Saturday, August 2, 2014

ဘယာနက ဟင်းတခွက် (အရှင်ဇဝန)

အစားကောင်းစားရရင် မိတ်ဆွေတွေကို သတိရတတ်တယ်လို့ ပြောကြတယ်။ တကယ်က အစားကောင်း မစားရရင် မိတ်ဆွေတွေကို ပိုသတိရတတ်ပါတယ်ဆိုတာကိုပါ ဆက်ပြောရမယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငရဲခန်းက ဒုက္ခ ဒိုင်ယာရီတွေကို ပြန်လှန်လှောလိုက်ရင် ငန်တူးနေတဲ့ ပုံစံငပိ ပါမယ်၊ ရေတမျိုးတည်းနဲ့ပြုတ်ထားတဲ့ ဟင်းနုနယ် အရိုးစင်း တာလပေါဆိုတာ ပါမယ်။ စပါးလုံးနိုင်းခြင်းနဲ့ ထမင်း မာဂလောက်လည်း ပါမယ်။ ဒါပဲလားဆိုတော့ ကြံဖန်ပြီး ဟင်းချက်စားရတဲ့ ဒုက္ခလည်း ပါမယ်။ ဟင်းချက်စားတာကိုများ ဒုက္ခဆိုတဲ့စကားလုံးနဲ့ ဘာလို့များ တွဲသုံးတာလည်းလို့ မေးရင် ဟင်းတစ်အိုးအတွက် ဒေါက်နဲ့ စိန်ခေါ် တိုက်ပိတ်တာနဲ့ ခြိမ်းခြောက်၊ ဂန်းပိုက်နဲ့ ရွယ်မိုးခံရမယ့် ဘေးကနေ စွန့်စွန့်စားစားလုပ်ရတဲ့ ကိစ္စမဟုတ်လား။ 

ဒါကြောင့် ဟင်းချက်ရတဲ့ဒုက္ခလို့ ဒုက္ခနဲ့ ဟင်းချက်တာကို တွဲသုံးလိုက်ရတာပါ။ ဒီလို ဒုက္ခတွေနဲ့ရင်းရတိုင်း အတူစား အတူသွားနေခဲ့ရတဲ့ ထောင်ပြင်ပကရက်တွေကို ပြောမဆုံးဘူး။ သတိတရ ပြန်ပြောအဖြစ်ဆုံးထဲမှာ ပါမယ်ထင်တယ်။ ထောင်ဝင်စာ ပုံမှန်မလာတဲ့သူတွေကတော့ ထောင်ကပေးတဲ့ ပုံစံငပိရယ်၊ တာလပေါရယ်ကို စားဝင်အောင် ပြင်ရတာပေါ့။ ပြင်တယ်ဆိုလို့ အထွေအထူးတော့ မဟုတ်ပါဘူး။ ကြံဖန်ရှာလို့ရထားတဲ့ အချိုမှုန့်ကို သင့်ရုံခတ်လိုက်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒုက္ခတွေကို ဟာသနဲ့ဆေးချလိုက်တော့ သောကတွေ ရင်ထဲက ကွာကျကုန်ရတာပါပဲ။

ထောင်ဝင်စာ ပုံမှန်မလာနိုင်တဲ့ အခန်းတစ်ခန်းမှာ ဟာသပြောတတ်တဲ့သူ တစ်ယောက်များရှိရင် သူ့အခန်းထဲကနေ စားသောက်ချိန်ဆို ဒီစကားလေးတွေ ကြားကြရနိုင်တယ်။ 


“ဟိုငါးမန်းတောင် ဟင်းချို အလယ်ချ၊ ဆိတ်သားခါးပတ်နှင့် ငါးသလောက်ပေါင်းက ချန်ထားလို့ မရတော့ဘူး။ ကုန်အောင်စားပစ်” ဟင်းတစ်ခွက်ရဖို့စီမံရတဲ့ အတားအဆီးတွေက များလှတယ်။ အပြင်လောကမှာတော့ ဟင်းတစ်ခွက် စီမံရတာကို အနုပညာမြောက်တဲ့ကိစ္စလို့ ပြောကြတယ်။ အလှအပ အပြင်အဆင်အထိမရောက်ခင် ဟင်းတစ်ပွဲတည်း ပါဝင်ရမယ့် ရသမြောက် ဟင်းလျာထဲက အငန်အပေါ့၊ အချို၊ အဆိမ့်၊ အချဉ်၊ အစပ် ညီညွတ်မျှတမှုကို အနုပညာလို့ ပြောကြတာကိုး။ ကိုယ်ကလည်း အားကျမခံ ပြောလိုက်ချင်တယ်။ ထောင်ထဲက ဟင်းတစ်ခွက်မှာ ဘယာနက ရသ၊ ဝီရ ရသတွေ ရောပြွမ်းထားတဲ့ စိတ်ခံစားမှုကနေ ပေါက်ဖွားလာတာမို့ ထောင်ထဲက ဟင်းတစ်ခွက်မှာလည်း အနုပညာတွေပါ ပါတယ်လို့ ပြောလိုက်ချင်တယ်။

ထောင်ထဲ စရောက်ခါစကတော့ ချက်ဟင်း ပူပူနွေးနွေးလေးတွေကို တခါတခါ စားရတတ်တယ်။ ကိုယ်ကလည်း ရောက်စဆိုတော့ ဘယ်လိုပြုလုပ်ဖန်တီးလာခဲ့ကြတယ်ဆိုတာ သဘောမပေါက်ဘူး။ မသိဘူးလေ။ တကယ်က သူတို့တွေရဲ့ ကြိုးစားထားချက်မှာ ဟင်းတခွက်အတွက် သတ္တိတွေမွေးပြီး ချက်ခဲ့ရတယ်ဆိုတာ နောက်မှ တဖြည်းဖြည်း သိလာရတယ်။ 

ဟင်းချက်နေတုန်းမိခဲ့ရင် ဒေါက်အခတ်ခံရနိုင်တယ်။ တိုက်အပိတ်ခံရနိုင်တယ်။ အဆင်မသင့်ရင် အရိုက်ခံရနိုင်သေးတယ်။ ပလပ်စတစ် တထပ် အဝတ်စုတ် တထပ်ပတ်ထားတဲ့ လောင်စာနဲ့ သူတို့ချက်ခဲ့ကြမှန်း နောက်မှ သိရတယ်။ တစ်ယောက်ကချက်နေတုန်း နောက်တစ်ယောက်က ကင်းစောင့်ပေါ့။ များသောအားဖြင့်တော့ ထောင်ဝင်စာ ပုံမှန် မလာနိုင်သူတွေက ဒီလို စွန့်စားခန်းကို နေ့စဉ် ပြုလုပ်ကြရတာ။ ဦးဇင်းတို့ ထောင်ထဲရောက်ခါစရက်တွေမှာ 10-D လို့ ခေါ်ကြတဲ့ ကျောင်းသားတွေက အများစု။ ဒီကျောင်းသားတွေက လူသစ်ဖြစ်တဲ့ ဦးဇင်းတို့ကို ဂရုတစိုက် ကူညီကြတယ်။ ဦးဇင်းတို့က ချစ်စနိုးနဲ့ အရှည်လေးလို့ခေါ်တဲ့ အောင်မျိုးကျော်ကို ဦးဇင်းတို့တဖွဲ့လုံး ကျေးဇူးတင်ကြတယ်။ သူက နေ့စဉ် ဒိုင်ခံ ဟင်းတခွက်ဖန်တီးပေးတယ်။ သူ့အိမ်က အလျှံအပယ် ပုံမှန်လာနေပေမယ့် ထောင်ဝင်စာ မလာသူတွေရယ်၊ လူသစ်တွေရယ်ကို ထောင်စကားနဲ့ပြောရရင် ဒေါက်နဲ့ရင်း တိုက်နဲ့ရင်းပြီး သူ ချက်ကျွေးတယ်။ 

ဦးဇင်းတို့ သာယာဝတီထောင်ရောက်တော့ လူသစ်တွေကို အထူး တင်းကြပ်ထားတယ်။ ထောင်ပြောင်းခါစဆိုတော့ အိမ်တွေကလည်း မသိကြသေးဘူး။ စားရေးအခက်အခဲကို ပထမဦးဆုံး ကြိုးစားဖြေရှင်းကြည့်သူက ဒေါက်တာထွန်းသူ။ ဆရာက အင်းစိန်ထောင်မှာလည်း အနေကြာခဲ့သူဆိုတော့ လျှို့ဝှက် ဟင်းချက်နည်းတွေကို တတ်ထားပြီးသား။ ဒီတော့ နေ့လည်ထောင်ပိတ်ချိန်မှာ သူစွန့်စားမှုတခုကို ပြုလုပ်တယ်။ ပေးထားတဲ့ ထောင်ပုံစံ ဒန်ပုဂံပြားက ဟင်းချက်ဖို့ ဒယ်အိုးပေါ့။ ထောင်တွေမှာ နေ့လည် ၁၂ နာရီထိုးကနေ ၂ နာရီအထိ ထောင်ပိတ်ထားတယ်။ ဝန်ထမ်းတွေက အပြင်ထွက်သွားတယ်။ အကျဉ်းသားတွေကို တိုက်ခန်းတွေထဲထည့်ပြီး သော့ပြန်ခတ်ထားတယ်။ 

အင်းစိန်ထောင်မှာ အမြဲဆင်း လို့ခေါ်ပြီး သာယာဝတီထောင်မှာတော့ ဘာယာ လို့ခေါ်တဲ့ အကျဉ်းသားတွေသာ အခန်းထဲထည့်မပိတ်ဘဲ အပြင်မှာ ၁၂-၂ နာရီအတွင်း နေခွင့်ရတယ်။ သူတို့က သန့်ရှင်းရေး လုပ်ရတယ်။ ၅(ည)တွေအတွက် ဝေယျာဝစ္စ လုပ်ပေးရတယ်။ တကယ်က သူတို့ကို အဲဒီအလုပ်တွေအပြင် နိုင်ငံရေးအကျဉ်းသားတွေ လုပ်သမျှ သတင်းပို့ဖို့ သူတို့ကို ထားတာ။ တခြားထောင်တွေထက် သာယာဝတီထောင်က ချွန်တွန်းလုပ်သူ ပိုပေါတယ်။ ထောင်အခေါ် “အပ်” တွေတဲ့။ ငချွန်တွေပေါ့။ 

သူတို့ထဲက တယောက်က ကိုထွန်းသူ ဟင်းချက်တာကို ချက်ခြင်း သတင်းပို့တယ်။ တာဝန်ကျ ဝန်ထမ်းက ရုံးတင်မယ် ဘာညာပြောတော့ အားလုံးက ဝိုင်းပြီး ရုံးမတင်ဖို့ ပြောကြတယ်။ ဒါနဲ့ သူ့ကို ရုံးမတင်ဖြစ်လိုက်ဘူး။ မီးဖိုဖို့ကိစ္စက ငချွန်တွေကို မတွေ့အောင်လုပ်ဖို့ မလွယ်ဘူး။ ဒီတော့ ချက်ဟင်း မစားရတော့ဘူး။ လူဆိုတာ လိုအပ်ချက်တွေကို ကြံဖန် ကျော်ဖြတ်တတ်ခဲ့ကြတာ မဟုတ်လား။ အခုနည်းလမ်းအသစ် တခုရတယ်။ အဲဒါကတော့ တိုက်ရှေ့မှာရှိနေတဲ့ ချဉ်ပေါင်ရွက်တွေကို ခူးတယ်။ ပလတ်စတစ်အိတ်ထဲ ချဉ်ပေါင်ရွက်တွေကိုထည့်၊ သံစည်ပိုင်းပြတ်ထဲ ထည့်ယူလာတဲ့ တာလပေါ ဟင်းရည်ပူထဲကို ခုန ချဉ်ပေါင်ရွက်အိတ် ထည့်လိုက်တော့ ချဉ်ပေါင်ရွက်တွေ အကုန်လုံး ပြုတ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီ ချဉ်ပေါင်ရွက်တွေကို ဇွန်းနဲ့ချေတယ်။ လိုအပ်တဲ့ ငပိထည့်တယ်။ အချိုမှုန့်ခပ်တယ်။ ငါးခြောက်ကြော်၊ ငပိကြော်လေးကို ချဉ်ပေါင်ရွက်မွှေထဲ လိုသလောက် ထည့်လိုက်ပြီး တာလပေါ ဟင်းရည်နဲ့ ရောလိုက်တော့ စားကောင်းတဲ့ ချဉ်ပေါင်ရွက် ချဉ်ဟင်းတစ်ခွက် ရသွားတယ်။ 

ဒီလိုနဲ့ ပြုတ်စားခဲ့ရတဲ့ရက်တွေ မနည်းဘူး။ အဆာကောင်းကောင်းနဲ့ ရောလိုက်တော့လည်း စားဖြစ်တဲ့ဟင်းတစ်ခွက်တော့ ဖြစ်သွားတာပဲ။ ဝန်ထမ်းတွေ ဘာယာတွေဆိုတာကလည်း စားရေး၊ သောက်ရေး ပြည့်စုံကြတာ မဟုတ်ဘူး။ ထောင်ပိုင်၊ ထောင်မှူးတွေကခိုင်းလို့သာ အစ ပထမက တင်းကျပ်ထားပေမယ့် နောက်ပိုင်း ရှိတဲ့ဟင်းတွေ ကျွေးမွေး၊ ပါလာတဲ့ မုန့်တွေ ဝေငှရင်း ရင်းနှီးသွားကြတယ်။ ဟမ်းကောချိုင့်ထဲ ဟင်းချက်စရာ အစုံထည့် ဖိုကြီးက ပြာပူထဲ နှစ်နာရီ၊ သုံးနာရီ သွားမြှုပ်ထားရင် ဟင်းတစ်ခွက်တော့ ဖြစ်လာတယ်။ ဒါတွေ ဘာယာတွေကို စည်းရုံးပြီး လုပ်ခိုင်းရတာပေါ့။ 

ပါလာတဲ့ ပစ္စည်းတွေကို ဟင်းချက်စရာပစ္စည်းဖြစ်အောင် ကြံဖန်ကြရတယ်။ သကြားတို့၊ ထန်းလျက်တို့ဆိုရင် အချိုမှုန့် အစားသုံးဖို့ စီစဉ်ရတယ်။ မာရီ ဘီစကွတ်တို့၊ ရွှေကျီး မုန့်ကြွပ်တို့လိုဟာမျိုးကိုတောင် ဟင်းချက်စရာထဲ ထည့်လို့ရတဲ့အထိ လုပ်ဖြစ်လာတယ်။ အန္တရာယ်ပေးမယ့် အနီးကပ်ကလူတွေကို စည်းရုံးလိုက်နိုင်တော့ ကိုယ့်အခန်းထဲမှာ ကိုယ်ချက်လို့ရတဲ့အထိ ဖြစ်လာတယ်။ တရားဝင်တော့ မဟုတ်ဘူးပေါ့။ အရာရှိတဦးဦးတွေ့ရင် ပြစ်ဒဏ်ကျခံရနိုင်တယ်။ အပြင်က မုန့်ဟင်းခါးခြောက်တွေကို သွင်းတယ်။ ဟင်းကိုတော့ ပါလာတဲ့ ငါးကြော် ဒါမှမဟုတ် ငပိကြော်တမျိုးမျိုးနဲ့ မုန့်ဟင်းခါးဟင်းဖြစ်အောင် ဖန်တီးတယ်။ 

ထောင်ဝင်းထဲမှာ စပါးလင်တွေက ပေါများတယ်။ စပါးလင်ကို ပါးပါးလှီး၊ ထောင်း။ ငါးကြော်ကိုထောင်းပြီးတော့ မာရီဘီစကွတ် ဒါမှမဟုတ် ရွှေကျီးမုန့်ကြွပ်တခုခုကို အမှုန့်ဖြစ်အောင်လုပ်ထားတာကို ရေနဲ့ဖျော်ပြီးရော ကျိုလိုက်တော့ မုန့်ဟင်းခါးဟင်းက ရွှေခြည်နံ့လေးကိုမွှေးလို့ ဟင်းချခါနီး ထန်းလျက်ခဲလေး တစ်ခဲ နှစ်ခဲလောက်များထည့်လိုက်ရင် ဖျာပုံ တင်တင်အေးတို့၊ ခင်ထွေးရီတို့တောင် အရှုံးပေးသွားရမယ့် ဟင်းတစ်ခွက် ရတယ်။ 

ထောင်ထဲမှာ ခိုးပြီးချက်စားရပေမယ့် အကောင်းဆုံးဖြစ်အောင် ကြံဖန်ပြီး ဖန်တီးကြတယ်။ တောင်ယာတွေ ကိုယ့်ဖာသာကိုယ် စိုက်ခွင့်ရတော့ သီးနှံမျိုးစုံကို စိုက်ကြတယ်။ အလျှံအပယ်ကို စားရတယ်။ ကိုက်လန်တို့၊ နိုကိုဥတို့ဆိုတာ အပြင်လောကမှာ ရှားပါးပစ္စည်းဖြစ်ပေမယ့် ထောင်ထဲမှာတော့ ပေါများတယ်။ တစ်နေ့တာပုံစံထဲက ပိုနေတဲ့ ပန်းဂေါ်ဖီလိုဟာမျိုးကို ရှမ်းချဉ်လို ထည့်တယ်။ အမှုန့်ဖြစ်အောင် ထောင်းထားတဲ့ ထန်းလျက်နဲ့ သမအောင်မွှေပြီး ကော်ဘူးထဲမှာထည့် နေလှန်းထားလိုက်ရင် သုံးရက် လေးရက်လောက်ဆို စားကောင်းတဲ့ ရှမ်းချဉ်ကို ရတယ်။ 

ဒါကို အစိမ်းမစားချင်ရင် ကြော်ပြီးတော့ဖြစ်ဖြစ်၊ ဟင်းချိုဖြစ်ဖြစ်လုပ်ရင် အပြင်ဟော်တယ်တွေမှာ ဈေးကြီးပေးစားရတဲ့ ကြံမဆိုင် ဟင်းချို၊ ကြံမဆိုင်ကြော် စားရတယ်။ မစားနိုင်တော့တဲ့ ချဉ်ဖတ်တွေကို အခြောက်လှမ်းထားလိုက်ရင် စွန်တန်ခြောက်ကို ရတယ်။ ဒီစွန်တန်ခြောက်တွေကို သေချာသိမ်းထားပြီး လိုအပ်တဲ့အခါ ရေနွေးနဲ့ရောကျိုပြီး စွန်တန်ဟင်းချိုတခွက်ကို ရပြန်တယ်။ အချိန်ကာလနဲ့ အခြေအနေတွေက အခက်အခဲတွေကြားက ကျော်ဖြတ်နည်းတွေကို သင်ပေးခဲ့တယ်။ အခက်အခဲဆိုတာ ဘယ်လောက်ရှိနေပါစေ ကျော်ဖြတ်ရမယ့်နည်းလမ်းတွေကတော့ တစ်ခုမဟုတ် တစ်ခုရှိပြီးသားပါ။ 

ထောင်လို အန္တရာယ်တွေနဲ့ လက်တစ်လုံးလောက်နီးတဲ့နေရာမှာတောင် ဖြတ်ကျော်နည်းတွေကို ရှာကြံလို့ရရင် အပြင်လောကက အခက်အခဲဆိုတာကို ဖြတ်ကျော်နည်းတွေက အမြောက်အမြား ရှိမှာပါ။ အပြင်လောကက လောကဓံနဲ့ အခက်အခဲ တစ်ခုခုကြုံတိုင်း ထောင်ထဲက အန္တရာယ်တွေနဲ့ ကြောက်ကြောက်လန့်လန့်ကြားထဲက မဖြစ်ဖြစ်အောင် ချက်စားခဲ့ရတဲ့ ဟင်းတစ်ခွက်ကို သတိရနေတုန်းပဲ။ ။ 

အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း) 

တူမောရိုး ဂျာနယ်မှ ... 

 

No comments: