Saturday, July 26, 2014

ဒုက္ခသည်ဈေးတနေ့ (လူဗိုလ်)

(တစ်) 

“အဖိုးကြီး ထထ၊ ဒီနေ့ ဈေးနေ့လေ... ကျမ ထမင်းချက်ထားလိုက်မယ်”

“ကလေးတွေ ကျောင်းတက်အမီ စားသွားလို့ရအောင်၊ အမြန်လည်း ပြန်ခဲ့အုံးနော်”

ဟုတ်ပ ဒီနေ့ သောကြာနေ့ဆိုတော့ ဈေးနေ့။ ပြီးခဲ့တဲ့ တနင်္လာနေ့နဲ့ ဗုဒ္ဓဟူးဈေးနေ့တွေမှာ ဈေးမသွားဖြစ်ခဲ့။ ဒါကြောင့် ဒီနေ့တော့ သွားကိုသွားတော့မှ… ပြောမယ့်သာ ပြောရတာပါ။ တခါတခါလည်း နှစ်ပတ်သုံးပတ်အထိကို ဈေးမသွားနိုင်တဲ့အခါလည်း ရှိပါတယ်။ ရှိတော့ရှိတယ် များတယ်လို့တောင် ပြောရမလိုလို၊ အိမ်ရှေ့မျက်စောင်းထိုးမှာရှိတဲ့ ကုန်စိမ်းဆိုင်လေးက ချဉ်ပေါင်ရွက် ၅ ဘတ်ဖိုးလောက်၊ ကန်စွန်းရွက် ၅ ဘတ်ဖိုးလောက်နဲ့ ပြီးသွားရတဲ့ရက်တွေကလည်း အများကြီး။

အခုဟာကလည်း ငွေယားလေးရှိလာလို့လို့ ပြောရမှာပဲ။ နော်ဝေးကို မကြာခင်ကမှ ထွက်သွားတဲ့ ကိုနွေအောင်က ကလေးတွေကို သင်္ကြန်မှာသုံးနိုင်ဖို့အတွက်ဆိုပြီး ရင်းနှီးရာ တအိမ် တအိမ်ကို ဘတ် ၅၀၀ စီပို့လိုက်လို့ ကလေးတွေ စကေးထဲက ကပ်သုံးရမှာ ကလေးတွေကတော့ မသိရှာကြပါဘူး။ တယောက်ကို ၂၀ တန်တရွက်စီနဲ့ သင်္ကြန်သေနတ်လေးတွေ ဝယ်ပေးလိုက်လို့ ပျော်နေကြပြီ။ ဒုက္ခသည်စခန်းမှာကလည်း တတိယနိုင်ငံတခုခုကို ထွက်သွားတဲ့လူတွေ ပြန်ကြင်နာနိုင်မှ အူစိုကြရတာ။


တချို့ဒုက္ခသည်တွေကတော့ တတိယနိုင်ငံတွေမှာ ဆွေမျိုးအရင်းအချာတွေရှိကြလို့ ငွေကို အလျှံအပယ် သုံးနိုင်ကြတယ်။ ဒုက္ခသည်စခန်းထဲမှာ ငွေထုတ်ပိုက်ပြီး ဝင်လာကြသူတွေနဲ့ နိုင်ငံခြားမှာ ဆွေမျိုးရှိတဲ့လူတွေက အခွင့်ထူးခံလူတန်းစားတစ်ရပ်၊ သူများကောင်းစားတာ မနာလို လို့ ပြောခဲ့တယ် အထင်ရှိခဲ့မယ်ဆိုရင်လည်း လွတ်ခွင့်ဗျာ။ ကျနော်တို့ရောက်စ ၂၀၀၆ ခုနှစ် လောက်ကဆို မီးသွေးတအိတ်မှ ၃၅ ဘတ်ထဲ။ အခုတအိတ် ၆၀ - ၇၀ ဖြစ်သွားပြီ။ အဲဒီ လူတန်းစား တွေလက်ချက်ပေါ့။ အိမ်အရောက်သာလာပို့ပေး ၅၀ ပေးမယ်၊ ၆၀ ပေးမယ်နဲ့ လုပ်ကြရာက ဖြစ်သွားတာ။

ဝက်သားဆိုလည်း အရင်ကတကီလိုမှ ၅၀ ပဲ။ အရိုး၊ အသား၊ အဆီ မျှပြီးပါတယ်။ အခုတော့အသားချည်း သက်သက်ဆို ၁၀၀ ဖြစ်သွားပြီဗျ။ အသားကောင်းကောင်းပဲပေးနော် ဈေးပိုပေးမယ် ဈေးပိုပေးမယ်နဲ့ ဈေးဖျက်လိုက်ကြတာပေါ့။ ခုဆို အရိုးချည်းသက်သက်တောင် တကီလို ၅၀ ဖြစ်ကုန်ပြီလေ။

ဆွေမျိုးမရှိကြပေမယ့် ခင်ရာမင်ရာတွေက လှမ်းပို့ပေးတဲ့လူတွေလည်းရှိကြပါတယ်။ တူရာ တူရာ အစုအဖွဲ့လေးတွေအလိုက်လေ။ ဥပမာ - နိုင်ငံရေးသမားချင်း တူကြတာမျိုးလိုပေါ့။ ဒီလိုမျိုး အစုအဖွဲ့လေးတွေက ကျနော်တို့ နို့ဖိုးစခန်းမှာက အများသား။ အဖွဲ့အစည်းသဘောအရဆိုရင် NLD တို့၊ ABSDF တို့၊ နိုင်ငံရေးအကျဉ်းသားသမဂ္ဂတို့၊ မျိုးချစ်စစ်သည်ဟောင်းအဖွဲ့တို့လိုမျိုး တိုင်းရင်းသားအရဆိုရင်လည်း ရခိုင်လူမျိုး၊ မွန်လူမျိုး၊ ချင်းလူမျိုး၊ ကချင်လူမျိုး စသည်ဖြင့် အချင်းချင်းပြန်ကူညီကြတာလေးတွေက ကြည်နူးစရာပီတိဖြစ်စရာ။ ပုံမှန်တောင်းကြ ပို့ကြတာလေးတွေရှိကြသလို အရေးပေါ်အခြေအနေတွေအရ ကလေးမွေးခါနီးလို့၊ နေမကောင်းလို့၊ ဘာအခမ်းအနား ညာပွဲတော်ရှိလို့ စသဖြင့်တွေလည်း ရှိတတ်ကြသေးတယ်။

ဒီလို ပြန်ပြန်ပြီးကူညီကြတဲ့အထဲမှာ တောင်းစရာကိုမလိုဘဲ အလိုက်တသိနဲ့ ပြန်ကူနေတဲ့ ထူးထူးခြားခြား အဖွဲ့တဖွဲ့လည်းရှိလေရဲ့။ ယမကာလုလင်ဆိုတဲ့ အဖွဲ့ပေါ့ဗျာ။ သူတို့အဖွဲ့ကတော့ တကယ့်နယ်ခြားမဲ့ပဲ။ သူတို့မှာ ဘာတံဆိပ်၊ ဘာအလံမလည်း မရှိဘူး။ သောက်ဖူးသူချင်းဆို ရပြီ။ သူတို့နဲ့ပတ်သတ်ပြီး အိမ်ရှင်မတွေဆီက လျှံထွက်လာတဲ့ စကားရှိတယ်လေ။ ဘာတဲ့…

“ရှင်တို့ နိုင်ငံရေးသမားတွေထက် အရက်သမားတွေကမှ သ့ယောဇဉ်တို့၊ သစ္စာတို့ ပိုရှိကြသေးတယ်တဲ့။ လက်တွေ့ပဲ အာနဲ့ မဟုတ်ဘူး။ သူတို့အချင်းချင်းက ဖုန်းဆက်စရာတောင် မလိုဘူး။ ဘယ်သူ့ကို ဘယ်လောက်ဆိုတဲ့စာရင်းနဲ့ အိမ်အရောက် စီစဉ်ပြီးပို့ပေးကြတာ။ ရှင်တို့ ရဲဘော်ရဲဘက်ဆိုသူတွေကတော့ ဖုန်းနံပါတ် လျှို့ဝှက်ထားရတာတို့၊ ဖုန်းဆက်ရင်မကိုင်ချင်တာတို့ ကလေးတွေကို ကိုင်ခိုင်းပြီး မရှိဘူးလို့ ပြောခိုင်းတာတို့နဲ့။ ဖုန်းရပြန်တော့လည်း အဆင်ပြေရဲ့လား အဆင်ပြေရဲ့လား မေးမေးနေသေးတယ်။ ဖြစ်မှဖြစ်ရလေတော်။ ဒီဒုက္ခသည်စခန်းမှာ တဝနေပြီးမှ ထွက်သွားကြတဲ့လူတွေကများ အဆင်ပြေကြရဲ့လားတဲ့ မေးရက်ကြတယ်ရှင်။ ဪ… ဪ… ။ အံ့ပါ့”

(နှစ်) 

“ဟောဒီမှာ အမဲသားအသားကောင်းကောင်းလေးတွေရမယ်နော်…”

အမဲသားဆိုပေမယ့် ဒီက အမဲသားက အတန်းအစားတွေက အများသား...။ မိုးခိုသားတို့၊ အသည်းတို့၊ ပေါင်သားတို့၊ ကလီစာတို့ကနေ ခေါင်း၊ အမြီး၊ အရိုးပေါင်းစုံနဲ့ အရိအရွဲ အစုံရှိတယ်။ နွားတကောင်လုံးက အမွေးတို့၊ ချိုတို့နဲ့ ခွာတွေပဲ ဆိုင်ပေါ် တင်ရောင်းတာ မတွေ့ရမှာ။ ဈေးနေ့ ဈေးနေ့ဆို အမဲသားဆိုင်နားမှာ ထိုင်ထိုင်ပြီးတော့လေ ဒုက္ခသည်တွေထဲက ဘယ်သူဘယ်အဆင့် ဆိုတာကို စစ်တမ်းကောက်လို့ရနိုင်တယ် သိလား။

တချို့ဆို ဆိုင်ရှေ့ရောက်တာနဲ့ မိုးခိုသားအပုံကို လက်ညှိုးထိုး၊ ရာတန်နှစ်ရွက်ကို ပစ်ချပေးလိုက်ပြီး လက်လေး ၂ ချောင်းပဲ ထောက်ပြလိုက်တယ်။ မျက်နှာကလည်း ခပ်မော့မော့ ခပ်တင်းတင်းနဲ့ ။ တချို့ကြပြန်တော့လည်း အသားတို့၊ ကလီစာတို့ ထားတဲ့ဘက်ကိုတောင် မကြည့်နိုင်အား အရိုးတထောင်ထောင်နဲ့ အပုံဘက်က နံရိုးတွေကို ကိုင်ကြည့်လိုက်၊ ဒူးဆစ်ရိုးတွေကို ကိုင်ကြည့်လိုက်နဲ့ တော်တော်နဲ့ကို မဝယ်ဖြစ်ဖူး။ တအောင့် လောက်ကြာတော့မှ ဒီအထဲက ၂၀ ဖိုးလောက် ရောင်းပေးပါဆိုတဲ့ ဖျော့တော့တော့ လေသံမျိုးကို ကြားရလိမ့်မယ်။

ကျနော်က ဈေးတစ်ခါတခါဝယ်ရင် စခန်းအဝင်ဂိတ်နဲ့ UNHCR ရုံးနားအထိ ဈေးအစအဆုံးကို အနည်းဆုံး သုံးလေးခေါက်လောက် လျှောက်ဖြစ်တယ်။ ဒီလိုဈေးဝယ်ရတဲ့အလုပ်က ဒုက္ခသည် စခန်းထဲမှာ နေနေသမျှ ဦးနှောက် အစားရဆုံးအချိန်လို့တောင် ပြောရမယ်ထင်တယ်။ ပါလာတဲ့ ပိုက်ဆံလေးနဲ့ ဟာမိုနီဖြစ်အောင် ဘယ်ဟာကို ဘယ်လောက်ဖိုးဝယ်ရမယ်ဆိုတာ စဉ်းစားရတာကို က အနုပညာပဲ။

ဦးနှောက်ချည်းပဲလားဆိုတော့ မဟုတ်ရပါဘူးဗျာ။ ခြေထောက်တွေကိုလည်း လိုရင်လိုသလောက် အနှေးအမြန်ချိန်ပြီး လျှောက်နေရတယ်။ ဈေးဝယ်ချင်းတိုက်မိမှာ ဈေးသည်နဲ့တိုက်မိမှာအပြင် ဈေးကား၊ ဈေးတွန်းလှည်း၊ ဆိုင်ကယ်နဲ့ စက်ဘီးတွေကိုလည်း ရှောင်ရ ဖယ်ပေးရသေးတယ်။ မျက်လုံးနှစ်လုံးကလည်း ကိုယ်လိုချင်တာလေးတွေ ကျော်မသွားရအောင် မကျန်ခဲ့ရအောင် လမ်းဘေး ဝဲ၊ ယာ နှစ်ဖက်ကို မပြတ်အာရုံစိုက်ထားရတယ်။ ထူးထူးခြားခြား ဘာလေးတွေများ တွေ့မလဲပေါ့။ ဥပမာ ဈေးပေါပေါနဲ့ များများရမယ့်၊ ကိုက်မယ့်ဟာမျိုး။

တခါတခါ စခန်းနဲ့ အနီးအနားရွာတွေက လာရောင်းကြတဲ့ အသီးအရွက်တွေက လတ်ဆတ်တဲ့အပြင် ဈေးလည်း တော်ကြတယ်။ စားလို့လည်း ပိုကောင်းတယ်။ ကြာကြာအထားလည်း ခံတယ်လေ။ မြို့ကနေလာရောင်းတဲ့ အသီးအရွက်တွေက မြေဩဇာတွေ၊ ဆေးတွေ သုံးထားတာများလို့ဖြစ်မယ်။ ကြာကြာအထားမခံဘူး။ ခဏလေးနဲ့ ရိပုပ်ပြီး အနံ့ထွက်လာတတ်တယ်။ စားလို့လည်း သိပ်အရသာမရှိဘူး။

ဈေးဝယ်ရင် နားကိုလည်း အလုပ်ပေးထားရတယ်ဗျ။

“ကဲ… ကဲ… ကုန်တော့မယ်နော်… တကီလို တဆယ်ထဲနဲ့ပဲယူသွား” ဆိုတဲ့ အသံမျိုးကိုလည်း ဂရုစိုက်ရသေးတယ်။ ကုန်ခါနီးပြီဆို ဈေးတော်တတ်တယ်လေ။ ဈေးသည်ရဲ့အသံကိုချည်း မဟုတ်ဘူး။ ဈေးဝယ်အချင်းချင်းရဲ့ အသံတွေကိုလည်း အမှုမဲ့ အမှတ်မဲ့ထားလို့ မရဘူးနော်။

“အမရေ … အောစော်ရုံးရှေ့က ရှမ်းမဆိုင်မှာလေ ခရမ်းချဉ်သီးတွေ တန်မှတန် ၃ ကီလိုမှ အစိတ်ထဲရယ်”

“ဂိတ်ဝနားက ကရင်မကြီးဆီမှာ သံပုရာသီး နှစ်လုံး တဘတ်တဲ့၊ မြန်မြန်သွားဝယ်နော်၊ ဟိုမှာ လုဝယ်နေကြတာ အောင်မလေး... အလကားပေးနေသလိုပဲ…”

“ဟိုးဈေးကားပေါ်က ဝယ်လာတာတော်ရေ့… သင်္ဘောသီးမှည့်တွေ၊ ရွှေဖရုံသီးတွေလည်း ပါတယ်။ ဈေးချိုမှချိုပဲ”

ဒီအသံတွေက မင်္ဂလာသံတွေလေ။ ဒီအသံတွေကြောင့် ပေါချောင်ကောင်းနဲ့ ညားတတ်သလို အိမ်ရောက်ရင်လည်း အဝင်လှပြီး နားပူသက်သာတာပေါ့။ မဟုတ်လို့ကတော့ မသက်သာဘူး သာမှတ်။

“အ ပါ့တော် သူများတွေ ဝယ်လာကြတာ တကီလိုမှ ၁၀ ထဲ။ ရှင့်ကျမှ ၁၅ ဘတ်တောင် ပေးရတယ်ဆိုတော့ သေလိုက်…”

“ဈေးသွားတယ်ဆိုတာ စတိုးဆိုင်မှာ ပစ္စည်းဝယ်သလိုမျိုး မဟုတ်ဘူးရှင့်၊ တဈေးလုံး လျှောက်ကြည့်နိုင်၊ ရှာနိုင်၊ ဈေးဆစ်နိုင်မှတော့။ ရှင့်ပုံစံက ပိုက်ဆံအထပ်လိုက်ကိုင်ပြီး ဈေးဝယ်နည်းမျိုးဆိုတော့ …ပိုက်ဆံရမယ့် အလုပ်တော့ မလုပ်တတ်ဘဲနဲ့”… စသဖြင့် နိဂုံးမချုပ်တတ်တော့ …။

ဟုတ်တော့လည်း အဟုတ်သား။ လောလောဆယ် ဒုက္ခသည်စခန်းမှာက ပြည်တွင်းမှာ ၁၄ နှစ် - ၁၅ နှစ် သင်ခဲ့တဲ့ ပညာတွေနဲ့လည်း လုပ်စားလို့ မရ။ နယ်စပ်တကျောမှာ လေ့လာခဲ့ သင်ခဲ့ရတဲ့ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ ဥပဒေစိုးမိုးရေးတို့ဆိုတဲ့ ပညာတွေနဲ့လည်း လုပ်စားလို့က မရ။ ဂွကျပါ့။

(သုံး) 

ကျနော်တို့ မိသားစုကလည်း အခက်သား။ တယောက်နဲ့တယောက် အကြိုက်က မတူကြဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ဆိုတာကို မြတ်မြတ်နိုးနိုး ယုံကြည်မိပေမယ့် ခုလို အကြပ်အတည်းကာလမှာတော့ ဝန်ထုတ်ဝန်ပိုးဖြစ်တာ အမှန်၊ ဒီတော့ ဈေးတခါတခါလာရင် ကျနော့်မှာ အနည်းဆုံး သုံးမျိုးလောက် ခွဲစဉ်းစားရတယ်။ ကျနော်ကိုယ်တိုင်လာဝယ်တော့ ကျနော့်အကြိုက် ပထမစဉ်းစားမိတာ သဘာဝကျပါတယ်နော်။ ကျနော်က ထူးထူးခြားခြားလေးတွေ ကြိုက်တတ်တယ်ဗျ။ အသီးအရွက်ဆိုရင် ခွေးအီးသီး၊ ခွေးအီးညွန့်၊ ပိန်းနွယ်၊ ပိန်းပွင့်၊ ဆိတ်ဖူးမြစ်နဲ့ ဒရင်ကောက်ညွန့်လိုမျိုး သဘာဝတောထွက် အစာတွေကို ပိုကြိုက်တယ်။

ဝက်သားတို့၊ အမဲသားတို့ဆိုရင်လည်း ဦးနှောက်တို့၊ လျှာတို့၊ ကလီစာတို့ပဲ ကြိုက်တယ်။ ငါးဆိုရင်တော့ ခေါင်းနဲ့ ဝမ်းတွင်းသားပဲ။ ဒါပေမယ့် ကျနော့်အကြိုက်တွေဝယ်သွားရင် အိမ်ကလူတွေ ဘယ်သူမှမစားကြတော့ အခက်သား။ တယောက်တည်းစားရတော့လည်း ပျင်းစရာကြီး။ ဒါကြောင့်ပဲ ကြိုက်တာလေးတွေ တွေ့ပေမယ့် နောက်ဆုံးဦးစားပေး စာရင်းထဲမှာပဲထားပြီး ပိုက်ဆံလေးပိုမှ စဉ်းစားရတယ်။

ဒီတော့ တအိမ်သားလုံးစားလို့ရမယ့် အကြိုက်တူမယ့်ဟာကို အရင်အလှည့်ပေးရပြန်ရော။ ဒါတွေကလည်း ပုံမှန်လိုဖြစ်နေတဲ့ ဈေးပေါပေါ၊ များများရနဲ့ ကြာကြာခံတဲ့ အမျိုးအစားတွေပဲလေ။ ခရမ်းသီး၊ ရွှေဖရုံသီး၊ ဘူးသီး၊ အာလူးနဲ့ ငါး၊ ငါးခြောက်တွေပဲပေါ့။

ကလေး၂ ယောက်က အထူးဦးစားပေးဆိုတော့ သူတို့ကို ကျော်စဉ်းစားလို့လည်း မရပြန်ဘူး။ သူတို့ကြိုက်တဲ့ ပုဇွန်လေး ၂ ခစ်လောက်ဖြစ်ဖြစ်၊ ကြက်အသည်းအမြစ်လေး ၂ ခစ်လောက် ဖြစ်ဖြစ်၊ ကြက်ပေါင်လေး တချောင်း နှစ်ချောင်းဖြစ်ဖြစ် ဝယ်ဝယ်ပေးမှ။ ဒါတင်မကဘူး၊ ရာသီစာ အသီးအနှံတွေပေါ်လာရင်လည်း ကလေးတွေက စားချင်ကြပြန်ရော။ လိမ္မော်သီးတို့၊ သရက်သီးတို့၊ ပြောင်းဖူးတို့၊ လမ်းမရမ်းသီးတို့ စသဖြင့်ပေါ့ဗျာ။ မနက်က ဈေးကိုလာခါနီးတောင် သမီးငယ်က နား နားကပ်ပြီး မှာလိုက်သေးတယ်။

“အဖေ… နန်းအိစံတို့စားတဲ့ ကြက်မောက်သီးလိုမျိုး ဝယ်ခဲ့ပေးနော်” တဲ့။

(လေး) 

“ကိုကိုကျော်အဂ္ဂရေ၊ အဖေ ကြက်မောက်သီးတွေ ဝယ်လာတယ်”

ဝယ်လာတဲ့ ကြက်မောက်သီး ကီလိုဝက်ကို တခါတည်း အကုန်ကျွေးလို့ မဖြစ်ဘူး။ သူတို့စားချင်သလောက်သာ အဝကျွေးလို့ကတော့ ဒီမောင်နှမ နှစ်ယောက်ထဲနဲ့ ၃ - ၄ ကီလိုလောက် ကုန်မယ်။ တဝက်ကို ခွဲချန်ထားပြီး ကျန်တာကို ဝေပေးလိုက်တယ်။ ချန်ထားတဲ့တဝက်ကိုတော့ ကျောင်းသွားမှ ထည့်ပေးလိုက်ရမယ်။ မုန့်ဖိုးထပ်မကုန်တော့ဖူးပေါ့ဗျာ။

ပြီးတာနဲ့ ဟင်းချက်ဖို့ နေရာယူရပြန်ပါလေရော။ ကလေးတွေ အမေက ထမင်းချက်ထားပြီးပြီမို့ ရုံးမသွားခင် အဝတ်တွေ ကမန်းကတန်း လျှော်နေတယ်။ သူက ARC လို့ ခေါ်တဲ့ ကျန်းမာရေးဌာနတခုမှာ ဝန်ထမ်းလုပ်ပြီး တအိမ်လုံးကို ရှာကျွေးနေတာ။ အိမ်ထောင်ဦးစီးဆိုလည်း ဟုတ်ပေါ့။ ကျနော်က မှီခိုအဆင့် ဖြစ်လာပြီးကတည်းက ကြွင်းကျန်အာဏာလို့ ပြောရမယ့် သူမလုပ်တဲ့ တောက်တိုမယ်ရအလုပ် အကုန်လုပ်ရတယ်။ ဒီဘက်နယ်စပ် အမျိုးသမီးအခွင့်အရေးအဖွဲ့တွေ ခေါ်ခေါ်နေတဲ့။ ခေတ်မီယောက်ျားဆိုတာမျိုးပေါ့ဗျာ။

ဝယ်လာတဲ့ငါးကြင်းကို ချက်လို့ရတဲ့ အနေအထားရောက်အောင် ခုတ်ထွင်ရှင်းလင်းလိုက်တယ်။ ဝယ်လာကတည်းက ဗိုက်ဖောင်းဖောင်းကိုရွေးခဲ့တော့ အထဲမှာ ဥတွေပါတယ်လေ။ ဒါက ကလေးတွေအတွက်။ ကျန်တဲ့အသားတွေကိုကျော်ပြီး နောက်အနပ်တွေအတွက် တခုခုနဲ့ရောချက်ဖို့ ချန်ထားရမယ်။ ဒီမနက်စာကိုတော့ ခေါင်းနဲ့အမြီးကို ချဉ်ပေါင်ရွက်နဲ့ရောပြီး အချဉ်ရည်ချက်မယ်ဗျ။ အယ်… နောက်ပြီး ဗိုက်ထဲက အူတွေကိုလည့်း ဒုက္ခသည် ငါးပိနဲ့ရောပြီး ငါးချီးခါး ချက်မယ်။ တို့စရာကတော့ ဝယ်လာတဲ့ ခွေးအီးသီး။ ဒီကောင်က အသီးလို့သာ ပြောတာပါ။ အသီးလိုလို ဥလိုလိုနဲ့ စားလိုက်ရင်လည်း ဓညင်းဝက် စားရသလိုလို။ နာမည်ဆိုးပေမယ့် ခံတွင်းတော့ အတွေ့သား။ မြန်မာပြည်တုန်းက စားဖူးဖို့နေနေသာသာ ကြားတောင် မကြားဖူးခဲ့ဘူး။ တတိယနိုင်ငံရောက်ရင်လည်း ဒိပြင် အသီးအရွက်တွေတော့ ရှိချင်ရှိမယ်၊ ဒါမျိုးကို စားရတော့မှာ မဟုတ်ဘူး။ ပဲသက်သက်နဲ့ နွှဲခဲ့ရတဲ့ ပြီးခဲ့တဲ့ရက်တွေထက် ဒီမနက် ထမင်းပွဲကတော့ ခံတွင်းတွေ့ဦးတော့မှာ အသေအချာ…။

လူဗိုလ် 
၁၈. ၇. ၂၀၀၉

No comments: