Tuesday, July 29, 2014

ရာဇဝင်ထဲက အလင်းရောင် (အရှင်ဇဝန)

စကြာဝဠာအကြောင်း ရေးသားထားတဲ့ စာတစ်အုပ်ကို ဖတ်ဖူးတယ်။ သင် ယခုမြင်နေရတဲ့ ကြယ်တွေဟာ အခုရှိနေတဲ့ကြယ်တွေ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဖြစ်တည်ခဲ့တဲ့ကြယ်တွေပါတဲ့။ အလင်းနှစ်များစွာကို ဖြတ်သန်းပြီးတော့မှ သင့်ထံရောက်လာတာပါ။ မျက်မြင်ကိုကြည့်ပြီး ဝဠာပြင်မှာ အခုတည်နေတဲ့ကြယ်လို့ သင် ထင်နေတာပါ ဆိုတဲ့စကားက ဒီ စာပန်ချီကားကိုရေးဖို့ အကြောင်းရင်းပါပဲ။ 

ဟုတ်တယ် မိုးကောင်းကင်ကြီးမှာ ကြယ်များစွာဟာ ဖြစ်တည်နေတယ်။ ဒါတွေဟာ ပစ္စုပ္ပန်ကာလမဟုတ်တော့တာ သေချာတယ်။ အကျွန်ုပ်တို့ ယနေ့မြင်နေရတဲ့ ကောင်းကင်ပြင်ကြီးဟာ အတိတ်ရုပ်ပုံကားချပ်ကြီးပါပဲ။ နှစ်သန်းပေါင်းများစွာကြာအောင် ချီတက်ခဲ့ရတဲ့ သူ့ရဲ့ဇွဲ ပင်ကိုယ်က မခမ်းခြောက်တဲ့ စွမ်းရည်တွေကြောင့် ယခုလို လင်းလက်နေ တောက်ပနေတဲ့ ကြယ်တွေအဖြစ် မြင်ကြရတာ မဟုတ်လား။ 


ရာဇဝင်ထဲမှာ ထားခဲ့လို့မရသူတွေဟာ အတိတ်ထဲကနေ ပစ္စုပ္ပန်အထိ ခုန်ထွက်လာလျှံကျလာတဲ့ သူတို့ရဲ့ စွမ်းရည်၊ သတ္တိတွေကြောင့်လို့ဆိုရင် မှားမယ် မထင်ဘူး။ နိုင်ငံသမိုင်းရဲ့ မိုးကောင်းကင်မှာ ကြယ်စင်များစွာတောက်ပ လင်းလက်နေပါတယ်။ ဟိုးရှေးကဆိုတဲ့ မမီလိုက် မတွေ့လိုက်ရတဲ့ အနေအထားအဖြစ်အပျက်တွေထက် သိလိုက်မိ ကြားလိုက်မိတာကို ပြောချင်ပါတယ်။ လက်တကမ်းက စကားတွေ၊ အဖြစ်အပျက်တွေထဲက ပြောရရင် အောချရမည့်သူတွေလည်း ရှိနေပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြောချင်တယ်။ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲအပေါ် ရင်ဆိုင်ကြပုံတွေကို နောက်လူတွေကို လက်ဆင့်ကမ်းထားခဲ့ချင်ပါတယ်။ 

၁၉၉၀ လောက်က အင်းစိန်ထောင်ထဲနေခဲ့ဖူးသူတွေရဲ့ ယုံကြည်ချက်ဒိုင်ယာရီထဲမှာ စက်တင်ဘာ ၂၅ ဆိုတာ ဖျက်မရတဲ့ နေ့တနေ့ဖြစ်ပါတယ်။ အဲ့ဒီနေ့ရဲ့စာမျက်နှာထဲမှာ အော်ဟစ်သံငြီးငြူသံတွေဟာ ဆူညံနေပါတယ်။ အော်ဟစ်သံတွေကို ဖုံးအုပ်ဖို့ လေးဖက်လေးတန်ကဖွင့်ထားတဲ့ သီချင်းသံတွေကလည်း အဲ့ဒီတနေ့လုံးကို မင်းမူနေပါတယ်။ သူတို့ အမှတ်မိဆုံးသီချင်းကတော့ စာဥ သီချင်းပါပဲ။ ဟင်္သာတထွန်းရင်ရဲ့ ကြည်နူးဖွယ် တေးသီချင်းသံနဲ့ ကာရံ ဖုံးအုပ်ထားတဲ့အောက်မှာတော့ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းကို တွေ့ရမှာဖြစ်ပါတယ်။ စက်တင်ဘာ ၂၅ ကို ဖြတ်ကျော်ခဲ့သူတိုင်းက မမေ့မပျောက် ပြောကြ၊ နှုတ်မှတ်တမ်းတင်ကြတာ မပါမဖြစ်ကတော့ စာဥပါပဲ။ စာဥလို့ ဆိုလိုက်တာနဲ့ သူတို့ရဲ့ နာကျည်းခဲ့ရတဲ့နေရက်တွေကို ပြန်လည်ပုတ်နှိုးလိုက်တာပါ။ အသစ်လိုဖြစ်သွားတာချည်းပါပဲ။ 

ဒီ စက်တင်ဘာ ၂၅ ရဲ့သမိုင်းကို သိမီ တကယ်ပါဝင်ခဲ့သူတွေက ဖွင့်ဟထားခဲ့ဖို့ လိုပါလိမ့်မယ်။ အဖြစ်အပျက်တွေကို ဒီအတိုင်းထားခဲ့ရင် မြစ်ချောင်းတွေလိုပဲ တိမ်ကောသွားမှာ၊ ရေလမ်းပြောင်းသွားမှာ စိုးပါတယ်။ ကိုယ်ဖြတ်သန်းခဲ့ရတာတွေကို မခြွင်းမချန် နှောင်းလူတွေကို ဖွင့်ဟထားခဲ့ဖို့ လိုနေပါပြီ။ အာဏာရှင်တို့ရဲ့ သမိုင်းပုံဖျက်မှုတွေဆိုတာ အနာဂတ်မျိုးဆက်သစ်တွေဆီ အမွေဆိုးကို လက်ဆင့်ကမ်းနေတာပါ။ အခုရေးနေတဲ့ စာသားတွေက စက်တင်ဘာ၂၅ ရဲ့ သမိုင်းမဟုတ်ပါဘူး။ ထိုကာလ ထိုအချိန်က ဖြတ်ကျော်ခဲ့ကြတဲ့ ရဲဘော်များရဲ့ သမင်လည်ပြန် စကားတွေမှာ နာကျည်း တောက်ခတ်သံတွေကို ကြားရသလို ကိုယ်ကျွေးမွေးထားတဲ့ ဝန်ထမ်းတွေရဲ့ ကျွေးထားတဲ့လက်ကို ပြန်ကိုက်တဲ့ကိစ္စပါ။ ဒါဟာ ကျေးဇူးမသိတတ်ခြင်းကို ပုံဖော် ပြောဆိုနေမှန်း ကြားသိသူတိုင်း ခံစားမိမှာပါ။ လေးစားတန်ဖိုးထားမိတာကတော့ အရိုက်ခံရသူတိုင်းရဲ့ နောက်ဆုံးပိတ်ပြောတတ်တဲ့စကားကိုပါ။ ဒါကတော့ သူတို့ ကျောနဲ့ရင်းလိုက်ကြတယ်တဲ့။ 

နောက် လေးစားတာတစ်ခုက အနိဋ္ဌာရုံကို ရယ်မောဟားတိုက်တဲ့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ကိုပါ။ ကျေးဇူးသိတတ်သူ တချို့တလေရဲ့ လုပ်ရပ်ကြပြန်တော့လည်း ကြားရသူတွေ စိတ်ချမ်းသာစရာပါ။ ဆရာ ဒေါက်တာအေးချမ်း ပြောပြဖူးတဲ့ သူ့ကိုယ်တွေ့လေးကတော့ စိတ်ဝင်စားစရာပါ။ သူ့ကိုလာခေါ်တဲ့သူက သူနဲ့ တတန်းတည်း သူငယ်ချင်း။ သူက ထောင်မှူး၊ ကိုယ်ကအကျဉ်းသားဖြစ်နေတဲ့အချိန်။ နာမည်ကိုပါ ဆရာက မကြာခဏ ပြောပြလို့ အလွတ်ရနေပါတယ်။ 

ထောင်မှူးအမည်က ပြုံးချို။ နာမည်လေးက လှပါပေ့၊ နာမည်နဲ့စိတ်နဲ့ကတော့ တခြားစီဖြစ်နေတာပါ။ သူ့မှာ သူငယ်ချင်းဆိုတဲ့ အသိစိတ်ကတော့ ရှိချင်ရှိမှာပါ။ 

“သူငယ်ချင်း ထွက်မယ်” 

ဒီလိုခေါ်ပြီး အခန်းအပြင်ကိုခေါ်ထုတ်ပေမယ့် ... 

“လက်ထိပ်ခတ်မယ်” 

စကားသံနဲ့အတူ ဆရာကို ခေါင်းစွပ်စွပ်လိုက်တော့တာပါတဲ့။ သူငယ်ချင်းမို့ပြလိုက်တဲ့ လက်စွမ်းကို ဆရာ တော်တော်ခံလိုက်ရတယ်။ တကိုယ်လုံး နေရာလပ်မရှိလို့ ဆိုရမယ်။ သူ့ဘေးမှာလည်း နိုင်ငံရေးသမားများစွာတို့ရဲ့ ငြီးငြူသံတွေကို ဆရာ ကြားနေရတယ်တဲ့။ အသားနဲ့ ဂန်းပိုက်ထိတဲ့ အသံ၊ နာကျင်လို့ အော်မြည်သံတွေက ဆူညံနေတယ်။ လူပေါင်းများစွာကို လက်ထိပ်ခတ်၊ ခေါင်းစွပ်ပြီးရိုက်ရဲတဲ့ သတ္တိရှင်တွေကတော့ အံ့သြလောက်ပါပေတယ်။ ဒီအချိန်မှာပဲ ကံကြမ္မာက ဘယ်သဘောနဲ့ ဆရာထံ ရောက်လာတယ်မသိ။ အသံတစ်သံကို ဆရာကြားလိုက်ရတယ် တဲ့။ 

“ဟိုတိုက်က လူကြီးလားဆရာ ကျနော့်ကိုရစ်ထားတာ ပညာပေးရမယ် ပေး ကျနော့်ကို”

ဆရာ့သူငယ်ချင်း ကျောင်းနေဖော်ကြီးက သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကို လက်ဆောင်တွေ တနင့်တပိုးပေးပြီး သူ့လို အစွမ်းရှိမည်ထင်သူကို လက်လွှဲသွားတယ်။ အခုလူရောက်လာတာဟာ ဆရာ့အတွက် စက်တင်ဘာ ၂၅ ရက် အကြောင်းတွေကိုပြောတိုင်း မပါမဖြစ်ပါရမယ့် အဖြစ်အပျက်တခု ဖြစ်သွားရတယ်။ 

“ဆရာ ဘာမှကြောက်မနေနဲ့ ကျနော်ရှိတယ်” 

ဒီလိုပြောတဲ့ဝန်ထမ်းက တသက်လုံး အမှတ်ရစရာတွေ ပေးသွားခဲ့တယ်။ အခြားနေရာက ရိုက်ပြီးလာကြတဲ့သူတွေက လက်စွမ်းပြချင်တဲ့ စကားသံတွေနဲ့ ပြောဆိုလာတဲ့အခါ သူက အကာအကွယ်ပေးခဲ့တယ်။ “ငါ ရိုက်လို့ ခဏနားနေတာ ဆက်ရိုက်ဦးမှာ” ရောက်လာတဲ့ဝန်ထမ်းများကို ဆရာဆီမလာရန် သူက အကာအကွယ်ပေးတယ်။ ဒီဝန်ထမ်းအကာအကွယ်နဲ့ ဆရာ့ ကျောပေါ် တုတ်ချက်တွေ မကျရောက်တော့ဘူး။ (ဆရာ့သူငယ်ချင်း ပြုံးချိုမှာ နောင်အခါ ထောင်ပိုင်ကြီးအဆင့်အထိဖြစ်ပြီး ကလေးရဲဘက်စခန်းတစ်ခု၌ မိမိကိုယ်ကို သတ်သေသွားသည်) 

စက်တင်ဘာ ၂၅ ကို ဖြတ်သန်းခဲ့ဖူးသူတို့၏ ပြောစကားမှာ ကြားရသူတို့၏ ကျောကုန်းနှင့် ရင်ဘတ်ထဲအထိ ဒဏ်ရာတို့က ကျရောက်လာတယ်။ စအရိုက်ခံစက ယောက်ျားပဲ အံကြိတ်ခံမယ်ဟု စဉ်းစားထားတာပါ။ ဆယ်ချက်လောက်အထိတော့ သိနေသေးတယ်။ နောက် အသားက လုံးဝ မနာတော့ဘူး။ နောက် တုတ်ကျမှန်းတောင် မသိတော့ဘူး။ နောက် ဘာမှကို မသိတော့ဘူး။ သတိရလို့ကြည့်လိုက်တော့ အခန်းထဲမှာ တစ်ယောက်တည်း ဘယ်အချိန် ဘယ်ကာလက ရိုက်နှက်ပြီး အခန်းထဲ ဆွဲသွင်းထားသည်မသိ တစ်ကိုယ်လုံး နာကျင်နေတာနှင့် သွေးတွေ အလိမ်းလိမ်း ပေကျံနေတဲ့ အဝတ်အစားတွေကို ပထမဦးဆုံး သတိထားမိလိုက်တယ်လို့ ဆိုပါတယ်။ 

ကိုဂျင်မီ မကြာခဏပြောဖူးတဲ့ စကားတစ်ခွန်းကို မှတ်မိနေသေးတယ်။ သူ့ကိုရိုက်တော့ အံကြိတ်ပြီးတော့ ငါတော့ ဗိုလ်ချုပ်စိတ်ဓာတ်နဲ့ ခံကြည့်လိုက်မယ်ပေါ့။ ဒါနဲ့ တချက်၊ နှစ်ချက် နောက် အချက်ပေါင်းများလာတော့ သူ့ရဲ့ သတ္တိတွေနဲ့ ခုခံထားတဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ စွန်းထင်းကုန်တယ်တဲ့။ အဲဒီအချိန်က ဒုချုပ် အုန်းဟန်ကို နင်ပဲ ငဆ ပြန်လှန်ပြောဆိုတဲ့ ဗိုလ်ကြီး စိုင်းဝင်းကျော်ရဲ့ သတ္တိပြောင်တဲ့ တုံ့ပြန်မှုကို နောက်လူတွေ ပြောမဆုံးဘူး။ နောက် ပြစ်ဒဏ်ပေးမယ်ဆိုတာသိသိနဲ့ အဲဒီ ဒုချုပ် အုန်းဟန်ကိုပဲ ရဲဝံ့စွာ ရင်ဆိုင်ခဲ့တဲ့ ကဗျာဆရာ၊ စာရေးဆရာ ရွှေဘုန်းလူ (တာရာမင်းဝေ)ရဲ့ အဖြစ်အပျက်တွေကတော့ နှစ်ဆယ့်ငါး စက်တင်ဘာထဲ မပါမဖြစ်တဲ့ ဇာတ်လမ်းတွေပဲ နေမယ်။ 

အင်းစိန်တစ်ထောင်လုံး ငရဲပွက်တဲ့နေ့မှာ အပြင်လောကကလူတွေကတော့ စာဥသီချင်းသံတညံညံနဲ့ ထောင်ထဲလူတွေ အငြိမ့်သားဖြစ်နေပြီလို့ထင်မှာ။ တကယ်ကတော့ ရာစုနှစ်များစွာ လူသားဂုဏ်သိက္ခာတွေကို ပြောဆိုကြတဲ့အခါ ဂုဏ်သိက္ခာ အဖျက်ဆီးခံရမှုရဲ့ လက်သည်တွေကိုတော့ ဘယ်သူမှ ချန်လှပ်ထားခဲ့မှာ မဟုတ်ဘူး။ 

ဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်းကို ၂ တိုက်က ရဲဘော်တွေက ပြောမဆုံးအောင်ရှိကြတယ်။ ဒဏ်ရာဗလပွနဲ့ ဆရာ့ကိုဆွဲပြီး တိုက်ထဲ လှည့်ပတ်ပြတာဟာ လူတစ်ယောက်ဂုဏ်သိက္ခာမဲ့အောင်၊ အရှက်ရအောင် ပြစ်ဒါဏ်ပေးတာပဲ မဟုတ်လား။ အာဏာရှင်တို့ရဲ့ ရည်ရွယ်ချက်ကတော့ မင်းတို့လေးစားရတဲ့ ဆရာဝန်ကြီးကိုတောင် ငါတို့က နှိပ်ကွပ်ပြလိုက်ပြီ။ မင်းတို့လည်း သဘောပေါက်ထားလို့ ဒီလို မက်ဆေ့ခ်ျမျိုး ပေးချင်တာထင်ပါတယ်။ ဒါပေမယ့် မြင်ရသူအပေါင်းကတော့ ငါတို့ဆရာကို နှိပ်စက်နေပါလား၊ တရားမှု လုံးဝ မရှိဘူးဆိုတဲ့အသိနဲ့ ဒီအာဏာရှင်တွေအပေါ် မြင်တဲ့အမြင်၊ ထားတဲ့ စိတ်ဓာတ်တွေက မာသထက်မာ၊ ခိုင်သထက်ခိုင်လာသူချည်းပဲ။ 

အဲ့ဒီတုန်းက သူတို့တွေကို ချက်ခြင်းနေရာတွေ ပြောင်းပစ်လိုက်တယ်။ နေရာပြောင်းတာက အင်းစိန်ထောင်ဝန်းထဲတင် ရွှေ့လိုက်တာ မဟုတ်ပါဘူး။ တချို့ကို သရက်၊ တချို့ကို သာယာဝတီ နေ့ချင်းရွေ့ပစ်တာပါ။ အရွှေ့ခံရသူတွေဟာ အိမ်နဲ့ ရက်ပေါင်များစွာကြာတဲ့အထိ မတွေ့ကြရပါဘူး။ တနေကုန် လက်စွမ်းပြခံထားရတဲ့ တကိုယ်လုံးက ဒဏ်ရာတွေကို ဘယ်သူကမှ ဆေးမကုပေးပါဘူး။ 

တစ်ခါက စကားဝိုင်းတဝိုင်းမှာ ဆရာအေးချမ်းပြောနေတာကို အမှတ်ရလိုက်တယ်။ အိန္ဒိယဝန်ကြီးချုပ် မိုရာဂျီဒေဆိုင်းဟာ သွားလေရာမှာ ကြေးအိုးလေးတလုံး အမြဲပါတယ်။ ပြောင်လက်နေတဲ့ အဲဒီကြေးအိုးဟာ သူ့ရဲ့ဆေးခွက်ပါပဲ။ ဆေးကတော့ တခြားက ရှာတာမဟုတ်၊ သူ့ခန္ဓာကိုယ်က စွန့်ပစ်တဲ့ ယူးရီးယားဓာတ်ကြွယ်ဝတဲ့ သောက်သုံးရေဟာ သူ့ရဲ့ဆေးပါပဲ။ အဲဒီဆေးရဲ့ အစွမ်းထက်ပုံတွေကိုလည်း အိန္ဒိယဆေးကျမ်းတွေမှာ ညွှန်းထားတယ်ဆိုပဲ။ ဒဏ်ရာများစွာကို သက်သာစေတဲ့ ဆေးဆိုတဲ့ စကားကိုတောင် ဆရာပြောနေတယ် ထင်တယ်။ 

ရက်ပေါင်းများစွာ အခန်းကျဉ်းလေးထဲ ဒဏ်ရာတွေနဲ့ ပစ်ထားတုန်းက ဆရာတို့အဖွဲ့တွေ အိန္ဒိယဝန်ကြီးချုပ်ရဲ့ ဆေးနဲ့များ ဒဏ်ရာတွေကို ကုသခဲ့ကြသလား မသိဘူး။ ရက်ပေါင်းများစွာ ကြာလာတော့ စက်တင်ဘာ ၂၅ ရက်ကို ဖြတ်သန်းခဲ့သူတိုင်းရဲ့ စကားသံတွေထဲမှာ ဒဏ်ရာတွေကို မေ့ထားလိုက်တယ်။ သောကတွေကို ရယ်မောပစ်တယ်။ ငါတို့ဟာ တိုင်းပြည်အတွက် ပေးဆပ်နေကြတာဆိုတဲ့ အတွေးတွေက သူတို့ဒဏ်ရာတွေကို ပျောက်ကင်းစေတယ်။ စိတ်ထဲက ထွက်နေတဲ့သွေးတွေကို တိတ်သွားစေတယ်။ မဖြစ်မနေကျော်ဖြတ်ရမယ့် ခရီးတစ်ခုကို ငါတို့ ကျော်ဖြတ်နေပါလားလို့ ခံယူသူတွေချည်းကိုသာ တွေ့လိုက်ရတော့ သူတို့တွေကို မလေးစားဘဲ မနေနိုင်တော့ဘူး။ 

အတိတ်ဆိုတာ ပြီးသွားတဲ့အရာပါ။ ဒါပေမယ့် အတိတ်ထဲမှာပဲ ချောင်ထိုးထားခဲ့ရမယ့် အဖြစ်အပျက်များစွာဟာလည်း ရှိနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အတိတ်ထဲမှာ ထားခဲ့လို့မရတဲ့ ရာဇဝင်ထဲမှာ သော့ခတ်သိမ်းထားခဲ့လို့မရတဲ့ အဖြစ်အပျက်များစွာဟာလည်း ရှိနေမှာပါ။ အတိတ်က သူတို့တွေ ရုန်းကန်ခဲ့ရ၊ ရင်ဆိုင်ခဲ့ရ၊ ဖြတ်သန်းခဲ့ရတာတွေရဲ့ ပြောင်မြောက်တဲ့ နေ့ရက်တွေဟာ နောက်လူတွေကို အားကျစရာ၊ အတုယူစရာ၊ အမွေတွေပေးနေတဲ့ အဖြစ်အပျက်တွေ များစွာဟာလည်း ရှိနေမှာပါ။ ဒီထဲမှာ ထောင်ထဲက စက်တင်ဘာ ၂၅ သမိုင်းရဲ့ အံကြိတ်သံ၊ တောက်ခေါက်သံတွေ၊ စာဥသီချင်းသံတွေနဲ့ ပွက်လောရိုက်နေတဲ့ နေ့ရက်တရက်ကတော့ သော့ခလောက်အထပ်ထပ်နှင့် လူတွေမသိအောင် ဖုံးအုပ်ထားပေမယ့် လျှံကျလာပွင့်ထွက်လာမယ့် ရာဇဝင်ထဲက သတ္တိခဲတွေရဲ့ နေ့ရက်တွေသာ ဖြစ်ပါလိမ့်မယ်။ ။ 

အရှင်ဇဝန
နိုင်ငံရေးအကျဉ်းသားဟောင်း

No comments: