မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ ရှိခဲ့သည်။ ပါလီမန် ဒီမိုကရေစီခေတ်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို အင်္ဂလိပ်ခေတ်ကအတိုင်း Class ခွဲထားတာဖြစ်လို့ နေရေးထိုင်ရေးက သိပ်တော့ခက်ခဲလှမည်ဟုမထင်ပါ။ ၁၉၆၂ ခု ဦးနေဝင်း အာဏာသိမ်းချိန်ကစလို့ အကျဉ်းထောင်ဥပဒေထဲက အချို့အပိုင်းတွေကို ပြင်ဆင်ပြီး ယခင်က Class ထားခဲ့တဲ့ စနစ်ကိုဖျက်သိမ်းခဲ့သည်။ ထိုအချိန်ကစလို့ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားတို့၏ နေမှုထိုင်မှုပုံစံအရ အခက်ခဲများရှိခဲ့ပါသည်။ ထို့နောက် ၁၉၆၄ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများအား ကိုကိုးကျွန်းသို့ပို့ဆောင်ခဲ့သည်အထိ ဦးနေဝင်းက ဖိနှိပ်ခဲ့သည်။
ဦးနေဝင်းလက်ထက်မှာစတင်ပြီး နိုင်ငံရေးအကျဉ်းသားများအတွက် အင်မတန် ခက်ခဲကြမ်းတမ်းလှသည့် စစ်ကြောရေးစခန်းများကို ဖြတ်ကျော်ခဲ့ရသည်။ ဦးနေဝင်းလက်ထက်က အမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် ရေကြည်အိုင် စစ်ကြောရေးစခန်းသို့ ရောက်ရှိခဲ့သူတိုင်း မိမွေးတိုင်း၊ ဖမွေးတိုင်းပြန်ထွက်လာဖို့ တော်တော်ခက်ခဲလှသည်။ အင်မတန် ရက်စက်လှသည့် စစ်မေးသည့်နည်းလမ်းများကို အသုံးပြုသည်ဟုလည်း ကျော်ကြားလှသည်။
ဦးနေဝင်းလွန်ခေတ် ၁၉၈၈ စက်တင်ဘာလတွင် စစ်တပ်မှ ဒုတိယအကြိမ် မြန်မာပြည်ကြီးအား ကယ်တင်လိုက်ပြီးသည့်နောက် မြန်မာနိုင်ငံတွင် မည်သည့်ခေတ်ကနှင့်မှမတူအောင် နိုင်ငံရေးအကျဉ်းသားဦးရေ မြင့်တက်ခဲ့ပါသည်။ ၁၉၈၈ ဒီဇင်ဘာလောက်တွင် စာအုပ်အနီဟု ကျွန်မတို့ခေါ်ဝေါ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ(BCP)နှင့် ပတ်သက်သည်ဟုဆိုကာ တပြိုင်တည်းဖမ်းဆီးခံခဲ့ရသူများ ရာနှင့်ချီပြီးရှိခဲ့သည်။
စစ်အစိုးရလက်ထက်တွင်လည်း စစ်ကြောရေးစခန်းများက အမည်ဆိုးနှင့် ကျော်ကြားဆဲသာဖြစ်သည်။ စစ်ကြောရေးစခန်းများသို့ ရောက်ရှိသွားသူများအဖို့ သေရာပါ ဒဏ်ရာဒဏ်ချက်များကို ခံစားခဲ့ရသူချည်းသာ။ ပိုဆိုးတာက မိမိ တကယ်မကျူးလွန်ခဲ့ပါဘဲ အတင်းရိုက်နှက်ကာ ဝန်ခံခိုင်းသည့် အမှုတွများလည်းရှိပြီး သံလျှင် ဗုံးအမှုတွဲများကို သေဒဏ်ချမှတ်ခဲ့သည်အထိ ရက်စက်ခဲ့သည်။ ထိုအမှုတွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် NLD ပါတီမှ လူငယ်တစ်ဦးဖြစ်သူ ကိုသန်းဇော်က “သံလျှင်ရေနံ ချက်စက်ရုံကို ကျွန်တော်တို့ ဗုံးမခွဲခဲ့ဘူး။ ရေနံချက်စက်ရုံ ဗုံးကွဲတဲ့နေ့က ကျွန်တော်တို့ သံလျှင်မှာ NLD ပါတီက ဇူလိုင် ၇ ရက် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကျင်းပနေတယ်။ ကျွန်တော်တို့ အဲဒီ့အခန်းအနားမှာ တစ်ချိန်လုံးရှိနေတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကို ဖမ်းပြီးတော့ ရက်ရက်စက်စက် နှိပ်စက်ခဲ့တယ်။ ကျွန်တော်တို့ခွဲပါတယ်လို့ ဝန်မခံမချင်း လူတစ်ကိုယ်လုံး ကြိုးတွေနဲ့တုတ်ပြီးတော့ ရိုက်တယ်၊ လက်သီးနဲ့ထိုးတယ်။ နောက်ဆုံး မခံနိုင်တော့တဲ့အချိန်မှာ သူတို့ပေးတဲ့ စာရွက်ထဲမှာ လက်မှတ်ထိုးပေးလိုက်ရတယ်။ နောက်ပိုင်းမှ ရေနံချက်စက်ရုံကို တကယ်ဗုံးခွဲခဲ့တဲ့ ကိုကိုနိုင်ကို မိတယ်၊ ကိုကိုနိုင်က သူ ခွဲပါတယ်လို့ ဝန်ခံပေမယ့် ကျွန်တော်တို့ကို ပြန်လွတ်မပေးဘူး။ ကျွန်တော်ထောင်ထဲမှာ နှစ်ပေါင်း ၂၀ ကျော်နေခဲ့ရတယ်” ဟု ၎င်း၏အဖြစ်အပျက်ကို ပြန်လည် ပြောကြားခဲ့သည်။
ထိုစဉ်က အဖမ်းခံရသူများထဲတွင် ၇ တန်းအရွယ်အသက် ၁၃ နှစ်သာရှိသေးသည့် ကျောင်းသားများလည်း ပါဝင်သလို၊ အထက်တန်းအဆင့်၊ တက္ကသိုလ်အဆင့် ပညာသင်ဆဲ ကျောင်းသားများလည်း ပါဝင်ခဲ့သည်။ ထို့အပြင် အစိုးရဝန်ထမ်းများလည်း ဖမ်းဆီးထောင်ချခံခဲ့ရသည်။ ပုဂ္ဂလိက စီးပွားရေးသမားများ အပါအဝင် လူတန်းစားမရွေး ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် AAPP(B) နှင့် FPPS အဖွဲ့တို့ ပူးပေါင်းကောက်ခံသည့် စာရင်းအရ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်သောင်းကျော်ရှိသည်ဟု ဆိုသည်။ ထိုစာရင်းဇယားသည် လက်လှမ်းမမီနိုင်သည့်ဒေသရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ မပါဝင်သဖြင့် အမှန်တကယ် တစ်နိုင်ငံလုံးကို လွှမ်းခြုံကောက်ယူနိုင်ပါက ဒီထက်ပိုများမည်ဟုလည်း ဆိုသည်။
အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများကို စစ်ထောက်လှမ်းရေးများက တိုက်ရိုက်ကိုင်တွယ်ကာ ဖိနှိပ်မှု အမျိုးမျိုးကိုလည်း ပြုလုပ်ခဲ့သည်။ ၆ ပေ×၈ ပေ လောက်သာ အကျယ်ရှိသည့် အခန်းကျဉ်းများထဲတွင် လူ ၃၊ ၄ ယောက် လောက်ကိုထည့်ကာ အချိန်ပြည့် သော့ခတ်လေ့ရှိပြီး တစ်ခန်းလျှင် မနက် နာရီဝက်၊ နေ့လည် ၁၅ မိနစ်ခန့်သာ ရေချိုး၊ လမ်းလျှောက်ခွင့်ပြုခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း ကောင်းမွန်စွာမရသလို၊ အရေးပေါ်အခြေအနေရောက်မှသာ ဆေးရုံကိုပို့ဆောင်လေ့ရှိသဖြင့် အကျဉ်းထောင်များအတွင်းနှင့် စစ်ကြောရေးများတွင် သေဆုံးသူအရေအတွက် အနည်းဆုံး ၃၀၀ ကျာ်ရှိသည်။ တိတိကျကျ ကောက်ခံနိုင်မှုမရှိသေးသဖြင့် အရေအတွက်မှာ ထိုထက်ပိုများရန်သာရှိသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးမြင့်အောင်က ပြောကြားသည်။
နိုင်ငံရေးအကျဉ်းသားများအား အကျဉ်းထောင်များအတွင်း ဖိနှိပ်မှုများရှိခဲ့သလို ပြန်လည်လွတ်မြောက်လာပါကလည်း ကန့်သတ်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ ပညာသင်ကြားဆဲ ကျောင်းသားများအား ဆက်လက်ပညာသင်ကြားခွင့် မပြုတော့သည့်ဖြစ်ရပ်များလည်း အများအပြားဖြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ဘဝရေရှည် ရပ်တည်နိုင်ရေးအတွက် အခက်ခဲများရှိခဲ့သည်။ ဖမ်းဆီးခံရသည့် အစိုးရဝန်ထမ်းများအဖို့ အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာလျှင် အခြားလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခွင့်မရရှိစေရန် ထောက်လှမ်းရေးများက အမြဲကြံဆောင်လေ့ရှိပါသည်။
နိုင်ငံရေးအကျဉ်းသားများအား အလုပ်ခန့်အပ်သည့် အလုပ်ရှင်များအပေါ် ဖိအားပေးကာ ကြောက်လန့်လာအောင်လုပ်လေ့ရှိပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်ပါကလည်း မိမိလုပ်ငန်းနှင့်ဆက်စပ်သည့် Customer များကို ဖိအားပေးခြင်းများလည်း ရှိခဲ့သည်။ ထိုသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ရင်ဆိုင်ခဲ့ရသည့် အခြေအနေများအပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးအေးကျော်က “စစ်အစိုးရလက်ထက်က ကျောင်းသားတွေကို ကျောင်းဆက်တက်လို့မရအောင်၊ နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်ခန့်အပ်တဲ့ အလုပ်ရှင်တွေ ကြောက်လာအောင်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတွေကိုလည်း သူတို့နဲ့ဆက်စပ်တဲ့ စီးပွားဖက်တွေ သူတို့နဲ့တွဲပြီး အလုပ်မလုပ်ရဲအောင် ဖိအားပေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒါကလည်း ပြည်သူတွေကို နိုင်ငံရေးနဲ့မပတ်သက်ရဲအောင် နိုင်ငံရေးသမားတွေကိုဆိုရင် အခုလိုပဲ ဖိနှိပ်မယ်ဆိုတဲ့ သတင်းစကားပေးချင်တဲ့ သဘောလို့ယူဆတယ်။ အဲဒီ့လုပ်ရပ်တွေကြောင့်လည်း နိုင်ငံရေးသမားတော်တော်များများရဲ့ဘဝက အခြေတကျ မရပ်တည်နိုင်သေးတာဖြစ်တယ်” လို့ မဇ္ဇျိမသတင်းစာကို သုံးသပ်ပြောကြားခဲ့သည်။
၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ်တစ်ရပ်တက်လာချိန်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ အရေးကိုဆောင်ရွက်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့များက အကျဉ်းထောင်များအတွင်း ကျန်ရှိနေဆဲဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်စေရန်အတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှုများ၊ ဆုတောင်းပွဲများ၊ တနင်္ဂနွေနေ့တိုင်း နိုင်ငံရေး အကျဉ်းသားမိသားစုများထံ သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခြင်းများကိုလုပ်ဆောင်ခဲ့သည်။ ထိုလုပ်ဆောင်မှုများ၏ရလာဒ်အဖြစ် ၂၀၁၃ ခုနှစ်တွင် လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို စုဖွဲ့ပြီး လက်ကျန် နိုင်ငံရေးအကျဉ်းသား ၁၁၀၀ ကျော်ကို အကျဉ်းထောင်များအတွင်းမှ ပြန်လည်လွတ်မြောက်စေရန် ကူညီဆောင်ရွက်နိုင်ခဲ့သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းအရေး ဆောင်ရွက်နေသူများ တစ်စုတစ်စည်းတည်း မလုပ်ဆောင်နိုင်သည့်အပေါ်တွင် ဝေဖန်ခံရမှုများဖြစ်ပေါ်နေသော်လည်း ထိုအခြေအနေနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးသက်ဦးက “ကျွန်တော်တို့တွေ စလုပ်တော့ ကိုယ့်နီးစပ်ရာ အုပ်စုတွေနဲ့ စလုပ်ဖြစ်တာပါ။ အခြားလူတွေလည်း ဒီလိုပါပဲ သူတို့အုပ်စုနဲ့သူတို့ လုပ်နေတာပါ။ အခုအချိန်မှ ကျွန်တော်တို့က တူတာတွေကို ပေါင်းလုပ်နေတယ်။ ရဲထွဋ်ခေါင်တို့လို နိုင်ငံရေး အကျဉ်းသားအယောင်ဆောင်တွေလည်း ရှိလာတယ်၊ ဒီအပေါ်မှာတော့ ကျွန်တော်တို့က ရဲထွဋ်ခေါင်တို့ကို အသိအမှတ်မပြုဘူး။ ကျွန်တော်ယူဆတာကတော့ ဒီလမ်းကြောင်းပေါ်မှာလုပ်ကြရင်းနဲ့ မလုပ်နိုင်တော့တဲ့သူတွေက တဖြည်းဖြည်း ပျောက်သွားမှာပဲ၊ လုပ်နိုင်နေတဲ့ သူတွေကတော့ ကျန်ခဲ့မယ်”ဟု ဦးသက်ဦးက ပြောကြားသည်။
၂၀၁၃ ခုနှစ်ကစတင်ပြီး နိုင်ငံရေးအကျဉ်းသားများဘဝ ပြန်လည်ထူထောင်ရေးအတွက် ပြောဆိုဆွေးနွေးမှုများ ပြုလုပ်လာခဲ့သည်။ အေအေပီပီ(ဘီ)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်းမှု သင်တန်းများဖြစ်သည့် ဖုန်းပြင်သင်တန်း၊ ကားမောင်းသင်တန်း၊ ကွန်ပြူတာသင်တန်း စသည့်သင်တန်းများပေးခြင်း ပြုလုပ်နေသော်လည်း တတ်နိုင်သည့် ငွေကြေးအရသာ လုပ်ကိုင်နေရခြင်းဖြစ်သဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကူညီနိုင်ခြင်းတော့ မရှိပေ။
ထို့အပြင် စစ်အစိုးရခေတ်တစ်လျောက် နိုင်ငံရေးအကျဉ်းသားမိသားစုများမှ ကလေးငယ်များသည် စာသင်ကျောင်းများတွင် ခွဲခြားဆက်ခံခဲ့ရခြင်းများလည်းရှိပြီး မိဘများ စီးပွားရေးအဆင်မပြေသောကြောင့် ပညာသင်ကြားရာတွင်လည်း အခက်အခဲများကို ရင်ဆိုင်နေရသည်။ ထို့အပြင် အကျဉ်းထောင်များအတွင်းမှရရှိခဲ့သော ဝေဒနာများကြောင့်လည်း ကျန်းမာရေးအရ အလုပ်လုပ်ကိုင်နိုင်စွမ်းလည်း ကျဆင်းနေကြသည်။ ထိုအခြေအနေနှင့်ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က “အခုတလော နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အသက် ၅၀ ပတ်ဝန်းကျင် လောက်နဲ့ သေဆုံးနေတာ များတယ်။ ထောင်ထဲကထွက်ကတည်းက ရောဂါတွေဖြစ်လာတယ်၊ စီးပွားရေးက အဆင်မပြေဘူး။ ဒါကြောင့် ရောဂါကို သေချာမကုသနိုင်ဘူး။ နေမကောင်းတော့ စီးပွားရှာရတာလည်း အားမစိုက်နိုင်ဘူး။ ဒါကြောင့် စီးပွားမဖြစ်ဘူး။ သူတို့ဘဝတွေက လုံးလည်လိုက်နေတာ” ဟု သုံးသပ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသော ခေါင်းစဉ်အောက်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ဘဝ ပြန်လည် ထူထောင်ရေးက ပါဝင်သလို၊ ထိုသို့ ပြန်လည်ထူထောင်နိုင်ရန်အတွက် အစိုးရက ထိထိရောက်ရောက်ကူညီရန် လိုအပ်ကြောင်းကို ဦးကိုကိုကြီးက “နိုင်ငံရေးအကျဉ်းသားဟောင်းတွေဘဝကို ပြန်လည်ထူထောင်ဖို့ဆိုတာ ကျယ်ပြန့်တယ်။ ငွေကြေးကုန်ကြမှုလည်း များတယ်။ ဒါကြောင့် အစိုးရက အကူအညီပေးဖို့လိုတယ်။ အခုလည်း ဦးဝင်းတင်ဖောင်ဒေးရှင်းလို၊ မေတ္တာအိုးဝေဖောင်ဒေးရှင်းလို ပုဂ္ဂလိကတွေက ကူညီနေပေမယ့် အများကြီး မထိရောက်နိုင်ဘူး။ ကျွန်တော်ကတော့ အစိုးရကို တောင်းဆိုချင်တယ်၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘဝ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အစိုးရရဲ့ အကူအညီတွေလိုတယ်” ဟု ပြောကြားခဲ့သည်။
အာရှနိုင်ငံများဖြစ်သည့် တောင်ကိုရီးယားနိုင်ငံတွင်လည်း စစ်အာဏာရှင်လက်ထက်က ဖမ်းဆီးထောင်ချခံရမှုများရှိခဲ့ပြီး ထိုသူများအတွက် ဒီမိုကရေစီအစိုးရ လက်ထက်ရောက်မှသာ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဘဝပြန်လည်ထူထောင်နိုင်ရန်အတွက် ငွေကြေးထောက်ပံမှုများရရှိခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင်လည်း အာဏာရှင် မားကိုစ့်လက်ထက်တွင် ကျူးလွန်ခဲ့သည့် ဖိနှိပ်မှုများအတွက် ၂၀၁၁ ခုနှစ်ရောက်မှသာ ထောက်ပံငွေများ ပေးအပ်နိုင်ခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံအတွင်းရှိ ဖိနှိပ်ကန့်သတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ဘဝပြန်လည်ထူထောင်နိုင်ရေးအတွက်ဆိုလျှင်တော့ ဒီမိုကရေစီအစိုးရစစ်စစ် တက်ရောက်လာမှသာ မျှော်လင့်နိုင်မည်ဟု ထင်မြင်မိပါကြောင်း။ ။
ခင်ငြိမ်းသစ်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment