Tuesday, July 8, 2014

အော်စလိုက မက်ထရိုမှာ... (ကိုညို)

ပွတ်ခါသီခါလေးပဲ။ တံခါးပိတ်ပါတော့မယ်လို့ ကြေငြာတဲ့အသံရယ်၊ တံခါးပိတ်ချိန်ရယ်၊ ကိုယ်လည်း ရထားတွဲထဲအရောက်၊ ရထားဘီးလည်း စလှိမ့်၊ အံကိုက်ပဲ။ အချိန်စက္ကန့်ပိုင်းလေးတွေဟာ ဘယ်လောက်အထိ အရေးပါသလဲ ဒီနိုင်ငံရောက်မှ လက်တွေ့သိရ မြင်ရတာပါ။ ရထားတွဲက ခုံလွတ်တွေ သိပ်မကျန်တော့အနားမှာ လွတ်နေတဲ့ နှစ်ယောက်ထိုင်ခုံအစွန်မှာ ထိုင်လိုက်တယ်။ အနွေးထည်ပေါ် တင်ကျန်နေတဲ့ နှင်းပွင့်လက်ကျန်တွေကို သပ်ချလိုက်တယ်။ 

ကျနော့်ရှေ့ထိုင်ခုံမှာ ထိုင်နေတဲ့ ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးက စာအုပ်တအုပ်ဖတ်နေတယ်။ သူ့ဘေးက အမျိုးသားက သတင်းစာပေါ်က မျက်မှန်ကိုမခွာ။ ကျနော့်ဘေးကလူကို မသိမသာအကဲခတ်လိုက်တော့ သူကလည်း ပြူတင်းပေါက်မှန်ကနေ အပြင်ဘက်ငေးနေတယ်။ ဘေးကမျက်စောင်းထိုးခုံမှာ အသက် ၆၀ ဝန်းကျင် နော်ဝေး အဖွားကြီးတယောက်နဲ့ သူ့ဘေးမှာ မြီးကောင်ပေါက် အာဖရိက ကျောင်းသူလေးတယောက်။ ကလေးမလေး အိုင်ဖုံးကနေ နားထောင်နေတဲ့ သီချင်း စည်းဝါးသံ တရှုးရှုး တရွှတ်ရွှတ်ဟာ နားကြပ်ကတဆင့် ကျနော့်နားဝထိ ရောက်နေတယ်။ ဒီခေတ်လူငယ်တွေ သီချင်းနားထောင်ရင် ငြိမ့်ငြိမ့်ညောင်းညောင်း မရှိ၊ ဆူဆူညံညံ စူးစူးရှရှ၊ မြန်မြန်ထက်ထက် အတုံးလိုက် အတစ်လိုက် စကားလုံးတွေနဲ့။ 


ရထားက ငြိမ်တယ်။ အသံလည်းငြိမ်၊ ယိမ်းထိုးမနေ၊ ကော်ဖီခွက်ကိုင်ထားလည်း ဖိတ်ကျမှာမဟုတ်။ ခရီးသည်အတော်များများ တိတ်တဆိတ်လေးပဲ။ အများစုက နားကြပ်လေးတွေကိုယ်စီနဲ့ မိုဘိုင်းထဲက FM ရေဒီယို သီချင်းနဲ့ သတင်းတွေ နားထောင်ရင်းငေးမောလို့။ တချို့က မိုဘိုင်းဖုံးတွေ တနှိပ်နှိပ်နဲ့ မက်ဆေ့စ်ပို့နေသလား၊ ဂိမ်းစ်ကစားနေသလား မသဲကွဲ။ ရတဲ့အချိန်လေး သတင်းစာဖတ်သူတွေလည်း အများသား၊ အချိန်က ညနေရုံးဆင်းပြီး နာရီအတော်ကြာသွားပေမယ့် ခရီးသည် အဆင်းအတက်ရှိနေသေးသလို၊ လူအကြပ်ကြီးလည်း မဟုတ်။ မက်ထရိုရထားတွေက ရုံးအဆင်းအတက်နဲ့ တစုံတရာပွဲလမ်း၊ အခမ်းအနားတွေရှိတဲ့အချိန် အခိုက်အတန့်သာ လူကြပ်လေ့ရှိပါတယ်။ ကျန်အချိန်တွေမှာ တတွဲလုံးမှ လူ လေး၊ ငါးယောက်ထဲတောင် ကြုံဖူးတယ်။ တခါကဆို နေ့လည်ခင်း မြို့ထဲသွားတာ ရထားတတွဲလုံးမှာ ကျနော်တို့မိသားတစုထဲရယ်။ တွဲတတွဲလုံးဘဲ ငှားစီးလာသလိုလို ဘာလိုလို...။ 

ရထားတွဲပေါ်မှာကပ်ထားတဲ့ ကြော်ငြာတွေဆီ မျက်စေ့ကရောက်သွားတယ်။ အစားအသောက်ကြော်ငြာ၊ ကလေးအဟာရကြော်ငြာတချို့ကို ကြော်ငြာကပ်ဖို့ သီးသန့်နေရာပေးထားတဲ့ ရထားခေါင်မိုးဘေး မျက်နှာကျက်နဲ့ ပြူတင်းပေါက် အထက်နားကျကျမှာ အစီအရီတွေ့ရတယ်။ ကြော်ငြာက မျက်စေ့နောက်မနေ၊ ရထားနံရံကို မဖျက်ဆီး၊ စက္ကူစတွေကပ်ပြီး ညစ်ပတ်မနေတာကလည်း ကြော်ငြာညှပ်ဖို့ ဘောင်နဲ့သီးသန့်လုပ်ပေးထားလို့ပါ။ ရထား မှန်၊ ထိုင်ခုံဆိုဖာ၊ နောက်မှီဆိုဖာ၊ နံရံတွေဟာ မူလအသစ်အတိုင်း မပျက်မယွင်း။ ခြစ်ရာ ထစ်ရာလည်းမမြင်ရ။ သူများနိုင်ငံတွေရဲ့ ရုပ်ပိုင်းဘဝဖွံ့ဖြိုးမှုကို စနစ်တကျနဲ့ သပ်သပ်ယပ်ယပ်လေးမြင်နေရတော့ စိတ်ပိုင်းဖွံ့ဖြိုးမှုနဲ့ ဆက်စပ်နေမှာပဲဆိုတဲ့ အတွေးတခုဝင်လာတယ်။ 

နော်ဝေးမှာ မက်ထရိုတွေဆွဲတာ အနှစ် ၅၀ နီးပါးတောင်ရှိသွားပြီ။ အော်စလိုတမြို့လုံး မိုင် ၅၀ ကျော်လမ်းကို မက်ထရို လိုင်း ၆ လိုင်းထားပြီး ဆွဲနေတာ။ မြေပေါ်မြေအောက် ဘူတာပေါင်းက ၁၀၀ နီးပါးရှိတယ်။ စက်မှုတော်လှန်ရေး အရှိန်ကောင်းနေတဲ့ ၁၈၅၄ လောက်ကစပြီး အော်စလိုမှာ ရေနွေးငွေ့နဲ့မောင်းနှင်တဲ့ စက်ခေါင်းရထားတွေ စသုံးနေပြီ။ ၁၈၈၅ ခုနှစ်မှာ မြန်မာပြည် အင်္ဂလိပ်အောက်မရောက်ခင် ခေတ်အခြေအနေနဲ့ သွားနှိုင်းမိနေသေးတယ်။ 

နော်ဝေးနိုင်ငံမှာ မြေအောက် ဥမင်လှိုင်ခေါင်းတွေဖောက် လောင်စာဆီနဲ့ မီးရထားပြေးဆွဲနေတဲ့ စက်မှုဖွံ့ဖြိုးနေချိန်မှာ ကျနော်တို့ဆီမှာ ရေနံအလုပ်သမားတွေ ဖောင်စီးရင်း ရေငတ်နေဆဲ။ မြန်မာ့စွမ်းအင်လောင်စာတွေကို အင်္ဂလိပ်အစိုးရနဲ့ မြန်မာဗြူရိုကရက် လူနည်းစုလောက်က လက်ဝါးကြီးအုပ် အမြတ်ထုတ်ကောင်းနေဆဲ။ နော်ဝေးမှာ နိုင်ငံတဝှမ်း တောင်တွေကျော်၊ ကျောက်နံရံတွေဖောက်ပြီး မီးရထားလမ်းတွေသွယ်၊ လောင်စာစွမ်းအားသုံး မီးရထားတွေမောင်းနှင်နေစဉ် ကျနော်တို့ဆီမှာ ပေးတာယူ ကျွေးတာစား၊ ဘဝလုံးပါးပါးနေတဲ့အဆုံး ၁၉၃၀ အထွေထွေ သပိတ်ကြီးပေါ်ခဲ့တယ်။ 

ဥရောပမှာ လူနေမှုဘဝမြှင့်တင်နေချိန် ကျနော်တို့အာရှမှာ ကျွန်ဘဝက ရုန်းကန်နေရဆဲ။ ကိုယ့်ဇာတိမြေမှာတော့ ဒီနေ့ထိလည်း ရုန်းလို့ကောင်းဆဲ။ နော်ဝေးမှာ လျှပ်စစ်စွမ်းအင်သုံး မက်ထရိုရထားကို မြို့နယ်တခုနဲ့တခု ဘူတာစဉ်အလိုက် လှည့်ပတ်ပြေးဆွဲနေချိန် ကိုယ့်ဆီမှာ တပါတီ အာဏာရှင်တွေနဲ့ နပန်းသတ်နေတုန်း။ အဲဒီလောက် ခေတ်စနစ်နဲ့ နိုင်ငံရေး၊ စီးပွားရေးက ကွာခြားလွန်းတယ်။ 

အော်စလိုမှာ T1000 အင်ဂျင်တွေသုံးတွေနဲ့ မောင်းနှင်နေရာက ၂၀၀၆ လောက်ကစပြီး ပိုပြီးလုံခြုံ၊ ပိုပြီးငြိမ်သက်တဲ့ MX 3000 အင်ဂျင်နဲ့ မက်ထရို စဆွဲတယ်။ တမြို့နဲ့ တမြို့၊ တနိုင်ငံနဲ့ တနိုင်ငံ ကျည်ဆံရထားတွေ မောင်းနှင်နေစဉ် ကျနော်တို့ဆီမှာတော့ ဒုတိယကမ္ဘာစစ် မတိုင်မီက မီးရထားသံလမ်း စံချိန်မမှီ အတွန့်အကောက်တွေနဲ့ အရည်အသွေးမဲ့ သံလမ်းတွေ၊ တဂျုံးဂျုံး တဂျိုင်းဂျိုင်းနဲ့ ဘယ်ညာယိမ်းထိုးနေတဲ့ သက်တမ်းကုန် မီးရထားတွဲ အဟောင်းအပျက်တွေကို အသက်တွေစွန့် စီးနင်းနေရတယ်။ 

“ကျေးဇူးပြုပြီး မင်း နားထောင်နေတဲ့ သီချင်းသံကို နည်းနည်းတိုးပေးနိုင်မလား၊ ငါ အလုပ်ပင်ပမ်းပြီး နားနားနေနေမှေးပြီး အိမ်ပြန်ချင်လို့ပါ” ကျနော့်မျက်စောင်းထိုးက အဖွားကြီးစကားသံကြောင့် အတွေးပျက်သွားတယ်။ အာဖရိကမလေးက ခွင့်လွှတ်ပါလို့ တောင်းပန်ပြီး သူ့သီချင်းသံကို တိုးလိုက်တယ်။ 

မကြာခင် ကမ္ဘာကျော် အိပ်စ်ပရက်ရှင်းနစ်စ် ပန်းချီဆရာကြီး အဲက်ဒ်ဗတ် မွန့်ခ်နေထိုင်တဲ့အိမ်နဲ့ မွန့်ခ ပန်းချီပြခန်းရှိတဲ့အရပ် ထွိုင်ယန် ဘူတာကို ရထားဆိုက်တယ်။ ဘူတာနံရံမှာ မွန့်ခ်ရဲ့ “အော်သံ” လို့ အမည်ရတဲ့ ကမ္ဘာကျော် ပန်းချီကားနဲ့ “လူနာ” ဆိုတဲ့ ကားနှစ်ကား မိတ္ထူနဲ့ ပန်းချီဆရာကြီးရဲ့ ပြခန်းကို ကြော်ငြာထားတယ်။ စိတ်ဝေဒနာရှင်တဦးလည်းဖြစ်တဲ့ အက်ဒ်ဗတ်မွန့်ခ် ( Edvard Munch-1863- 1944)ရဲ့ အဇ္စိတ္တပုံရိပ်ကိုရေးဆွဲတဲ့ (Expressionism) ပန်းချီကားတွေဟာ ၁၉ ရာစုအလယ်နဲ့ ၂၀ ရာစုဆန်းစခေတ် ဥရောပ ပန်းချီအနုပညာလောကကို သြဇာလွှမ်းစေခဲ့တယ်။ 

နော်ဝေးနိုင်ငံက ဂုဏ်ယူလေ့ရှိတဲ့ ထိပ်တန်းအနုပညာရှင်နှစ်ဦးထဲက မွန့်ခ်ဟာ တဦးဖြစ်တယ်။ နောက်တဦးက ပန်းပုဆရာကြီး ဂူးစ်တပ်ပ် ဗီဂလန့် (Gustav Vigeland- 1869-1943) ဖြစ်တယ်။ ဗီဂလန့် ရုပ်ထုပန်းခြံဟာ ကမ္ဘာပေါ်မှာ ရုပ်ထုအများဆုံး ထွင်းထုပြသထားတဲ့ ပန်းခြံဖြစ်တယ်။ နိုင်ငံခြားသားမှန်သမျှ အဲဒီပုဂ္ဂိုလ်ကျော် နှစ်ယောက်ရဲ့ အနုပညာလက်ရာတွေ ကြည့်မသွားရင် အော်စလို လာရကျိုးနပ်မှာ မဟုတ်ဘူး။ 

ရထားပေါ်က ခရီးသည်တချို့ ဆင်းသွားပြီး တချို့တက်လာတယ်။ တက်လာသူတွေထဲမှာ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးကြမ်းကြမ်း၊ ဂျာကင်က ပိုကရိုဝတ်ပြီး ပါးစပ်က ဗြစ်တောက်ဗြစ်တောက်နဲ့ ဘာကိုအလိုမကျမှန်းမသိ တီးတိုးပြောဆိုနေတဲ့ လူကြီးတယောက်ကို သတိထားမိတယ်။ ကြည့်ရတာ ဂေါက်နေသလိုပဲ။ နော်ဝေးမှာ ဆောင်းရာသီ အေးခဲချိန်ဆို ခပ်ကြောင်ကြောင်တွေ များလာတယ်။ ရာသီဥတုက အုံ့မှိုင်းမှိုင်း၊ အလင်းရောင်နည်းနည်း၊ အေးစိမ့်ခဲနေတော့ တယောက်နဲ့တယောက်လည်း နှုတ်မဆက်ဖြစ်ကြ။ ကိုယ့်အတွေးနဲ့ ကိုယ်ပဲ။ ဒီလူလည်း တယောက်ထဲ စကားတွေများပြီး အလိုမကျဖြစ်နေပုံကြောင့် ကြောင်တောင်တောင်ပဲလို့ မှတ်လိုက်တယ်။ 

ကလေးမိခင်တယောက် ဘေးတန်းထိုင်ခုံတခုမှာ နေရာယူလိုက်တာ တွေ့တယ်။ တွန်းလှည်းထဲက ကလေးက တစုံတရာကို တောင်းဆိုနေဟန်နဲ့ အမေ့မျက်နှာ ငေးကြည့်နေတယ်။ ဒီက ကလေးငယ်တွေဟာ ဆူဆူညံညံ အော်ဟစ်တာ၊ ငိုကြွေးတာ မကြားရသလောက်ဘဲ၊ ကလေးငိုသံကြားပြီဆိုရင်လည်း ဗေဒင်မမေးနဲ့ နော်ဝေးကလေးမဟုတ်ဘူး၊ အာရှနဲ့ အာဖရိက မိဘနှစ်ပါးက မွေးလာတဲ့ကလေး သေချာပေါက်။ စောစောက ကလေးအမေဖြစ်သူက တွန်းလှည်းဘေးအိပ်ထဲက အိုင်ပက်လေး ထုတ်လိုက်တယ်။ ပြီးတော့ ခလုပ်ဖွင့် ကာတွန်းအရုပ်တွေပါတဲ့ ပရိုဂရမ်တခုကိုဖွင့်ပြီး ကလေးလက်ထဲထည့်လိုက်တယ်။ ပြီးတော့ သားအမိနှစ်ယောက်ထဲ စကားတပြောပြော ဘေးဘီလည်း ဂရုမစိုက် အိုင်ပက်နဲ့ ဆော့နေတယ်။ မိခင်နဲ့ ရင်သွေးငယ်ရဲ့ နွေးထွေးတဲ့ အပေးအယူ၊ အချော့အမြူ ဆက်ဆံမှုတွေက တခြားခရီးသည်တွေဆီ ကူးစက်သွားတယ်။ အပြုံးကိုယ်စီနဲ့ သူတို့သားအမိဆီ ငေးမောကြည့်နေကြတယ်။ 

မကြာခင် တဖက်တွဲကနေ လက်ဆွဲဘာဂျာကြီးနဲ့ အေးချမ်းမေ သီချင်းအလိုက် တီးလုံးလေးတီးပြီး သူတောင်းစားတယောက် ရောက်လာတယ်။ စက္ကူရေခွက်လေးနဲ့ ပိုက်ဆံတောင်းနေတဲ့ အသားနီစပ်စပ်၊ ဆံပင်တိုတို ကုတ်အင်္ကျီအပေါ်က သားရေဂျာကင်ထပ်ထားတဲ့ အဲဒီ ရိုမေးနီးယားဂျစ်ပ်စီကို မကြာခဏ တွေ့တယ်။ မကြာသေးခင်က အစိုးရကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ သူတောင်းစား ၅၀၀ ကနေ ၁၀၀၀ အကြား အော်စလိုမြို့တော် လမ်းတွေမှာ သွားလာကျက်စားနေတဲ့အကြောင်း ဖတ်လိုက်ရတယ်။ 

အများအားဖြင့် အရှေ့ဥရောပနိုင်ငံတွေနဲ့ ရိုမေးနီးယားက လာကြတာပါ။ အစိုးရက သူတို့လို အခြေအနေမဲ့တွေအတွက် အဆောင်ဂေဟာတခု ပေးထားတယ်။ စားစရာ နည်းနည်းပါးပါး ပေးတယ်။ အပိုဝင်ငွေမရှိ၊ အလုပ်မရှိတော့ တောင်းစားကြတယ်။ အော်စလိုမြို့တော် သန့်ရှင်းလှပရေးအတွက် တနှစ်ကို ခရိုနာ ၅ သန်း( ဒေါ်လာ ၈၂၄၀၀၀) အကုန်ခံဆောင်ရွက်နေတဲ့အချိန် ဒီလို သူတောင်းစားတွေနဲ့ မြို့တော်ရဲ့အလှ ပျက်ဆီးနေတာကို အများစုက မကြိုက်ကြဘူး။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးအလည်လာတဲ့ နွေရာသီမှာ မြို့ထဲ လူစည်ကားရာ သူတောင်းစားတွေ ထိုင်နေတာကို မနှစ်မြို့ဘူး။ သတင်းစာတွေက ဝိုင်းရေးကြတယ်။ လာမယ့်နှစ်မှာ သူတောင်းစားကင်းစင်ရေးကို အကောင်အထည်ဖော်ကြမယ်လို့ ဆိုကြတယ်။ 

ဟိုတွေးဒီတွေးနဲ့ အချိန်ဘယ်လောက်ကြာသွားလဲ မသိ။ ကိုယ့်အနားမှာ အသက် ၆၀ ကျော် အဖိုးအိုတယောက် လာရပ်နေတယ်။ မြန်မာပီပီ မနေတတ်လို့ ဟန်အမူအရာနဲ့ ထိုင်မလားလို့မေးပြီး ထဟန်ပြင်တော့ အဖိုးအိုက နေပစေ၊ ကိစ္စမရှိဘူးဆိုတဲ့သဘော ပြုံးပြီး လက်ကာပြတယ်။ တချို့က အသက်ကြီးသူတွေကို နေရာပေးတတ်ပေမယ့်၊ တချို့ကတော့ မသိသလိုပဲ။ အဲလိုအပြုအမူကြောင့် အလိုက်မသိဘူး၊ မယဉ်ကျေးဘူးလို့ထင်လို့ မရပြန်ဘူး။ တချို့ အဖိုးအို၊ အဖွားအိုတွေက နေရာဖယ်ပေးတိုင်း ကြိုက်တာမဟုတ်ဘူး။ ငါ့ကို မသန်မစွမ်းတော့ဘူးထင်သလားဆိုတဲ့ မခံချင်စိတ်နဲ့ မာနမျိုးရှိတတ်လို့ပါ။ ကျနော့်နောက်နားရပ်နေတဲ့ အဖိုးအိုလည်း ငါ သန်စွမ်းပါသေးတယ်ကွာ... ဆိုတဲ့ သဘောမျိုးနေမှာပေါ့။

ရှေ့နားကခုံတွေမှာထိုင်နေသူတွေ လူတယောက်ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတယ်။ ရှေ့မှာ တခုခုဖြစ်နေပုံပဲ။ ထင်တဲ့အတိုင်း အစောက ညစ်ပေပေ နှုတ်ခမ်းမွှေး မုတ်ဆိတ်နဲ့ ဦးဂေါက် ပြဿနာရှာနေတာပါ။ လူလွတ်တဲ့ခုံ တခုံပြီးတခုံ ပြောင်းထိုင်ပြီး သူနဲ့ မျက်လုံးခြင်းဆုံမိတဲ့သူကို သေချာကြည့်ပြီး တခုခုပြောနေတာပါ။ ဘာတွေပြောနေမှန်း မသိ။ သူ့ဘေးနားကလူတွေလည်း အခြေအနေရိပ်စားမိလို့ ထင်တယ်၊ ခပ်ရှောင်ရှောင် မသိသလို မျက်နှာလွှဲနေတယ်။ ဒီလိုလူမျိုးတွေအပြင်ထွက်ရင် အထိန်းတယောက် ပါတတ်တယ်၊ အခုတော့ ထိန်းပေးမယ့် အဖော်လည်းမရှိ။ 

သိပ်မကြာလိုက်ဘူး၊ ငကြောင်ကြီးဟာ ကျနော်နဲ့ တခုံခြားမှာ တယောက်ထဲထိုင်နေတဲ့ အသက် ၅၀ ကျော်လူတယောက်နဲ့ မျက်နှာချင်းဆိုင်ခုံမှာ သွားထိုင်တယ်။ ပြီးတော့ ငြိမ်ငြိမ်မနေဘူး၊ ရှေ့ကလူမျက်နှာကို စေ့စေ့ကြည့်ပြီး ဗြစ်တောက်ဗြစ်တောက်နဲ့ ဆူပွက်ပြနေတယ်။ ဟိုတယောက်ကတော့ ပြူတင်းပေါက်ဘက် မျက်နှာလွှဲနေတယ်။ အနီးအနား ခရီးသည်အတော်များများက ကျနော့်လိုပဲ အကဲခတ်ကြည့်နေတယ်။ မိနစ်ပိုင်းလောက်ပဲ ကြာမယ်။ ဦးဂေါက်ဟာ မပြောမဆို သူ့ရှေ့ကလူရဲ့ မျက်နှာကိုကြည့်ပြီး ကျယ်ကျယ်လောင်လောင်နဲ့ ဆဲဆိုရန်မူနေတယ်။ ဟိုတယောက်ကလည်း ထသွားဖို့ပြင်နေပြီ။ မျက်လုံးချင်းမဆုံမိအောင်တော့ ကြိုးစားနေတယ်။ မျက်စိတမှိတ်အတွင်းမှာပဲ ဗြုန်းဆို ဦးဂေါက်ဟာ ဟိုလူ့မျက်နှာကို လက်သီးနဲ့ အဆက်မပြတ် ထိုးပါလေရော။ ဘေးနားကလူတွေ ဟစ်အော်အသံပြုပြီး သူရူးကို ဆက်မလုပ်ဖို့ ဝိုင်းတားကြတယ်။ ဟိုလူကတော့ လက်ကလေးနဲ့ကာ ခေါင်းကိုငုံ့ပြီး ငြိမ်ခံနေတယ်။ ဘာမှ ပြန်မတုံ့ပြန်ဘူး။ 

သူ့နှာခေါင်းကနေ သွေးတွေ စီးကျလာတယ်။ အိပ်ထဲက စက္ကူပါးလေးထုတ်ပြီး သုတ်နေတယ်။ ဦးဂေါက်ကတော့ တချက်မာန်ဖီပြပြီး အဲဒီနေရာက ထသွားတယ်။ ရထားပေါ်က ခရီးသည်တွေ ထိတ်လန့်ကုန်တယ်။ တချို့ ဖုန်းဆက်နေတယ်။ လုံခြုံရေးရဲကို လှမ်းခေါ်ဟန်တူတယ်။ မကြာပါဘူး၊ မက်ထရိုဟာ နောက်တဘူတာ ရောက်သွားပြီ။ ရထားတံခါးပွင့်သွားတာနဲ့ အထိုးခံရသူလည်း သူ့နှာခေါင်းကို လက်ကိုင်ပုဝါနဲ့အုပ်ပြီး ဆင်းသွားတယ်။ သူဆင်းရမယ့် ဘူတာပဲလား၊ ကြိုတင်ဆင်းသွားတာလား မသိ။ သူ့ခဗျာ အသားလွတ် ခံလိုက်ရတာ။ ရှက်သွားဟန် တူပါတယ်။ 

အဲဒီဘူတာမှာပဲ ထောင်ထောင်မောင်းမောင်းနဲ့ ရဲနှစ်ယောက်တက်လာတယ်။ သိပ်မြန်တယ်။ ဒါပေမယ့် ဦးဂေါက်ကို ဘာမှ မလုပ်ဘူး၊ အကဲခတ်နေတယ်။ ပြီးမှာ ရှေ့ဘူတာမှာဆင်းဖို့ နားချတယ်။ သူတို့ လိုရာလိုက်ပို့ပေးမယ်၊ ဘယ်မှာနေလဲလို့ မေးတယ်။ ဟိုလူက ရဲကို ဝူးဝူးဝါးဝါးနဲ့ ပြန်ဟောက်တယ်။ မဆင်းဘူး၊ ကိုယ့်လမ်းကိုယ်သွားမယ်လို့ တုံ့ပြန်တယ်။ ဒါနဲ့ ရဲနှစ်ယောက်လဲ လက်လျှော့ပြီး တံခါးဝ တဖက်တချက်စီနား သွားရပ်နေတယ်။ သူရူးကိုလည်း တချက်တချက် အကဲခတ်ကြည့်နေတယ်။ အမှန်တော့ ရဲတွေဟာ ခရီးသည်တွေ စိုးရိမ်စိတ်တွေပေါ်နေလို့ လာစောင့်ရှောက်တဲ့ သဘောလည်းပါတယ်။ သူတို့ဝင်လာတာနဲ့ ခရီးသည်တွေလည်း ထိတ်ပြာမနေဘူး၊ အိနြေ္ဒရရဖြစ်သွားတယ်။ 

မိနစ်အနည်းငယ်အတွင်း မက်ထရိုဟာ ခရီးသည်အားလုံးဆင်းရမယ့်ဂိတ်ဆုံးကို ဆိုက်လာပါတယ်။ ရထားရပ်တာနဲ့ ရဲနှစ်ယောက်က ဦးဂေါက်ကို လိုက်ပို့ပေးမယ်လို့ သွားပြောတယ်၊ ဟိုလူက အကပ်မခံဘဲ ပြန်ဟောက်လွှတ်နေတယ်။ ပြီးတော့ နှင်းဖွဲဖွဲကြား ဆက်လျှောက်သွားတယ်။ ရဲနှစ်ယောက်က နောက်ကနေ မသိမသာအကဲခတ်ရင်း လိုက်သွားတယ်။ မျက်စိရှေ့ကနေ လူလုံးပျောက်ကွယ်သွားတဲ့အထိ ငေးမောစောင့်ကြည့်နေတာကို နောက်ဆုံးမြင်လိုက်ရတယ်။ 

အိမ်အပြန်လမ်းမှာ ကျနော့်အတွက် ဆင်ခြင်စရာ၊ သတိပြုစရာ၊ အတုယူစရာတွေ တသီကြီးပါလာတယ်။ စိတ်ပေါ့သွပ်နေသူတယောက်အပေါ် နားလည်သဘောပေါက်ပြီး ခွင့်လွှတ်တတ်မှု၊ သည်းခံပြီး ဥပက္ခာပြုတတ်မှု၊ ဘာတခုမှ လက်တုံ့မပြန်တတ်တဲ့ စိတ်မနော၊ တရားဥပဒေကို နားလည်သိကျွမ်းမှု၊ ပတ်ဝန်းကျင်ကလူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှု၊ လုံခြုံရေးရဲတွေရဲ့ ပြုမူဆောင်ရွက်မှု၊ ကိုင်တွယ်ဆက်ဆံပုံတွေမြင်ပြီး သူတို့ရဲ့ စိတ်ယဉ်ကျေးမှု အဆင့်အတန်းကို ခန့်မှန်းနေမိတယ်။ 

အင်း... ငါ့ကိုသာ ဦးဂေါက်ကြီး လာထိုးရင် ငါ ဘယ်လိုတုံ့ပြန်မှာလဲ၊ လက်သီးနဲ့ဆို တော်သေးရဲ့ ဓားနဲ့ထိုးလိုက်ရင် ဘယ်လိုလုပ်မလဲလို့ ကိုယ့်ကိုယ်ကို မေးခွန်းပြန်မေးရင် ခေါင်းအတော်ရှုပ်သွားတယ်။ ဒီလောကကြီးမှာ ကိုယ်နဲ့အနီးကပ်ဆုံး၊ အခြေခံအကျဆုံးဖြစ်တဲ့ မိမိစိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကို မိမိပြန်မထိန်းမတ်၊ မမြှင့်တင်နိုင်သရွေ့ မိမိပတ်ဝန်းကျင် ရုပ်ပိုင်းဘဝကို ဘယ်လိုပြုပြင်တည်ဆောက်နိုင်မှာလဲဆိုတဲ့ အတွေးလေးလည်းဝင်လာတယ်။

နေ့စဉ်စီးနေကျ မက်ထရိုရထားဟာ ကျနော့်ကို လောကကျင့်ဝတ်တွေ မသိမသာ သင်ကြားပေးနေပါတော့တယ်။ ။ 

(ဒီအပတ်ထုတ် တူမောရိုး ဂျာနယ်မှ)


ကိုညို (အော်စလို) 
၂၈ ဇွန်၊ ၂၀၁၄ 

 

No comments: