၈၈ ငွေရတုလွန် နှစ်ပတ်လည်တဲ့
ဆိုင်းဘုတ်က သိပ်ကြီးတော့
ကျွန်တော် အနားကို မသီဝံ့ဘူး
တကယ်တော့ ကျွန်တော်ဟာ
၈၈ ရဲ့ လူမသိ သူမသိ
သစ္စာတော်ခံ တစ်ဦးသာပါ။
၈၈ မှာ သူများတွေလို
အသက်မပေးလိုက်ရပေမယ့်
နေ့တွေ... ညတွေ
ကျားကုတ် ကျားခဲမျှော်လင့်ချက်တွေ
အတိဒုက္ခ နေ့ရက်တွေကို
စတေးခဲ့ရသူပါ။
အခု ၈၈ နှစ်ပတ်လည်တဲ့...
အမှန်အတိုင်း ပြောရရင်
၈၈ ကို ဖြတ်လမ်းက မလိုက်ချင်ဘူး
၈၈ ရဲ့ နောက်ကျောကို ဓားနဲ့မထိုးချင်ဘူး
၈၈ ကို နောက်ဖေးပေါက်က မတက်ချင်ဘူး
၈၈ ရဲ့မျက်နှာကို
အပေါစားပေါင်ဒါ တဗုံးဗုံးရိုက်ပြီး
လူလုံးထုတ်မပြချင်ဘူး
၈၈ ကို ကီးကြောင်နေတဲ့ ကာရန်နဲ့
အသံကောင်း မဟစ်ချင်ဘူး
၈၈ ကို အညံ့စား စကားလုံးတွေနဲ့ စာတော်စီပြီး
ခါတော်မှီ လုပ်မစားချင်ဘူး။
အဲဒါကြောင့်ပဲ
၂၆ ထောင့်ကွေးလေးမှာ ငြိမ်ငြိမ်လေးထိုင်ပြီး
၈၈ နှစ်ပတ်လည်ကို သစ္စာပရမတ်
နှလုံးသားနဲ့ပဲ ဖြတ်သန်းလိုက်ပါတယ်...
တကယ်တော့ ၈၈ ဆိုတာ
ပြည်သူတွေရဲ့ သွေးနဲ့ထုဆစ်
(မေ့လို့မရတဲ့) သက္ကရာဇ်တစ်ခုသာဖြစ်တယ်။ ။
နွယ်ဦးလှိုင်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment