Saturday, July 5, 2014

ခွပ်ဒေါင်းနှင့်အတူ (၂) - ကိုစိုးသိမ်း (ပဲခူး)

ခွပ်ဒေါင်းစုံညီ ရှေ့သို့ချီပြီ 

ကျောင်းသားထု၏ သွေးစည်းညီညွှတ်မှုရေချိန်သည် အရှိန်မြင့်မားစွာ တက်ကြွလျက်ရှိနေပေသည်။ စစ်ဗိုလ်အစိုးရသည် ကြက်သေ သေ၍နေရလေသည်။ ဇောချွေးများပင် ပြန်နေပါသေး၏။ သတင်းစာများနှင့်တကွ မိဘပြည်သူတရပ်လုံးကလည်း ကျောင်းသားထု၏ မှန်ကန်၍ တရားနည်းလမ်းကျသော တောင်းဆိုချက်များကို အားပေးထောက်ခံ၍ နေလေသည်။

ကျောင်းသားထုသည် အစိုးရကို အပြုတ်တိုက်ရန်လည်း မကြံစည်၊ အကြော်ကျွေးရန်လည်း မစီစဉ်သည်မှာတော့ ထင်ရှားလှပေသည်။ ကျောင်းသားထုသည် မိမိတို့၏ငြိမ်းချမ်းစွာ ပညာသင်ကြားရေး ဒီမိုကရေစီအခွင့်အရေး ကာကွယ်ရေး၊ ဖိနှိပ်ချုပ်ချယ်မှု တွန်းလှန်ရေးတို့အတွက် ကျောင်းသားအမြင် ကျောင်းသားအသိတို့ဖြင့် တောင်းဆို တိုက်ပွဲဝင်နေသည်မှာလည်း ရှင်းလှပေသည်။

ထိုအချိန်တွင် စစ်ဗိုလ်အစိုးရ၏ တာဝန်ရှိသူများသည် ကျောင်းသားထု၏ မှန်ကန်သော တောင်းဆိုချက်များကို လုံးဝ လျစ်လျူရှုထားသည်သာမက “ဗူးဆို ဖရုံမသီးဘူးဟေ့” ဟူ၍ပင် တင်းခံနေလိုက်ချေသေး၏။

“မင်းတို့ ရှေ့ဆက်ပြီး ဆူနေရင် ဒို့နဲ့ face to face ရင်ဆိုင်ရမှာဘဲ” ဟုလည်း ဟန့်တားခဲ့သည်။ “တရာ သေလို့ အားမရရင် နှစ်ရာ သတ်ပြမယ်” ဟုလည်း ကြိမ်းဝါးခြိမ်းချောက်ခဲ့သည်။ ထိုမျှမကသေး “စစ်ဗိုလ်အစိုးရ” ၏ အာဏာရှင် ဗိုလ်နေဝင်း ကိုယ်တိုင်ကပင် “တက္ကသိုလ်လှုပ်ရှားမှုဟာ မပြောပလောက်ပါဘူးဗျာ” ဟု ယိုးဒယား သတင်းစာဆရာများအား ဂယောင်ချောက်ချား ပြောခဲ့ချေသေး၏။


သို့ရာတွင် ကျောင်းသားထုသည် မလျော့ဘဲဇွဲလုံ့လဖြင့် ဆက်လက်တိုက်ပွဲဝင်ခဲ့လေသည်။ ယာယီကော်မီတီသည် ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၇-ရက်နေ့တွင် မန္တလေးဆောင်ရှေ့ ရင်ပြင်နီမဏ္ဍပ်၌ ဇူလိုင် ၇-ရက်တွင် ကျဆုံးသူများအတွက် ၆-လမြောက် ဆွမ်းသွတ်ပွဲ အခန်းအနားကို ကြီးကျယ်စွာ ကျင်းပနိုင်ခဲ့လေသည်။ ဆွမ်းသွတ်ပွဲတွင် သံဃာတော်အပါး ၅၀ ကို ဘိတ်ကြားခဲ့သည်။ ထိုဆရာတော် သံဃာတော်ကြီးများအား မိမိတို့၏ ညီကိုသားချင်းများ အသတ်ခံခဲ့ရသော ဇူလိုင် အရေးတော်ပုံကြီးအကြောင်းတို့လည်း စီကာပတ်ကုံး လျှောက်ထားတင်ပြခဲ့ကြလေသည်။ ဆရာတော်ကြီးများကလည်း ကရုဏာကြီးစွာဖြင့် အဆုံးအမများပေး၍ တရားလမ်းကြောင်းဖြင့် နည်းလမ်းပြခဲ့ကြပေသည်။

ယာယီကော်မီတီသည် ကျောင်းသားထု၏ အခွင့်အရေးများကို ကြံ့ကြံ့ခိုင်စွာ တောင်းဆိုနေရင်းကပင် ရာဇဝင်တွင်မည့် ကျောက်တိုင်ကြီးတခုကို တည်ဆောက်ခဲ့ကြပေသည်။ (အရေးတော်ပုံကျောက်တိုင် ၁၉၆၃-ခုနှစ် ဇန်နဝါရီလ ၁၂-ရက်နေ့ညတွင် စတင်သည် ယာယီကော်မီတီဝင်များနှင့် သစ္စာရှိကျောင်းသား ရဲဘော်များ၏ ကိုယ်တိုင်လုပ်အားဖြင့် ဆောက်လုပ်သည်။ တကသ အဆောက်အဦပျက်မှ အုတ်များကို အသုံးပြုသည်။ ကျောက်တိုင်အမြင့်မှာ ၇-ပေ ၇-လက်မရှိသည်။ ကျောက်တိုင်အောက်ခြေရင်ပြင်ကလေး၏ အချင်းမှာ ၆၂-လက်မရှိပေသည်။ ကျောက်တိုင်စိုက်ထူသည့် အချိန်မှာ စုစုပေါင်း ၇၇-နာရီ ကြာလေသည်။ ဇန်နဝါရီလ ၁၆-ရက်နေ့ နံနက်တွင်ပြီးစီးသည်။) ယင်းကျောက်တိုင်သည် ကျောင်းသားထု၏ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်သော သမိုင်းမှတ်တိုင်ကြီးပင် ဖြစ်လေသည်တကား။

ယာယီကော်မတီသည် အဖွဲ့ချုပ် တရားဝင်ဖွဲ့စည်းခွင့်ရရှိရေးအတွက် အခါခါ အော်ဟစ်တောင်းဆိုနေသော်လည်း ယင်းပြဿနာနှင့်ပတ်သက်၍ တာဝန်ရှိသူများထံမှ လုံးဝ စကားပြန် မရတော့သောအခါ ၎င်းတို့သည် လူငယ်များပီပီများစွာ စိတ်ရှည်နိုင်ကြတော့ဟန်မတူချေ။ ထို့ကြောင့်လည်း ဇန်နဝါရီလ ၁၇-ရက်နေ့ (လေးဦးကော်မီတီ ဖွဲ့စည်းပြီးနောက် ၂-လမြောက်နေ့တိတိ)တွင် မိမိတို့ အခါခါတောင်းဆိုခဲ့သော သဟာယ နှင့် စာဖတ်အသင်းများအဖွဲ့ချုပ်ကို ကျောင်းသားထု၏ တခဲနက် အသိအမှတ်ပြုခြင်းကိုခံယူ၍ အခိုင်အမာ ဖွဲ့စည်းလိုက်ပေသည်။

ထိုအချိန်တွင် ကျောင်းသားထုသည် တက်ကြွ၍ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေကြပေသည်။ S & R နှင့်အတူ လက်တွဲတိုက်ပွဲဝင်ရန် လူမျိုးစုကျောင်းသားများ အဖွဲ့ချုပ်သည်၎င်း၊ နေ့ကျောင်းသားအသင်းများသည်၎င်း၊ တခုပြီးတခု ရှေ့ဆင့်နောက်ဆင့် ဖွဲ့စည်းလိုက်ကြလေပြီ။ ထို့နောက် ယင်းအင်အားစုကြီးများစုပေါင်း၍ ခိုင်မာသော ကျောင်းသား အခွင့်အရေးကာကွယ်မှု ကော်မီတီတခု ဖွဲ့စည်းရန်အတွက် S & R အဓိက စတင်ကြိုးပန်းခဲ့ပေသည်။

S & R အဖွဲ့သည် ဇန်နဝါရီလ ၃၁-ရက်နေ့တွင် မိဘပြည်သူတို့နှင့်တကွ ကျောင်းသားထုတရပ်လုံးအား တပ်လှန့်လိုက်သော အရေးတော်ပုံ ကျောက်တိုင်ဖွင့်ပွဲကို ပြုလုပ်ခဲ့လေသည်။ ကျောင်းသား၊ ကျောင်းသူ ထောင်ပေါင်းများစွာ တက်ရောက်ကြသည်။ အရေးတော်ပုံ ကျောက်တိုင်ကြီးကို ကြည့်၍လည်း ဇူလိုင်၇ ရက်နေ့ ရက်စက်မှုကြီးကို တစိမ့်စိမ့်သတိရမိကာ အံတကြိတ်ကြိတ်ဖြစ်နေကြလေသည်။

ကျောက်တိုင်ဖွင့်ပွဲ ကျောင်းသားထု အစည်းအဝေးကြီးတွင် ကျောင်းသားထုတရပ်လုံးသည် မိမိတို့ ရည်ရွယ်ဦးတည် တိုက်ပွဲဝင်နေသော နစ်နာချက်များနှင့်ပတ်သက်သော အဆိုများကို တညီတညွှတ်တည်း ဆုံးဖြတ် အတည်ပြုလိုက်ကြပေသည်။ (အဆို လေးခုရှိသည်။ ငြိမ်းချမ်းစွာ ပညာသင်ကြားရေး၊ ပညာရေးစံနစ်ပြောင်းလဲရေး၊ အခြေခံဒီမိုကရေစီ အခွင့်အရေးရရှိရေး၊ ပညာရေးလွတ်လပ်ခွင့် ရရှိရေးတို့ဖြစ်သည်။)

ထိုအချိန်တွင် ကျောင်းသားထုသည် တိုက်ပွဲနှင့် တသားတည်းဖြစ်၍နေပေသည်။ မည်သည့် ဂိုဏ်းခွဲရေးသမားကမှလည်း ထိုညီညွှတ်ရေးကို သွေးခွဲ၍ရနိုင်ကြဟန်မတူချေ။

ယင်းကဲ့သို့သော အခြေအနေတွင် သိပ္ပံကျောင်းသားများသည် မိမိတို့ဆန္ဒနှင့်မကိုက်ညီသော လက်တွေ့စာမေးပွဲ ပြဿနာနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေကြပေသည်။ မကြာမီတွင် လက်တွေ့စာမေးပွဲ တိုက်ဖျက်ရေးကော်မီတီဟူ၍ ယင်းပြဿနာနှင့်ပတ်သက်၍ ဦးဆောင်ကိုင်တွယ်မည့် အဖွဲ့အစည်းတခု ပေါ်ပေါက်လာခဲ့ပေသည်။ ထို လက်တွေ့စာမေးပွဲ တိုက်ဖျက်ရေးကော်မီတီသည် ကျောင်းသားအများစုက ကြောက်ရွံ့နေကြသော နောက်ဆုံးစာမေးပွဲကြီးတွင် စစ်ဆေးမည့် လက်တွေ့စာမေးပွဲနှင့်ပတ်သက်၍ အတတ်နိုင်ဆုံး သင့်လျော်အောင် ဆောင်ရွက်ခဲ့ပေသည်။

ထိုအချိန်တွင် ကျောင်းသားထု၏ နစ်နာဆုံးရှုံးနေသော အခွင့်အရေးများအားလုံးကို ပိုမိုစုရုံးကာ တောင်းဆို တိုက်ပွဲဝင်နိုင်ရေးအတွက် ကျောင်းသားအင်အားစုကြီး ၃ စုသည် ကျောင်းသားအခွင့်အရေး ကာကွယ်မှုကော်မတီဆိုသော အဖွဲ့အစည်းတခုကို ဖေဖော်ဝါရီလ ၄ ရက်န့တွင် အခိုင်အမာ ဖွဲ့စည်းလိုက်သည်ကို တွေ့ရပေသည်။

ထိုကော်မတီသည် S & R အဖွဲ့ချုပ်၊ ပင်မတက္ကသိုလ် နေ့ကျောင်းသားများအသင်း၊ ဥပစာ နေ့ကျောင်းသားအသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော ရှေ့တန်း အင်အားစုကြီးတခုပင်ဖြစ်လေသည်။

ထိုကော်မတီ၏ ဥက္ကဋ္ဌအဖွဲ့၌ S & R အဖွဲ့ချုပ်မှ ကိုတင်အေး၊ ကိုစိုးမြင့်နှင့် ကိုကြည်ဝင်းတို့ ပါဝင်ကြသည်။ ‘ပင်မနေ့အသင်း’ မှ ကိုမြင့်ဖေ၊ ကိုမိုးဟိန်းတို့ ပါဝင်ကြသည်။ ‘ဥပစာနေ့အသင်း’ မှ ကိုတင်မောင်ဝင်း၊ ကိုစောလွင်တို့ ပါဝင်ကြလေသည်။ အထွေထွေအတွင်းရေးမှူးမှာ ကိုခင်ဆွေ (R & S အဖွဲ့ချုပ်) ဖြစ်ပေသည်။

ထိုသို့ကျောင်းသားထုက တခဲနက်အားပေးထောက်ခံသော အဖွဲ့အစည်းတခုကို ဖွဲ့စည်းလိုက်ချိန်နှင့် မရှေးမနှောင်းမှာပင် သဟာယ နှင့် စာဖတ်အသင်းအဖွဲ့ချုပ်၏ အစည်းအဝေး သဘာပတိဖြစ်သူ ကိုချစ်မောင် ဆိုသူသည် လူပေါင်း ၁၄-ဦးပါဝင်သော “ကျောင်းသားအရေးဆောင်ရွက်မှု ကော်မတီ” ဆိုသည်ကို ကမူးရှူးထိုး ထ၍ဖွဲ့စည်းလိုက်လေသည်။

ထိုကော်မတီကို ဦးစီးဖွဲ့ပေးသူမှာလည်း တချိန်က ကျောင်းသားထု၏ သစ္စာရှိခေါင်းဆောင်ကြီးပါဟုဆိုသူ ဇူလိုင်အရေးတော်ပုံကြီးကို မျက်နှာလွှဲခဲ့ပစ်ပြုလုပ်ရက်၍ ကျောင်းသားထုတိုက်ပွဲများကို သွေဖီခဲ့သူ ဗကသ ဥက္ကဋ္ဌကြီးတဦးပင်ဖြစ်လေသည်တကား။

ကိုချစ်ဆောင်နှင့်အတူ အပေါင်းပါ ကိုအောင်သန်းညွှန့် ကိုကျော်ရှိန်လတ်တို့မှာလည်း အဖွဲ့ချုပ် အမှုဆောင်များဖြစ်ပါလျက်နှင့် ထိုသို့စင်ပြိုင်ထောင်မှုကြောင့် အဖွဲ့ချုပ်မှ လက်မခံတော့ကြောင်း ကျေညာခံခဲ့ရရုံမက ထိုပုဂ္ဂိုလ်များကြီးစိုးရာ တောင်ငူဆောင်နှင့် ရာမညဆောင် S & R များသည်လည်း ကျောင်းသားထု၏ဖြုတ်ချခြင်းကို ခံခဲ့ရလေသည်။ အသစ်တက်ရောက်လာသော S & R များသည် ကျောင်းသားထုတိုက်ပွဲတွင် သစ္စာရှိစွာနှင့် ဆက်လက်ပါဝင်ခဲ့ပေသည်။ နောက်ဆုံးတွင် အဆိုပါ ကိုချစ်ဆောင် ဦးစီးသော ကျောင်းသားအရေးဆောင်ရွက်မှု ကော်မီတီဆိုသည်မှာလည်း ကျောင်းသားအခွင့်အရေး ကာကွယ်မှု ကော်မီတီ၏ တိုက်ပွဲများအကြားတွင် ကစဥ့်ကလျား နစ်မြုပ်ပျောက်ကွယ်သွားရပေသည်။

ကျောင်းသားအခွင့်အရေး ကာကွယ်မှုကော်မီတီသည် နစ်နာဆုံးရှုံးနေသော ကျောင်းသားအခွင့်အရေးများနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ခံများထံ အနူးအညွတ်ပန်ကြား တောင်းဆိုနေ၍နေစဉ်မှာပင် မိမိတို့ကျောင်းသားထု တရပ်လုံးအား အဆမတန်ကြီးမားသော ရန်ငြိုးဖြင့် ခေတ်အစဉ်အဆက် ညှင်းပမ်းခဲ့သည့် “ဖိနှိပ်ချုပ်ချယ်မှု” တည်းဟူသော သတ္တဝါကောင်ကို မီးရှို့ဖျောက်ဖျက်ရန် ကြိုးစားကြလေသည်။

ယင်းသို့အားဖြင့် ထိုကော်မီတီသည် ဖေဖော်ဝါရီလ ၇ ရက်နေ့ ဇူလိုင်အရေးတော်ပုံ ၇ လမြောက်နေ့တွင် ဖိနှိပ်ချုပ်ချယ်မှု အလောင်းကောင်မီးရှို့ပွဲကို အရေးတော်ပုံကျောက်တိုင်ရှေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ပေသည်။ ထို့နောက် ကျောင်းသားထု၏ အသံတိတ် စီတန်းလှည့်လည် ဆန္ဒပြပွဲကြီးကိုလည်း နိုင်နင်းစွာဦးစီး ပြုလုပ်ခဲ့လေသည်။

အဆိုပါ ဖိနှိပ်ချုပ်ချယ်မှု အလောင်းကောင်မီးရှို့ပွဲကြီးနှင့် အသံတိတ်ဆန္ဒပြပွဲကြီးကို စည်းကမ်းကျနစွာ ကျင်းပခဲ့ခြင်းအားဖြင့် ကျောင်းသားထုသည် မိမိတို့၏ ငြိမ်းချမ်းစွာ ပညာသင်ကြားရေး၊ အမျိုးသားပညာရေး တည်ဆောက်ရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများရရှိရေးအတွက် အကြီးမားဆုံးသော အန္တရာယ်ကောင်ကို လက်ညှိုးထိုးညွှန်ပြနိုင်ရုံမက မိမိတို့ကျောင်းသားထု၏ ဂုဏ်သိက္ခာကိုပါ မိမိရရ ထိန်းသိမ်းနိုင်ခဲ့ပေသည်။

ဖိနှိပ်ချုပ်ချယ်မှု အလောင်းကောင် မီးလောင်ပြကျသွားခြင်းနှင့်အတူ ကျောင်းသားထု၏ ခွပ်ဒေါင်းအောင်လံသည် ပိုမိုမြင့်မားစွာ လွှင့်ထူနိုင်ခဲ့လေပြီတကား။

- - - - - - - - - - - - 

ခွပ်ဒေါင်းနှင့်အတူ 

ကျောင်းသားထု၏ လိုလားတောင်းဆိုချက်များကို အာဏာပိုင်တို့သည် ဘာလုပ်ရမှန်းမသိဘဲ ကယောင်ချောက်ခြား ဖြစ်နေချိန်တွင် ကျောင်းသားအခွင့်အရေး ကာကွယ်မှုကော်မီတီသည် ငြိမ်းချမ်းစွာဖြင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရန် သက်ဆိုင်ရာ တာဝန်ခံများထံ အခါခါတောင်းဆို ပန်ကြားခဲ့သော်လည်း နောက်ဆုံး အချိန်အထိ လုံးဝ ပြန်ကြားခြင်းမရှိသောအခါ ဤမျှအကြင်နာကင်းမဲ့သော အာဏာပိုင်တို့အား အမြင့်မားဆုံး နည်းလမ်းဖြင့် ဆန္ဒပြကြပြန်လေသည်။

ယင်းဆန္ဒပြပွဲမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တကသ ကွက်လပ် အရေးတော်ပုံကျောက်တိုင်ရှေ့၌ ပြုလုပ်သော အခွင့်အရေးကို ကာကွယ်မှုကော်မီတီ S & R အဖွဲ့ချုပ်နှင့် နေ့ကျောင်းသားအသင်းများမှ ကိုယ်စားလှယ် ၃၁ ဦး၏ အစာငတ်ခံ ဆန္ဒပြပွဲကြီးပင် ဖြစ်ပေသည်။

ထိုဆန္ဒပြပွဲကြီးသည် ကျောင်းသားထု တရပ်လုံးနှင့်တကွ မိဘပြည်သူများအား ၎င်းတို့၏ တောင်းဆိုချက်များ မည်မျှမှန်ကန်၍ တရားနည်းလမ်းကျကြောင်း ရှင်းလင်းတင်ပြခြင်းလည်း ဖြစ်ပေသည်။ တောင်းဆိုချက်များမှာလည်း မိမိတို့အမှန်နစ်နာ ဆုံးရှုံးနေသော အခွင့်အရေး ၉ ခုကိုသာ ဦးတည်၍ တောင်းဆိုခြင်း ဖြစ်လေသည်။

၎င်းတို့မှာ ...

(၁) တကသ နှင့်တကွ မြန်မာတပြည်လုံးရှိ ကျောင်းသားသမဂ္ဂများ တရားဝင် ရပ်တည်ခွင့်ပေးရန်။
(၂) S & R အဖွဲ့ချုပ်နှင့် လူမျိုးစုကျောင်းသားအဖွဲ့ချုပ်ကို တရားဝင်အသိအမှတ်ပြုရန်။
(၃) ဖမ်းဆီးထားသော ကျောင်းသားခေါင်းဆောင်များကို အပြစ်ရှိပါက ရုံးတင်စစ်ဆေး၍ အပြစ်မရှိပါက အမြန်ပြန်လွှတ်ရန် မလွှတ်ခင်စပ်ကြား မိဘဆွေမျိုးများနှင့် တွေ့ဆုံခွင့်ပြုရန်။
(၄) ကျောင်းသားများကို နောက်ထပ် မဖမ်းဆီးရန်။
(၅) ဇူလိုင် အရေးတော်ပုံ ဒဏ်ရာရသော ကျောင်းသားများ၏ နစ်နာချက်များကို လုံလောက်စွာ အာမခံချက်များပေး၍ ဖြေရှင်းပေးရန်။
(၆) ပညာရေးစံနစ် ပြောင်းလဲရန်။
(၇) ငြိမ်းချမ်းစွာ ပညာသင်ကြားရေး အာမခံချက်ပေးရန်။
(၈) ပညာရေးလွတ်လပ်ခွင့်ပေးရန်။
(၉) အခြေခံ ဒီမိုကရေစီ အခွင့်အရေးများပေးရန်ဟူသော အချက်များပင်ဖြစ်ပေသည်။

ယင်းသို့သော ကျောင်းသားထု၏ တရားသော၊ မှန်ကန်သော တောင်းဆိုချက်များကို အာဏာပိုင်တို့က လုံးဝ လျစ်လျှူရှု၍နေသောအခါ တောင်းဆိုနေသူများသည် ထိုလိုလားချက်များအတွက် အစာငတ်ခံ၍ တိုက်ပွဲဝင်ခဲ့ရလေသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အခင်းအကာ အမိုး လုံးဝမရှိသော တကသ ကွက်လပ်ထဲတွင် အစာငတ်ခံ၊ နေပူခံ၊ အဆင်းရဲခံ၍ ဆန္ဒပြနေကြသူများအတွက် ကျောင်းသားကျောင်းသူများနှင့်တကွ မိဘပြည်သူတရပ်လုံးသည် မချိတင်ကဲရင်ထုမနာ ဖြစ်နေမိကြလေသည်။

အစာငတ်ခံရဲဘော်များသည် လက်ရှိပညာရေးစံနစ်၏ ချို့ယွင်းချက်များနှင့် ကျောင်းသား အခွင့်အရေးများကို တင်ပြကြသည်။ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို နှောင့်ယှက်နေသော အကြောင်းရင်းကြီးများကို ဖော်ထုတ်ကြသည်။ ပြည်တွင်းစစ်စရိတ်နှင့် ပညာရေး အသုံးစရိတ်များကို နှိုင်းယှဉ်ပြကြသည်။ နိုင်ငံရေးပါတီကြီးများ လွတ်လပ်စွာ ရပ်နေချိန်တွင် ကျောင်းသားသမဂ္ဂများ အဖျက်သိမ်းခံနေရသည်မှာ ဘာကြောင့်လဲဟု မေးခွန်းထုတ်ကြသည်။ မိမိတို့သည် စစ်ဗိုလ်အစိုးရကို အပြုတ်တိုက်နေခြင်း မဟုတ်ပါ။ မိမိတို့လိုလားချက်များကိုသာ ရိုးသားစွာ တောင်းဆိုနေခြင်းဖြစ်ပါသည်။ တောင်းဆိုချက်များကိုသာ လိုက်လျောပါက မိမိတို့သည် ငြိမ်းချမ်းစွာသာ ပညာသင်ကြားလိုကြပါသည်ဟုလည်း ရှင်းလင်းကြသည်။

ယင်းသို့အားဖြင့် ယခင်က ကျောင်းသားထု၏ တိုက်ပွဲများကို ဆူပူမှုများဟု အထင်မှားနေကြသူများကပင် လှိုက်လှဲစွာ ထောက်ခံအားပေးလာကြပေသည်။ တိုက်ပွဲ၏အဆုံးသတ်တွင်ကား ကျောင်းသားအခွင့်အရေးကာကွယ်မှု ကော်မီတီ ပိုမိုမြင့်မားသော ခွပ်ဒေါင်းအောင်လံကို လွှင့်ထူနိုင်ခဲ့ရုံမက နောင်အနာဂတ်တိုက်ပွဲများအတွက် ရာဇဝင်မျိုးစေ့များ ချပေးနိုင်ခဲ့ပြီဖြစ်လေသည်။ တက္ကသိုလ်၏ အနာဂတ်ကံကြမ္မာသည် မည်သို့ဖန်လာဦးမည်ကို မသိနိုင်သော်လည်း သမိုင်းအစဉ်အဆက်တွင် ရာဇဝင်အညှိုးမခံခဲ့သော ကျောင်းသားထု၏ တိုက်ပွဲများကတော့မူ ခွပ်ဒေါင်းနှင့်အတူ ဆက်လက်လှုပ်ရှားနေဦးမည်ကို မြင်ယောင်နေမိပေသည်။

ပြန်လည်ဆန်းစစ်ခြင်း 

၁၉၆၂-၆၃ ခုနှစ် တက္ကသိုလ်အရေးတော်ပုံကြီး၏ မှတ်တမ်းကို ရေးသားပြီးသည့်အခါ ဤအရေးတော်ပုံကြီးနှင့်ပတ်သက်၍ ကျနော်သည် အထပ်ထပ်အခါခါ ဝေဘန်သုံးသပ်ခြင်းအမှုကို ပြုခဲ့ရပေသည်။

တက္ကသိုလ်တွင် ကျောင်းသားလှုပ်ရှားမှုသည် ဘာကြောင့် ဤမျှပေါ်ပေါက်ခဲ့ရသနည်းဟူသော မေးခွန်းကိုမေးလျှင် အလွယ်ဆုံးနှင့် အမှန်ဆုံးအဖြေမှာ တာဝန်ရှိသူ အာဏာပိုင်တို့၏ ကျောင်းသားပြဿနာများကို ကိုင်တွယ်ပုံ ညံ့ဖျင်း၍ဟုသာ ဖြစ်နိုင်ပေမည်။

ဇူလိုင်အရေးတော်ပုံသည် တာဝန်ရှိသူ စစ်ဗိုလ်အစိုးရ၏ ခရုခါးတောင်းကြိုက်ဖမ်းသော အမှားအယွင်းကြီးသာ ဖြစ်လေသည်။ ငြိမ်းချမ်းတွေ့ဆုံဖြေရှင်းရေးတည်းဟူသော နည်းလမ်းကောင်းရှိပါလျက်နှင့် ကျောင်းသားထု အုံကြွလှုပ်ရှားမှုများကို အကြေအလည် ဆောင်ရွက်မပေးနိုင်ခြင်းကပင် ၎င်းတို့၏ညံ့ဖျင်းမှုကို အထင်အရှားပြနေပေသည်။ ထိုအချိန်တွင် ကျောင်းသားထု၏ လှုပ်ရှားတောင်းဆိုနေခြင်းကို အတတ်နိုင်ဆုံး တာဝန်သိသိ ကြားဝင် ဖြေရှင်းပေးနိုင်ပါလျက်နှင့် မိမိတို့နှင့် လုံးဝ မဆိုင်သလိုနေရက်ကြသော ဆရာများ၏ အဖြစ်သည်လည်း အနည်းနှင့်အများ ပါဝင်ခဲ့ပေသည်။

ဇူလိုင်အရေးတော်ပုံသည် တကသကိုသော်၎င်း၊ ကျောင်းသားထုကိုသော်၎င်း၊ လုံးဝ အပြစ်တင်ရန်အကြောင်းမရှိဟု ယူဆမိပေသည်။ ကျောင်းသားထုသည် မိမိတို့ အမှန်နစ်နာနေသော အခွင့်အရေးများအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်သည်။ တကသ သည် ကျောင်းသားထု၏ တရားသော အုံကြွမှုကို ခေါင်းဆောင်ကောင်းပီသစွာ တာဝန်သိသိ ဦးဆောင်ပေးခြင်းသာဖြစ်ပေသည်။

အစိုးရဖြစ်လာကတည်းကပင် ဘယ်ခေတ်ဖြစ်ဖြစ် ဒီကျောင်းသားတွေဟာ အစိုးရကို ရိုသေရကောင်းမှန်း မသိဘူး။ ဒို့အစိုးရလက်ထက်မှာ အစိုးရက ကျောင်းသားကို နိုင်ဖူးတယ်ရှိအောင် အကြောင်းပြလိုက်ဦးမယ်ဟု ကြိမ်းဝါးလာခဲ့သည့်အတိုင်း အဆင်ခြင်ကင်းစွာပြုလုပ်ခဲ့သည့် တော်လှန်ရေးကောင်စီအမည်ခံ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုသော ဝါဒပိုင်ရှင် စစ်ဗိုလ်အစိုးရ၏ မဟာအမှားတော်ပုံကြီးသာဖြစ်ကြောင်း ရေးသားလိုပေသည်။

အရေးတော်ပုံကြီးပြီးသည့်အခါ၌လည်း လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အချာအာဏာရှင် စစ်ဗိုလ်အစိုးရသည် ကျောင်းသားထု၏ တိုက်ပွဲကိုမှန်ကန်စွာ ဦးဆောင်မှုပေးခဲ့သည့် တကသ ဥက္ကဋ္ဌ ကိုဗဆွေနှင့်တကွ ကျောင်းသားခေါင်းဆောင်များတို့ကို တာဝန်မဲ့ ဖမ်းဆီးချုပ်နှောင်ထားခဲ့လေသည်။

ထိုကျောင်းသားများအား တရားဝင်ပုဒ်မဖြင့် တရားစွဲဆိုခြင်းလည်းမရှိ၊ ဘယ်နေရာတွင် ချုပ်နှောင်ထားသည်ဟုလည်း မသိရဘဲ တရားလက်လွတ်ပြုလုပ်ထားခြင်းကို ခံနေရပေသည်။ ထိုမျှမက ထွက်ပြေးတိမ်းရှောင်နေသော ကျောင်းသားများ တယောက်ပြီးတယောက် ဖမ်းဆီးခြင်းများကိုလည်း ပြုလုပ်နေပြန်သေးသည်။

ယင်းသို့သော မတရားမှုများအတွက် ကျန်ရှိနေသေးသော ကျောင်းသားထုအတွင်းမှ ဆက်လက်တာဝန်ယူ တိုက်ပွဲဝင်မည့် သူရဲကောင်းများ ပေါ်ပေါက်လာကာ မိမိတို့၏ နစ်နာချက်များကို ရဲရဲဝံ့ဝံ့ တောင်းဆိုကြခြင်းသည်လည်း မှန်ကန်သော လှုပ်ရှားမှုများသာဖြစ်သည်ဟု ယုံကြည်ကြပေသည်။

စစ်ဗိုလ်အစိုးရသည် ထိုသူတို့၏ ဆက်လက်တိုက်ပွဲဝင်မှုကြောင့် ကျောင်းဆောင် စည်းကမ်းများကို ဖျက်သိမ်းပေးရသည်ကို တွေ့ရှိရသည်။ ဤသည်မှာပင် ကျောင်းဆောင်စည်းကမ်းဆိုးများအတွက် ကျောင်းသားထု သွေးမြေကျခံခဲ့ရသော ဇူလိုင် အရေးတော်ပုံကြီး မည်မျှမှန်ကန်ကြောင်း ထင်ရှားလှပေသည်။

ထို့နောက်ပိုင်းတွင် ကျောင်းသားထုသည် မိမိတို့ဆုံးရှုံးနေရသေးသော အခွင့်အရေးများအတွက် ဆက်လက် တိုက်ပွဲဝင်နေကြသည်။ ထိုအခွင့်အရေးတိုက်ပွဲများမှာလည်း မိမိတို့ခံစားချက်များနှင့် လိုလားချက်များကို ရိုးသားစွာ တင်ပြခြင်းသာဖြစ်သည်ကို တွေ့ရပေသည်။

၎င်းတို့သည် အချို့သော ဆန့်ကျင်ဘက် ဂိုဏ်းခွဲရေးသမားတစု၏ မတရားစွပ်စွဲချက်ဖြစ်သော ဆူပူရေးသမားများ မဟုတ်ဘဲ၊ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေသူများသာဖြစ်ကြောင်း ၎င်းတို့၏ လှုပ်ရှားမှုများကို ပြန်လည်စစ်ဆေး၍ သိရှိနိုင်ပေသည်။

၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ (အမျိုးသားနေ့)လှုပ်ရှားမှု။
၁၉၆၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ (အောင်ကျော်နေ့) လှုပ်ရှားမှု (အသံတိတ်ဆန္ဒပြပွဲ)။
၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ဇူလိုင်အရေးတော်ပုံတွင် ကျဆုံးသူများ ၆-လမြောက် ဆွမ်းသွတ်ပွဲ။
၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ (အရေးတော်ပုံ ၇ လမြောက်နေ့) ဖိနှိပ်ချုပ်ချယ်မှု အလောင်းကောင် မီးရှို့ပွဲနှင့် အသံတိတ်စီတန်း လှည့်လည် အင်အားပြခြင်း။
၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တောင်းဆိုချက်များအတွက် အစာငတ်ခံဆန္ဒပြပွဲ။

ဖော်ပြပါ လှုပ်ရှားမှုများသည် ကျောင်းသားထု၏ ငြိမ်းချမ်းစွာတောင်းဆို တိုက်ပွဲဝင်လိုသောဆန္ဒနှင့် ဆက်လက် ခေါင်းဆောင်နေသူများ၏ မှန်ကန်၍နေနိုင်သော ဦးဆောင်မှု အရည်အသွေးကို အထင်အရှား ပြသခဲ့ပေသည်။

ဇူလိုင်အရေးတော်ပုံ၏နောက်ပိုင်း တက္ကသိုလ် လှုပ်ရှားမှုများကို ဆက်လက်ဦးဆောင် နေသူများသည် အများအားဖြင့် ပြီးပြည့်စုံသော အရည်အချင်းပြည့်ခေါင်းဆောင်များ မဟုတ်ကြသေးသဖြင့် ၎င်းတို့၏လုပ်ရပ်များသည် အချို့နေရာများ၌ မပြောပလောက်သော ချွတ်ယွင်းချက်များရှိနေခဲ့သည်ကို တွေ့ရပေသည်။

သို့ရာတွင် ထိုရဲဘော်တို့၏ ပြင်းပျသော ယုံကြည်ချက်နှင့် ခိုင်မာသော ဇွဲသတ္တိတို့ကိုမှ ၎င်းတို့၏ အောင်မြင်သော လုပ်ဆောင်မှုများက အထင်အရှားဖော်ထုတ်ခဲ့ပြီးဖြစ်လေသည်။

၎င်းတို့သည် ငြိမ်းချမ်းစွာ တွေ့ဆုံဖြေရှင်းရေးမူကို လက်ခံသဖြင့်လည်း အထပ်ထပ်အခါခါ ကြိုးစားခဲ့သည်ကို တွေ့ရပေသည်။ ဤသည်ကိုကြည့်၍ ၎င်းတို့၏ အဆင့်မှန်ကန်သော တိုက်ပွဲပုံစံကို သိသာနိုင်ပေသည်။

တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုများထဲတွင် လက်တွေ့စာပေးပွဲ တိုက်ဖျက်ရေးကော်မီတီနှင့် ပါမောက္ခကြီးများသည် ငြိမ်းချမ်းစွာ တွေ့ဆုံဖြေရှင်းကြခြင်းအားဖြင့် နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိခဲ့သည်ကို တွေ့ခဲ့ရသည်။ အမှန်မှာမူ ထိုနည်းလမ်းအတိုင်းသာ ဖြစ်သင့်ပေသည်။

စစ်ဗိုလ်အစိုးရသည် မိမိ၏ ရာဇမာန်တက်နေခြင်းကို၎င်း၊ ကျောင်းသားထုအပေါ် အထင်မှား အမြင်မှားဖြစ်နေခြင်းကို ရပ်တန့်၍၎င်း၊ လက်ရှိကျောင်းသားပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံခြင်းနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့ပါမူ ကျောင်းသားထုအဖို့ အတော်အသက်ရှူချောင်နိုင်ဘွယ်ရာရှိမည်ဟု ယူဆမိပေ၏။

နောက်ဆုံးအနေနှင့်မူ မြန်မာပြည်တပြည်လုံး ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို တည်ဆောက်နိုင်ကြပါစေဟုသာ ဆုတောင်းလိုပေသည်။

စိုးသိမ်း (ပဲခူး)

ကျေးဇူးတင်လွှာ 

မျက်နှာဖုံးပန်းချီရေးဆွဲပေး၍ ကူညီသော ရဲဘော်ကိုခင်မောင်မြင့် (ပြွန်တံဆာ) နှင့် စာအုပ်ဖြစ်မြောက်ရေးအတွက် လူအင်အား၊ စိတ်ဓာတ်အင်အားဖြင့် အစစအရာရာ ကူညီသော ရဲဘော်ကိုလှမြင့် (သံတွဲ) ရဲဘော်ကိုတင်ထွန်း (ကျောက်တံခါး) တို့အား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်သည်။

မြန်မာတပြည်လုံးရှိကျောင်းသားများ တက်ကြွသောသောစိတ်ဓာတ် ညီညွတ်သောအားဖြင့် ခွပ်ဒေါင်းနှင်အတူ စုရုံးတိုက်ပွဲဝင်ကြရန် တပ်လှန့်လိုက်သော (၁၉၆၂-၆၃ ခုနှစ် တက္ကသိုလ် အရေးတော်ပုံမှတ်တမ်း)

ရေးသူ။ ။ ကိုစိုးသိမ်း (ပဲခူး)
ထုတ်ဝေသူ။ ။ ကိုညွန့်သောင်း (သာရဝေါ)

No comments: