇာတ်စင်ထိုးလိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရထားတဲ့ အိပ်ရာခင်းတွေ၊ စောင်တွေနဲ့ နဖူးစည်း ကန့်လန့်ကာ၊ တိုင်ကာတွေလုပ်ပြီး တပ်ဆင်ပါတယ်။ အနီရောင်စာလုံးကြီးတွေနဲ့ ရေးထားတဲ့ နဖူးစည်းစာတန်းကြီးမှာတော့ ဓမ္မတာအတိုင်း `အနှစ် သုံးဆယ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီနေ့`လို့ ထင်းထင်းကြီး ရေးထားပါတယ်။ 

အနီရောင်ဟာ ဆေးရုံကပေးတဲ့ ကာမီနေးတစ်ဗ် (Carminative) ဆိုတဲ့ လေဆေးကို သုံးထားတာပါ။ မှောင်နေတဲ့ အခန်းရှည်ကြီးထဲမှာ အနီရောင် မီးမောင်းတွေထိုးတားတဲ့ လင်းထိန်နေတဲ့ ဇာတ်စင်၊ အဲဒီဇာတ်စင်ရဲ့နောက်ခံမှာ ပါတီရဲ့ တူ တံစဉ် အလံနဲ့ ဘဝတူ ရဲဘော်အောင်မြတ်ရေးဆွဲတဲ့ မာ့က်စ်၊ အိန်ဂယ်၊ လီနင်၊ စတာလင် နဲ့ မော်စီတုန်းတို့ရဲ့ ပုံကြီးတွေကို ချိတ်ဆွဲထားပါတယ်။ မြင်လိုက်ရတာနဲ့ ကြက်သီးဖြန်းဖြန်းထမိခဲ့တယ်ဆိုတာကို ကျွန်တော် ဝန်ခံလိုပါတယ်။ အဲဒီလို ကျက်သရေရှိလှတဲ့ ဇာတ်ခုံကြီးပေါ်မှာရပ်ပြီး မိန့်ခွန်းပြောကြတဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဗိုလ်အုန်းမောင် နဲ့ ဆရာရာဂျန်တို့ရဲ့ တည်ကြည်လေးစားစရာ ပုံသွင်ကိုလည်း လေးဆယ့်ငါးနှစ်တိတိ လွန်ခဲ့ပြီဖြစ်တဲ့ အခုအခါမှာကိုပဲ ပြန်မြင်ယောင်နေပါတယ်။ နောက်ပြီး အထပ်မှာပြောခဲ့တဲ့ အားကစားနဲ့ စစ်တုရင်-ကျားပြိုင်ပွဲတွေမှာ အနိုင်ရခဲ့တဲ့ အသင်းတွေကို ဒီအခမ်းအနားမှာ ဆုပေးတာကလည်း မှတ်မှတ်သားသား ဖြစ်စေပါတယ်။ 

စဉ်းစားကြည့်ပါ။ ဒီလို လေထုအောက်မှာပဲ အင်တာနေရှင်နယ် သီချင်းသံဟာ မည်းမည်းကုပ်ကုပ် စစ်ဘားတိုက်လို အဆောင်တွေထဲကနေ ညအမှောင်ကိုခွင်းပြီး မိုးယံကို ပျံ့လွင့်ထွက်ပေါ်လာခဲ့ပါတယ်။ ကိုကိုးကျွန်းမှာ အနီရောင် တဒင်္ဂလွှမ်းခဲ့တယ်လို့များ ဆိုရမလားပဲ။ ။ 

ဖိုးသံ (လူထု) 

အရေးတော်ပုံ ဂျာနယ် အတွဲ ၂၊ အမှတ် ၂ မှ ... 

No comments: