Thursday, August 7, 2014

၈၈ နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ (ကိုညို)

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘီဘီစီ မြန်မာပိုင်းကနေ သမ္မတ ဦးသိန်းစိန် ၈၈ ကာလက ဆန္ဒပြမှုကို ဖိနှိပ်တဲ့ အဓိကနေရာမှာ ပါဝင်တယ်လို့စွပ်စွဲတဲ့ ဝီကီလိခ်သတင်းနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နဲ့ ဆက်သွယ်မေးမြန်းတယ်။ ဦးရဲထွဋ်ရဲ့ အင်တာဗျူးထဲမှာ ဒီကနေ့ နိုင်ငံရေးလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက်တွေကိုရော၊ လှုပ်ရှားတက်ကြွသူတွေကိုရော အနာပေါ်တုတ်ကျပြီး စွပ်စွဲပြောဆိုသွားတာတခုက... ၈၈ ထဲက သင်ခန်းစာကိုသာ ဖော်ထုတ်သင့်တယ်၊ ၈၈ ကို အကြောင်းပြုပြီး နိုင်ငံရေးထိုးနှက်ဖို့ မသင့်ဘူး... ဆိုတာပဲ။ ဒီတော့ ပြောစရာနည်းနည်း ဖြစ်လာတယ်...။ 

ဒီကနေ့ နိုင်ငံရေးတက်ကြွသူတွေက ၈၈ ကိုအကြောင်းပြုပြီး နိုင်ငံရေးထိုးနှက်နေတယ်လို့ ကျနော် မမြင်ပါ။ အစိုးရဘက်က လုပ်ဆောင်သင့်တဲ့ အခြေခံအလုပ်တွေ လုပ်ဖို့ပျက်ကွက်နေလို့ အများပြည်သူရဲ့ မယုံကြည်မှုက အခြေခံလာတာ ဖြစ်တယ်။ 


သမ္မတ ဦးသိန်းစိန် အစိုးရက ၈၈ နဲ့ပတ်သက်ပြီးတော့ရော၊ ယခင် စစ်အစိုးရခေတ်က နိုင်ငံရေးလမ်းစဉ် အမှား၊ စီမံကိန်း အမှားကြောင့် တိုင်းပြည် ဆုတ်ယုတ်ပျက်ဆီးနေတာနဲ့ပတ်သက်ပြီး လူသိရှင်ကြား တရားဝင် ဝန်ခံတာမျိုး မလုပ်ခဲ့ဘူး။ အမှားအယွင်းတွေအတွက် ပြည်သူကို တောင်းပန်တာလေးတောင် မလုပ်ခဲ့ဖူးဘူး။ ဒါကြောင့် ပြည်သူက အစိုးရအပေါ် မယုံကြည်ဘူး၊ သံသယရှိတယ်။ အစိုးရကလည်း အရင်ကဉာဉ်မပျောက်ဘူး။ နိုင်ငံရေးသမားတွေကို ရန်သူလို့ မြင်တယ်။ သံသယရှိတယ်။ ပြည်သူကို ခွဲခြားဆက်ဆံတယ်။ အလေးအနက် မရှိဘူး။ ပါးစပ်က ဘုရားဘုရား၊ လက်က ကားရားရား လုပ်နေတာ ကြာပြီ။ ဒါနဲ့ပဲ ပြည်သူနဲ့ အစိုးရအကြား ယုံကြည်မှုပျက်နေတာက ပျောက်ပြယ်မသွားဘူး။ 

၈၈ ကိုအကြောင်းပြုပြီး နိုင်ငံရေးထိုးနှက်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ပတ်သက်ပြီး ပြောချင်တယ်။ 

၈၈ ဟာ မြန်မာ့သမိုင်းရဲ့ အပြောင်းအလဲ တဆစ်ချိုးဖြစ်တယ်။ အဲဒီတုန်းက မဆလ အာဏာရှင်ပါတီဟာ တိုင်းပြည်မှာ သယံဇာတတွေရှိရက်နဲ့ ပညာတတ်တွေ မမွေးထုတ်နိုင်ခဲ့လို့ ဆင်းရဲတဲ့တိုင်းပြည်လို့ လိမ်ညာကြေငြာပြီး နိုင်ငံတကာ အထာက်အပံ့ကို ဂုဏ်သိက္ခာမရှိဘဲ ရဖို့ကြိုးစားခဲ့တယ်။၂၆ နှစ် အာဏာရှင်စနစ်ရဲ့ ဗိုလ်ကျဖိနှိပ်လာတဲ့ ခါးသီးမှုနဲ့ ဆင်းရဲမွဲတေမှုတွေကို ပြည်သူတွေ မခံနိုင်လို့ ကျောင်းသားတွေက စတင်ပြီး တော်လှန်လှုပ်ရှားမှု စခဲ့တာဖြစ်တယ်။ တနည်းပြောရရင် ၈၈ ဟာ မြန်မာပြည်မှာ အရပ်သားအစိုးရ အမည်ခံပြီး အယောင်ဆောင် ဆိုရှယ်လစ်စနစ်ကို စစ်အာဏာရှင် အတွင်းသရုပ်နဲ့ အုပ်ချုပ်နေတယ်ဆိုတာ ပြည်သူတွေက အနာခံပြီး ကမ္ဘာသိ ဖွင့်ချခဲ့တယ်။ 

ဒီကနေ့ သမ္မတ ဦးသိန်းစိန် အစိုးရကလည်း အဲဒီအတိုင်းပဲ။ အရပ်သားအရေခြုံပြီး အယောင်ဆောင် ဒီမိုကရေစီစနစ်ကို စစ်အာဏာရှင် အတွင်းသရုပ်နဲ့ ခိုးကြောင်ခိုးဝှက် အုပ်ချုပ်နေတာဖြစ်တယ်။ 

ဒါကို ၃ နှစ်တာ ကာလအတွင်း နိုင်ငံရေး နိုးကြားနေတဲ့ ပြည်သူတွေက သက်သေသက္ကာရတွေနဲ့ ဖော်ထုတ်သိရှိနေကြပြီ။ အဲဒါကို အစိုးရကလည်း ရိပ်မိတယ်။ ဒီအတိုင်းဆို သူတို့ သက်ဇိုးမရှည်တော့ဘူးဆိုတာ ခန့်မှန်းမိတယ်။ ဒီတော့ အကွက်ဆင် စွပ်စွဲမှုတွေ၊ အရေးယူမှုတွေ ထပ်လုပ်လာတယ်။ အခုဆို အစိုးရကိုယ်တိုင် အတိုက်အခံပြည်သူတွေကို... ၈၈ ကိုအကြောင်းပြုပြီး နိုင်ငံရေးထိုးနှက်နေတယ်၊ သင်ခန်းစာ မယူကြဘူး၊ ရှေ့သွားဖို့ အာရုံမစိုက်ဘဲ နောက်လှည့်ချင်အောင် လုပ်နေတယ်လို့တောင် ခြိမ်းခြောက်သလိုလို ဗြောင်ကျကျပြောဆိုလာပြီ။ 

အစိုးရက မရိုးသားမှုကနေ အခြေခံနေလို့ ဒါတွေဖြစ်နေတာပါ။ အစကတည်းက ဒီမိုကရေစီလမ်းကြောင်းကို လျှောက်မယ်ဆိုရင် ဒီမိုကရေစီကို အခြေခံပြီး ဒီမိုကရေစီကျင့်ဝတ်ရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို စေတနာမှန်နဲ့ ရေးဆွဲပြဌာန်းရမှာဖြစ်သလို၊ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ အနှစ်သာရကိုထိခိုက်နေရင် ပြင်ဆင်မှုတွေ ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်တယ်။ သမ္မတကိုယ်တိုင် အဲလိုလုပ်မယ်လို့ ကတိကဝတ်တွေပေးခဲ့ပြီးလည်း ဖြစ်တယ်။ ဒါကို အမျိုးမျိုး ကလိန်ကညစ်တွေနဲ့ ဆက်ပြီး လုပ်ဆောင်နေတယ်။ 

 ဒီမိုကရေစီ အဆောက်အဦကို တည်တော့မယ်ဆိုပြီး အာဏာရှင်စိတ်ဓာတ်တွေ အုတ်မြစ်ချ၊ စစ်ဗျူရိုကရက် အတွေးအခေါ်တွေနဲ့ ပန္နရိုက်နေကြတယ်။ ဒီအတိုင်းဆို မဆလ တပါတီလို ၂၆ နှစ်တောင်ကြာရှည်ခံမှာ မဟုတ်...။ ပြည်သူတွေ နောက်ထပ် ဆင်းရဲတွင်းနက်မယ်။ နောက်ထပ် သတ်ဖြတ်ခံရမယ်။ ဖိနှိပ်ညှဉ်းပန်းခံရမယ်။ 

အမှန်စင်စစ် ဒီကနေ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်အစိုးရဟာ ဒီမိုကရေစီကို အင်တိုက်အားတိုက် ဖော်ဆောင်တာထက် မိမိတို့ အာဏာနဲ့ အကျိုးစီးပွား၊ လုပ်ပိုင်ခွင့်တွေကိုသာ ကျားကုတ်ကျားခဲ အားထုတ်အရယူနေတာ ရှင်းပါတယ်။ သမ္မတ အမြန်ဆုံး အမြင်မှန်မရရင် တိုင်းပြည်ပြည်လည် ဒုက္ခရောက်လိမ့်မယ်။ ထပ်ပြီး သွေးချောင်းစီးလိမ့်မယ်။ ဒီတခါ နိုင်ငံရေးပဋိပက္ခဖြစ်ရင် ပြည်ပနိုင်ငံတွေ၊ အစွန်းရောက် ဘာသာရေးအဖွဲ့အစည်းတွေ၊ အကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ပါ ပိုမိုရှုတ်ထွေးပြီး တိုင်းပြည် တစစီပြိုကွဲရေးလမ်းကြောင်းကို ဦးတည်သွားမှာ မြင်ရလို့ပါ...။ နိုင်ငံကြီးတချို့ဆီက ခေတ်မမီ ရောင်းမကောင်းတော့တဲ့ ပေါချောင်ကောင်း ကုန်ထုတ်ပစ္စည်းတွေသာမက ခေတ်မမီ လူသတ်လက်နက်ဟောင်းတွေပါ မှောင်ခိုဈေးကွက်ကနေ အလူးအလှိမ့်ဝင်လာပြီး တုတ်တပျက် ဓားတပျက်ဖြစ်မှာ ကျိန်းသေတယ်။ 

သမ္မတ ဦးသိန်းစိန်ရဲ့အစိုးရနဲ့အတူ မာဖီးယားအုပ်စုတွေ၊ အကြမ်းဖက်အုပ်စုတွေ၊ အစွန်းရောက် ဘာသာရေးအဖွဲ့အစည်းတွေကိုပါ နက္ခတ်နဲ့ယှဉ်ပြီး တချိန်တည်း မွေးထုတ်ပေးလိုက်လို့ပါ...။ ။ 

ကိုညို (အော်စလို) 
၀၇ သြဂုတ် ၂၀၁၄ 

No comments: