Friday, July 25, 2014

နှောင်းနောင်တ (ခင်မမမျိုး)

အာဇာနည်နေ့။ 

အာဇာနည်ခေါင်းဆောင်ကြီးများကို စိတ်ထဲက ရည်စူးအလေးပြုပြီးချိန်မှာ အင်တာနက်ဝပ်ဘ်ဆိုက်တွေမှာ တင်ထားတဲ့ “အာဇာနည်နေ့၊ ဒို့မမေ့”ဆိုတဲ့ သီချင်းလေးကို ပြန်နားထောင်လိုက်မိပါတယ်။ ဒီလိုနဲ့ သီချင်းနားထောင်နေရင်း စိတ်ထဲမှာ အရင်တုန်းကတည်းက မတင်မကျဖြစ်ခဲ့ဖူးတဲ့ အတွေးလေးတခုက ပြန်ပေါ်လာပါတယ်။ ဗိုလ်ချုပ်တို့ကျဆုံးပြီးချိန်မှာ ဗိုလ်ချုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေက “ဒီလို လုပ်ကြံမှုကြီးရဲ့ ခြေလှမ်းတွေကို ငါတို့တတွေ သတိမထားမိလေခြင်း၊ ဗိုလ်ချုပ်တို့လို ခေါင်းဆောင်ကြီးတွေကို မကာကွယ်လိုက်နိုင်လေခြင်း”လို့ ယူကြုံးမရဖြစ်ခဲ့ကြမှာ အသေအချာပါပဲ။ 

သမိုင်းအချက်အလက်တွေကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်တို့လုပ်ကြံခံရမှုကြီး မဖြစ်ပွားခင်မှာ လုံခြုံရေး ရှုထောင့်အရ ထည့်သွင်းစဉ်းစားစရာတွေဖြစ်တဲ့ pre- incident indicators တွေ ရှိနေခဲ့ပါတယ်။ ကြိုတင်စီစဉ်ထားတဲ့ ရာဇဝတ်မှုခင်းတွေ၊ လုပ်ကြံမှုတွေတိုင်းမှာ မှုခင်းမဖြစ်ပွားမီကတည်းက အန္တရာယ် အချက်ပြမီးတွေလို့ဆိုနိုင်တဲ့ group-related indicators, target-related indicators နဲ့ incident-related indicators တွေ ပေါ်ထွက်လေ့ရှိပါတယ်။ ဒီလို ပေါ်ထွက်လာပြီးမှ ရာဇဝတ်မှုခင်းတွေနဲ့ လုပ်ကြံမှုတွေ အောင်မြင်သွားခြင်းကတော့ ရလာတဲ့ သတင်းအချက်အလက်တွေကို အမှုမဲ့ အမှတ်မဲ့နေခြင်း၊ ရန်သူဘက်ကို အထင်သေးခြင်းနဲ့ မိမိဘက်ကို အထင်ကြီးခြင်းတို့ပဲ ဖြစ်ပါတယ်။ 


ဗိုလ်ချုပ်တို့ကို လုပ်ကြံမှုမဖြစ်ပွားခင်မှာကတည်းက ၁၉၄၇ ခု၊ ဇွန်လ ၂၄ ရက်နေ့မှာ ဘီအိုဒီ ခေါ် ဗြိတိသျှစစ်ဘက် ပင်မလက်နက်ခဲယမ်း သိုလှောင်ရေးတပ်ကနေ ဘရင်းဂန်း အလက် ၂၀၀၊ မဂ္ဂဇင်းကျည်ကပ် ၈၀၀ တို့ကို ပစ္စည်းထုတ်ယူခွင့် လက်မှတ်အတုများနဲ့ မသမာသူများက ထုတ်ယူသွားကြောင်း မှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ) က သတင်းရရှိခဲ့မှု၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည်ဆံ တစ်သိန်း၊ စတင်းကျည်ဆန် ၂၅၆၀၀၀ နှင့် လက်ပစ်ဗုံးအလုံး ၂၀၀ တို့ကို ၁၆ မိုင်ရှိ မင်္ဂလာဒုံအခြေစိုက်လက်နက်တိုက်မှ ထုတ်ယူသွားကြောင်း သတင်းရရှိမှု၊ ရရှိသောသတင်းများကို ပြည်ထဲရေးဝန်ကြီးမှတဆင့် ဝန်ကြီးအဖွဲ့ထံ ချက်ချင်းတင်ပြရာက အရေးပေါ်အစည်းအဝေး ခေါ်ယူပြီးနောက် လုံခြုံရေးအတွက် အန္တရာယ်စိုးရိမ်ရတယ်လို့ဆုံးဖြတ်ပြီး တပ်ဖွဲ့အသီးသီးအား အထူးသတိထားရန် တပ်လှန့်ထားမှု၊ ခေတ္တပြည်ထဲရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ပြည်ထောင်စု စစ်ရဲတပ်ရင်းက တပ်စိတ်တစ်စိတ်ကို လက်နက်အပြည့်အစုံနဲ့ ဗိုလ်ချုပ်ရုံးခန်း အပြင်ဘက်မှာ လုံခြုံရေးအစောင့်ချထားပေးမှု (ဗိုလ်ချုပ်တွေ့သွားပြီး လုံခြုံရေးအဖွဲ့ ရုတ်သိမ်းရန် အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်) လုပ်ကြံရန် ကြံစည်မှုရှိနိုင်ကြောင်းကို ကျဆုံးသွားခဲ့တဲ့ ဝန်ကြီးဒီးဒုတ် ဦးဘချိုက တစွန်းတစ သတင်းရသွားပြီး ဗိုလ်နေဝင်းဆီမှာ အကူအညီတောင်းခဲ့တာကြောင့် ရဲဘော်ဘတုတ် နဲ့ ရဲဘော် ရဲမြင့် ဆိုတဲ့ သက်တော်စောင့်နှစ်ဦးကို ဗိုလ်ချုပ်အောင်ဆန်းကို စောင့်ရှောက်ဖို့ပေးထားခဲ့ရာက အခင်းဖြစ်ပွားတဲ့နေ့မှာ ဒီရဲဘော်နှစ်ဦး ပျောက်ဆုံးနေမှု (နောက်ပိုင်း ရက်အနည်းငယ်ကြာမှ အလောင်းတွေ ပြန်တွေ့ရတယ်လို့ ကြည့်မြင်တိုင် ကိုသန်း ရေးထားတဲ့ ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး စာအုပ်မှာ ရေးထားပါတယ်) စတဲ့ pre-incident indicators တွေ ရှိနေခဲ့ပါတယ်။ 

တကယ်တမ်းကျတော့ ဗိုလ်ချုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေထဲမှာ လုံခြုံရေး ကျွမ်းကျင်သူတွေ အများအပြား ရှိခဲ့ကြတာပါ။ ဒီလို လုံခြုံရေးကျွမ်းကျင်သူတွေဟာ pre-incident indicators တွေကို သတိမထားမိဘဲတော့ နေမှာ မဟုတ်ပါဘူး။ ပျော်ဘွယ်ဦးမြတို့ဆိုရင် လုံခြုံရေးအစောင့်အရှောက်တောင် စီမံပေးခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်က အမိန့်ပေးချိန်မှာတော့ ရုတ်သိမ်းပေးခဲ့ရပါတယ်။ 

ဒါတွေကိုကြည့်မယ်ဆိုရင် တခြား လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေထဲမှာလည်း သတိထားခဲ့မိသူတွေ အများအပြား ရှိခဲ့မှာပါ။ သတိထားမိပေမယ့်လည်း လူထုချစ်တဲ့ ခေါင်းဆောင်ကြီးတွေကိုတော့ လုပ်ကြံသူ မရှိတန်လောက်ပါဘူးဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားခဲ့ကြတာလား၊ ရန်သူကတော့ မလုပ်ရဲလောက်ပါဘူးဆိုပြီး ကိုယ့်ဘက်ကိုယ် အထင်ကြီးခဲ့ကြတာလား၊ ဒါမှမဟုတ် ဗိုလ်ချုပ်တို့ရဲ့ အရှိန်အဝါတွေကြောင့် “မိကျောင်းမင်း၊ ရေခင်းပြ”သလိုဖြစ်မှာစိုးပြီး မပြောထွက်ခဲ့ကြတာလား၊ ဗိုလ်ချုပ်တို့က သူတို့အလုပ်ကို ဝင်ရှုပ်တယ်၊ နှောင့်နှေးစေတယ်လို့ ငြိုငြင်သွားမှာကိုစိုးရိမ်ပြီး မပြောရဲခဲ့ကြတာလား၊ သတိတွေ ဝိုင်းပေးကြပါရက်နဲ့ ဗိုလ်ချုပ်တို့ကပဲ သတိမမူ၊ ဂူမမြင် ဖြစ်ခဲ့ကြတာလား။ 

ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အတွက် ဘယ်လိုမှ အစားထိုးလို့မရနိုင်တော့တဲ့ ဆုံးရှုံးမှုကြီးတရပ်ကတော့ ဖြစ်ပွားသွားခဲ့ပါတယ်။ ဒီ ဆုံးရှုံးမှုကြီးဖြစ်ပွားသွားချိန်မှာ “ငါ့စိတ်ထဲ တထင့်ထင့်ဖြစ်ပါရက်နဲ့ သတိမပေးလိုက်မိလေခြင်း၊ မပြောလိုက်မိလေခြင်း” လို့ နှောင်းနောင်တရခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ စာနယ်ဇင်းသမားတွေ ဘယ်လောက် ရှိခဲ့လေမလဲ။ ဗိုလ်ချုပ်ကို လုံခြုံရေးထားဖို့လိုအပ်ကြောင်း အတိုက်အခံပြောပြီး အတင်းမထားခဲ့မိတာတွေအတွက် နှောင်းနောင်တရခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေ၊ ရဲဘော်ရဲဘက်တွေ ဘယ်လောက်ရှိခဲ့လေမလဲ။ ဒါကိုတော့ ဘယ်သူမှသိနိုင်မှာ မဟုတ်ပါဘူး။ 

ကျွန်မတို့တတွေဟာ ကိုယ်နဲ့မတည့်သူတွေ၊ ဘာမှမဆိုင်သူတွေကိုသာ ဆန့်ကျင်ဘက် စကားတွေ၊ တားဆီးသတိပေးတဲ့ စကားတွေ၊ ပြောထွက်ကြပေမယ့် ကိုယ်သိပ်ချစ်ရတဲ့သူတွေ၊ ကိုယ်သိပ်လေးစားရသူတွေကိုကျတော့ ဒီလိုစကားတွေ မပြောရဲကြ၊ မပြောရက်ကြပါဘူး။ စိတ်ထဲ တထင့်ထင့်ရှိရင်တောင် “သူများ ကိုယ့်ကို တမျိုးထင်လေမလား၊ သူများ စိတ်ဆိုးသွားလေမလား၊ သူများ ငြိုငြင်သွားလေမလား” ဆိုပြီး နှုတ်ဆွံ့တတ်ကြပါတယ်။ တခါတရံများဆို ချစ်တဲ့စိတ်၊ လေးစားတဲ့စိတ်၊ ခင်မင်တဲ့စိတ်တွေကြောင့် မဖြစ်နိုင်မှန်းသိရက်နဲ့ အန္တရာယ်ရှိမှန်းသိရက်နဲ့ မပြောထွက်ဘဲ လိုက်ပြီး ထောက်ခံ အားပေးမိတာတွေတောင် ရှိတတ်ပါသေးတယ်။ 

ဒါတွေကို တွေးနေမိရင်း ဘဝမှာ ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတွေကို သတိသွားရမိပါတယ်။ ဒေါသထွက်နေတုန်း ကားမောင်းထွက်တဲ့ အမေ့ကိုတားဆီးဖို့ တွေးလိုက်မိပါရက်နဲ့ နှုတ်ဆိတ်နေလိုက်မိလို့ မျက်စိရှေ့မှာတင် ဆိုးရွားတဲ့ ကားတိုက်မှုကြီး ဖြစ်သွားခဲ့ဖူးပါရဲ့။ ဒီတုန်းက အမေ့ကို မဆုံးရှုံးလိုက်ရလို့သာပါ။ မဟုတ်ရင် ဘယ်လောက်ဆိုးဝါးတဲ့ နှောင်းနောင်တကြီးဟာ ကျွန်မရဲ့ ဘဝတသက်တာလုံးကို နှိပ်စက်သွားမယ် မသိပါဘူး။ အလားတူပဲ အာသီးရောင်တတ်တဲ့ မောင်လေးက ရေခဲချောင်း စားနေတာကို မတားခဲ့မိလို့၊ ဆေးစွဲနေတဲ့ သူငယ်ချင်းအကြောင်းကို သူ့မိဘတွေကို ပြောမထွက်ခဲ့လို့၊ အချစ်ဆုံးသူငယ်ချင်းရဲ့ အချစ်ရေးကိစ္စမှာ ချစ်သူတွေကြား ဝင်မပါသင့်ဘူးဆိုပြီး မတားခဲ့မိလို့၊ ခင်မင်လေးစားတဲ့ မိတ်ဆွေတယောက်ရဲ့ ရှေ့လုပ်ငန်းစဉ် အမှားအယွင်းတွေကို သိသိကြီးနဲ့ မတားလိုက်မိလို့၊ နောက်ပိုင်းမှာ သူတို့ရဲ့ ကျန်းမာရေးတွေ ထိခိုက်ရတဲ့အခါ၊ ဘဝလှေငယ်တွေ မှောက်သွားတဲ့အခါ ရင်ထဲမှာ ကြိတ်ပြီး နှောင်းနောင်တတွေ အကြိမ်ကြိမ် ရခဲ့မိဖူးပါတယ်။ 

ဘဝရဲ့အစိတ်အပိုင်းတချို့မှာတောင် ဒီလိုနှောင်းနောင်တတွေ ရမိချိန်တိုင်း ယူကြုံးမရ ခံစားရတယ်ဆိုရင်၊ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီးရဲ့ pre-incident indicators ကို ရိပ်မိသိရှိပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ပြောမထွက်၊ မပြောရက်၊ သတိမပေးရဲခဲ့ကြသူ၊ လုံခြုံရေးအမြင်နဲ့ ပတ်သက်ပြီးတော့ အတိုက်အခံ ဆန့်ကျင်ပြီး မပြောရဲခဲ့ကြသူတို့ရဲ့ နှောင်းနောင်တ ခံစားချက်တွေသာဆိုရင် ဘယ်လောက်များ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့လေမလဲလို့ တွေးကြည့်မိပါတယ်။ 

လူတိုင်း လူတိုင်းမှာ အမှားနဲ့မကင်းကြပါဘူး။ မာနတရားတွေ၊ ခေါင်းမာမှုတွေ၊ တစွတ်ထိုးစိတ်တွေနဲ့လည်း မကင်းကြပါဘူး။ ပုထုဇဉ်ဖြစ်နေသမျှ ကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟ တွေနဲ့လည်း ဘယ်သူမှ ကင်းနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ ပညာဉာဏ် ရှိရှိ၊ တခါတရံမှာ သတိလေးတချက် လွတ်သွားတာတွေလည်း ရှိတတ်ပါတယ်။ ကဏ္ဍတိုင်းမှာလည်း ဘယ်သူမှ အလုံးစုံ မကျွမ်းကျင်နိုင်ကြတာမို့ အကျိုးသင့်အကြောင်းသင့် ပြောကြား သတိပေးသူတွေရှိဖို့ လိုအပ်ပါတယ်။ တခါတရံကျရင် လူ့ဘဝမှာ “ကြမ္မာငင်တယ်” လို့ပဲဆိုရမည်လား မသိနိုင်ဘဲ သတိမမူ၊ ဂူမမြင် ဖြစ်တတ်တဲ့ အချိန်အခါလေးတွေကို ကြုံရတတ်ပါတယ်။ ဒီလိုအခြေအနေ၊ အချိန်အခါတွေမှာ မိတ်ဆွေကောင်းများက ဝိုင်းဝန်းဆွေးနွေးပေးဖို့ လိုအပ်သလို၊ အန္တရာယ်ရှိလာပြီဆိုရင်လည်း ကြိုတင် သတိပေးဖို့၊ လိုအပ်ရင် အတိုက်အခံ ပြောဆိုသတိပေးဖို့ လိုအပ်လှပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ဘဝမှာ နိုင်ငံရေးရာနဲ့ပဲဖြစ်စေ၊ လူမှုရေးရာနဲ့ပဲဖြစ်စေ ဒီလို နှောင်းနောင်တ ရစရာများ မကြုံပါရစေနဲ့လို့တော့ အကြိမ်ကြိမ် ဆုတောင်းနေမိသလို၊ ချစ်ခင်လေးစားသူများရဲ့ အန္တရာယ် အချက်ပြမီးတွေကို နှုတ်မဆိတ်ဘဲ သတိပေးရဲတဲ့ သတ္တိခွန်အားများ ရှိရပါစေကြောင်းကိုလည်း … … …။ ။ 

ခင်မမမျိုး 
(၁၉၊ ၇၊ ၂၀၁၁) 

No comments: