Thursday, August 14, 2014

ချစ်ခြင်းအားဖြင့် ရေးတဲ့ အရေးကြီးပြီ အလွမ်းစာ (ကျော်ကျော်ငြိမ်းချမ်း)

“ဖထီး... ဖထီးမှာ သူ့လိုမျိုး သမီးလှလှလေးတယောက်လောက် မရှိတော့ဘူးလားဗျ...” 

“ရှိရင် ကျနော်နဲ့ ပေးစားဗျာ... ဒါဆို ကျနော် ဒီမှာပဲနေတော့မယ်... မပြန်တော့ဘူး...” တဲ့ ... ...။ 

အဲ ... ကိုငှက်ကြီးကတော့ လုပ်ချလိုက်ပြန်ပြီ...။ 

အချိန်က ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်... မနက်လင်းအားကြီး ၂ နာရီလောက်...။ နေရာက ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးက မယ်လလို့ခေါ်တဲ့ ထိုင်းကရင်ရွာလေးထဲမှာရှိတဲ့ KNU-KNLA က ဗိုလ်ချုပ်မောင်မောင်ရဲ့ နေအိမ်...။ [ယခု မယ်လ ဒုက္ခသည်စခန်း (ဘဲကလော် ဒုက္ခသည် စခန်း) မဟုတ်ပါ... မယ်လရွာက ဒုက္ခသည်စခန်းကနေ ၁၀ ကီလိုလောက်ဆက်သွားမှ ရောက်ပါသည်... ၎င်းရွာကိုအစွဲပြု၍ ဒုက္ခသည်စခန်းကို မယ်လ ဟုခေါ်ခြင်းဖြစ်ပါသည်...။ ဒုက္ခသည်စခန်းနေရာတွင် ယခင်က ဝါဂွမ်းစိုက်သဖြင့် ကရင်ဘာသာဖြင့် ဘဲကလော် (ဝါဂွမ်းခြံ) ဟုလည်း ခေါ်ပါသည်] 


အဲဒီအချိန်က ကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) ကေအဲန်ယူနယ်မြေကော်မတီရုံးကို မဲသရိ(ခလဲ့ဒေးစခန်း) မှာ ရုံးစိုက်ထားပါတယ်...။ ကျောင်းသားတပ်မတော် တပ်ရင်း ၂၀၇ တပ်ရင်းရုံးလည်း အခြေပြုထားပါတယ်...။ ဗဟိုဌာနချုပ်ရုံး(ယာယီ) က ဝမ်ခ(ကော်မူးရာ)စခန်းမှာပါ...။ မဲသရိမှာ ဖွဲ့ပြီးကာစ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒမခ) တပ်ပေါင်းစုဌာနချုပ်ရုံးလည်း အခြေစိုက်ထားပါတယ်...။ 

ပြောရရင်တော့ အဲဒီအချိန်က ဟစ်အဖြစ်ဆုံး အဆိုတော် ၂ ယောက်ဖြစ်တဲ့ ကိုထူးအိမ်သင်နဲ့ ကိုမွန်းအောင်တို့က သူ့အုပ်စုလေးနဲ့သူ ၁၉၈၈ စက်တင်ဘာ စစ်တပ်က အာဏာသိမ်းအပြီးမှာ ဘုရားသုံးဆူစခန်း (မွန်ပြည်သစ်ပါတီနယ်မြေ) ကို ရောက်လာကြတာပါ...။ ကိုထူးအိမ်သင်နဲ့ မော်လမြိုင်ကပါလာတဲ့ သူငယ်ချင်းတချို့က ရောက်ပြီး သိပ်မကြာခင်မှာတင် ပြန်သွားကြပါတယ်...။ မော်လမြိုင်-ဘုရားသုံးဆူ ကုန်သည်လမ်းကြောင်းကလည်း ဖြူးနေတော့ နေချင်းပေါက် ဥဒဟိုသွားလာနေတဲ့ကာလ ဆိုပါတော့...။ 

ကိုထူးအိမ်သင်ကတော့ ကိုမွန်းအောင်နဲ့အတူ မကဒတဖြစ်လာမယ့် ပထမဆုံး အစည်းအဝေးကိုတက်ဖို့ ဘုရားသုံးဆူစခန်းကနေ လေ့လာသူအဖြစ် ဝမ်ခ(ကော့မူးရာ)စခန်းကို လိုက်လာပါတယ်...။ တခြား မဒမခ လူကြီးများ [နိုင်ဟံသာ (ယခု UNFC) နဲ့ ဒေါက်တာတူးဂျာ လို့ ထင်ပါတယ်] တို့က ဌာနချုပ်ရှိရာ ခလဲ့ဒေးစခန်းကိုခေါ်လာပြီး စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဦးအေးဆောင် [ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ပီအယ်လ်ဖက်) အထွေထွေအတွင်းရေးမှူး] ကို အပ်သွားတာပါ...။ 

အဲဒီ မဒမခ စည်း/ပြန်မှာ NUFA(National United Front of Arakan) က ရှေ့နေ ခိုင်စောထွန်း (ပြည်တွင်းပြန်ဝင်-ကွယ်လွန်) တို့၊ GSC (General Strike Committee) က ဆရာကိုမြင့်လှိုင် (ယခု UCLA မှာ တွဲဖက် ပါမောက္ခလုပ်နေတယ်ထင်ပါ့) တို့လည်း ရှိပါတယ်...။ မဒမခ အထွေထွေအတွင်းရေးမှူးက သွားလေသူ ဦးတွတ် (ဦးတင်မောင်ဝင်း) ဖြစ်ပြီး နိုင်ဟံသာက တွဲဘက်(၁) နဲ့ ကျနော်တို့ မကဒတ က အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်း(ရကသ) [ယခု ဖလော်ရီဒါ] က တွဲဘက်(၂) ပါ...။ ခလဲဒေးကိုရောက်လာပြီး သိပ်မကြာခင် ကချင် ကေအိုင်အိုအဖွဲ့က လူကြီးတွေက မိုးလုံးမှိုင်းကြီးကို ချင်းမိုင် (ဇင်းမယ်)မြို့ကို အလည်ခေါ်သွားပါတယ်...။ ဆိုတော့ ငှက်ကြီးတကောင်ပဲ ခလဲ့ဒေးမှာ မဒမခ ကိုင်းကြီးကြီးမှာ နားရင်း ကျန်နေခဲ့ပါတယ်...။ 

ကြုံလို့ပြောရရင်... ကိုမွန်းအောင် မသွားခင်လေးတင် အဲဒီတုန်းက မကဒတ အစောပိုင်းသမိုင်းမှာ နာမည်ကျော် ခွေးသူခိုးကိစ္စ ဖြစ်တာပါ...။ မကဒတမှာ ပထမဦးဆုံး နိုင်ငံရေးကမ်ပိန်းလို့ပြောရမလား... အပုပ်ချပွဲ(လူချပွဲ) လို့ ပြောရမလား မသိပါ... (မ တစ်ရာသားတွေဆိုတော့လည်း ခက်သား...၊ တချို့က အဲဒီထဲက အကျင့်က မကောင်းကြတာ... ထားပါတော့... နောက်ကွယ်က ဘယ်သူတွေ ဝါဒဖြန့်ကြလဲဆိုတာ... နောက်ကြုံမှပေါ့) 

တနေ့တော့ ကိုထူးအိမ်သင်၊ ကိုမွန်းအောင်၊ ကိုအောင်နိုင် [အဲဒီတုန်းက မကဒတ ဗဟိုကော်မတီမှာ တွဲဖက်အတွင်းရေးမှူး၊ အခု ဗွီအိုအေ ဌာနမှူး ကိုသန်းလွင်ထွန်း] တို့ကို ကချင်ကိုယ်စားလှယ်အဖွဲ့က ရဲဘော်တဦး (ကိုဇော်နောင်လို့ ထင်ပါတယ်) က သောင်ရင်းမြစ်တဖက်ကမ်း ယိုးဒယားဘက်ခြမ်းက ဈေးတန်းမှာ ထိုင်းခေါက်ဆွဲပြုတ် လိုက်ကျွေးပါတယ်... [အဲဒီအချိန်က ဘယ်သူမှ ကိုယ့်ဟာကို ဝယ်မစားနိုင်ပါဘူး... တယောက်မှ ခြူးတပြားမှ မရှိတာ... နောက်ပိုင်းမှ ရေးပါဦးမယ်] 

အပြန်ကျတော့ ခေါက်ဆွဲဆိုင်က ခွေးကလေးက သူတို့နောက်ကို သူ့ဟာသူ လိုက်လာပါတယ်... ပြန်မောင်းထုတ်တာ မပြန်ဘဲ လှေဆိပ်ထိ လိုက်လာပါတယ်...။ ဖြစ်ချင်တော့ ခွေးလေးကလည်း ချစ်စရာကောင်းတော့ ကိုအောင်နိုင်က အမှတ်တမဲ့ ကောက်ပွေ့လာတော့ ဒီဘက်ကမ်းကို ပါလာပါတယ်...။ နောက်တော့ ဆိုင်ပိုင်ရှင် ထိုင်းမ (ထိုင်းပုလိပ် မိန်းမ) က ဒီဘက်ကိုအကြောင်းကြားပြီး ပြန်တောင်းပါတယ်...။ 

အဲဒီတုန်းက ကေအန်ယူ နယ်မြေ ဂိတ်တာဝန်ခံက ပဒိုစောဒေဗစ်ထောပါ...။ ကိုအောင်နိုင်တို့ကလည်း အကျိုးအကြောင်းပြောပြ၊ တောင်ပန်ပြီး ပြန်ပို့ပေးလိုက်ပါတယ်... အစ်နော့အဘစ်ဒီးလ်... အေးဆေးပါ...။ ဆိုတော့ စက်နဲ့အကြောင်းကြားရင်း ၂၀၇ တပ်ရင်မှူးအောင်ဟိန်း [နောင်တချိန် မကဒတ ဗဟိုဘဏ္ဍာရေးတာဝန်ခံဖြစ်ပြီး ဘတ်သုံးသိန်းလောက်ဘုံးပြီး ဗမာပြည်ပြန်ပြေးတဲ့မောင်... (ပြောရရင် သူကမှ သူခိုးအစစ်ပေါ့...)] က ဆက်သွယ်ရေးစက်ထဲမှာကြားတော့ တဆင့်တဆင့်ပြောကြရင်းနဲ့ ကိုအောင်နိုင်နဲ့ မတည့်တဲ့ (မလိုလားတဲ့) အုပ်စုက ကိုထူးအိမ်သင်နဲ့ ကိုအောင်နိုင်ကို ခွေးသူခိုးဆိုပြီး အမနာပ ကမ်ပိန်းထုကြရော...။ အမှန်တော့ ကိုအောင်နိုင်ကို ဆော်ချင်ကြတာနေမှာပါ... သူက အဲဒီအချိန်မှာ ပူပူနွေးနွေး မကဒတ ထိပ်ပိုင်းခေါင်းဆောင်ကိုး...။ ဒါပေမယ့် ကိုထူးအိမ်သင်နာမည်က တွဲပါသွားတော့ အဲဒီမှာတင် သူ တခါ စိတ်ပျက်သွားတယ်နဲ့တူတယ်...။

ဖြစ်ချင်တော့ ကိုမွန်းအောင် ဇင်းမယ်ကိုထွက်သွားပြီး နောက်ပိုင်းမှာ ကိုငှက်ကြီး ငှက်ဖျား စ မိပါတယ်...။ ဖားအံငှက်က သူ့ထက်ကြီးတော့ သူ့ခမျာ နဂိုကလည်း ခပ်ပိန်ပိန်... အာဟာရလည်းပြတ်တော့ အိပ်ယာထဲ လဲပါတယ်...။ မဒမခ-ဒီအေဘီ ရုံးက အခန်းကျဉ်းလေးထဲမှာ ခွေနေရှာပါတယ်...။ ဖြစ်ချင်တော့ ဦးအေးဆောင်လည်း ခရီးထွက်... ကျန်တဲ့လူကြီးတွေလည်းမရှိတော့ လူမမာစာ မရှိဖြစ်နေပါတယ်...။ ဒါနဲ့ ကျနော်တို့ နယ်မြေရုံးမှာရှိတဲ့သူတွေကို ကိုငှက်ကြီးအတွက် လူမမာစာ ဆက်ကြေးကောက်ပါတယ်...။ မကဒတ သမိုင်းမှာ ကိုယ့်အချင်းချင်း ပြန်ကောက်တဲ့ ပထမဆုံး ဆက်ကြေးဖြစ်မယ် ထင်ပါရဲ့...။ ဆက်ကြေးကောက်တယ်သာပြောရတာ... ဘယ်သူ့မှာမှ ပိုက်ဆံရှိတာ မဟုတ်...။ 

ကြုံလို့ အဲဒီအချိန်က မကဒတ နယ်မြေကော်မတီရဲ့ ရာရှင်နဲ့ လစာအကြောင်း... နှောင်းခေတ်လူများ အားကျဖွယ် နည်းနည်း ပြောပြရဦးမယ်...။ ကော်မတီဝင် ၃၀ နီးပါးနဲ့ ရုံးအဖွဲ့သား ၁၀ ဦးလောက်အတွက် ဆန်အိတ်ငယ် ၁၀ အိတ်၊ ငပိငါးပုံးနဲ့ ဆားအထုပ် ၂၀ ရပါတယ်...။ (ကေအဲယူက ထုတ်ပေးတာပါ၊ သူတို့ရဲဘော်တွေလည်း ဒီစကေးပါပဲ)။ ဆီ၊ အချိုမှုန့်၊ ငရုပ်သီး၊ ကုလားပဲ၊ ငါးခြောက်၊ ငါးသေတ္တာ စတာတွေကတော့ ဒိုနာတွေပေါ်မှာ မူတည်သပေါ့ဗျာ...။ အများအားဖြင့်တော့... ပြတ်တလှည့်... ငတ်တလှည့်ပေါ့...။ ပေးစကေးကလည်း နည်းမှတ်လို့... တယောက်ကို တလ ရိက္ခာငွေ ယိုးဒယားအသပြာ ၈ ဘတ်ကြီးများ တောင်ရတာကလား။ [အမှန်တော့ ဆေးလိပ်ဖိုးလို့ ပြောပေးတာပါဗျာ... ဒါပေမယ့် လူရှိန်အောင် မဟာမိတ်တွေခေါ်တဲ့အတိုင်း ရိက္ခာငွေ(လစာ) လို့ ခပ်ထယ်ထယ် လုပ်ရတာပေါ့...။ ခေသူတွေမှ မဟုတ်တာ... ပူပူနွေးနွေး အစိုးရ ၃ ဆက်ကို လက်ချည်းဗလာဖြုတ်ချလာတဲ့ မဟာ့မဟာ ကျောင်းတော်သားတွေပဲဟာ] 

အဲဒီအချိန်က ဆေးပေါ့လိပ် ခဲနိုင်တဲ့ကောင်လောက်ကသာ (တကယ်တော့ ဆေးပေါ့လိပ် ဟုတ်ပါဘူး... ဆေးရွက်ကြီးကို ထညက်နဲ့နယ်ပြီး လိပ်ထားတဲ့ ဖက်ဖြူလိပ်တွေပါ) ရဲဘော်ချေတို့၊ ရဲဘော်ကက်စထရိုတို့ ဆေးပြင်းလိပ်ခဲတဲ့ စတိုင်နဲ့ အိစ်ကော်သူးလေ တောထဲကနေ ကျူးဘားအိပ်မက် မက်နေနိုင်ကြတာကလား...။ ခရောင်းထက် စီးကရက် ဆိုတာက ထိုင်းထောက်လှမ်းရေးတွေ၊ ကုန်သည်သူဌေးတွေ ရွာထဲဖြတ်လျှောက်တာနဲ့ကြုံမှ နောက်နား မလှမ်းမကမ်းကနေ အနံ့လိုက်ရှူရတာမျိုး... (ငယ်ငယ်ကလေးဘဝ အိမ်ရှေ့လမ်းပေါ် ကားဖြတ်သွားရင် ဓာတ်ဆီနံ့လိုက်ရှူသလိုမျိုးပေါ့) [နောက်ပြောတာ မဟုတ်ဘူး... ကျနော့်ရုံးအဖွဲ့က ဆေးလိပ်ကြိုက်တဲ့ ရဲဘော်တချို့ တကယ်လိုက်ရှူကြတာ ကိုယ်တိုင် တွေ့ဖူးတာ...] 

အဲဒီတော့ တလစာ ဘိန်းဖိုး အသပြာ ၈ ဘတ်ကို တပတ်ကို ၂ ဘတ်နှုန်းနဲ့ ဘတ်ဂျက်ဆွဲပြီး ဆေးသေး (ပွတ်ချွန်းဆေး) ၂ ထုပ် ဝယ်ရတယ်...။ အဲဒီတုန်းက ဆေးသေး တထုပ် ၁ ဘတ်...။ လိပ်သောက်ဖို့ စက္ကူတောင် သပ်သပ်မဝယ်နိုင်ဘူး... ဘာစာအုပ်၊ စာတမ်းတွေ့တွေ့ လာထား... ဖြဲပြီး လိပ်ပလိုက်မယ်ဆိုတာချည်းပဲ...။ လူကလည်းများတော့ ဆပ်ပလိုင်းနဲ့ ဒမန်းက မကာမိ...။ တခါတခါ ပဒိုယာယု လက်ဖက်ရည်ဆိုင်ထရံမှာ ကပ်ထားတဲ့ ကြော်ငြာပါ မချန်ဘူး... ကြော်ငြာထဲက ထိုင်းမတွေဆို မောင်ကျောင်းတွေလက်ချက်နဲ့ တယောက်မှ စကပ် မရှိတော့ဘူး...။ ထားပါတော့... အဲဒီတော့ မရှိမဲ့ရှိမဲ့လေးတွေစုပြီး လက်ဖက်ရည်တခွက်နဲ့ အီကြာကွေး ၂ ချောင်းနဲ့ လူမမာသွားမေး၊ အားပေးရတာပေါ့...။ ငှက်ကြီးလည်း ကွီနိုင်းဒဏ်ကို အလူးအလဲခံထားရတော့ နားရွက်နဲ့ မျက်မှန်ပဲ ကျန်တယ်...။ လက်ဖက်ရည်သောက်ရုံနဲ့ ထိုးထိုးအန်ပြီး မထနိုင်တော့ဘူး...။ အဲဒီမှာ သူ့ရဲ့ အမေ့အိမ် လွမ်းချင်းကို စ ကြားရတာပဲ...။ 

“အမေ့ကို အရမ်းသတိရတယ်ကွာ... နေကောင်းရင် ငါ ပြန်တော့မယ်” ဆိုတာကို ငှက်ဖျားတက်ရင်းနဲ့ Chorus ပိုဒ် ဆိုသလို ထပ်ခါတလဲလဲ ညည်းတော့တာပဲ...။ ကျနော်တို့ကတော့ နေကောင်းအောင် အရင်လုပ်ပါဗျာ...။ ပြန်ဖို့က မခက်ပါဘူးလို့ အားပေးရင်း ဝိုင်းပြုစုကြရတယ်...။ ပြုစုတယ်သာပြောတာ KNU ဆေးခန်းကပေးတဲ့ ကွီနိုင်းကလွဲလို့ ဘာမှ ဓာတ်စာ မရှိတော့... ကိုက်တယ် ခဲတယ်ပြောတဲ့နေရာကို တတ်နိုင်သလောက် နင်း နှိပ်ပေးရုံပါပဲ...။ ကေအန်ယူ ဂိတ်ကိုဖြတ်တဲ့ ကုန်သည်တွေနဲ့ ရွာထဲက ဈေးဆိုင်တွေမှာ ပိုက်ဆံမဟုတ်တဲ့ ဓာတ်စာ (ကြက်ဥ၊ ငါးသေတ္တာ၊ ငါးခြောက်ငါးခြမ်း၊ အအေး၊ အချိုရည် စသဖြင့် ဝယ်ပေးဖို့ အလှူခံရတယ်...။ (အဲဒီကနေစပြီး အတောင်းအရမ်း တတ်သွားတာနေမှာ)။ ပဒိုဒေးဗစ်ထောက နောက်တနေ့ ကြက်တကောင်နဲ့ ကြက်ဥနည်းနည်း ပို့လာလို့ ကြက်စွတ်ပြုပ်နဲ့ ကြက်ဥပြုပ်ကလေးနဲ့ မနည်း နလံထအောင်လုပ်ရတယ်...။ 

မှတ်မှတ်ရရ ကြက်ကိုင်ပြီး စွပ်ပြုပ်လုပ်ပေးတာ ကျနော့်နယ်မြေကော်မတီရုံးအဖွဲ့က ကုလားလေး ကိုမြင့်ဆွေ။ [နောင် ၁၉၉၀ အစောပိုင်း ဗညားအောင်နိုင် (ယခု ဧရာဝတီသတင်းဌာနက ကိုလင်းသန့်) နဲ့ အမှုတတွဲထဲ၊ ပြည်တွင်းမှာ အဖမ်းခံရ၊ ထောင်ကျပြီး ထောင်ထဲမှာ ရိုးရိုးအကျဉ်းသား စိတ်မနှံ့တဲ့သူနဲ့ (တမင်) အတူထားခံရပြီး အဲဒီလူက ဂမ်ဖလားနဲ့ ရိုက်သတ်လို့ ကျဆုံးရရှာသူ- သူ့အကြောင်းလည်း စာတစောင် ပေတဖွဲ့ ရေးရဦးမယ်။ အနစ်နာခံ၊ သစ္စာရှိတဲ့ လူတော်တယောက်၊ ရဲဘော်ရဲဘက် အလွန်ပီသတဲ့သူ၊ အများကို အထိခိုက်မခံ... အလုပ်ကို အထိခိုက်မခံဘဲ အလွန်ဘာသာရေးကိုင်းရှိုင်းတဲ့ အစ္စလမ်ဘာသာဝင် တယောက်] တပတ်... ၁၀ ရက်လောက်ကြာတော့ ငှက်ကြီးက ဒေါင်းပြန်ဖြစ်၊ ငှက်ဖျားက ကျီးကန်းဖြစ်သွားပြီး သူ နာလံပြန်ထလာပါတယ်...။ ကျနော်ကတော့ ငှက်ကြီးကို အဲဒီထဲက အပြတ်ပြောတယ်... ဒီနေရာ ခင်ဗျား လာရမယ့်နေရာ မဟုတ်ဘူး...၊ ဒီအလုပ် ခင်ဗျား လုပ်ရမယ့် အလုပ်မဟုတ်ဘူး... လို့။ အေးပါကွာ ... မင်းတို့ ငါ့ကို နားလည်ပေးတာ... စေတနာထားတာ... တန်ဖိုးထားတာ... (ရင်ဘတ် ပုတ်ပြပြီး) ဒီထဲကနေ ငါ နားလည်ပါတယ်ကွာ... လို့ မျက်ရည်ဝဲဝဲနဲ့ ပြောရှာတယ်...။ 

သူ နည်းနည်းထောင်လာတာနဲ့ ကာလကလည်း ခရစ္စမတ်အခါသမယ... ဟိုနား ဒီနားက ကရင်မိတ်ဆွေတွေရဲ့ ခရစ္စမတ်သီချင်းသံကလည်း မကြာမကြာ ကြားနေရတော့ ကျနော်တို့ ကိုငှက်ကြီးကိုဗဟိုပြုပြီး ကာရိုးလ်ဆင်းဂန်းထွက်ဖို့ ကြံကြပါတယ်...။ နေမကောင်းရင် (ငှက်ဖျားထရင်) ဓာတ်စာဖိုးလေးတော့ရှိမှဆိုတဲ့ သင်္ခန်းစာကို ငှက်ကြီးက ဦးဦးဖျားဖျား ပေးသွားတော့ ဘော်ဖန်ချင်တာက အဓိကပေါ့...။ 

ကချင်ရဲဘော် တယောက်၊ နှစ်ယောက်... ကရင်မိတ်ဆွေ တယောက်၊ နှစ်ယောက်နဲ့ ကိုငှက်ကြီး... ကျန်တာက ကျနော်တို့ ပြုံယမ်းအဖွဲ့ပေါ့... (စုပြုံပြီး ရမ်းသမ်းအော်တဲ့ ကျနော်တို့အဖွဲ့ကို ပြောတာပါ)... တကယ့် ခရစ်ယာန်အစစ်ကလည်း ကချင်နဲ့ ကရင်မိတ်ဆွေ နှစ်ယောက်၊ သုံးယောက်ပါပဲ... ကျန်တာတွေကတော့ ခါတော်မီ ရေကူးခရစ်ယာန်တွေချည်းပဲ...။ (ရေငုပ်ရတဲ့ နှစ်ခြင်းခရစ်ယာန်လည်း မဟုတ်...၊ ရေဖျန်းတဲ့ ရိုမန်ကက်သလစ်လည်း မဟုတ်တဲ့... အားအားရှိ သောင်ရင်းမြစ်ထဲမှာ ရေဆင်းကူးနေတဲ့ ကျနော်တို့ နယ်မြေရုံးက ပြုံယမ်းတွေကို ပြောတာပါ...) [ဘာသာတရားကို စော်ကားပုတ်ခတ်လိုတဲ့စိတ်နဲ့ပြောတာ မဟုတ်ပါဘူး... ကျနော်တို့အချင်းချင်း အဲဒီအချိန်က နောက်ပြောကြတာပါ...။ ဒါကိုအကြောင်းပြုပြီး ၆..၇..၈..၉..၁၀ တွေတော့ မဖန်တီးကြပါနဲ့နော] အဲဒီအချိန်က ငတ်လွန်းလို့ တတ်သည့်ပညာ မနေသာ လုပ်စားကြတာပါ...။ 

ရှိသမျှ ခရစ်ယာန်... ဗုဒ္ဓဘာသာအိမ်အားလုံး (ဈေးဆိုင်တွေ ပိုများပါတယ်) ကို ညဘက် ကျနော်တို့အဖွဲ့ သီချင်းလိုက်ဆိုရင် စားစရာ သောက်စရာတွေ ထုတ်ကျွေး၊ အလှူငွေထည့် လုပ်ပါတယ်...။ တိုတိုပြောရရင် ငှက်ကြီးတန်ခိုးနဲ့ ကာရိုးလ်ဂုဏ်တက်ပြီး ဘတ် ၄၀၀၀ လောက် စီပါတယ်...။ (အဲဒီခေတ်က ဒေါ်လာ ၁၆၀ လောက်ပေါ့) [ခေါက်ဆွဲပြုတ်တပွဲ ၅ ဘတ်ပဲ ရှိတာပါ] အဲဒီ ကာရိုးလ်ဆင်းဂင်းနဲ့ ပွဲဦးထွက်လိုက်တဲ့ ကျေးဇူးတော်ကြောင့် စောငှက်ကြီး ဦးစီးတဲ့ ကျနော်တို့ ပြုံယမ်းခရော့စ် ကို မင်္ဂလာဆောင်ပွဲတပွဲ တီးပေးဖို့ အငှားခံရသဗျ ...။ 

အဲဒီမှာတင် အစမှာရေးထားတဲ့ ဇာတ်လမ်းပေါ်လာတာပေါ့...။ ဗိုလ်ချုပ်မောင်မောင်ရဲ့သား ကိုအောင်မော်အေး (ယခု KNU ဖားအံခရိုင် ဥက္ကဋ္ဌ) နဲ့ ပဒိုမန်းရင်စိန်ရဲ့သမီး နော်မြူအေးတို့ရဲ့ မင်္ဂလာဆောင်...။ အဲဒီအချိန်က KNLA စစ်ဦးစီးဌာနချုပ်က ဗိုလ်ချုပ်မောင်မောင်ကို မဒမခ မှာ စစ်ရေး တာဝန်ခံအဖြစ် တာဝန်ပေးထားပါတယ်...။ ကြုံလို့ ဗိုလ်ချုပ်မောင်မောင်အကြောင်း နည်းနည်း ပြောမယ်...။ မြစ်ဝကျွန်းပေါ်သား... ဗမာရည် အင်မတန်လည်... အစောပိုင်း သခင်စိုးကြီးတို့ အလံနီအုပ်နဲ့ရော... နောက်ပိုင်း တောင်ငူ၊ ပျဉ်းမနားအလယ်ပိုင်းနယ်မြေမှာ ကွန်မြူနစ်ပါတီနဲ့လည်း တွဲခဲ့ဖူးသူ... ဥက္ကဌ မန်းဘဇံရဲ့  KNUP က ပါလာသူ...။ ကျနော်တို့ကျောင်းသားများနဲ့ အင်မတန် အလွမ်းသင့်သူပါ...။ 

သူ စကားပြောကောင်းတာ၊ နိုင်ငံရေး စစ်ရေး အတွေ့အကြုံ ကြီးမားတာတွေကတော့ နောက်ပိုင်း လက်ပွန်းတတီးနေရတော့မှ ကိုယ်တွေ့ သိလာရတယ်...။ အစည်းအဝေးတွေမှာဖြစ်ဖြစ်... အပြင်မှာဖြစ်ဖြစ် စကားပြောရင် ပုံပြင်တွေ၊ ဥပမာတွေ ညှပ်ညှပ်ပြီး အပြောကောင်းလွန်းလို့ (နောက်ပိုင်း မာနာပုလောခေတ်မှာ) သူ့ကို ကျနော်တို့က ချစ်စနိုးနဲ့ “ပုံတိုပတ်စ မောင်မောင်” လို့ နာမည်ပေးရတဲ့အထိပဲ...။ တချိန်က KNU ရဲ့ဦးနှောက်လို့ တင်စားခံရတဲ့ ဒု-ဥက္ကဋ္ဌ ပဒိုစောသန်းအောင်က “ကွန်မြူနစ်တွေဟာ ဘုရားဆင်းတုတော်တောင် ခေါင်းငြိမ့်အောင် အပြောကောင်းတယ်လို့ နာမည်ကြီးပေမယ့် ကျနော်ကိုယ်တွေ့ မကြုံဖူးဘူး... ဒါပေမယ့် ဗိုလ်မောင်မောင်ကတော့ ကွန်မြူနစ်တွေ ခေါင်းငြိမ့်အောင် ပြောနိုင်တာ ကျနော်ကြုံဖူးသဗျား”... လို့ ချီးမွမ်းရတဲ့သူ...။ (သူ့တို့ ၂ ယောက် အပါအဝင် ချစ်ခင်လေးစားစရာ အရင်က KNU ခေါင်းဆောင်ကြီးတွေအကြောင်းကတော့ စာတစောင် ပေတဖွဲ့ အများကြီးရေးစရာတွေ ရှိသေးတယ်...။ ခုခေတ် ကရင် ခေါင်းဆောင်တွေရော မပါဘူးလားလို့တော့ ကပ်ဖဲ့ပြီး မမေးကြနဲ့ဗျာ...) 

တိုတိုပြောရရင် ၁၉၈၈ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်လုပ်မယ့် မင်္ဂလာဆောင်အတွက် ၂၁ ရက်နေ့ညမှာ စတိတ်ရှိုးတီးပေးဖို့ ဗိုလ်ချုပ်မောင်မောင်က ကျနော့်ကို အကူအညီတောင်းပါလေရော...။ ဆိုတော့ သီချင်းတိုက်ကြရတာပေါ့... ရက်ကလည်း ကပ်နေတော့...။ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး... ကိုငှက်ကြီး တယောက်ကလွဲလို့ ဖြစ်ဖြစ်မြောက်မြောက် တယောက်မှမပါတာ...။ ဒီတော့ ကိုငှက်က မင်းတို့ ရပြီးသား အိုးဂေါ်လီ သီချင်းတွေကို လက်ပူတိုက်ပြီး နွှေးကြကွာ... တဲ့။ 

KNU တပ်မဟာ ၇ နဲ့ ဗဟိုက စုပေါင်းစပ်ပေါင်း ပစ္စည်းတစုံစာ ထုတ်လာတယ်... ဒရမ်မာမရှိတော့ သူက ပင်တိုင် ဒရမ်တီးမယ်တဲ့... ကျနော့်ကို ဂစ်တာတီးတဲ့... သူ သီချင်းဆိုရင် ကျနော်က ဒရမ်တီးတဲ့... သူက ဂစ်တာတီးရင်းဆိုမတဲ့...။ သူက ဘာတီးတီး... ဘာဆိုဆို ပြဿနာ မရှိဘူး...။ သူမို့လို့ ကျနော်တို့နဲ့ စတိတ်ရှိုး လက်ခံရဲတယ်... ရဲစွ... ဟုတ်ထာ...။ အရေးထဲ ဘေ့စ်တီးမယ့်သူမရှိတော့ ကျနော်တို့ နယ်မြေကော်မတီဝင် စောထစခန်းက (ကျောင်းဆရာ) မောင်မောင်စိုး (အမေရိကား-ဖို့ဝိန်းမှာ ဆုံးသွားသူ) က ဝင်တီးပေးတယ်... သူကလည်း ရတဲ့သီချင်းရ... မရတဲ့သီချင်းမရ (ကျနော်နဲ့အတူတူပါပဲ) ဆိုတော့ KNU က စက်သမားက သူလည်း ရတဲ့သီချင်း ဝင်တီးမတဲ့...။ အော်ဂင်ရောဆိုတော့... ဘုရားကျောင်းက ဓမ္မဆရာတွေ ရတဲ့သီချင်းဆို ဝင်တီးမတဲ့...။ အဆိုတော်ကလည်း ပြုံယမ်းအဖွဲ့ဝင်တွေလောက်ပဲရှိတာ...။ 

တော်သေးတာပေါ့... ကိုငှက်အပြင် ချင်းအဖွဲ့က ဆလိုင်းဆန်ဇဲ နဲ့ ကချင်က ကိုဇော်နောင်တို့ ရှိလို့... ဒီလူတွေက ဘိုသီချင်းတွေ အပါအဝင် အဆိုကောင်း.. အတီးကောင်းတွေ...။ စဉ်းစားကြည့်ကြပေါ့ဗျာ... ကိုငှက်ကြီး ဒီလူတွေနဲ့ ဒီလိုပွဲမျိုးလက်ခံရဲတာ နည်းတဲ့သွေးမှတ်လို့...။ 

ဆိုတော့ စောငှက်ကြီး ဦးစီးသော ဖြဲဖြဲစင် ပြုံယမ်းခရော့စ် တေးဂီတကြီး မဲလ မျှော်စင်ကျွန်းမှာ ဂွမ်း... အဲ... အဲ ကြမ်းကြ ရမ်းကြရော ဆိုပါတော့...။ အား... ပရိတ်သတ်ကတော့ ကြိတ်ကြိတ်တိုး...။ ရှူးရှူးတောင်ဆင်းပေါက်ဖို့ အချိန်မပေးဘူး... တချိန်လုံး... တီးထား... ဆိုထား... ဆိုတဲ့အထဲကပဲ...။ (နောက်မှပြန်သိရတာ ၃ ပုံ ၂ ပုံလောက်က ဗမာလို မတတ်ကြဘူးဆိုပဲ... ဒါကြောင့် အသံထွက်နေဖို့လိုရင်း... ဘာသံဖြစ်ဖြစ် အားပေးပြီးသားပဲ...) အရင် KNU လက်နက်ဝယ်ယူရေးတာဝန်ခံ ကိုကျောက်ခက်က ကျနော်တို့တီးဝိုင်း မန်နေဂျာပေါ့ (ရေပူ ရေချမ်းကမ်းလှမ်းဖို့ပါ...။ သူ ဝယ်တိုက်တော့မှ မဲခေါင်အရက်ကို စ သောက်ဖူးတာ...) တီးအား... ဆိုအားတင်မက... သောက်အားကလည်း ကောင်းဆိုတော့ ညသန်းခေါင်လောက်မှာ ရတဲ့သီချင်းလည်း ကုန် ...ရေစင်လည်းပြတ် ဖြစ်သွားတယ်...။ ဒီဇင်ဘာလကြီး တကယ့် နှင်းတောထဲမှာဆိုတော့ ရာသီဥတုကလည်း အားကစားသမားများ အကြိုက်ပေကိုး...။ 

နောက်ဆုံးကျန်တဲ့ တပြား ကိုကျောက်ခက် လာပေးတော့ ကိုငှက်ကြီး သိမ်းထားပေတော့ဆိုပြီး သူ့ကို ပေးလိုက်တယ်... သူလည်း သူ့ ဒရမ်မာခုံအောက်မှာ ဖင်ခုထိုင်ထားတယ်...။ ပရိတ်သတ်က သူ့ကိုပဲ တောင်းဆိုလို့ သူလည်း မကြာမကြာ ထလာပြီး ဆိုရတာပေါ့... နောက်ဆုံးတခေါက် ထလာတော့ ကျနော့်ကို မင်း ဘေ့စ်တီးကွာဆိုပြီး ဘုရားကျောင်းက ဆရာကို ဒရမ် တီးခိုင်းတယ်...။ (ဓာတ်သိချင်းဆိုတော့ သူ့ ပုလင်း မျက်စောင်းထိုးမှာ စိုးတာလည်းပါမယ် ထင်တယ်) ဆိုကြတာပေါ့... ၃-၄ ပုဒ်ပြီးလို့ သူလည်း ဒရမ်ခုံဆီပြန်သွားရော... ကိုယ်တော်ရှင် ကျေးဇူးတော်ကြောင့် သူ့ပုလင်းပြား ပျောက်သွားပါလေရော...။ နေပါဦး ကျနော်တို့ ပြန်ရှာပေးပါမယ်ဆိုတာ မရဘူး... ဒရမ်မိုက်ကနေ “အဖူးမောင်မောင် ရိက္ခာပြတ်သွားပြီ... အရမ်းချမ်းတယ်... လက်တွေ ထုံနေပြီဗျို့...” ဆိုပြီး ထ အော်ပါလေရော...။ လုံခြုံရေးတွေလည်း (သူ့ ပုလင်းပျောက် ရှာပုံတော်ဖွင့်ရင်း) အလုပ်ရှုပ်ကုန်တယ်...။ သူ့ကို ကျနော်တို့ ရှာပေးမယ်ပြောတာ မရဘူး... အဖူးမောင်မောင်ပဲ အော်ခေါ်နေတယ်...။ ဒါနဲ့ အဖူးရောက်လာရော...။ သူလည်း ခေသူမှမဟုတ်တာ... “အလကားတော့ မရဘူးဟေ့... ငါလည်း သီချင်းတပုဒ်ဆိုမယ်... မင်းတို့ ရအောင်တီး”... တဲ့။ ဘာသီချင်းလဲဆိုတော့... အဖိုးကြီးအို ခါးကုန်းကုန်း... ရလား တဲ့... နည်းသေးတာပေါ့...။ 

ဒါပေမယ့် ဗိုလ်ချုပ်မောင်မောင်ပဲလေ... နာမည်တလုံးနဲ့ ... သူလည်း ဘယ်ပေါ့မလဲ... “ငါ့ စတိုင်နဲ့ ငါ ဆိုမှာနော်... ပထမ... မြန်မာသံစဉ်... စလိုးလေးနဲ့ သွားမယ်... တဖြည်းဖြည်း မြန်လာပြီး နောက်ဆုံးမှာ ဒစ္စကိုနဲ့ သိမ်းမယ်...”တဲ့။ ဘာပြောကောင်းမလဲ တီးဝိုင်းရော... ပရိတ်သတ်ရော ဗြောင်းဆန်အောင်တီး...၊ ဝက်ဝက်ကွဲ အားပေးလိုက်ကြတာ... အဖူး ပုဆိုးပါ ကျွတ်ကျပါလေရော...။ ပြောပြီးပါရော... နည်းတဲ့သမ္ဘာမှ မဟုတ်တာ... အဖူးက ဆိုတာမရပ်တဲ့အပြင် သူ့အောက်ခံဘောင်းဘီအပွကြီးနဲ့ ပြောင်ရင်း ဆက်ကနေတော့ တီးဝိုင်းကလည်း ဘယ်ရပ်မလဲ။ နောက်ဆုံး... ကိုငှက်ကြီး ဆက်မတီးနိုင်တော့ဘဲ ဗိုက်နှိပ်ပြီး စင်ပေါ်မှာ ပက်လက်လှန်ရီနေတော့မှ မင်းတို့ရှုံးပြီဆိုပြီး အဖူးက အဆို အက ရပ်တော့တယ်...။ ပြီးမှ... ကဲ ခဏနားပြီး... ငါ့အိမ်ပေါ်လိုက်ခဲ့ကြ... တဲ့။ 

အိမ်ဆိုလို့ အထင်မကြီးပါနဲ့... တဲကြီးကြီးတလုံးပါ... ။ သူနဲ့ အမိုးနဲ့ အိပ်တဲ့ အခန်းသေးသေးလေးတခန်းကလွဲရင် တအိမ်လုံး ဒိုးယိုပေါက်ပါပဲ... KNU အလံတလက်၊ ကော်သူးလေ ပြက္ခဒိန်တချပ်နဲ့ သူ့ယူနီဖောင်းနဲ့ ဓာတ်ပုံတပုံကို နံရံမှာ ကပ်ထားတာကလွဲလို့ ဘာမှ ခမ်းခမ်းနားနား မရှိရှာပါဘူး...။ ကျနော်တို့တက်သွားတော့ ၂ ဖက် မိဘဆွေမျိုးတွေနဲ့ သတို့သား၊ သတို့သမီး တို့ ဝိုင်းထိုင်နေကြတယ်...။ အဖူးက သူ့အခန်းထဲဝင်သွားပြီး ပုလင်း ၂ လုံးကိုင်ပြီး ပြန်ထွက်လာတယ်။ ကျနော်တို့ကတော့ ချီးဗတ်စ်လား၊ ဂျော်နီလား လိုက်ကြည့်ကြတာပေါ့...။ လား... လား... “ကရင်မီးတောက်ကို လူပျံတော်ပတ္တမြားရယ်... ငါ့ဆေးမြစ်တွေရယ် စိမ်ထားတာကွ... မင်းတို့ကို ခင်လွန်း ချစ်လွန်းလို့ တိုက်တာတဲ့”... မှတ်ကရော...။ ငှက်ကြီးကို ပထမဆုံး တခွက်ပေးတယ်... ရေမရောဘဲ တငုံငုံလိုက်တာ ဖွီးဆို ပြန်ထွက်လာတယ်... အား... ပူတယ်... ပူတယ်... နဲ့... ပြီးမှ ရေရောပြီး တခွက်ချတယ်...။ နောက်လူတွေကိုတော့ အဖူးက ရယ်ပြီး သူပဲ ရေရောပေးတယ်...။ 

အဲဒီမှာတင် အပေါ်ဆုံးမှာပြောခဲ့တဲ့ဇာတ်လမ်း စတာ... သတို့သမီး နော်မြူအေးကိုလည်း မြင်ရော... ကိုငှက်ကြီးက... “ဖထီး... ဖထီးမှာ သူ့လိုမျိုး သမီးလှလှလေးတယောက်လောက် မရှိတော့ဘူးလားဗျ...” “ရှိရင် ကျနော်နဲ့ ပေးစားဗျာ... ဒါဆို ကျနော် ဒီမှာပဲနေတော့မယ်... မပြန်တော့ဘူး...” တဲ့ ...။ (သတို့သမီးအဖေ) ပဒိုမန်းရင်စိန်ကို သွားပြောတယ်... ကျနော်တို့အားလုံး မူးနေကြပေမယ့်... လန့်သွားကြတာပေါ့... မျက်နှာလဲပူတာပေါ့...။ အဲဒီမတိုင်ခင် အစည်းအဝေးတွေမှာ ဗိုလ်ချုပ်မောင်မောင်နဲ့ အတော်လေး ရင်းနှီးနေပေမယ့် ကျန်တဲ့သူတွေနဲ့က အဲဒီတော့မှ တွေ့ဖူးတာ... သိကြတာဆိုတော့ ။ ဒါပေမယ့် အဖိုးကြီး၊ အဖွားကြီးတွေရော... သတို့သား၊ သတို့သမီးရော တဝါးဝါးပွဲကျပြီး ကိုငှက်ကြီးပြောတဲ့ ပုံစံနဲ့ လေသံကို သဘောကျနေကြလေရဲ့ ... ကောင်းရော...။ သတို့သမီးတယောက်ပဲ မျက်နှာရဲ... ရှက်ပြီး ခေါင်းငုံ့ရင်း ရယ်နေရှာတယ်...။ 

ဒါနဲ့ ပဒိုမန်းရင်စိန်က သူက တဦးတည်းသော သမီးဗျ... ခင်ဗျား လိုချင်ရင် နောက်တယောက် သူ့ထက်လှတာ ရှာပေးမယ်... တဲ့... မှတ်ကရော... သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ ကွက်တိ...။ နော်မြူအေးကိုလည်း သူက သွားသွား နောက်နေသေးတယ်...။ ညီမ... ရှိသင့်တာပေါ့... တဲ့။ အမှန်က အမွှာပူးမွေးရမှာ အမိုးရ ဆိုပြီး သူ့အမေကိုလည်း လှည့်ပြောနေပြန်သေးတယ်...။ မနက်လင်းအားကြီး ၂ နာရီလောက် တဝါးဝါး တဟားဟားနဲ့ စကားဆက်ပြောပေမယ့် ကိုငှက်ကတော့ တယောက်ရှာပေးဖို့ သီချင်းကိုပဲ ထပ်ခါတလဲလဲ ဆိုနေတော့တာ... ဒါကိုပဲ သူတို့အားလုံးက သဘောကျနေကြရဲ့...။ ၄ နာရီလည်းထိုးရော ပွဲခင်းထဲမှာ မပြန်ဘဲ အိပ်စောင့်နေတဲ့ ပရိတ်သတ်က ဆက်တီးပါဗျို့... ဆိုပြီး ထ အော်ကြရော...။ အဲဒီတော့မှ ငှက်ကြီးလည်း... သေရောကွာ... ငါတော့ ဒီလိုပရိတ်သတ်မျိုး တခါမှ မတွေ့ဖူးဘူး ဆိုပြီး... လာကြဟေ့... ဆိုလို့ စင်ပေါ် ပြန်တက်ကြရပြန်တယ်...။ ကရင်မီးတောက်တန်ခိုးနဲ့ သူ ၅ ပုဒ်၊ ကျနော် ၅ ပုဒ်လောက် ဆိုပြီး မနိုင်တော့လို့ ရပ်လိုက်ရတယ်...။ အခုတော့ အနော... နော်မြူအေး ဆုံးတာကြာလို့... ကိုအောင်မော်အေးတောင် ဟိုတလောလေးက နောက်တကြိမ် မင်္ဂလာဆောင်ပြန်တယ်... မလာမနေရ... ဇွတ်ဖိတ်လို့ သွားလိုက်ရသေးတယ်...။ 

ကိုငှက်ကြီး အမှတ်တရမှာ မပါမပြီးကတော့ ကမ္ဘာကျော် အရေးကြီးပြီ သီချင်းပေါ့...။ တောထဲကို ခဏကလေးရောက်လာပေမယ့် တသက်စာဝေဒနာတွေ ရင်နဲ့အပြည့်ယူပြီး ပြန်သွားခဲ့သူကြီးက တပုဒ်ဆို ဆိုသလောက် အံထုတ်ပေးခဲ့တဲ့ သီချင်းတပုဒ်...။ အဲဒီသီချင်းကို ကာရိုးလ်ဆင်းဂင်း မထွက်မီအချိန်လောက် ဒီဇင်ဘာ ပထမ၊ ဒုတိယပတ်ထဲလောက်မှာ ရေးခဲ့တယ်လို့... ထင်ရပါတယ်။ အဲဒီအချိန်က သူ ခိုနားနေရာ မဒမခ ပြန်/စည်းမှာ တူရိယာပစ္စည်းဆိုလို့ ဂစ်တာအစုတ်တလုံးတောင် မရှိပါဘူး... [နောက်မှ ဦးအေးဆောင်က နောင်မှာ သူ့ မဟေသီဖြစ်လာမယ့် Ms. Pippa Curwin (Burma Relief Center) ဆီက အလှူခံလို့ ဟော်လိုဂစ်တာ ၂ လုံး ရောက်လာတာ မှတ်မိပါတယ်] ဆိုတော့ ဂစ်တာတီးချင်ရင် ရွာထဲလှည့်ပြီး ငှားရပါတယ်...။ ရွာထဲမှာ သုံးလေးငါးလုံး ရှိပေမယ့် ခရစ်ယာန်အများစုပီပီ အိမ်လှည့်ပြီး ဆုတောင်းပွဲလုပ်တာနဲ့ တနင်္ဂနွေ ဘုရားရှစ်ခိုးကျောင်းတက်တာနဲ့ အားလုံးက ရွာလည်နေပါတယ်...။ 

ဆိုတော့ ကိုငှက်ကြီးက အရေးကြီးပြီကို ဘာတူရိယာမှ မပါဘဲ ခုံခေါက်ပြီး “သေတ္တာမှောက်” လက်တန်း ရေးသွားတာပါ...။ ရေးတဲ့အချိန်မှာ ကိုမွန်းအောင်လည်း ရှိနေပါတယ်...။ တောထဲဆိုတော့ ညနေ ၇ နာရီလောက်ဆို လူခြေတိတ်ပြီး ဘာသံမှ မကြားရတော့ပါ...။ တညသား... ဖယောင်းတိုင်မီးနဲ့ ကုတ်ကုတ် ကုတ်ကုတ် ရေးလိုက်... ညည်းလိုက်လုပ်ရင်း နောက်တနေ့မနက်ကျ ငှက်ဖျားတက်နေတဲ့ ကိုမွန်းအောင်ကို နှိုးပြီး ဥက္ကဋ္ဌ ဘရန်ဆိုင်း သူ့ကို လက်ဆောင်ပေးထားတဲ့ ဘာဂျာ (ဟာမိုနီကာ) လေးမှုတ်ရင်းနဲ့ ဆိုပြသတဲ့...။ နောက်မှ ဂစ်တာကော့ဒ် ထည့်ပြီး အချောသတ်လိုက်တာပါ...။ နောင် ကျနော်တို့ တောထဲမှာ ဘာပွဲပဲလုပ်လုပ် မပါမပြီးတဲ့ သီချင်းပေါ့... (အများအားဖြင့် အဆုံးသတ်မှာ ဆိုလေ့ရှိပါတယ်)။ အသုဘတွေမှာတောင် မဖြစ်မနေဆိုကြတဲ့အထိ ကျနော်တို့အားလုံး ရင်ထဲ စွဲသွားတဲ့ သီချင်းပေါ့...။ ကိုမွန်းအောင်က သူ့ရဲ့ ပထမဆုံး တော်လှန်ရေးတေးစု “ငြိမ်းချမ်းရေးတိုက်ပွဲ”ထဲမှာ ထည့်သွင်းသီဆိုပြီး ရေဒီယိုတွေကလည်း အကြိမ်ကြိမ် လွှင့်ပေးခဲ့ပါတယ်။ 

နောက်ပိုင်း သူနဲ့ ဖုန်းပေါ်မှာ စကားပြောခွင့်ပြန်ရတာ... ၁၉၉၇-၉၈ လောက်ဖြစ်မယ် ထင်တယ်...။ သူနဲ့ ဗိုလ်ထီးနဲ့ လန်ဒန်ရောက်နေတုန်း သီတာက လန်ဒန်ကနေ ဖုန်းဆက်လာတယ်...။ သူက အဲဒီအချိန် ဒီဗွီဘီ ရေဒီယိုအတွက် ဝေဟင်ယံက သီချင်းသံကဏ္ဍ ကို ကျနော်နဲ့ ခဏလွှဲထားပြီး လန်ဒန်မှာ IT တနှစ်သွားတက်နေတဲ့အချိန်...။ ဟိုလူတွေရောက်လာလို့ စကားပြောချင်တယ်ဆိုလို့ လှမ်းချိတ်ပေးတာ...။ အဲဒီအချိန် ငှက်ကြီးနဲ့ ဗိုလ်ထီး ဓမ္မဝိဟာရလမ်းလား... ဓမ္မိကဝတီလမ်းလား မှာ အတူနေနေကြသတဲ့...။ ဗိုလ်ထီးကတော့ များများ မပြောပါဘူး... လှမ်းနှုတ်ဆက်ရင်း (ကျနော့် ရှမ်းမိတ်ဆွေတွေ ပြောပြတဲ့အကြောင်းတွေ သူ့ကို တခွန်း နှစ်ခွန်းမေးပြီး) ခင်ဗျားသီချင်းတွေနဲ့ သူပုန်လားမြောက်လာတဲ့ ကျနော်တို့ တောထဲကသူတွေရဲ့မျက်နှာကို ပြန်ကြည့်ပါဦးဗျာ... လို့ ပြောတော့ ငိုသံပါကြီးနဲ့... တော်ပါတော့ကွာ... ငါ မှားမိပါတယ်ကွာ... နောက် မဖြစ်တော့ပါဘူး... ငါ့ကို နားလည်ကြပါ... လို့ ပြောရှာတယ်...။ ကျနော်လည်း ပြောပြီးကာမှ အတော်စိတ်မကောင်းဖြစ်သွားတယ်...။ 

ငှက်ကြီးကတော့... ငါ ထွက်တဲ့ အယ်လ်ဘမ်တိုင်းကိုကြည့်... အနည်းဆုံး မင်းတို့အတွက် တပုဒ်မက ပါတယ်... မင်း အကုန်နားထောင်ဖြစ်ရဲ့လားတဲ့... ကျန်တာတွေ ပြောဖြစ်ကြရင်း... ကျနော်က “အထူးသဖြင့်... အဝေးရောက် သားဆိုးများအတွက်”ဆိုတဲ့ အညွှန်းကတော့ အတော်ငြိ... အတော်ထိသဗျာ... ဆိုတော့... တက်တက်ကြွကြွအသံနဲ့... အေး... မင်း... ခလဲ့ဒေး ကို သတိရသွားတယ် မဟုတ်လား... တဲ့။ သူ တော်တော်ဝမ်းသာသွားပုံရတယ်... ကျနော့်ရင်ထဲလည်း ပျော်လိုက်တာ... အတိုင်းမသိ...။ ကျနော့်သတိတရနဲ့ သူ့ သတိတရ... ရင်ဘတ်ချင်း တိုက်မိသွားလို့... တကယ့် ငှက်ရုပ် (ငှက်ဖျားမိလို့တဲ့ ပိန်ချုံး ညှော်လှီနေတဲ့ပုံ) နဲ့ သူ ရင်ဘတ်ပုတ်ပြတဲ့ ပုံလေးကို မျက်စိထဲ မြင်ယောင်လိုက်မိပါတယ်...။ 

ကိုငှက်ကြီး ဒီသံသရာက မလွတ်မြောက်သေးမီ ဖြစ်လေရာဘဝတိုင်းမှာ သီချင်းငှက်တကောင်အဖြစ် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာတရားများ ဆက်လက်ဝေငှနိုင်ပါစေ...။ 

၁၉း၃၄ နာရီ၊ ၂၆ ဇူလိုင်လ ၂၀၁၄။ 
ချင်းမိုင်ရမ်းဆေးရုံ၊ ဇင်းမယ်မြို့၊ ထိုင်းနိုင်ငံ။ 

No comments: