ဒီနိုင်ငံမှာ စစ်အာဏာရှင်စနစ်သက်တမ်း ဆက်တိုက်သက်ဆိုးရှည်နေတာ ၄၆ နှစ် ရှိသွားပါပြီ၊ ဒီရာစုနှစ် တဝက်နီးပါးသမိုင်းမှာ ဗမာပြည် ပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေဟာ ၇ ရက် ဇူလိုင်အထိမ်းအမှတ် အခမ်းအနားတွေကို ပုံသဏ္ဍာန်မျိုးစုံနဲ့ တနှစ်မပြတ် အထိမ်းအမှတ် ကျင်းပခဲ့ကြပါတယ်၊ ဒါ ဘာကြောင့်လဲ။ ဒီအရေးအခင်းရဲ့ အထိမ်းအမှတ်လက္ခဏာ။ အရေးပါမှု စတာတွေက ဘာတွေလဲဆိုတာ ဆန်းစစ်သုံးသပ်ထားသင့်တယ် ထင်ပါတယ်။
၇ ရက် ဇူလိုင်အရေးတော်ပုံဟာ ဆိုရှယ်လစ်ဆိုင်းဘုတ်တပ်။ အမျိုးသားရေး စကားတွေ လှိုင်လှိုင်ပြောပြီး ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကို (၁၉၅၈ ခုနှစ်တုန်းကလို မြေစမ်းခရမ်းပျိုး မဟုတ်ဘဲ) အတည်တကျ တည်ဆောက်လာတာကို စစ်ဦးမှာ ထိပ်တိုက်တိုက်ခဲ့ကြတဲ့၊ အသက်တွေစတေးခဲ့တဲ့ တိုက်ပွဲကြီးဖြစ်ပါတယ်။ ဗိုလ်နေဝင်းတို့ဟာ ၁၉၅၈ ခုနှစ် အာဏာသိမ်းတုန်းက ရက်ရက်စက်စက်လုပ်ပြထားတာ။ အာဏာသိမ်းတဲ့ မတ်လ ၂ ရက်နေ့ညမှာ သမ္မတနဲ့ ဝန်ကြီးတွေ အပါအဝင် နိုင်ငံရေးသမားပေါင်း မြောက်မြားစွာကို “ထိန်းသိမ်း”လိုက်တာ။ အပြစ်မဲ့ ၁၇ နှစ် ကျောင်းသားလေး စဝ်မီမီသိုက်ကို ကြက်ကလေးငှက်ကလေး သတ်သလို သတ်ဖြတ်ပြထားတာ။ တဖက်မှာတော့ ဆိုရှယ်လစ်စကားတွေ သံကောင်းဟစ်နေတာ စတာတွေကြောင့် နိုင်ငံရေးလောကမှာ ဗိုလ်နေဝင်းတို့ကို ကြောက်သူနဲ့။ ခွေးကတက်ကနေ အလုပ်အကြွေးပြုချင်သူတွေသာ လွှမ်းမိုးနေပါတယ်။
ဒီလိုအချိန်မှာ ပြည်သူ့ရင်သွေးတွေလည်းဖြစ်၊ ပြည်သူ့ဆန္ဒကို ရောင်ပြန်ဟပ်သူတွေလည်းဖြစ်တဲ့ ကျောင်းသားတွေဟာ စစ်အာဏာရှင်တွေကို စစ်ဦးမှာ ထိပ်တိုက် ရင်ဆိုင်ပစ်လိုက်တာ ဖြစ်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်တယ်ဆိုပေမယ့် ကျောင်းသားတွေဘက်ကတော့ အပ်တိုလေးမှမကိုင် လက်နက်မဲ့ ဆန္ဒပြကြတာဖြစ်ပါတယ်။ ကိုလိုနီလက်ထက်ကစလို့ ဗမာပြည်မှာလုပ်နေကျနည်းလမ်းအတိုင်း အင်မတန်ငြိမ်းချမ်းစွာ ဆန္ဒပြကြတာဖြစ်ပါတယ်။
ဒါပေမယ့် အာဏာမုန်ယိုနေတဲ့၊ မာန်တက်နေတဲ့စစ်အစိုးရဟာ အဲဒီတုန်းက တတိုင်းတပြည်လုံး၊ မြေပေါ်မှာ သူတို့ကိုဆန့်ကျင် (အာခံ)နေတဲ့ တခုတည်းသောအင်အားစုကို ရက်ရက်စက်စက် နှိမ်နင်းပစ်ခဲ့ပါတယ်။ အားလုံး ကိုယ်စား တိုက်ရတာဖြစ်လို့လည်း တန်ဖိုးအများကြီး ပေးလိုက်ရတာပါပဲ။
အဲဒီတုန်းက ကျောင်းသားသမဂ္ဂမအနေနဲ့ လုပ်ရကိုင်ရတာ ဘယ်လောက်ခက်တယ်ဆိုတာ သဘောပေါက်အောင် ဥပမာတခု ထပ်ထောက်ပြချင်ပါတယ်။ အဲဒါက တခြားမဟုတ်ပါဘူး။ ဗိုလ်နေဝင်းတို့က အာဏာသိမ်းပြီး “တော်လှန်ရေးကောင်စီ” ဆိုတာကို တည်ထောင်ကြောင်း ကြေညာလိုက်တော့ လက်ဝဲဆိုတဲ့ ပမညတ ထဲက တချို့က ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအခါမှာ ဗကသထိပ်ပိုင်းမှာရောက်နေတဲ့ ပမညတ သြဇာမကင်းသူတဦးက သူ့အခွင့်အရေးကို အလွဲသုံးစားလုပ်ပြီး အာဏာသိမ်းတာကို ထောက်ခံကြောင်းကြေညာခဲ့ပါတယ်။
အလွဲသုံးစားလုပ်တယ်လို့ ပြောရတာက တခြားလူတွေနဲ့ မတိုင်ပင်ခဲ့တာကို ဆိုလိုတာပါ။ နောက်တော့ သူဟာ မဆလရဲ့ လူငယ့်ရေးရာမှာ တာဝန်ကြီးကြီးရ၊ မန္တလေးတက္ကသိုလ် မော်ကွန်းထိန်းအလုပ်ရ ကောင်းစားသလောက် ကောင်းစားသွားပါတယ်။ ဆိုလိုတာ ခေါင်းဆောင်မှုထဲမှာ အတွေးအခေါ် အရှုပ်အထွေးတွေ ရှိသလောက်ရှိနေတယ်ဆိုတာ ဖြစ်ပါတယ်။
အဲဒီ မဆလကို ထောက်ခံတဲ့လူတွေဟာ အဲဒီအချိန်ကစပြီး ကျောင်းသားလောကထဲကို ပြန်မဝင်နိုင်တော့ပါဘူး။ အရိပ်တောင် မနင်းရဲတော့ဘူး ဖြစ်သွားပါတယ်။ ဒါ့အပြင် ကျောင်းသားလောကမှာ ရဲရဲတောက်စကားတွေ အလွန်ပြောတတ်တဲ့ တပ်ဦးသစ်က လူတွေဟာလည်း ဗိုလ်နေဝင်းတို့ဟာ ဖက်ဆစ်တွေဖြစ်တယ်လို့ပြောပြီး အမြီးကုပ်သွားကြကာ။ ကျောင်းပြင်မှာပဲ လှုပ်ရှားကြပါတော့တယ်။
၁၉၆၃ ခုနှစ်မှာ ဗိုလ်နေဝင်းက ငြိမ်းချမ်းရေးစကားပြောပွဲလုပ်တာကို အခွင့်ကောင်းယူပြီး ကျောင်းသားတွေက ကျောင်းသားသမဂ္ဂတွေ ပြန်ဖော်ထုတ်ဖို့လုပ်ကြတော့ မြို့နယ်နဲ့ ခရိုင်သမဂ္ဂတွေ ဖော်ထုတ်ပြီးတဲ့နောက် တက္ကသိုလ်သမဂ္ဂတွေကို ပြန်ဖော်ထုတ်ဖို့ လုပ်ရပါတယ်။ ဒီအခါမှာ သမဂ္ဂရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကျောင်းသားညီညွတ်ရေး တပ်ဦးအဖွဲ့ကို ပြန်စုစည်းတဲ့အနေနဲ့ ညီလာခံခေါ်တာ။ အမှုဆောင်အဖွဲ့ ပြန်ဖွဲ့တာတွေ လုပ်ရပါတယ်။
ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မန္တလေးတက္ကသိုလ်က ကျောင်းသားညီညွတ်ရေးတပ်ဦး ညီလာခံကို တက္ကသိုလ် ပရဝုဏ်အရှေ့က ပန်းခြံထဲမှာ လုပ်ခဲ့ပါတယ်။ ဒီအခါမှာ အထက်မှာပြောခဲ့တဲ့ မဆလကို ထောက်ခံတဲ့ ဆိုရှယ်နီ ကျောင်းသားအစုထဲက ၄-၅ ယောက် လာတက်ပါတယ်။ သူတို့ဟာ ဘယ်သူနဲ့မှ မနှုတ်ဆက်၊ စကားမပြောပါဘူး။ ဒါပေမယ့် သူတို့ကလည်း အမှုဆောင်စာရင်းတခု တင်လာပါတယ်။ ဒီလိုနဲ့ ညီလာခံမှာ တကယ်တမ်း ပြောလာဆိုလာကြတော့ တက်ရောက်သူ ကျောင်းသူကျောင်းသားတွေရဲ့အမြင်က သိပ်ပြတ်သားရှင်းလင်းနေတာမို့ အဲဒီလူတွေဟာ အစည်းအဝေးမပြီးခင်မှာပဲ တိတ်တိတ်ကုပ်ကုပ် ထွက်သွားခဲ့ရပါတယ်။
လူသတ်ပွဲကြီး လုပ်ထားတဲ့ ရန်ကုန်မှာတော့ အဲဒီအစုကလူတွေဟာ အနားတောင် လာမကပ်ခဲ့ပါဘူး။ ဆိုလိုတာ အဲဒီတုန်းက ကျောင်းသားခေါင်းဆောင်ပိုင်းမှာ အတွေးအခေါ် ရှုပ်ထွေးမှုဟာ ဘယ်တုန်းက အတိုင်းအတာနဲ့မှမတူအောင် ရှိနေတယ်ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ကျောင်းသားထုကပဲ အဆုံးအဖြတ်ပေးသွားပါတယ်။ ကျောင်းသားထုဟာ နည်းနည်းလေးမှ မျက်စေ့မလည်၊ နားမယောင်ပါဘူး။ အာဏာသိမ်းသူတွေဟာ စစ်အာဏာရှင်တွေသာ ဖြစ်တယ်၊ ဒါကြောင့်မို့ ဆန့်ကျင်ရမယ်ဆိုတာကို အပြတ်ပဲမြင်ခဲ့ကြပါတယ်။
ဒါကြောင့်မို့ တကသမှာပဲ အဓိက ဗဟိုပြပြီး စစ်အာဏာရှင်စနစ်ကို ထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ ကျောင်းသားထုနဲ့ တကသရဲ့ သဘောထားကို အစောဆုံးနဲ့အထင်ရှားဆုံး ဖော်ပြခဲ့တာတွေထဲမှာ လူတွေမမေ့နိုင်တဲ့ အဖြစ်အပျက်တခုကတော့ စဝ်မီမီသိုက် အသုဘမှာ ကျောင်းသားခေါင်းဆောင် ကိုသက် က ပြောခဲ့တဲ့ မိန့်ခွန်းဖြစ်ပါတယ်။ ပုပုတက်တက် ကိုသက်ဟာ အနီးအနားမှာရှိတဲ့ အုတ်ဂူတခုပေါ်တက်ကာ ဗိုလ်နေဝင်း စစ်အစိုးရကို လက်ညှိုးငေါက်ငေါက်ထိုးပြီး လူသတ်သမားတွေလို့ စွဲချက်တင်ခဲ့ပါတယ်။ စကားပြောကောင်းတဲ့ ကိုသက်ရဲ့မိန့်ခွန်းဟာ အသုဘပို့ဆောင်တဲ့ပရိသတ်ကို မျက်ရည်တွေအကြားကနေ ကြက်သီးမွေးညင်း ထစေခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။
အဲဒီလို ပြတ်သားမှုတွေ၊ တွေဝေမှုတွေ၊ သစ္စာဖောက်မှုတွေ ရှုပ်ရှုပ်ထွေးထွေး တွေ့မြင်နေရတဲ့ တက္ကသိုလ်နယ်မြေမှာ ကျောင်းသားသမဂ္ဂအစဉ်အလာနဲ့ ဘယ်တုန်းက၊ ဘယ်လိုမှ မပတ်သက်ဖူးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ကျောင်းသားတွေကို မာနရန်ညှိုးနဲ့ နောင်ကျဉ်အောင် ဆုံးမမယ်ဆိုတာမျိုး သဘောထားပြီး ဗမာပြည်သမိုင်းမှာမရှိဖူးတဲ့ သတ်ဖြတ်မှုကြီးတရပ်ကို ကျူးလွန်လိုက်ပါတယ်။ သမဂ္ဂအဆောက်အဦကြီးကိုလည်း ဒိုင်းနမိုင်းနဲ့ဖြိုခွဲပစ်လိုက်ပါတယ်။
ဒီမှာ ပြောဖို့လိုတာလာက တကယ်လို့သာ ကျောင်းသားတွေက ၇ ရက် ဇူလိုင်အရေးတော်ပုံကို မဆင်နွှဲခဲ့ရင် ဘာဖြစ်မလဲ ဆိုတာပါပဲ။ သမိုင်းကို “တကယ်လို့သာ” တွေနဲ့ ချဉ်းကပ်သုံးသပ်လို့ မသင့်တော်တာမို့ ဒီအချက်ကို အကျယ်မဆွေးနွေးတော့ပေမယ့် ၇ ရက် ဇူလိုင်အရေးတော်ပုံကြောင့်သာ ၁၉၆၃ ခုနှစ်တုန်းက လှုပ်ရှားမှုတွေ၊ ၁၉၆၉-၇ဝ ခုနှစ် တိုက်ပွဲတွေ၊ ၇၄-မေ ဇွန် အလုပ်သမားလှုပ်ရှားမှု၊ ရွှေတိဂုံ အရေးအခင်း၊ ဦးသန့်အရေးအခင်း စတာတွေ ဆက်ပေါ်လာတာလို့ ရဲရဲပဲပြောချင်ပါတယ်။ အဲဒီ တိုက်ပွဲစဉ်တွေမှာ ၇ ရက် ဇူလိုင် စိတ်ဓာတ်ဟာ ဝင်းလက်တောက်ပနေတဲ့ မီးရှုးတန်ဆောင်လို ဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
၁၉၆၂ ခုနှစ်၊ ၇ ရက် ဇူလိုင်နေ့မှာသာ ကျောင်းသားတွေက နောက်တွန့်ပြန်လှည့်သွားရင် ဒီတိုက်ပွဲစဉ်တွေဟာ ရက်ရွေ့ဆိုင်းတာဖြစ်သွားနိုင်ပါတယ်။ ၇ ရက် ဇူလိုင်ပြစ်မှုကြီးကို ကျူးလွန်မိတဲ့ ဗိုလ်နေဝင်းမှာတော့ သေတဲ့အထိပဲ အဲဒီလူသတ်ပွဲနဲ့ သမဂ္ဂဖြိဖျက်မှုတို့ရဲ့ တစ္ဆေခြောက်လှန့်တာကို ခံသွားရပါတယ်။ နောက်ပြီး သူတို့တွင်း ဂိုဏ်းတိုက်ပွဲတွေမှာ လက်စွဲလက်နက်တခုအဖြစ် သုံးစွဲတာလည်း ခံခဲ့ရပါတယ်။
တလနဲ့ ခြောက်ရက် နန်းစံလိုက်ရတဲ့ ဖောင်းကားစား သမတ ဦးမောင်မောင် က သမဂ္ဂအဆောက်အဦကြီးကို ပျော်ပျော်ပါးပါး ပြန်ဆောက်ကြတာပေါ့လို့ ပြုတ်ကာနီးအချိန်အထိ ပြောနေတာဟာ ဗိုလ်နေဝင်းကိုယ်စား (ဗိုလ်နေဝင်း ခိုင်းလို့) ၇ ရက် ဇူလိုင် ပြစ်မှုကြီးတွေအတွက် နိုင်ငံကို လေပြေထိုးနေခဲ့တာသာ ဖြစ်ပါတယ်။
တကယ်ကျတော့ ၇ ရက် ဇူလိုင် တိုက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို တိုက်တဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ ၇ ရက် ဇူလိုင် အတွေးအခေါ်၊ ၇ ရက် ဇူလိုင် စိတ်ဓာတ်နဲ့ ၇ ရက် ဇူလိုင် အလံတော်ဟာ အရေးပါနေ၊ လမ်းပြနေမယ်ဆိုတာ ဘာမှ ယုံမှားသံသယဖြစ်စရာ မလိုပါဘူး။ ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment