Friday, July 4, 2014

ခွပ်ဒေါင်းနှင့်အတူ (၁) - ကိုစိုးသိမ်း (ပဲခူး)

မလဲကျသေးသော ခွပ်ဒေါင်းအောင်လံ 

စစ်ဗိုလ်အစိုးရသည် ဇူလိုင်ရက်စက်မှုကြီးကို ကျူးလွန်ပြီးသည့်နောက် တက္ကသိုလ်မြေတွင် ခွပ်ဒေါင်း လည်တိုင်ကျိုးပြီဟု ထင်နေကြ၏။ 

သြဂုတ်လ ၂၇-ရက်နေ့တွင် ကျောင်းပြန်ဖွင့်သည့်အခါ၌လည်း ကျောင်းသားထုသည် လူဆိုးများသဖွယ် အမျိုးမျိုးအစစ်ဆေးခံ၍ အထပ်ထပ်လက်မှတ်ထိုးလာကြရသည်ဖြစ်ရာ တက္ကသိုလ်ကြီးကိုတော့ ငါတို့ထင်သလို ချယ်လှယ်နိုင်ပြီဟုလည်း ထင်နေကြပေသည်။ မိမိတို့ကိုယ်ကိုပိုင်လှပြီဟုလည်း အထင်ကြီးနေကြလေသည်။ ဗိုလ်နေဝင်း၏ ဓားကြိမ်းကြိမ်းထားသံကြောင့်လည်း သတ္တိပြောင်လှသော သူရဲကောင်း နိုင်ငံရေးပါတီကပင် နားရွက်မျှမလှုပ်ရဲဘဲ အမြီးကုပ်၍နေကြချိန် ဖြစ်နေပေသည်။ မသာအိမ်တွင် ရဲရဲငိုဝံ့သူမရှိအောင်လည်း သူတို့တတွေက ခေတ်ကောင်းနေသည် မဟုတ်ပါလော။ 

တက္ကသိုလ်တွင်မူ ခွပ်ဒေါင်းအောင်လံကတော့ မလဲကျသေးပါချေ။ ကျောင်းသားထုသည် ဆက်လက်၍ တိုက်ပွဲအတွက် တာစူအားယူနေကြပေသည်။ သို့ရာတွင် တကသ ခေါင်းဆောင်များကား အဖမ်းခံနေရသူနှင့် ပြေးရသူများသာဖြစ်နေရာ တိုက်ပွဲအတွက် အဆက်ပြတ်နေခဲ့ပြီ ဖြစ်လေသည်။ 


သို့ရာတွင် ကျောင်းသားထုသည် စုစည်းမိရသရွှေ့အင်အားဖြင့် ကျောင်းဆောင်များတွင် သဟာယ နှင့် စာဖတ်အသင်းများ ပြန်လည်ဖွဲ့စည်းခဲ့ကြပေသည်။ ယင်း S & R အသင်းများသည် ယခင်ကာလများကဲ့သို့ ထမင်းစားရေသောက်လုပ်ငန်းများကိုသာ လုပ်ရန်မဟုတ်တော့သောကြောင့်လည်း အားလုံးက သဘောပေါက်နေကြပြီဖြစ်၏။ အားလုံးသည် တက်တက်ကြွကြွဖြစ်နေ၏။ တိုက်ပွဲများကား မဝေးတော့ပြီ။ 

ကျောင်းဆောင်များ၏ နှစ်ဝက်ညစာစားပွဲများမှ S & R ဥက္ကဋ္ဌများ၏ မိန့်ခွန်းများသည် ဇူလိုင်အရေးတော်ပုံနှင့်ပတ်သက်၍ သတိပေးနှိုးဆော်ထားသည်ကို အများအပြား ကြားလာရပေသည်။ ဇူလိုင် ၇ ရက်ဟူသော အသံကိုကြားလိုက်လျှင်ပင် ကျောင်းသားထုသည် ယင်းအဖြစ်ဆိုးကြီးဖြစ်ပွားရသည်အထိ ဖန်တီးခဲ့သော ကျောင်းဆောင်စည်းကမ်းဆိုးများနှင့် ယင်းတို့၏ တရားခံများကို မကြားဝန့် မနာနိုင်လောက်အောင်ပင် နှလုံးနာနေကြပေသည်။ 

ထိုကဲ့သို့ ဆုံးရှုံးနေသော အခွင့်အရေးများကို ဆက်လက်တိုက်ပွဲဝင် တောင်းဆိုရန်အတွက် တကသ ကား ခေတ္တအားဖြင့် ဖျက်သိမ်းခြင်းခံထားရရာ တကသ မရှိမိကာလတွင် ကျောင်းဆောင်ပြဿနာများကို ဖြေရှင်းရန်အတွက် ယခင်က အစဉ်အလာအားဖြင့်ရှိခဲ့သော သဟာယနှင့် စာဖတ်အသင်းများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းရန် စဉ်းစားမိကြလေသည်။ 

ထိုအဖွဲ့ချုပ်ဖြစ်မြောက်ရေးအတွက် စတင်ကြိုးပမ်းကြသူများမှာ အမရဆောင်မှ ကိုတင်အေးနှင့် ကိုချစ်ဆောင်၊ တကောင်းဆောင်မှ ကိုစိုးသိမ်းနှင့် ပုဂံဆောင်မှ ကိုတင်ထွန်းဆိုသူတို့ပင် ဖြစ်ပေသည်။ ထိုလူလေးယောက်တို့သည် အခြားအဆောင်များမှ စိတ်ဝင်စားသူ ကိုယ်စားလှယ်များကိုဖိတ်ခေါ်၍ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဘီအိုစီကောလိပ် မြက်ခင်းပြင်၌ ဆွေးနွေးပွဲတခု ကျင်းပခဲ့လေသည်။ နောက်ဆုံးတွင် အဖွဲ့ချုပ်ဖွဲ့စည်းခွင့်ကို တိုက်ပွဲ၏အစ မြေစမ်းခရမ်းပျိုးသဘောဖြင့် တောင်းဆိုကြည့်ရန် ဆုံးဖြတ်ကြလေသည်။ ဇူလိုင်အရေးတော်ပုံ၏နောက်ပိုင်းတွင် ပဋ္ဌမဦးဆုံးသော ရေပွက်ကလေးတခုအနေဖြင့် ထပွက်လိုက်သော အဆိုပါ ဘီအိုစီကောလိပ်ဆွေးနွေးပွဲသည် စစ်ဗိုလ်အစိုးရ၏ သစ္စာရှိစုံထောက်များ၏ သတင်းပေးချက်ကြောင့် တာဝန်ရှိသူများက လာရောက်ရုပ်သိမ်းစေသဖြင့် ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ရသော်လည်း အဖွဲ့ချုပ်တိုက်ပွဲအတွက် တာဝန်ခံတောင်းဆိုရန် ကော်မတီတခုကိုကား အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း ကြားသိခဲ့ရပေသည်။ 

(ထိုပြင်ဆင်ရေး ကော်မတီ၌ အထက်တွင်ဖော်ပြခဲ့သော လေးဦးနှင့် မထိုက်ထိုက်(တီတီစီ)တို့ ပါဝင်သည်။ မထိုက်ထိုက်မှာ နောင်မှအကြောင်းမညီညွှတ်၍ နှုတ်ထွက်သွားရာ ကော်မီတီမှာ လေးဦးကော်မီတီအဖြစ် ကျန်ရစ်ပေသည်)။ 

ထိုအချိန်တွင် တက္ကသိုလ်၏ ဇူလိုင်အရေးတော်ပုံ နောက်ပိုင်းပဋ္ဌမဦးဆုံးသော ကျောင်းသားထု လှုပ်ရှားမှုကြီး အနေဖြင့် “အမျိုးသားနေ့ စတုဒီသာ သပိတ်မှောက်ပွဲကြီး” ဖြစ်ပွားခဲ့ပေသည်။ 

အမျိုးသားနေ့၌ တက္ကသိုလ်ဆရာအသင်းက စတုဒီသာ ကျွေးမွေးပွဲကြီး ကျင်းပသည်။ ကျောင်းသားထုက ဆရာအသင်းသည် စစ်ဗိုလ်အစိုးရ၏ ခိုင်းစေချက်အရသာလျှင် အမျိုးသားနေ့၏ အစဉ်အလာပုံစံကိုဖျက်ဆီး၍ ပျော်ပွဲရွှင်ပွဲ အသွင်ပြောင်းခြင်းဖြစ်သည်ဟု ယုံကြည်ကြလေသည်။ 

သို့ဖြစ်ရာ နိုဝင်ဘာလ ၂၁ ရက်အမျိုးသားနေ့တွင် မိမိတို့ဆိုင်ရာ ကျောင်းသားထုကို ကျောင်းဆောင် S & R များကဦးစီး၍ ဒိုးပတ် အိုးစည်ဝိုင်းများဖြင့် ဗိုလ်အောင်ကျော် ကျောက်တိုင်သို့ စုဝေးချီတက်ကြသည်။ ထို့နောက် မိမိတို့၏ ခံစားချက်များကိုဖွင့်အံ၍ သံချပ်များ ထိုးကြသည်။ စတုဒီသာမစားဘဲ သပိတ်မှောက်ကြသည်။ “ဗိုလ်ကြီးကျွေးတဲ့ အပင်းတွေ မစားနဲ့မစားနဲ့” ဟု ဆန္ဒပြဟစ်အော်ကြသည်။ ဤသည်မှာ ကျောင်းသားထုတရပ်လုံး ပြန်လည် လူးလွန့်လာသောအချိန်ပင် ဖြစ်ပေသည်။ အာဏာပိုင်တို့အဖို့လည်း မျက်လုံးပြူး မျက်ဆံပြူးဖြစ်ရသောကာလပင် ဖြစ်ပေသည်။ ပထမဦးဆုံးအကြိမ် ဘုရားတ,ရသော အချိန်လည်းဖြစ်မည် ထင်ပေသည်။ 

ခွပ်ဒေါင်းအောင်လံကား မလဲကျသေးပါတကား။ 
ခွပ်ဒေါင်း နိုးကြားလာလေပြီ။ 
အိုးဝေ တွန်စပြုလေပြီ။ 

------------------------------------------------- 

ဒီဇင်ဘာ လှုပ်ရှားမှုများ 

ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ တက္ကသိုလ်နယ်မြေတွင် ညတိုင်းလိုလိုပင် မကြေနပ်ချက်များကို ဟစ်အော် ကြွေးကျော်သံများ ကြားရပေသည်။ 

ထိုအချိန်တွင် လေးဦးကော်မီတီသည် S & R အဖွဲ့ချုပ် ဖွဲ့စည်းခွင့်ရရေးအတွက် တဆင့်ပြီးတဆင့် တောင်းဆိုနေပေသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျောင်းသားရေးမှူး ဦးစံထွန်းနှင့် လေးဦးကော်မီတီ တွေ့ဆုံသည်။ ဦးစံထွန်းက ယင်းအဖွဲ့ချုပ် ဖွဲ့စည်းခွင့်ပြဿနာကို ပါမောက္ခချုပ်ထံတောင်းဆိုရန် ပြန်ကြားလေသည်။ နိုဝင်ဘာလ၂၈ ရက်နေ့တွင် လေးဦးကော်မီတီက ပါမောက္ခချုပ်နှင့် အဓိပတိထံသို ထိုကိစ္စကို ရှင်းလင်းတင်ပြတောင်းဆိုသည်။ 

ဒီဇင်ဘာ ၃ ရက်နေ့တွင် ပါမောက္ခချုပ်နှင့် လေးဦးကော်မီတီတွေ့ဆုံဆွေးနွေးသည်။ ထိုပုဂ္ဂိုလ်ကြီးက စစ်ဗိုလ်အစိုးရ၏ သံယောင်လိုက်၍ “အဖွဲ့ချုပ်ဖွဲ့စည်းရန် မလိုပါ။ S & R တွေရှိနေရင် ကျောင်းဆောင်ပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်” ဟု ဝိုးတိုးဝါးတားအဖြေကိုပေးခဲ့သည်။ ထို့နောက် ကျောင်းဆောင်ကော်မီတီနှင့် တွေ့ဆုံပေးမည်ဟု ကတိပေးသည်။ ၎င်းတို့အနေဖြင့် ကျောင်းသားအခွင့်အရေးများ ဆုံးရှုံးနေသည်ဆိုခြင်းမှာ ယုံတမ်းစကားဟု ထင်နေဟန်ရှိပေသည်။ 

သို့ရာတွင် ၇ ရက်နေ့ညနေတွင် ဘွဲ့နှင်းသဘင်ခမ်းမ၌ လေးဦးကော်မီတီ၏ ရှင်းလင်းတင်ပြချက်များကို အားလုံးက မငြင်းနိုင်ဘဲ လက်ခံလာပေသည်။ ကျောင်းဆောင်ကော်မီတီတွင် ဗိုလ်မှူးကြီးတင်စိုး၊ ဒုဗိုလ်မှူးကြီးလွင်၊ ဒုဗိုလ်မှူးကြီးစံမြင့်၊ ပါမောက္ခချုပ်ဦးကာ၊ ကျောင်းဆောင်ရေမှူး ဦးယုခင်၊ ဦးခင်ညို၊ ဦးရုံမိုးတို့ ပါဝင်ဆွေးနွေးကြသည်။ 

လေးဦးကော်မီတီဝင်များက ကျောင်းဆောင်များမှ နစ်နာချက်များပြဿနာ၊ တက္ကသိုလ်ဗြူရိုကရေစီ အုပ်ချုပ်ရေးပြဿနာနှင့် ဇူလိုင် ၇ ရက် နစ်နာချက်များ ပြဿနာတို့ကို တင်ပြကြသည်။ ယင်းပြဿများကို သဟာယနှင့် စာဖတ်အသင်းအဖွဲ့ချုပ် ဖွဲ့စည်းပြီးမှသာလျှင် ပိုမို၍အတိအကျ ကိုင်တွယ်နိုင်မည်ဟု အခိုင်အမာပြောဆိုကြသည်။ 

ကျောင်းဆောင်ကော်မတီအနေဖြင့် ယင်းအဖွဲ့ချုပ်ကို ဖွဲ့စည်းသင့်ကြောင်း ခံယူသော်လည်း တက္ကသိုလ်အခြေအနေမှာ စိတ်မချရသေးဘဲ (နိုင်ငံရေးပယောဂများ ပါဝင်မည်စိုး၍) ဖွဲ့စည်းခွင့်မပေးနိုင်ကြောင်း ပြန်ကြားခဲ့ပေသည်။ 

သို့ရာတွင် လေးဦးကော်မီတီသည် စိတ်မလျှော့သေးဘဲ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တက္ကသိုလ် ပညာရေးဋ္ဌာနဆိုင်ရာ အရာရှိများဖြစ်သော ဗိုလ်မှူးကြီးတင်စိုး၊ ဗိုလ်မှူးကြီးသန်းစိန်၊ ဒုဗိုလ်မှူးကြီးလွင်၊ ဗိုလ်မှူးမောင်မောင်သန်းထွန်းတို့နှင့် သွားရောက်တွေ့ဆုံကာ ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးတောင်းဆိုကြလေသည်။ ၎င်းတို့၏ တောင်းဆိုချက်များကို ခြုံ၍ကြည့်လျှင် 

(၁) သဟာယနှင့် စာဖတ် အသင်းချုပ်ဖွဲ့စည်းခွင့်ပေးရန်။ 

(၂) ဇူလိုင် ၇ ရက်အရေးတော်ပုံမှ နစ်နာချက်များကို တာဝန်ယူဖြေရှင်းပေးရန်။ 

(၃) ဖမ်းဆီးထားသော ကျောင်းသားများကိစ္စကို တရားဥပဒေဘောင်အတွင်းမှ ရဲရဲဝန့်ဝန့်ဖြေရှင်းပေးရန်။ 

(၄) ကျောင်းသားများကို ထပ်မံဖမ်းဆီးခြင်းများ ရပ်တန့်ရန်။ 

(၅) မတရားကျောင်းဆောင် စည်းကမ်းဆိုးများနှင့် တက္ကသိုလ်မှ အုပ်ချုပ်ရေးစံနစ် မူမမှန်မှုများကို တာဝန်သိသိ ဖြေရှင်းအရေးယူပေးရန်။ 

ဟူသော အချက်ငါးချက်ကို တွေ့ရပေသည်။ ထိုတောင်းဆိုချက်များမှာ ယထာဘူတကျ၍ တရားသော မှန်ကန်သော တောင်းဆိုချက်များသာဖြစ်သည်။ 

သို့သော်လည်း စစ်ဗိုလ်အစိုးရ၏ တာဝန်ရှိသူပုဂ္ဂိုလ်များသည် ယင်းပြဿနာများကို ကလေးကစားစရာ သဘောထား၍ တရားဝင် အရေးယူခြင်းမပြုခဲ့ပေ။ ပြီးစလွယ်သာ ခေါင်းငြိမ့်ခဲ့ပေသည်။ ကျောင်းသားများကို ပျားရည်နှင့် ဝမ်းချခဲ့ကြသည်။ အဆောင်တံခါးများကိုဖွင့်ပေး၍ ထမင်းစားချိန်ပြောင်းပေးရုံလောက်သာ အပြောင်းအလဲရှိခဲ့ပေသည်။ 

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လေးဦးကော်မီတီသည် ကျောင်းဆောင် S & R ကိုယ်စားလှယ်များကို ဖိတ်ခေါ်၍ မိမိတို့၏ လုပ်ဆောင်ချက်များကို တင်ပြကြသည်။ အကြံဉာဏ်များ တောင်းကြသည်။ နောက်ဆုံးတွင် လေးဦးကော်မီတီကို တိုးချဲ့၍ ၁၄ ဦးကော်မီတီအဖြစ် ဖွဲ့စည်းလိုက်ကြသည်။ အဖွဲ့ချုပ်နှင့် တောင်းဆိုချက်များရရှိသည်အထိ ဆက်၍တိုက်ပွဲဝင်ကြရ၏။ ဆုံးဖြတ်လိုက်ကြပေသည်။ 

တက္ကသိုလ်နယ်မြေသည် လှုပ်ရှားနေ၏။ “လိုတာမရရင် ရတာမယူနဲ့” ဟူသော စာတမ်းများကို ရေးထိုး၍ တိုက်ပွဲဦးတည်ချက်သို့ အားစုချီတက်နေကြလေသည်။ 

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် လေးဦးကော်မီတီနှင့် တွေ့ဆုံခဲ့သော ဗိုလ်မှူးကြီးများသည် ၁၄-ဦး ကော်မီတီကို ခေါ်ယူတွေ့ဆုံကြရပေမည်။ ၁၄ ဦးကော်မီတီကလည်း ယခင်တောင်းဆိုချက်များကို မမှိတ်မသုန် ဆက်လက်၍ ကြံ့ကြံ့ခံတောင်းဆိုကြလေရာ၊ တရားမဝင်သော လိုက်လျောချက်များကိုသာ တုံ့ပြန်ခဲ့ပေသည်။ ဤတွင် တက္ကသိုလ်နယ်မြေ၌ “လိုက်လျောချက်များအတွက် မတွေဝေကြနှင့်၊ ဆက်လက်တိုက်ပွဲဝင်ကြ” ဟူသော အားပေးသူများ ပိုလာခဲ့ပြန်လေသည်။ 

ယင်းသို့အားဖြင့် ဒီဇင်ဘာလတွင်း လှုပ်ရှားမှုများ ဒီရေတက်နေချိန်တွင် ၁၄ ဦး ကော်မီတီ (သို့မဟုတ်) သဟာယနှင့် စာဖတ်အသင်းချုပ်ဖြစ်မြောက်ရေး (ယာယီ) ကော်မီတီသည် နှစ်ခြမ်းကွဲခဲ့ရပေသည်။ 

ယင်းသို့ကျောင်းသားထု၏ မြှော်လင့်ချက်ရောင်ခြည်ကို မြင်စပြုချိန်တွင် ဦးဆောင်နေသော အဖွဲ့အစည်းတခု ကွဲပြားရခြင်းမှာလည်း သေချာစွာဆန်းစစ်ကြည့်ပါက ကျောင်းသားထု၏ သွေးစည်းညီညွှတ်မှုကို အထိတ်အလန့်ကြီးစွာဖြင့် ဖျက်ဆီးလိုသော ဂိုဏ်းခွဲရေးသမားတို့၏ လက်ပါးစေများကြောင့်ပင်ဖြစ်ကြောင်း သိလာပေသည်။ 

လေးဦးကော်မီတီတွင် ပါဝင်ခဲ့သော ကိုချစ်ဆောင် (အမရ)သည် တိုက်ပွဲ၏လမ်းကြောင်းကို ကျောင်းသားထုနှင့် ဆန့်ကျင်၍ သွေးကြောင်စွာ ရှေ့တိုးလိုသည့် ရွှေပြည်ဧဝါဒသမားတစုနှင့် ပူးပေါင်းခဲ့သည်။ 

လေးဦးကော်မီတီမှ ကျန်သောရဲဘော် ၃ ဦးနှင့် အဆောင်ကိုယ်စားလှယ်အများစုကမူ ကျောင်းသားထုအား မှန်ကန်သော၊ တရားသော အကြမ်းမဖက်သော နည်းလမ်းများဖြင့်ဦးဆောင်၍ ရဲရဲဝန့်ဝန့် တိုက်ပွဲဝင်ရန် သဘောတူညီကြပေသည်။ 

နောက်ဆုံးတွင် အဆိုပါ ကိုချစ်ဆောင် ဦးဆောင်သော ရွှေပြည်ဧဝါဒသမား ကျောင်းသားပွဲစားများ၏ သရုပ်သကန်ကို အမှန်ဖော်ပြနိုင်ရန်အတွက် လေးဦးကော်မီတီမှ ကိုတင်အေး၊ ကိုစိုးသိမ်းနှင့် ကိုတင်ထွန်း တို့သည် ကိုကြည်ဝင်း(သထုံ)၊ ကိုအောင်မျိုး(အင်းဝ)၊ ကိုလှဖေ(စစ်ကိုင်း)၊ မစိန်စိန်(အင်းလျား)တို့နှင့်အတူ ယာယီကော်မီတီမှ နှုတ်ထွက်ခဲ့ကြပေသည်။ 

ထို့နောက် မိမိတို့၏ယုံကြည်ချက်နှင့် တိုက်ပွဲပုံစံကို တဘက်အုပ်စု၏ပုံစံနှင့်ယှဉ်၍ ကျောင်းသားတရားခွင်တွင် တင်ပြကာ ကျောင်းသားထုက အဆုံးအဖြတ်ပေးပါရန် ပန်ကြားခဲ့ကြလေသည်။ နောက်ဆုံးတွင် ရွှေပြည်ဧဝါဒဘက်တော်သားများ ကြီးစိုးသည့် S & R များကို ကျောင်းသားထုက တဆောင်ပြီးတဆောင်ဖြုတ်ချ၍ တိုးတက်သောအမြင်ရှိသည့် S & R သစ်များကို ဖွဲ့စည်းလိုက်ကြကာ၊ ကိုတင်အေးအုပ်စုအား ထောက်ခံကြောင်း ကျေညာကြလေသည်။ (မန္တလေး၊ ရွှေဘို၊ ဒဂုန်၊ ပဲခူး) 

ထိုအခါတွင် ယာယီကော်မီတီထဲတွင် ကျန်ရစ်သောကြားနေသမားများနှင့် ကိုတင်အေးအုပ်စု လိုလားသူများသည် နှုတ်ထွက်သွားသူများအား ပြန်လည်ဖိတ်ခေါ်ရန် စိုင်းပြင်းကြလေသည်။ S & R အဖွဲ့ချုပ်ဖြစ်မြောက်ရေးအတွက် စတင်လှုပ်ရှားခဲ့သော ကျောင်းဆောင်တခုဖြစ်သည့် တကောင်းဆောင်မှ ကိုယ်စားလှယ် ကိုညွန့်သောင်းက ဖြန်ဖြေရေးသမားပြုလုပ်၍ စေ့စပ်ပေးသည်။ 

နောက်ဆုံးတွင် တက်ကြွ၍ တိုက်ပွဲကို နိုင်နင်းမှန်ကန်စွာ ဦးဆောင်သွားနိုင်မည့် ယာယီကော်မီတီအသစ်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့ (လေးဦးကော်မီတီ ဖွဲ့စည်းပြီးနောက် တလတိတိအကြာ)တွင် ပြန်လည်ဖွဲ့စည်းလိုက်ကြပေသည်။ ယာယီကော်မီတီတွင် ဥက္ကဋ္ဌအဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့ ထားရှိသည်။ ကိုတင်အေးနှင့် ကိုစိုးမြင့်(ရွှေဘို)၊ ကိုညွန့်သောင်း(တကောင်း)၊ ကိုကြည်ဝင်း(သထုံ)၊ ကိုတင်(ပဲခူး)တို့မှာ ဥက္ကဋ္ဌအဖွဲ့ဝင်များဖြစ်၍ အတွင်းရေးမှူးအဖွဲ့တွင် ကိုတင်ထွန်း(လေးဦးကော်မီတီ)၊ ကိုအောင်မျိုး(အင်းဝ)တို့ ပါဝင်သည်။ အတွင်းရေးမှူးချုပ်မှာ ကိုစိုးသိမ်း(လေးဦးကော်မီတီ) ဖြစ်ပေသည်။ ရွှေပြည်ဧဝါဒသမား၊ ကျောင်းသား၊ ပွဲစားများနှင့်ပူးပေါင်း၍ ကျောင်းသားထု တိုက်ပွဲပုံစံကို လွဲမှားစေခဲ့သော ကိုချစ်ဆောင်(လေးဦးကော်မီတီ)ကိုမူ အစည်းအဝေး သဘာပတိအဖြစ်သာ တင်မြှောက်ခဲ့လေသည်။ 

ယင်းသို့အားဖြင့် ယာယီကော်မီတီသည် ကျောင်းသားထု၏ တခဲနက်အားပေးမှုကို ခံယူခဲ့ပေသည်။ မှန်ကန်သော ဦးဆောင်မှုကိုလည်း အဆင့်ဆင့်ပေးနိုင်ခဲ့လေသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ (အောင်ကျော်နေ့) တွင် အောင်ကျော် ကျောက်တိုင်ရှေ့၌ ကြီးကျယ်သော ကျောင်းသားထု၏ အသံတိတ်ဆန္ဒပြပွဲကြီးကို နိုင်နင်းစွာ ကျင်းပနိုင်ခဲ့လေသည်။ ယာယီကော်မီတီ၏ စည်းကမ်းကျနသော ဦးဆောင်မှုကိုလည်း မိဘပြည်သူ တရပ်လုံးက တအံ့တသြ ချီးကျူးခဲ့ကြပေသည်။ 

ကျောင်းသားထုသည် မိမိတို့၏ ငြိမ်းချမ်းသောဆန္ဒပြမှုကို ဖော်ထုတ်ရန်အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့ညတွင် အဓိပတိလမ်းမတံခါးကြီးကို ပိတ်ဆို့ထားခဲ့လေသည်။ မိမိတို့ တောင်းဆိုနေသော အခွင့်အရေးများ မရမချင်း ထိုတံခါးကြီးကို မဖွင့်နိုင်ဟုလည်း ကြွေးကြော်ကြပေသည်။ 

သို့ရာတွင် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ တက္ကသိုလ်နယ်မြေအတွင်းတွင် ပြုလုပ်ကျင်းပသော သိပ္ပံပြပွဲကြီးသို့ မိဘပြည်သူများ လွယ်လင့်တကူလာရောက်နိုင်ရန်အတွက် ထိုတံခါးကြီးကို ယာယီကော်မီတီသည် ဝတ္တရားကျေပြွန်စွာ ပြန်လည်ဖွင့်လှစ်ခဲ့လေသည်။ 

ယင်းသို့ ကျောင်းသားထု၏ လိမ္မာပါးနပ်မှုနှင့် အခွင့်အရေးတိုက်ပွဲကို စည်းကမ်းသေဝပ်စွာ သရုပ်ဖော်နေမှုကြောင့် မိဘပြည်သူတရပ်လုံးက အားရဝမ်းသာ သြဘာပေးနေချိန်တွင် ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင် “စစ်ဗိုလ်အစိုးရ” တခုသည် ခြေမကိုင်မိ၊လက်မကိုင်မိနှင့် တုန်တုန်ရီရီ ဖြစ်နေရလေသည်တကား။ 

ဆက်လက်ဖော်ပြပါမည်။

 

No comments: