ငယ်ငယ်ကကြားဖူးပြီး ကြိုက်ခဲ့တဲ့ အဆိုတော်မင်းမင်းလတ်ရဲ့ သီချင်းတပုဒ်အမည်ပါ။ တေးရေးသူက ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပုသိမ်မောင်စိမ်းသူ။ ငယ်တုန်းကတော့ လေးလေးနက်နက်စဉ်းစားတတ်လို့ ကြိုက်ခဲ့တာမဟုတ်၊ သံစဉ်ဆန်းတာရယ်၊ တေးစာသားက ရိုးရှင်းပေမယ့် ကဗျာလည်းဆန်၊ ဒဿနလည်းပါလို့ ကြိုက်မိတယ်ထင်ပါရဲ့...။ ဒီကနေ့အချိန်မှာ အဲဒီသီချင်း ပြန်နားထောင်ချင်စိတ် ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေတယ်။ ပြန်ကြားချင် ခံစားချင်နေတယ်။ မှတ်မိသလောက်စာသားတချို့ ပြန်တွေးကြည့်တယ်...။
ဒီကမ္ဘာပေါ်မှာ ××× အသက်ရှိတဲ့လူတွေ
သေဆုံးပြီး ခင်ဗျားတယောက်ထဲသာ ××
အသက်ရှိလို့ ×× ဆက်လက်ခါကျန်ရင် ×× ပြောစမ်း ခင်ဗျား ဘာလုပ်အုံးမလဲ ××
ငါးများနဲ့ မြက်နဲ့ ကျောက်ခဲတွေ ××× ပေါ်ဦးသက် ပန်းချီကားတွေနဲ့ ××
မန္တလေးက အရက်ချက်တဲ့ စက်ရုံတွေ ××× မိုးကုတ်ပတ္တမြားတွေရယ် ××
သီချင်းက အားလုံးပေါင်းမှ ကောရပ်စ်အသေးတခု အပါအဝင်မှ သုံးပိုဒ်ပဲရှိတာ။ အဲဒီပထမအပိုဒ်ကတော့ ရှင်းတယ်။ ဘယ်သူမှမရှိတဲ့ ကမ္ဘာကြီးမှာ တယောက်ထဲကျန်ရစ်နေတဲ့ လူတယောက်ကိုရှိသမျှ အားလုံးပိုင်ဆိုင်ခွင့်ပေးလိုက်တာ။ တနည်းပြောရရင် တိုင်းပြည်မှာရှိတဲ့ ရုပ်ဝတ္တုဥစ္စာတွေရှိရှိသမျှ ကြွယ်ဝချမ်းသာနေသူတဦး...။ ဒါပေမယ့် သူ့အနားမှာ ဘယ်သူမှ မရှိဘူး။ သူ့အတ္တပဲရှိတယ်။ ဘယ်သူ့ရဲ့မေတ္တာမှ မရှိဘူး၊ သူ့လောဘနဲ့သူ...။ ဒုတိယသီချင်းပိုဒ်လေးက ပိုပြီးသရုပ်ပေါ်လာလိမ့်မယ်...။
အဲဒီလိမ္မော်ခင်း ×× သင်္ဘောတွေ ငွေတွေ ×× ရှိသမျှအားလုံး ခင်ဗျားပိုင် ××
ဗမာပြည်တခုလုံး ×× ခင်ဗျားပိုင်နေပြီ ××
ပြောစမ်းခင်ဗျား ×× ဘာလုပ်အုံးမလဲ ××
ဟုတ်တယ်၊ ကျနော်လည်း သုခမိန်လှိုင်လို၊ မင်းမင်းလတ်လို အားရပါးရ မေးလိုက်ချင်တယ်။ အဲလောက်အများကြီး ပိုင်ဆိုင်တာတွေနဲ့ ခင်ဗျား ဆက်ပြီး ဘာလုပ်အုံးမှာလဲ။ ခင်ဗျား မပိုင်တာတွေကရော ဘာတွေလည်းဆိုတာ ခင်ဗျား စဉ်းစားမိလား၊ ခင်ဗျားပိုင်ဆိုင်ဖို့ တချိန်လုံးစဉ်းစားနေတာတွေက ဘာတွေလဲ၊ အဲလို ရုပ်ဝတ္တုပစ္စည်းတွေလား၊ ဓနဥစ္စာကြွယ်ဝမှုတွေလား။ လူသားတယောက်အနေနဲ့ တခြားပိုင်ဆိုင်သင့်တဲ့၊ ပိုင်ဆိုင်ရမယ့်အရာတွေကို ခင်ဗျား မပိုင်ချင်တော့ဘူးလား။
ဘဝမှာ ဘယ်သူတွေရဲ့မျက်နှာကိုမှ မထောက်ထားဘဲ ပိုင်ဆိုင်ချင်တာအားလုံးကို အဓမ္မနည်းတွေနဲ့ ယူခဲ့ကြပြီးပြီ။ အာဏာရော၊ ဓနရော၊ လက်ညှိုးညွှန်ရာ အကုန်ရအောင် သိမ်းပိုက်ခဲ့ကြတယ်။ စာနာမှု၊ ကြင်နာမှု၊ ကိုယ်ချင်းစာနာမှုတွေကို ဖယ်ခွာပီးတော့ကို စွန့်စွန့်စားစားနဲ့ အရာရာကို သိမ်းပိုက်ခဲ့ကြတယ်။ သူတပါး နစ်နာမှုတွေကို တချက်ကလေးမှ မျက်နှာမမူဘဲ အကုန်သိမ်းကြုံးယူခဲ့တယ်။ အများပိုင်ဆိုင်မှုတွေကို ခင်ဗျားရဲ့ပိုင်ဆိုင်မှုလို ဗြောင်းဆန်အောင် ပြောင်းလဲပြစ်တယ်။ ဒီအပေါ် ဂုဏ်ယူတယ်၊ သာယာတယ်၊ ပိုပြီးမောက်မာပြတယ်။ ကိုယ့်ဖာသာ တန်ခိုးရှင်လို့ မှတ်ထင်လိုက်တယ်။ ဘယ်လိုနည်းလမ်းနဲ့ ပိုင်ဆိုင်ခဲ့သလဲ၊ အရယူခဲ့သလဲ၊ တရားလား၊ မတရားဘူးလား၊ ကောင်းသလား၊ ဆိုးသလား၊ မှန်ကန်သလား၊ မမှန်ဘူးလား၊ လျှော်ကန်သလား၊ မလျှော်ကန်ဘူးလား… ဘာမှမစဉ်းစားခဲ့ဘူး၊ ထည့်မတွက်ခဲ့ဘူး။
တေးစာသား နောက်ဆုံးအပိုဒ် ကောရပ်စ်လေးကို ခံစားကြည့်ရအောင်... သိပ်ကိုရိုးရှင်းပြီး တည့်တည့်ပြောထဲ့လိုက်တဲ့ အပိုဒ်ပါ။ ဒါပေမယ့် တရားသဘောတွေ၊ လေးနက်မှုတွေပါတယ်။
ခင်ဗျားကြီးတော့ ×× ရူးသွားပါလိမ့်မယ် ××
လူဆိုတာတယောက်မှ မရှိရင် ××
ရှိရှိသမျှ ဥစ္စာဓနတွေ ××
ဘယ်မှာလာ အဖိုးထိုက်တန်မယ် ×××
ဒါပဲ...။ သီချင်းစာသားက ဒီမျှပါပဲ...။
ရုပ်ဝတ္တုရှိရှိသမျှ အားလုံး ပိုင်ဆိုင်တာတော့ မှန်ပါရဲ့။ တရား၏၊ မတရား၏တွေက စကားပြောလာတော့... ခင်ဗျား မပိုင်ဆိုင်တာက လူ့ဘဝအဓိပ္ပာယ်ပါ။ လူသားစိတ်ရှိတဲ့ လူသားဘဝကို ခင်ဗျား မပိုင်ဆိုင်လိုက်ဘူး။ ဘဝတခုရဲ့ အဆင့်အမြင့်ဆုံး အထက်တန်းကျကျစိတ်ဓာတ်ကို ခင်ဗျား မပိုင်ဆိုင်လိုက်ဘူး။ ခင်ဗျားပိုင်ဆိုင်တဲ့အထဲမှာ တိုင်းသူပြည်သားတွေရဲ့ မေတ္တာတရားတွေ မပါလိုက်ဘူး။ မြင့်မြတ်တဲ့၊ ရှင်သန်တဲ့၊ အဖိုးအနဂ္ဂထိုက်တန်တဲ့အရာတွေ ခင်ဗျားရဲ့အိပ်ကပ်ထဲက ထွက်ကျကျန်ခဲ့ပြီ။
ခင်ဗျားအနားမှာ ဘယ်သူမှ မရှိဘူး။ ခင်ဗျားတယောက်ထဲ ကျန်နေတယ်။ ဘယ်သူ့မေတ္တာမှ ခင်ဗျားဆီ တင်ကျန်မနေရစ်ဘူး။ ခါးသီးမှုတွေ၊ ဒေါသတွေ၊ အပြစ်တင်မှုတွေ၊ ပြည်သူတွေရဲ့ တံတွေးစက်တွေနဲ့ ခင်ဗျား ပေကျံပြီး တယောက်ထဲ ကျန်ရစ်ခဲ့တယ်။ အပုတ်နံ့တထောင်းထောင်းနဲ့ နာမည်ဆိုးနေတဲ့ ခင်ဗျားအနားကို ဘယ်သူမှ မကပ်ချင်ကြဘူး။ အဲဒါ ခင်ဗျားရွေးချယ်ခဲ့တဲ့လမ်း။
ခင်ဗျားပိုင်ဆိုင်ခဲ့တဲ့ သင်္ဘောတွေ၊ လေယာဉ်ပျံတွေ၊ တောင်တန်းကြီးတွေနဲ့ မြို့တော်သစ်ကြီး၊ ပြည်သူ့လွှတ်တော်၊ ဖားကန့်နဲ့ မိုးကုတ်၊ ကျွန်းသစ်နဲ့ ဧရာဝတီ၊ ညူကလီးယားနဲ့ မယားပေါင်းများစွာ..။ ခင်ဗျား သိပ်ကိုကြွယ်ဝသွားပြီလား...။ သိပ်ကို အဓိပ္ပာယ်ပြည့်ဝသွားပြီလား။
မိတ်သဟာတွေ သိပ်ကိုစုံလင်သွားပြီလား...။
နောက်ဆုံး ဘဝမှာခင်ဗျားအနားမှာ ဘယ်သူတွေရှိမလဲ။ ခင်ဗျား အတ္တရယ်၊ ခင်ဗျားလောဘနဲ့တင် တသက်တာ ဖူလုံပြီလား၊ လုံလောက်ပြီလား။
အများတကာရဲ့ ထာဝရ ချစ်ခြင်းမေတ္တာနဲ့ အားကိုယုံကြည်မှုတွေရဲ့ ကင်းဝေးရာမှာ ခင်ဗျားတယောက်ထဲ အထီးကျန်စွာ ကျန်ရစ်ခဲ့တာလား...။
မင်းမင်းလတ်ဆိုပြီး ပုသိမ်မောင်စိမ်းသူ ရေးခဲ့သီချင်းလေးတပုဒ်ရဲ့သက်တမ်း ဘယ်လောက်ကြာခဲ့ပြီမသိရပေမယ့် အာဏာရှင်ကြီး ဦးနေဝင်း ဘုန်းမီးနေလ တောက်နေတဲ့ ၁၉၇၀ ကျော်လောက်က ကြားဖူးခဲ့တဲ့သီချင်းလေးပါ...။ ကျနော့်ရင်ထဲ ဒီကနေ့ တိုးဝှေ့ဝင်လာပြီး အတွေးတွေပေးနေတယ်။ အဲဒီသီချင်းကို အခုလို ခေတ်ကာလကြီးမှာ ပြန်နားထောင်ချင်နေတယ်။ ဒီသီချင်းကြားဖူးသူတွေ၊ ပိုင်ဆိုင်သူတွေရှိရင် ကျနော့်ကို တက်ခ်လုပ်ပြီး ပို့ပေးကြပါအုံး...။
ကိုညို (အော်စလို)
၂၇ ဇူလိုင် ၂၀၁၄
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment