Tuesday, August 5, 2014

ခွပ်ဒေါင်းတို့ရဲ့ မိုင်ထောင်ချီခရီး… ဘယ်လောက်နီးပြီလဲ (ခင်ငြိမ်းသစ်)

နဖူးနှင့်လက်မောင်းတို့တွင် အနီရောင်အဝတ်စများပတ်ထားပြီး လည်ထောင်အင်္ကျီ အဖြူရောင်၊ ကချင်ရိုးရာဆင်ပုဆိုးတို့ကို ဝတ်ဆင်ထားသည့် အသက် ၂၀ ဝန်းကျင် ကျောင်းသားလူငယ်များ အနီရောင် ခွပ်ဒေါင်းအလံတို့ကို ဝှေ့ရမ်းရင်း ချီတက်လာကြသည်။ ထိုစစ်ကြောင်းအတွင်း လူငယ်က အများစုဖြစ်သော်လည်း သက်လတ်ပိုင်း၊ လူကြီးပိုင်းများလည်း ပါဝင်ပြီး “တစ်ပါတီအာဏာရှင်စနစ် အလိုမရှိ၊ မဆလပါတီ ကျဆုံးပါစေ၊ ဒီမိုကရေစီ ချက်ချင်းပေး၊ စိန်လွင် ချက်ချင်းထွက်” ဆိုသည့် ကြွေးကြော်သံများကို မိုးလုံးညံမျှ ကြွေးကြော်လာခဲ့ကြသည်။ 

မဟာရန်ကုန်မြို့၏ အထင်ကရဖြစ်သော ဆူးလေလမ်းမကြီးတစ်ခုလုံး အနီရောင်အလံတို့က ဖုံးလွှမ်းနေသည်။ လှိုင်းလုံးတမျှ ကြီးမားလှသည့် လူအုပ်ကြီးကလည်း ဆူးလေလမ်းမထက်တွင် ပြည့်ကျပ်နေသည်။ ကြက်ပျံမကျ စည်ကားလှသော်လည်း ပျော်ပွဲရွင်ပွဲကျင်းပနေခြင်းတော့ မဟုတ်ပါ။ အသက်ကိုလောင်းကြေးပြုရင်း ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေကြသူများသာဖြစ်သည်။ လမ်းဘေးဝဲယာမှာတော့ လူသတ်လက်နက်များကို ကိုင်ဆောင်ထားသည့် ပုခုံးတွင် အနီရောင်စည်းထားသည့် အသေခံ တပ်မတော်သားများ၏ မျက်နှာသွင်ပြင်က တင်းမာနေသည်။ 


လက်နက်ဗလာ ချီတက်လာသူများကို ရန်သူတွေအသွင် ကြည့်ရှုနေမှုများက လူလှိုင်းလုံးကြီးကို ဒေါသထွက်စေခဲ့သော်လည်း ချီတက်ဆန္ဒပြသူများက အတတ်နိုင်ဆုံး စိတ်ထိန်းထားဟန်ရှိပြီး မိမိတို့ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ စည်းကမ်းတကျ ချီတက်သွားနေဟန်သာ။ တန်ပြန် ရန်လုပ်လိုစိတ် အလျဉ်းမရှိ။ ဆူးလေ လမ်းမပေါ်ကလိုပင်၊ မဟာဗန္ဓုလပန်းခြံလမ်းပေါ်တွင် လည်းကောင်း၊ ကုန်သည်လမ်းပေါ်တွင် လည်းကောင်း ချီတက်ဆန္ဒပြသူများနှင့် ပြည့်နှက်နေ၏။ ထိုနေ့က မြန်မာ့သမိုင်းတွင် အထင်ကရဖြစ်ခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ ပထမဦးဆုံးနေ့ သြဂုတ် ၈ ရက်နေ့၏ မြင်ကွင်း တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ အပြည့်အစုံကို စကားလုံးများဖြင့်ဖော်ပြရန် ခက်ခဲလှပါသည်။ 

၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အရေးတော်ပုံကြီး၏ အရေးကြီးသည့် အစိတ်အပိုင်းအဖြစ် ကျောင်းသားများ၊ လူငယ်များ အများစုပါဝင်ခဲ့သည်ဟုဆိုလျှင် စာဖတ်သူများ ငြင်းဆိုမည်ဟု မထင်ပါ။ အင်မတန် ရက်စက်ကြမ်းကြုတ်လှသည့် စစ်အာဏာရှင်ကို ဆန့်ကျင်အုံတုဖို့အတွက် ကျောင်းသားလူငယ်အများစုက တိုင်းပြည် တိုးတက်ပြောင်းလဲလိုစိတ်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိသည့် တိုင်းပြည်တစ်ပြည် ပေါ်ပေါက်ရေး စသည့် အချက်တွေအပေါ်အခြေခံကာ လှုပ်ရှားရုန်းကန်ခဲ့လေသည်။ ထိုကျောင်းသားလူငယ်တို့တွင် လက်နက်ဆိုလို့ အပ်တိုမျှ မရှိ။ အဆင်းရဲဆုံးတိုင်းပြည် စာရင်းဝင်သွားသည့်အထိ ချွတ်ခြုံကျသွားသည့် တိုင်းပြည်ကို ပြန်လည်ထောင်မတ်နိုင်ရန်မှတပါး အခြားမရှိခဲ့ပေ။ 

ထိုလှုပ်ရှားမှုကြီးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည့် ဦးဌေးကြွယ်က “ဇူလိုင်လကုန်ပိုင်းမှာခေါ်ခဲ့တဲ့ ပါတီညီလာခံမှာ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးအေးကိုတို့ နှုတ်ထွက်သွားတယ်။ အဲဒီ့ညီလာခံမှာ နိုင်ငံအတွက် အရေးအကြီးဆုံး အချိုးအကွေ့တစ်ခုဖြစ်တဲ့ ပါတီစုံကိုကြိုက်လား၊ တစ်ပါတီကိုကြိုက်လား ဆိုပြီး လမ်းကြောင်းပေးသွားတယ်၊ ဦးနေဝင်းကိုယ်တိုင် လမ်းဖွင့်သွားတယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

သို့သော် ဦးနေဝင်း၏ အကြီးမားဆုံး အမှားတစ်ခုအဖြစ် ဦးစိန်လွင်ကို သမ္မတ ခန့်အပ်လိုက်ခြင်းပင်ဖြစ်ပြီး အမိန့်နာခံရန်မှာလွဲပြီး အခြားအရာများကို စဉ်းစားချင့်ချိန်နိုင်စွမ်းမရှိသူ ဦးစိန်လွင်ကြောင့် မြန်မာ့သမိုင်းတွင် ဖျောက်ဖျက်၍ မရနိုင်သော လက်နက်မဲ့ပြည်သူကို ရက်ရက်စက်စက် ပစ်သတ်ခဲ့သည့် အစိုးရတစ်ရပ်အဖြစ် သမိုင်းတွင်ခဲ့လေသည်။ 

ဦးစိန်လွင် လွန်ပြီးကာလတွင် ဒေါက်တာမောင်မောင် ဦးဆောင်သည့် အစိုးရတစ်ရပ်တက်လာပြီးနောက် စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပေးခဲ့သလို၊ အကျဉ်းထောင်အတွင်း ဖမ်းဆီးခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း ပြန်လည်လွတ်ပေးခဲ့သည်။ သို့သော် ပြည်သူများအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် ဦးစိန်လွင်၏လုပ်ရပ်ကြောင့် ပြည်သူအများစုက ထိမ်းထိမ်းသိမ်းသိမ်းကိုင်တွယ်ရန် ကြိုးစားခဲ့သည့် ဒေါက်တာမောင်မောင် ဦးဆောင်သည့် အစိုးရအပေါ် အယုံအကြည်မရှိ ဖြစ်သွားခဲ့ရသည်။ ထိုအချိန်တွင်း အာဏာကိုဖက်တွယ်ထားလိုသည့် စစ်ထောက်လှမ်းရေးများက တန်ပြန်သပိတ်ကို ဖော်ဆောင်ရင်း မင်းမဲ့စရိုက်ဆန်စွာ လူသတ်၊ ခေါင်းဖြတ်မှုများဖြစ်ပေါ်လာသလို မတည်ငြိမ်မှုများလည်း ဆက်တိုက်လိုလို ဖြစ်ပေါ်လာခဲ့သည်။ 

ထို့နောက် မင်းမဲ့စရိုက်များကို အကြောင်းပြကာ စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်မှာ ဒုတိယအကြိမ် အာဏာသိမ်းခဲ့သည်။ ထိုသို့ အာဏာသိမ်းပြီးနောက်တွင် ၂၂ နှစ်ကြာအောင် စစ်အာဏာရှင်တို့က အုပ်ချုပ်ခဲ့လေသည်။ ထိုသို့ အုပ်ချုပ်စဉ်အတွင်းဖြစ်ပွားခဲ့သည့် မြန်မာပြည်၏ အခြေအနေများအပေါ် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ကိုမောင်မောင်ကျော်က “စစ်တပ်က အာဏာသိမ်းလိုက်ပြီး တပ်မတော်အစိုးရကပဲ နှစ်ပေါင်း ၂၀ လောက် အုပ်ချုပ်လိုက်တယ်၊ ဒီကြားထဲမှာ တိုင်းပြည်ရဲ့အခြေအနေက ပိုဆိုးသွားတယ်လို့ မြင်တယ်။ ဆင်းရဲချမ်းသာ သိပ်ကွာခြားသွားခဲ့သလို၊ အရမ်းအရေးကြီးတဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ မဏ္ဍိုင်ကြီး လုံးဝ ယိုင်လဲသွားခဲ့တယ်။ ပိုဆိုးသွားတာက ကျောင်းသားလူငယ်တွေရဲ့ စာရိတ္တနဲ့ ပညာရေးကို တပ်မတော်အစိုးရက စနစ်တကျ ဖျက်ဆီးခဲ့တယ်လို့ မြင်တယ်” ဟု ပြောကြားခဲ့သည်။ 

ထို့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးကာ ထောင်ဒဏ်နှစ်ရှည် ချခဲ့လေသည်။ ထိုသို့ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံခဲ့ရခြင်းအပေါ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးရဲအောင်က “အဲဒီ့တုန်းကထောင်ရဲ့ အခြေအနေက တော်တော်ဆိုးပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ဖိနှိပ်တာတွေ အရမ်းလုပ်ခဲ့တယ်၊ ဒါကြောင့် ကျွန်တော်တို့ တိုက်ပွဲတွေအများကြီးဝင်ခဲ့ရတယ်၊ တိုက်ပွဲဝင်ရင်တော့လည်း ရိုက်နှက်ခံရတာတွေကိုကြုံ၊ အဲဒီ့တုန်းက ဒဏ်ရာတွေက ကျွန်တော်တို့ အသက်နည်းနည်းကြီးလာတဲ့အချိန်မှာ ပေါ်လာတယ်၊ အခုဆိုရင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ အရင်တုန်းကရခဲ့တဲ့ အတွင်းဒဏ်ရာတွေကြောင့် အသက် ၅၀ ဝန်းကျင်လောက်နဲ့ တော်တော်များများ ကွယ်လွန်ကုန်ကြတာကို တွေ့နေရတယ်” ဟု ဦးရဲအောင်က ပြောကြားသည်။ 

အကျဉ်းထောင်အတွင်း၊ စစ်ကြောရေးစခန်းနှင့် ရဲဘက်စခန်းများတွင် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ပေါင်း ၃၀၀ ကျော်ရှိနေပြီဟုလည်း AAPP(B) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောကြားခဲ့သည်။ အချို့ နိုင်ငံရေးအကျဉ်းသားများအား သေခါနီးအချိန်ရောက်မှ အကျဉ်းထောင်အတွင်းက လွှတ်ပေးလိုက်သဖြင့် အပြင်ရောက်ပြီး မကြာခင် သေဆုံးသွားခဲ့သည့်သူများလည်း ရှိခဲ့သည်ဟု ဆိုသည်။ ယခုအချိန်တွင် နိုင်ငံရေးအကျဉ်းသားအများစု၏ ဘဝအခြေအနေမှာ လွန်စွာနိမ့်ပါးလျှက်ရှိနေသည်ဟုလည်း ဦးရဲအောင်က ဆက်လက်ပြောကြားသည်။ 

“နိုင်ငံရေးအကျဉ်းသားအများစုက ပညာရေးတစ်ပိုင်းတစ်စနဲ့ ထောင်ကျခဲ့ကြတယ်၊ ထောင်ထဲမှာ နှစ်ရှည်နေကြရတော့ ပြန်လွတ်လာတဲ့အချိန်မှာ ကျောင်းပြန်တက်ဖို့ ခက်သွားပြီ၊ မိဘ ကျောထောက်နောက်ခံကောင်းတဲ့ လူတွေလောက်ကလွဲပြီးရင် တော်တော်များများက အဆင်မပြေကြဘူး။ ပိုဆိုးတာက ထောင်ထဲမှာ သံမံတလင်းပေါ်မှာ ဖျာစုတ်ကလေးတွေနဲ့ နေခဲ့ရတဲ့ဒဏ်တွေကို အခုအချိန်မှာ ခံစားနေကြရတော့ တော်တော်များများရဲ့ ကျမ်းမာရေးအခြေအနေက ဆိုးဝါးနေကြတယ်” ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။ 

ထိုသို့ ဒီမိုကရေစီအပြောင်းအလဲအတွက် ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့ကြသော်လည်း မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ ယခုအချိန်အထိ အားရစရာမရှိကြောင်းကို ဦးဌေးကြွယ်က “မြန်မာနိုင်ငံရဲ့နောက်ပိုင်း မရှေးမနှောင်းမှာ အာဏာရှင် နိုင်ငံတော်တော်များများမှာ ဒီမိုကရေစီစနစ်ပြောင်းလဲဖို့အတွက် တော်လှန်တိုက်ပွဲဝင်တာတွေ ပေါ်လာခဲ့တဲ့၊ သူတို့နိုင်ငံတွေမှာ အောင်မြင်သွားခဲ့တာကြောင့် အခုဆိုရင် တိုင်းပြည်တိုးတက်ပြောင်းလဲမှုက အရှိန်ရလာနေပြီ။ ကျွန်တော် သတင်းတစ်ခုမှာ ကြည့်လိုက်ရတာက ဘင်္ဂလားဒေရှ့် နိုင်ငံတောင်မှာ အဆင်းရဲဆုံး တိုင်းပြည် (LDC) အဖြစ်ကနေ စတင် ရုန်းထွက်နိုင်ပြီလို့ ကြေညာသွားတယ်၊ ကျွန်တော်ပြောချင်တာက နိုင်ငံရေးစနစ်မှန်သွားရင် တိုင်းပြည်တိုးတက်လာမှာပဲ။ နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာက ခေါင်းနဲ့ပန်းပါ၊ တစ်ခုတည်း၊ တစ်ဖက်တည်းကိုပဲပြောင်းနေရင် အောင်မြင်မှုမရနိုင်ဘူး” ဟု ယနေ့အပြောင်းအလဲများကို သုံးသပ်ပြောကြားသည်။ 

ဦးရဲအောင်ကတော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ပေးဆပ်လိုက်ရတာအတွက် အပြောင်းအလဲတစ်ခုကို တွေ့ကြုံရတယ်၊ ဒါပေမယ့် အောင်မြင်တဲ့အပြောင်းအလဲတော့ မရသေးဘူးလို့ ပြောလို့ရတယ်။ ကျွန်တော်အမြင်ကတော့ အခုအပြောင်းအလဲက နောက်ပြန်လှည်နေတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဂငယ်ကွေ့ သွားနေတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့လိုချင်ခဲ့တဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေကတော့ မရသေးဘူး၊ ပန်းတိုင်ရောက်ဖို့ အဝေးကြီးလိုပါသေးတယ်” ဟု ပြောကြားခဲ့သည်။ 

ထို့နောက် ၂၀၁၁၊ ၂၀၁၂ ခုနှစ်များအတွင်းက အရှိန်အဟုန်နှင့်ပြုလုပ်ခဲ့သည့် အပြောင်းအလဲသည် ၂၀၁၃ ခုနှစ်အတွင်း အရှိန်လျော့ကျသွားရာမှာ ၂၀၁၄ ခုနှစ်အတွင်း လုံးဝလောက်နီးပါး ရပ်တန့်နေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများက သုံးသပ်ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးစိုးမြင့်က “၂၀၁၂ ခုနှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးလိုက်တဲ့ အခြေအနေတွေ၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေက အားရဖို့ကောင်းခဲ့တာကြောင့် ကျွန်တော်တို့က ပန်းတိုင်နဲ့နီးလာပြီလို့ ယုံကြည်ခံစားမိခဲ့တယ်။ ၂၀၁၃ ခုနှစ်လောက်ရောက်တော့ အပြောင်းအလဲတွေက အရှိန်လျော့လာတယ်၊ ၂၀၁၄ ကျတော့ အပြောင်းအလဲတွေထက်ကို တစ်ဖက်နဲ့ တစ်ဖက် တင်းမာတဲ့အနေအထားမျိုးကို ပြန်တွေ့လာရတယ်။ ကျွန်တော်တို့ကတော့ ဒီမိုကရေစီဘက်ကို ဆက်သွားတာကိုပဲ မြင်ချင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်က တော်တော်နစ်နာနေပြီ၊ နလံထူဖို့ အများကြီးကြိုးစားရအုံးမှာပါ” ဟု ပြောကြားသည်။ 

စာရေးသူတို့ငယ်စဉ်က ကြိုက်နှစ်သက်ခဲ့သည့် အဆိုတော် ခင်မောင်တိုး၏ ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်ကို အမှတ်ရမိသည်။ 

မိုးဦးရောက်တိုင်း ကြိုးကြာငှက်များက ခရီးမိုင်ထောင်ချီ ပြန်သန်းလေ့ရှိပါသည်။ ထိုသို့ပျံသန်းသည့် ရည်ရွယ်ချက်များ ပေါက်မြောက်ပြီးသည့် နွေရာသီတွင်တော့ သူတို့ရဲ့မူရင်းဒေသကို ပြန်လည်ရောက်ရှိလာတတ်သည့်အကြောင်းကို ဖွဲ့နွဲ့ သီကုံးထားသည်။ ရှစ်လေးလုံးမျိုးဆက်ကို ခွပ်ဒေါင်းမျိုးဆက်လို့ အချို့က တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ခွပ်ဒေါင်းတို့ပျံသန်းခဲ့သည့်ခရီးက မိုင်ထောင်ချီရှည်ခဲ့ပါပြီ၊ သူတို့ရဲ့ပန်းတိုင်က ဘယ်လောက်နီးနေပြီလဲဆိုတာကတော့ စာဖတ်သူတို့ ဆုံးဖြတ်ရမည့် အဖြေတစ်ခုသာ။ ။ 

ခင်ငြိမ်းသစ် 

 

No comments: