Tuesday, July 29, 2014

ကျောက်ဆူးက ပြောတဲ့သမိုင်း (ကိုညို)

သမိုင်းဝင်မြို့လေး 

လွန်ခဲ့တဲ့ သီတင်းပတ်က နွေရာသီ အားလပ်ရက်မို့ ကျနော်တို့မိသားစု အော်စလိုမြို့ရဲ့ အနောက်တောင်ပိုင်း ပင်လယ်ကမ်းခြေမြို့ငယ်လေးဖြစ်တဲ့ လန်းဂဆွန်း( Langesund) မြို့လေးကို အလည်ခရီးသွားခဲ့တယ်။ ဒုတိယကမ္ဘာစစ်တုန်းက နာဇီဂျာမဏီတွေသိမ်းပိုက်ပြီး ဒိန်းမတ်၊ ဆွီဒင်နဲ့ နော်ဝေး အထက်အောက် ပင်လယ်ပြင်ထွက်ပေါက်ကို စိုးမိုးထားနိုင်တဲ့ စစ်ရေးမဟာဗျူဟာကျတဲ့ဒေသမို့ ဟစ်တလာရဲ့ ပင်လယ်ပြင်ထိန်းချုပ်ရေး ရေတပ်ဖွဲ့တွေ အခြေချခဲ့တဲ့အရပ်လည်းဖြစ်တယ်။ ဒီနေ့အထိ ပင်လယ်ဝကို စီးမြင်နိုင်တဲ့ တောင်ကုန်း၊ တောင်ထိပ်တွေမှာ နာဇီဂျာမဏီတွေရဲ့ ခိုင်မာတဲ့ ဘန်ကာကြီးတွေ၊ အမြောက်လက်နက် တပ်ဆင်အသုံးပြုတဲ့ နေရာတွေ၊ မြေအောက်လှိုင်ခေါင်းတွေကို အခိုင်အမာ တွေ့နေရတုန်းပါ။

ကျောက်ဆောင်ထက်က ကျောက်ဆူး 

အဲဒီနေရာလေးတွေဟာ လှပအေးချမ်းပြီး နိုင်ငံကူးသဘောင်္နဲ့ မော်တော်တွေ၊ ငါးဖမ်းစက်လှေတွေ၊ အမဲလိုက်အဖွဲ့တွေနဲ့ စည်ပင်သာယာနေတယ်။ ဒေသခံ မိတ်ဆွေ ကိုမောင်မောင်က ကျောက်ဆောင်တွေထူပြောတဲ့ ကမ်းရိုးတန်းနဲ့ ကမ်းခြေကျောက်ဆောင် တခုနဲ့တခုကို ပေါင်းကူးတံတားထိုး ဆက်သွယ်ထားရာနေရာတွေဆီ လိုက်ပို့ပေးတယ်။ စင်ယော်ငှက်မျိုးစုံနဲ့ ဘဲ၊ ဟင်္သာ၊ ငန်းနဲ့ ကနေဒါက ရွှေ့ပြောင်းငှက်မျိုးစုံဟာ လွတ်လွတ်လပ်လပ် အစာရှာ ပြေးလွှားနေကြတယ်။ အန္တရာယ်မပေးတတ်မှန်းသိနေလို့ လူမြင်လည်း မတုန်လှုပ်ဘူး။ ပေါင်မုန့်လေးတွေဖဲ့ကျွေးရင် ငှက်တွေအားလုံး အနားကပ်လာတတ်တယ်။ ည ၁၀ နာရီကျော်ပေမယ့် နွေအခါမို့ ဆည်းဆာက တောက်ပတုန်း။ 


ရွှေရောင်ဝင်းလက်နေတဲ့ ဆည်းဆာအောက် ကျောက်ဆောင်ကုန်းထက်တခုမှာ ကီလိုခြောက်ထောင် အလေးချိန်ရှိတဲ့ စိတ်ဝင်စားစရာ ဧရာမ သင်္ဘောကျောက်ဆူးအပဲ့ကြီးတခုကို တွေ့ရတယ်။ ကျောက်ဆူးချွန်တဖက်က ကျိုးနေပြီး ကျန်တဖက်က မရှိဘူး။ ကျောက်ဆူးကျိုးလေးတင်ထားတဲ့ ကျောက်တုန်းကြီးမှာ နော်ဝေးဘာသာနဲ့ ကဗျည်းထိုးထားတဲ့ စာတမ်းလေးတခု။ 

ဖတ်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ ၂၀၀၉ ဇူလိုင် ၃၁ မှာ တရုတ်ပိုင် ရေနံစိမ်းတင် Full City သင်္ဘောကြီး မတော်တဆဖြစ်မှုကြောင့် ပင်လယ်ကမ်းခြေတခုလုံး ရေထုညစ်ညမ်းခဲ့တယ်၊ ငှက်မျိုးစုံနဲ့ ငါးပုဇွန်၊ ရေသတ္တဝါ အမြောက်အများ သေဆုံးခဲ့တယ်။ လန်ဂဆွန်းပြည်သူတွေ ဝမ်းနည်းကြေကွဲခဲ့တယ်။ ဒါပေမယ့် ကျွန်ုပ်တို့ စုစည်းညီညွတ်မှုနဲ့ မတော်တဆမှု ဘေးဒုက္ခကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တယ်။ အနစ်နာခံ စုစည်း ညီညွတ်လုပ်ဆောင်မှုဟာ ဒုက္ခဆိုးကို ကျော်လွှားနိုင်စေတဲ့ မှတ်တမ်းတခုအဖြစ် ကျွန်ုပ်တို့ကို သတိရစေလိမ့်မယ်... လို့ ရေးထိုးထားတယ်။ 

သတိမမူမိတဲ့ အကျိုးဆက် 

လိုက်ပါသူ တရုတ်လူမျိုး ၂၃ ဦးနဲ့အတူ ရေနံစိမ်း ၁၁၂၀ တန်ချိန်ကို တင်ဆောင်လာတဲ့ Full City သင်္ဘောကြီးဟာ ကမ္ဘာ့အကြီးဆုံး ကုန်တင်သဘောင်္များထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲမှာပါဝင်တဲ့ တရုတ်ပြည် COSCO (China Ocean Shipping Compani) ကုမ္ပဏီပိုင် သင်္ဘောဖြစ်တယ်။ သင်္ဘောက မီတာ ၁၆၇ မီတာရှည်ပြီး အကျယ် ၂၆ မီတာရှိတယ်။ နော်ဝေးနိုင်ငံရဲ့ နွေရာသီ ဇူလိုင် ၃၁ ရက်သန်းခေါင်ကျော်မှာ သင်္ဘောဟာ လန်ဂဆွန်းတောင်ဘက်ပိုင်း ကမ်းခြေအနီး ကျောက်ဆောင်တခုကို ဝင်တိုက်ပြီးတဲ့နောက် အနီးက ကျောက်ဆောင်ငယ်မှာ တင်သွားပါတယ်။ သင်္ဘောဝမ်းပေါက်သွားပြီး သင်္ဘောပေါ်က လုံခြုံအောင်ကွယ်ကာထားတဲ့ ရေနံစိမ်းတိုင်ကီတွေကိုပါ ကျောက်ဆောင်က ထိုးဖောက်လိုက်တယ်။ များမကြာမီ သင်္ဘောပေါ်က ရေနံစိမ်းတွေ ကမ်းရိုးတန်း ကျောက်ဆောင် ရေလက်ကြားတွေသာမက ပင်လယ်ပြင်ထဲအထိ စီးဝင်ပျံ့နှံ့သွားတယ်။ အနီးအနား ကမ်းရိုးတန်းမြို့ငယ်လေးတွေ ၃-၄ မြို့ထိ ရေနံစိမ်းတွေ စီးမျောကုန်တယ်။ ၂ ရက်အတွင်း ကီလိုမီတာ ၁၂၀ အထိဝေးတဲ့နေရာ၊ ဒေသတွေဆီ ရေနံစိမ်းတွေ ပျံ့နှံ့ကုန်တယ်။ နေရာအနှံ့ ရေထုညစ်ညမ်းကုန်တယ်။ 

လန်ဂဆွန်းအနားတဝိုက် ပင်လယ်ကမ်းခြေ၊ ကမ်းရိုးတန်းတွေဟာ ရေနံစိမ်းတွေနဲ့ မဲညစ်နေတယ်။ ကျောက်ဆောင်၊ ကျောက်ကြားတွေမှာ ရေနံစိမ်းတွေ စီးဝင်နေတယ်။ အမေရိကတိုက်ကနေ ပူနွေးတဲ့ ဥရောပကမ်းခြေဘက် ရွှေ့ပြောင်းလာတဲ့ ငှက်မျိုးစုံနဲ့ ဟင်္သာ၊ ရေဘဲ၊ ဇင်ယော်တွေ တကိုယ်လုံး ရေနံစိမ်းလူးပေပြီး ပျံသန်းလည်း မရ၊ ပြေးလွှားလည်း မရ၊ အစာလည်း မစားနိုင်တော့ဘဲ မသေမရှင်တွေ ဖြစ်ကုန်တယ်။ 

“မနက်မိုးလင်းလို့ သတင်းကြားတဲ့ လန်ဂဆွန်းမြို့သူမြို့သားတွေ ကမ်းခြေကို လာကြည့်ကြတယ်၊ မြင်ကွင်းကိုကြည့်ပြီး ဝမ်းနည်းပက်လက်ဖြစ်ကုန်တယ်။ အရင်က ကြည်စိမ်းနေတဲ့ ပင်လယ်ပြင်ကြီးဟာ ရေနံစိမ်းတွေနဲ့ တွန့်လိန်မဲညစ်နေပြီး ကျောက်ဆောင်တွေလည်း ရေနံစိမ်းတွေ ဖုံးနေတယ်။ မြက်ခင်းစိမ်းတွေအထိ ရေနံစိမ်းတွေ ပေကျံကုန်တယ်၊ ငှက်တွေ၊ ဘဲတွေ၊ ရေသတ္တဝါတွေဟာ သနားစရာပဲ၊ မသေမရှင်တွေ” လွန်ခဲ့တဲ့ ၉ နှစ်လောက်ကတည်းက လန်ဂဆွန်းမြို့မှာ အခြေချနေထိုင်နေတဲ့ ချင်းပြည်နယ် မတူပီသား ကိုမောင်မောင်က သူ မြင်ခဲ့တာတွေ ပြောပြတယ်။ ဒီဖြစ်ရပ်မှာ အဓိက တာဝန်ရှိသူဟာ သင်္ဘောကပ္ပတိန်ဖြစ်ပြီး ရာသီဥတုကောင်းမွန်နေပေမယ့် သူ့ရဲ့ပေါ့ဆမှုကြောင့် အခုလိုဖြစ်ရတာလို့ အများက သုံးသပ်ပြောဆိုကြတယ်။ 

ကိုယ့်ရေမြေကိုချစ်တဲ့ လူထုရဲ့တက်ကြွမှု 

“အံ့သြဖို့ကောင်းတာက ဒီမြို့ကလူတွေဟာ အနိဌာမြင်ကွင်းကိုကြည့်ပြီး သိပ်ကြာကြာ ဝမ်းနည်းပြမနေဘူး၊ မြို့ပေါ်တာဝန်ရှိသူတွေ သက်ဆိုင်ရာကို အကြောင်းကြားပြီးတာနဲ့ မြို့လူထုက မနက်ခင်းမှာပဲ ချက်ချင်း ကမ်းခြေ သန့်ရှင်းရေးတွေလုပ်ဖို့ ချက်ချင်း လူစုဝေးကြတယ်၊ ကိုယ့်အသိနဲ့ကိုယ် စုပေါင်းတာဝန်ယူကြတယ်” ကိုမောင်မောင် ပြန်ပြောပြတာက ရေနံစိမ်းနဲ့ ညစ်ညမ်းရေထုကို ရှင်းလင်းခတ်ထုတ်၊ မီးသတ်ပိုက်တွေအသုံးပြုပြီး ကျောက်ဆောင် အကြိုအကြားတွေပါမကျန် သေချာတိုက်ချွတ်ဆေးကြောသလို လုပ်အားပေးတွေက မိမိတို့ယူဆောင်လာတဲ့ သံဘရပ်ခ်ျတွေနဲ့ ကျောက်တုံး၊ ကျောက်ခဲတွေတခုမကျန် အသေးစိတ် တိုက်ချွတ် ဆေးကြောကြတယ်လို့ သိရတယ်။ 

နောက်တနေ့ သြဂုတ်လ ၂ ရက်လောက်မှာ အနီးအနားမြို့တွေက ရာနဲ့ချီတဲ့ လုပ်အားပေး ပြည်သူတွေပါဝင်ပြီး ပင်လယ်ပြင် သန့်ရှင်းရေးကို ဝိုင်းဝန်းလုပ်ကြတယ်။ အိမ်နီးချင်း ဆွီဒင်၊ ဒိန်းမတ်နိုင်ငံက သန့်ရှင်းရေးအတွက် ကမ်းခြေစောင့် သင်္ဘောတွေ စေလွှတ်ပေးတယ်။ သင်္ဘောပေါင်း ၂၅ စီးနဲ့ ပင်လယ်ပြင် သန့်ရှင်းရေးလုပ်ငန်းတွေကို အေးခဲနေတဲ့ ဒီဇင်ဘာလအထိ ရာသီဆိုးကို အံတုပြီး လုပ်ဆောင်ခဲ့ကြတယ်။ 

သူဌေးနဲ့ ပြည်သူ ကြည်ဖြူတဲ့စေတနာ 

ကမ်းရတန်းနေရာတချို့ကို ပိုင်ဆိုင်တဲ့သူဌေးတယောက်က သန့်ရှင်းရေးအတွက် တနာရီ နော်ဝေးခရိုနာ ၁၀၀ ပေးမယ်လို့ ကြေငြာခဲ့ပေမယ့် အားလုံးက ငွေမယူဘဲ အခမဲ့ လုပ်အားပေးခဲ့တယ်လို့ သိရတယ်။ “အပြန်အလှန်ထားတဲ့ မေတ္တာ၊ စေတနာလို့ ပြောရမယ်၊ အခုဆို အဲဒီသူဌေးကလည်း သူပိုင်တဲ့ ပင်လယ် ကမ်းခြေနဲ့ ကျောက်ဆောင်တွေကို ငွေကုန်ကြေးကျခံ ပြုပြင်မွန်းမံပြီး ဘယ်သူမဆို အခမဲ့ အနားယူ အပမ်းဖြေနိုင်အောင် စီစဉ်ပေးထားတယ်၊ ပင်လယ်ဝရှုခင်းနဲ့ သဘာဝအလှကို မြင်နိုင်တဲ့ အဲဒီနေရာကို အပမ်းဖြေလာသူတွေ အတော်များတယ်၊ အခွန်အခကောက်မယ်ဆို ဒီလိုနွေရာသီမျိုးမှာ သူ့အတွက် နှစ်စဉ်ပြုပြင်မွန်းမံစရိတ်တွေ ကာမိနိုင်တယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ကျေးဇူးကို သူ မမေ့ဘူး တဲ့” လို့ ကိုမောင်မောင်က ဆက်ပြီးရှင်းပြတယ်။ 

ကျနော်ရောက်သွားတော့ သူဌေးက သူပိုင်တဲ့ ကမ်းရိုးတန်းကျောက်ဆောင်တခုနဲ့တခုကို လှပပြီး မျက်စေ့ပသာဒရှိတဲ့ တံတားလေးတွေနဲ့ ဆက်သွယ်ထားသလို အောက်ခြေနှုန်းမြေနဲ့ ရေမှော်တွေပြန်ဆယ်ပြီး ဧည့်သည်တွေ မော်တော်နဲ့ လည်ပတ်ပြီး အလွယ်တကူ နားနေနိုင်အောင် မော်တော်ဆိပ်တခုလုပ်နေတာ တွေ့ခဲ့ရတယ်။ အများသူငါအတွက် ဘာလိုအပ်မလဲဆိုတာ လေ့လာပြီး ဖြည့်ဆည်းပေးနေတဲ့ သူဌေးရဲ့စေတနာပါ...။ 

မီဒီယာဒီဘိတ်တွေ 

ပထမဆုံး ရေနံပေကျံပြီး ဒုက္ခရောက်နေတဲ့ ငှက်မသေမရှင်တွေကို ငှက်ပစ်မုဆိုးတွေခေါ်ပြီး သုတ်သင်လိုက်ကြတယ်၊ သဘာဝ ကျေးငှက်စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်တယ်၊ နော်ဝေးမီဒီယာတွေကနေ ဆွေးနွေးငြင်းခုံမှုတွေ ပေါ်လာတယ်။ ငှက်ကိစ္စသာ မဟုတ်၊ ရေနံသင်္ဘောတိမ်းမှောက်မှုနဲ့ အရေးယူဆောင်ရွက်ရေး၊ ရေထုညစ်ညမ်းပြဿနာ ဖြေရှင်းရေး၊ ငှက်တွေ တကိုယ်လုံး ပေကျံနေတာကို ဆေးကြောသန့်ရှင်းပေးပြီး အသက်ကယ်ဖို့ တောင်းဆိုတယ်၊ ငှက်တွေမျိုးတုံးကုန်မှာ စိုးရိမ်ကြတယ်။ အထူးသဖြင့် အဆိုပါ ဒေသမှာ အများဆုံးတွေ့ရတဲ့ ဇင်ယော်ခေါင်းနက်မျိုးတွေ မျိုးတုံးမယ့် အန္တရာယ်ကို စိုးရိမ်ပူပန်ကြတယ်။ ဒါပေမယ့် လက်တွေ့မှာ ငှက်အများစု ဓာတုအဆိပ်သင့်ပြီး ရောဂါဖြစ်နိုင်မှု၊ အသက် ဆက်လက်ရှည်အောင် ထိန်းသိမ်းစောင့်ရှောက်ရာမှာ ငွေကုန်ကြေးကျများမှု၊ ဒဏ်ရာတွေရပြီး ဝေဒနာခံစားနေရမှု၊ နလံထငှက်တွေ အသက်ရှည်ဖို့ ခဲယဉ်းတာကြောင့် နောက်ဆုံးမှာ ငှက်သုတ်သင်ရေးကို စနစ်တကျ စာရင်းဇယားပြုစု မှတ်တမ်းတွေထားပြီး ဆက်လုပ်ခဲ့တယ်။ 

အပြစ်တင်မှု ရှောင်ရှား၊ ညီညွတ်မှုနဲ့ အောင်ပွဲခံ 

ထထကြွကြွနဲ့ ပင်လယ်ပြင်သန့်ရှင်းရေးကို ဆောင်ရွက်လိုက်ကြတာ နောက်တနှစ် နှစ်ဦးပိုင်းမှာ ပင်လယ်ပြင်သန့်စင်မှုကို အပြီးသပ်နိုင်ခဲ့တယ်။ အများနဲ့သက်ဆိုင်ပြီး အရေးတကြီး ကာကွယ်စောင့်ရှောက်ရမယ့် ပြဿနာတခုပေါ်လာပြီဆိုတာနဲ့ အပြစ်တင်၊ ဝေဖန်မှုတွေနဲ့ အချိန်ဖြုန်းမနေဘဲ လုပ်သင့်လုပ်ထိုက်တာတွေကို ညီညီညွတ်ညွတ် လုပ်ဆောင်ကြတဲ့ ဒေသခံ ပြည်သူတွေရဲ့ အမျှော်အမြင်နဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ အကျိုးကြောင့် ညစ်နွမ်းနောက်ကျိပေကျံနေတဲ့ ပင်လယ်ပြင်ကြီးဟာ နဂိုသဘာဝအတိုင်း လှပတင့်တယ်လာပါတယ်။ 

တရုတ်ရေနံတင် Full City သင်္ဘောကြီးဟာ ကပ္ပတိန်ရဲ့ပေါ့ဆမှုကြောင့် အခုလိုဖြစ်ခဲ့တယ်ဆိုတာ စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သင်္ဘောကမ်းကပ်တော့မယ်ဆိုရင် ပုံမှန်လုပ်ဆောင်ရမယ့် သတင်းပို့မှုပျက်ကွက်တာကြောင့် သင်္ဘောလုံခြုံမှုဆိုင်ရာ နိုင်ငံတကာ အက်ဥပဒေ ပုဒ်မ (၃၇) နဲ့ တရားစွဲထားပါတယ်။ ထူးခြားတာက နော်ဝေး သတင်းစာနဲ့ မီဒီယာတွေက မိမိတို့ကျင့်ဝတ်အရ သင်္ဘောကပ္ပတိန်ရဲ့ ပေါ့ဆမှုလို့ သတင်းဖော်ပြတာမျိုး မရှိသလို၊ ကျောက်ဆောင်ပေါ်က ကျောက်ဆူးကြီးမှတ်တမ်းမှာလည်း မတော်တဆမှုလို့သာ မှတ်တမ်းတင်ထားပါတယ်။ 

တချိန်က ဒီနေရာလေးမှာ ဘာမှမဖြစ်ခဲ့သလို ဒီကနေ့ကာလမှာ လန်ဂဆွန်းက ကျောက်စွယ် ကျောက်တန်းများနဲ့ ပင်လယ်ကမ်းရိုးတန်းလေးဟာ ကျေးငှက်တွေ ရောင်စုံပန်းပွင့်တွေ၊ ငါးမျှားသူ၊ အပန်းဖြေသူ၊ စက်လှေစီးသူတွေနဲ့ ငြိမ်းအေး ရှုမောစရာမြင်ကွင်းကြီး ဖြစ်နေပါပြီ…။ ။ 

ကိုညို (အော်စလို) 
၂၄ ဇူလိုင် ၂၀၁၄ 

ဓာတ်ပုံ - လန်ဂဆွန်းမြို့ ကမ်းရိုးကျောက်ဆောင်မှာတွေ့ရတဲ့ Full City သင်္ဘောမှ ကျိုးပဲ့နေတဲ့ ကျောက်ဆူး 

ဒီအပတ်ထုတ် တူမောရိုးဂျာနယ်ပါ ဆောင်းပါး 

No comments: