Tuesday, August 12, 2014

မရှိတာထက် မသိတာခက် (ကိုညို)

လှေပျက်ကြီး ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် နော်ဝေးနိုင်ငံမှာ ပြောင်းရွှေ့အခြေချနေထိုင်မယ်ဆိုရင် ၂ နှစ်အတွင်း နော်ဝေးဘာသာစကားနဲ့ နော်ဝေးလူနေမှုဘဝ၊ သမိုင်း၊ နိုင်ငံရေးနောက်ခံတွေကို မသင်မနေရ လေ့လာသင်ကြားရပါတယ်။ ဒါကို နော်ဝေးတွေက Introduction Program နော်ဝေးနိုင်ငံအကြောင်း အခြေခံသိကောင်းစရာအစီအစဉ် လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ် ဆောင်းဦးပေါက်မှာ ကျနော်လည်း အဆိုပါ အင်ထရိုပရိုဂရမ်ကို သင်ကြားလေ့လာပါတယ်။ 

နော်ဝေးစကား၊ နော်ဝေးစာ၊ နော်ဝေးသီချင်း၊ လူမှုရေး၊ ယဉ်ကျေးမှု အနုပညာတွေကို ပြတိုက်တွေ၊ ပြခန်းတွေ လက်တွေ့ကြည့်ရှု့လေ့လာရတဲ့ အစီအစဉ်တွေလည်း ပါပါတယ်။ တရက်မှာ ကျနော်တို့ကို သင်တန်းဆရာက အော်စလို ပင်လယ်ကမ်းမြောင်ကို မေးတင်နေတဲ့ ဗစ်ဒွိုင်း Bygdøy အရပ်ကို သွားလေ့လာပါတယ်။ 


အဲဒီမှာ နော်ဝေး ရှေးဟောင်းယဉ်ကျေးမှု သမိုင်းပြတိုက်၊ အေဒီ ၈၀၀ နဲ့ ၁၀၃၀ ကြား ဗိုက်ကင်းခေတ် ပင်လယ်ပြင် စွန့်စားသူများရဲ့ သမိုင်းပြတိုက်၊ ရှေးခေတ် ပင်လယ်ကူး ရွက်လှေကြီးတွေ၊ ကွန်တီကီ ခေါ် သမုဒ္ဒရာ ကူးဖြတ်ခဲ့တဲ့ ကျူရိုးလှေကြီးနဲ့ ပြတိုက်တွေ ရှိပါတယ်။ နော်ဝေးလူမျိုးတွေရဲ့ ဗိုက်ကင်းခေတ် ပင်လယ်ပြင်ကိုကျော်ဖြတ်ပြီး နယ်မြေသစ် စွန့်စားရှာဖွေပုံ၊ လူနေမှုဓလေ့စရိုက်နဲ့ ယဉ်ကျေးမှု၊ ဇွဲသတ္တိနဲ့အားမာန်ကို အရင်းတည်ပြီး ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းတခုကို တဆင့်စီ တည်ဆောက်လာခဲ့တဲ့သမိုင်းတွေ အံ့မခန်း လေ့လာရပါတယ်။ 

သင်တန်းမှာ အာရှသား ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နိုင်ငံသားတွေအပြင် အာဖရိက၊ အရှေ့ဥရောပနိုင်ငံ အတော်များများက ပါဝင်တယ်။ တကြိမ်တခေါက်နဲ့ ပြီးပြတ်သွားတာမဟုတ်၊ နောက်တနှစ်၊ နောက်တနှစ် အင်ထရိုဆိုင်ရာ သင်တန်းအစီအစဉ်တိုင်း မကြာခဏ လေ့လာရတယ်။ စိတ်ဝင်စားသူတွေအတွက် ပျော်စရာကောင်းပေမယ့် ဘာသာစကားမတတ်၊ စိတ်မဝင်စားသူတွေမှာ ငြီးငွေ့စရာကောင်းပါတယ်။ 

တခါတော့ အဲလို ပြခန်းတွေကို မကြာခဏရောက်ဖူးပြီး ငြီးငွေ့နေသူ မြန်မာမိတ်ဆွေတယောက်က ပြန်ပြောတယ်။ “တခါလာလည်း ဒီလှေပျက်ကြီးတွေ၊ ဒီမြေအိုးခွက် အကျိုးအပဲ့တွေပဲ လိုက်ကြည့်နေရတယ်၊ ကျနော်တို့ ချင်းတွင်းမြစ်ထဲမှာ ဒီလိုလှေမျိုးတွေနဲ့သွားလာပြီး မြေအိုးမြေခွက်သုံးနေတာ နော်ဝေးတွေ မြင်စေ့ချင်တယ်။ ဒါများ အထူးအဆန်းလုပ် ကြည့်နေရသေးတယ်၊ မြန်မာပြည်မှာ ဒါမျိုးလှေပျက်တွေ ပေါမှပေါ” လို့ ဒေါပွပွနဲ့ ပြောချလိုက်တာကြောင့် ကျနော့်မှာ ရီရမလို ငိုရမလို ဖြစ်သွားပါတော့တယ်။ 

အင်ဖက်တဲ 

၁၉၉၄ ခုနှစ်လို့ ထင်ပါတယ်။ မြန်မာအစိုးရရဲ့ နယ်စပ်ကုန်သွယ်ရေး အထူးကိုယ်စားလှယ်အဖွဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က အလည်အပတ်ရောက်လာပါတယ်။ မီဇိုရမ်ပြည်နယ်ဟာ ချင်းပြည်နယ်နဲ့ကပ်နေသလို ယဉ်ကျေးမှုဓလေ့လည်း တူပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် သွားရောက်ဆွေးနွေးညှိနှိုင်းတာပါ။ မီဇိုရမ်ပြည်နယ်အရာရှိတွေက မြန်မာအရာရှိတွေကို အထူးအစီအစဉ်တခုအနေနဲ့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုအကတွေနဲ့ ဖြေဖျော်သလို တောင်ကြားတခုမှာ ရှုချင်စဖွယ် ရွာလေးတခုလိုတည်ထားတဲ့ ရိုးရာပြခန်းကြီးတခုကိုလည်း လှည့်လည် ရှင်းပြနေပါတယ်။ 

မီဇိုလူမျိုးတွေ တချိန်က လူနေမှုဘဝနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ယဉ်ကျေးမှုဆိုင်ရာဝန်ကြီးက စကားပြန်ကတဆင့် ကျကျနန ရှင်းပြပါတယ်။ တနေရာမှာ တဖက်နိုင်ငံတာဝန်ရှိသူက အင်ဖက်တဲအိမ်ကြီးတွေဆီ ခေါ်သွားပြီး ပြသပါတယ်။ ဒီအခါ နောက်ကနေလိုက်ပါလာတဲ့ မြန်မာကိုယ်စားလှယ်တွေထဲက အရာရှိ ဗိုလ်မှူးတယောက်က သူ့အဖော်တွေကို ခပ်တိုးတိုးပြောလိုက်ပါတယ်။ “တို့ဆရာကတော့ ပြောသမျှ လိုက်နားထောင်ပေးနေရတာ သနားပါတယ်ကွာ၊ ဒါမျိုးတဲအိမ်တွေ တို့ဆီမှာ အများကြီး၊ ဘာစိတ်ဝင်စားစရာမှမရှိဘူး” တဲ့...။ ကောင်းရော။ 

ဘောင်းဘီဝတ်နာဂ 

မြန်မာပြည်အနောက်ဘက်ခြမ်းက နာဂတိုင်းရင်းသားတွေဟာ တိုင်းရင်းသားလူမျိုးအနွယ်တွေအကြား ထူးထူးကဲကဲ စိတ်ဝင်စားစရာ ခေတ်ဟောင်းရိုးရာဓလေ့နဲ့ ခေတ်သစ်လူနေမှုနှစ်ခုကို မျှတအောင် ထိမ်းသိမ်းနေထိုင်သူတွေဖြစ်တယ်။ လူနေမှုနဲ့ ပညာရေးဘဝနိမ့်ကျတဲ့ ဝေးလံခေါင်ဖျား တောင်ပေါ်အရပ်မှာနေရလို့ ဒီရွာကလူတွေ အတွေးအခေါ်နောက်ကျပြီး ပညာမတတ်ဘူးလို့ ခြုံငုံပြောလိုက်ရင် လွဲသွားနိုင်တယ်။ နန်းယွန်း၊ လေရှီး၊ လဟယ်ဆိုတာ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပြီး အတော်လေးခေါင်တဲ့ ဒေသပါ။ ဒါပေမယ့် နှစ်ညအိပ် ခြေကျင်ခရီးနဲ့ အိန္ဒိယ နယ်စပ်အထိလာပြီး ဈေးရောင်း၊ ဈေးဝယ်၊ ကျောင်းတက်၊ နေထိုင်သူအများကြီးပါ။ 

အိန္ဒိယနိုင်ငံ နာဂလင့်ပြည်နယ်မြို့တော် ကိုဟီးမားနဲ့ ဒုတိယမြို့တော် ဒီမားပူ၊ မဏိပူရပြည်နယ် မြို့တော် အင်ဖားမြို့မှာ မြန်မာပြည်ဘွား နာဂလူမျိုး အများအပြားနေထိုင်တယ်။ ခေတ်မီပြီး ပညာလည်း တတ်ကြတယ်။ ပြည်နယ်ရုံးသုံး စာစကားအဖြစ် ဒီနေ့အထိ အင်္ဂလိပ်လိုအသုံးပြုတာမို့ လူတိုင်း အင်္ဂလိပ်စကားကျွမ်းကျင်တယ်။ အိန္ဒိယနိုင်ငံသား နာဂလူမျိုးဟာ အိန္ဒိယမှာ လူဦးရေနည်းပေမယ့် ရာခိုင်နှုန်းနဲ့တွက်ရင် ပညာတတ် အဆင့်က ထိပ်တန်းမှာရှိတယ်။ 

အိန္ဒိယက နာဂတွေ နှစ်စဉ် ဆောင်းဦးပေါက်ကျတိုင်း လုငိုင်းရီး ဆိုတဲ့ ရိုးရာကောက်သစ်စားပွဲ ကျင်းပတယ်။ ရိုးရာဓလေ့ အဝတ်အစား အသုံးအဆောင်ကနေ ယနေ့ခေတ် ဖက်ရှင်ဝတ်စုံဒီဇိုင်းတွေနဲ့ ပြသတဲ့ဖက်ရှင်ရှိုး၊ ရိုးရာဂီတနဲ့ ခေတ်ပေါ်ဂီတ တွဲဘက်တီးတာတွေ အတော်နားထောင်ကောင်းတယ်။ ပုလွေ၊ သားကောင်သားရေနဲ့ ကြပ်ထားတဲ့ ဗုံတို၊ ကြိုးတပ် တူရိယာ၊ ပြောင်ချို၊ ကျွဲရိုင်းဦးချို စတဲ့ တိရိစ္ဆာန်ဦးချိုနဲ့ပြုလုပ်တဲ့ လေမှုတ်တူရိယာအမျိုးမျိုးနဲ့ တီးခတ်တဲ့အသံတွေ၊ ကျေးငှက်နဲ့သဘာဝသံတွေကို သံစဉ်ဖန်တီးပြီး ဝိုင်းဖွဲ့သီဆိုသံတွေဟာ အတော်ဆွဲဆောင်မှုရှိတယ်။ 

နာဂကောက်သစ်စားပွဲမှာ နာဂလူငယ်တွေက ဘိုးဘွားတွေရဲ့ ရိုးရာဓလေ့အတိုင်း ဝတ်ဆင်ပြတဲ့အခါ မြန်မာတွေမြင်ရင် မျက်စေ့ရှက်ကြလိမ့်မယ်။ ယောက်ျားတွေဟာ နံငယ်ပိုင်းလေးတွေ၊ မောင်းအကာ၊ အစွတ်လေးကလွဲလို့ နောက်ကကြည့်ရင် ပြောင်ပြောင်ဟောင်းလောင်း။ သူတို့ကတော့ ခပ်တည်တည်၊ ဘိုးဘွားတွေရဲ့ ယဉ်ကျေးမှုကို မြတ်မြတ်နိုးနိုးပြတာ ဖြစ်တယ်။ ရိုးရာဓလေ့ကို အမွေလိုထိန်းထားတာ။ မိမိတို့ ယဉ်ကျေးမှု အစဉ်အလာအပေါ် ဂုဏ်ယူကြတာ ဖြစ်တယ်။ ရှက်စရာ မဟုတ်၊ ဂုဏ်ယူစရာ။ 

၂၀၀၄ ခုနှစ်၊ လဟယ်နယ်လို့ ထင်ပါရဲ့၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နိုင်ငံတော် အထောက်အပံ့နဲ့ ကျင်းပပေးတယ်။ နာဂတောင်တန်းရဲ့ သဘာဝ တောတောင်အလှ နည်းနည်းပါးပါးကျန်ပြီး မျက်နှာနဲ့ ကိုယ်လုံးမှာ တက်တူး၊ ပရဲ၊ ထိုးကွင်းနဲ့ တောရိုင်းတိရိစ္ဆာန် အစွယ်တွေ၊ တောက်ပတဲ့ သင်တိုင်းဝတ်စုံတွေဟာ နိုင်ငံခြားသားဧည့်သည်တွေကို ဆွဲဆောင်ပါတယ်။ 

စစ်အစိုးရက လေကြောင်းတွေပါ စီစဉ်ပေးတယ်။ တယောက် ဒေါ်လာ ၁၅၀၀ အကုန်ခံ လည်ပတ်တဲ့ခရီးလည်းဖြစ်တယ်။ ညဦးပိုင်း အစီအစဉ်မှာ နာဂအမျိုးသားတွေ မိမိတို့ရိုးရာဓလေ့အတိုင်း အပေါ်ပိုင်း ဗလာ၊ အောက်မှာ နံငယ်ပိုင်း၊ ဖိနပ်ဗလာနဲ့ ကခုန်ပြီး တောင်စောင်းအတိုင်း တက်လာတယ်။ သူတို့ကိုယ်တိုင် အိန္ဒိယမှာ ပွဲတိုးခဲ့ဖူးသူတွေ။ အောက်ပိုင်းပြောင်ပြောင်နဲ့ တက်လာတဲ့ နာဂတွေကို တာဝန်ရှိတဲ့ စစ်ဖက်အရာရှိတွေမြင်တာနဲ့ ချက်ချင်း တားမြစ်တယ်။ နိုင်ငံခြားသားဧည့်သည်တွေနဲ့ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တွေရှိလို့ပါ တဲ့၊ ဒီပုံစံနဲ့ မျက်စေ့ရှက်စရာဖြစ်နေတာမို့ လုံလုံခြုံခြုံ ဝတ်ဆင်လာပါ၊ ဘောင်းဘီတိုဝတ်ပြီး ဖိနပ်လေးတွေတော့ မဖြစ်မနေစီးခဲ့ပါလို့ အမိန့်ပေးသတဲ့။ 

နောက်ဆုံးတော့ နာဂရိုးရာဟာ ဘောင်းဘီတို၊ မိတ်အင်ချိုင်းနား စစ်ကင်းဘတ်ဖိနပ်နဲ့ မပီမသ ဖြစ်ကုန်တယ်။ ကြားဖူးနားဝရှိနေတဲ့ မရှိတာထက် မသိတာခက် ဆိုတဲ့စကားလေးရဲ့ လေးနက်မှုကို ပိုမိုစိတ်ဖြာတတ်လာတယ်။ မိမိကိုယ်တိုင် လက်တကမ်းအမြင် ဉာဏ်အတိုအထွာ၊ ဗဟုသုတလေးနဲ့ လူတတ်ကြီးမလုပ်မိအောင် ဆင်ခြင်ရတော့တယ်။ 

ဘဝဆက်တိုင်း မရှိရင် နေပါစေ၊ မသိရတဲ့ကိုယ်နဲ့တော့ ကင်းရပါလို၏လို့သာ ဆုတောင်းနေမိတော့တယ်။ ။ 

ကိုညို (အော်စလို) 

(Tomorrow သတင်းဂျာနယ် အမှတ် ၂၄ ပါ ဆောင်းပါး) 

No comments: