အေးခဲနေတဲ့ ဆောင်းတတွင်းလုံးပျောက်နေတဲ့ ယင်ကောင်တွေ ပြန်ပေါ်လာတယ်။ တနေ့က မုန့်ဟင်းခါးချက်တော့ ငံပြာရည်နံ့၊ ငါးညှီနံ့ရလို့နဲ့တူတယ် ယင်ကောင်တွေ ဘယ်က ဘယ်လို ထွက်လာလည်း မသိ၊ တကောင်ပြီးတကောင်။
နွေဆို ပန်းဝတ်ရည်စုတ်တတ်တဲ့ ပျားကောင်လေးတွေ အိမ်ထဲ အလည်ရောက်တတ်လို့ ပျားရိုက်တံလေးတခု အိမ်မှာဆောင်ထားတာ ပျားမရိုက်ရဘဲ ယင်ချည်း သတ်နေရတယ်။ အခုလည်း ပူလို့ နောက်ဖေးတံခါး ဖွင့်ထားတာကို အခွင့်ကောင်းယူပြီး ယင်တကောင် ဝှီးခနဲ ပျံလာတယ်။
သားက သူ့မိုက်ခရိုစကုတ်နဲ့ ယင်ကောင်ရိုက်ပြီး အနုစိတ်ကြည့်တတ်တယ်။ မှန်ဘီလူးနဲ့ အနီးကပ်ကြည့်လိုက်ရင် မျက်လုံးပြူးပြူးရဲရဲ၊ အမွှေးအမျှင်တွေနဲ့ ကြောက်စရာ့ယင်ကောင်ကို သမီးနဲ့သားက စိတ်ဝင်တစား အလုအယက် ကြည့်ကြတယ်။
ဒီယင်ကောင်တွေကလည်း အနံ့ခံတာ သိပ်ကောင်းတယ်။ ဟင်းချက်ဖို့ ငပိ၊ ငါးခြောက်လေး ထုတ်လိုက်ရုံရှိသေးတယ် ချက်ချင်း ဝီခနဲ အပြေးရောက်လာတယ်။ သိပ်မြန်တယ်။ ပြီးတော့ ဘယ်နည်းဘယ်ပုံ အင်ဖော်မေးရှင်း ပို့လိုက်လည်းမသိ။ နောက်ထပ်၊ နောက်ထပ် အကောင်တွေ တိုးလာတယ်။ နောက်ဆုံး အလုပ်တွေ ခဏဖယ် ယင်စစ်ဆင်ရေး အရင်လုပ်ရတော့တယ်။
နော်ဝေးရောက်လာတော့ ပထမဆုံး သတိထားမိတာက အိမ်ထဲမှာ ပုရွက်ဆိတ်၊ ယင်ကောင်၊ ခြင်၊ ပိုးဟတ် နဲ့ ကြွက်တွေကို လုံးဝ မတွေ့ရတာပဲဖြစ်တယ်။ သိပ်ထူးဆန်းသွားတယ်။ ဒီမရောက်မီ အိန္ဒိယမှာ အနှစ် ၂၀ လုံးလုံး ခြင်၊ ယင်၊ ကြွက်၊ ပိုးဟတ်တွေနဲ့ အပေါင်းအသင်းလုပ်ခဲ့ရတော့ သူတို့ကိုပဲ လွမ်းမိသလိုလို ခံစားလိုက်ရသေး...။ အော်စလိုမှာ ကြွက်၊ ပိုးဟတ်၊ ကြမ်းပိုး၊ သန်းတွေကိုမြင်ရပြီဆို အဲဒီလူဟာ အင်မတန် ကံဆိုးမိုးမှောင်ကျနေပြီလို့သာမှတ်။
ကျနော်တို့မရောက်လာမီ အဖြစ်အပျက်တခုကို သူငယ်ချင်းတယောက်က ပြောဖူးတယ်။ သတင်းစာထဲပါလာတဲ့ သတင်းတပုဒ် တဲ့။ ထိုင်းဘက်ကနေရောက်လာတဲ့ မိသားတစုနဲ့အတူ စောင်၊ အဝတ်အစားတခုခုကနေ ကြမ်းပိုးပါလာလို့တဲ့...။ နေ့တွင်းချင်း ချက်ချင်း မြို့နယ်ဆေးရုံနဲ့ အင်းဆက်၊ ဘက်တီးရီးယား နှိမ်နင်းတဲ့အဖွဲ့တွေအပြင် ဓာတ်ပုံသတင်းထောက်တယောက်ပါ အဲဒီအိမ်ရောက်လာတဲ့အကြောင်း၊ ပြီးတော့ နေအိမ်တွင်း မွှေ့ရာ အဝတ်အစား ခေါင်းအုံးတွေသာမက ဆိုဖာထိုင်ခုံတွေပါ အကုန်ထုတ် ဆေးဖြန်းမီးရှို့သတဲ့၊ တအိမ်လုံးလည်း ဆေးတွေဖြန်းပြီး တပတ်ကြာတဲ့အထိ နေ့စဉ် လာရောက်မှတ်တမ်းလုပ်ခဲ့သတဲ့...။ ကြားကြားချင်း အံ့သြလိုက်တာ၊ အဖြစ်သဲလွန်းတယ်ပေါ့...။ ဗမာပြည်ကအခြေအနေ သူတို့ မြင်စေ့ချင်တယ်။ ဗမာပြည်မပြောနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုသွားတာနဲ့တင် သူတို့ ပြဿနာပေါ်မယ်။
ပြောလက်စနဲ့ အိန္ဒိယက ခြင်၊ ယင်နဲ့ ကြွက်တွေအကြောင်း နည်းနည်းပြောပြချင်တယ်။ နွေအခါဆို ခြစ်ခြစ်တောက်ပူတဲ့ မြို့တော်ဒေလီမှာ ယင်တွေလည်း အပူရှောင်ကြတယ်။ နေရောင်မကျတဲ့ တိုက်ကြိုတိုက်ကြား၊ သစ်ရိပ်ကျ လမ်းနံဘေးနဲ့ အိမ်ခန်း သံမံသလင်းပေါ်နဲ့ အုတ်နံရံတလျှောက် ယင်ကောင်တွေ ပြွတ်ခဲနေအောင် အေးအေးလူလူ နားနေတတ်တယ်။ ပတ်ဝန်းကျင်ကလည်း ညစ်ပတ်ပြီး အနံ့အသက်တွေရှိနေတာကိုး...။ လမ်းကြားလေးတွေက ဖြတ်သွားရင် အုပ်စုလိုက် အုံခဲနေတဲ့ ယင်ကောင်တွေ ဝူးခနဲ ဝူးခနဲ ထပြန်သွားတာများ ရုတ်တရက် ဂါဇာကို ကြဲချလိုက်တဲ့ အစ္စရေး ဒုံးကျည်တွေအလား...။ အိပ်ကောင်းခြင်းလည်း မအိပ်ရ မျက်နှာအနား တဝီဝီ၊ စားလည်း ယပ်တချောင်းနဲ့ ခတ်ထုတ်နေရတဲ့ ယင်မောင်းဝေဒနာဟာ အတော်ဆိုးရွားတယ်။
ခြင်အကြောင်း ပြောရအုံးမယ်။ ထုံးစံအတိုင်း ညစ်ပေပွနေတဲ့ ရေမြောင်းတွေနဲ့ ရေဆိုးပိုက်လိုင်းတွေ၊ ပုတ်အဲ့ ရေကန်တွေကြောင့် နယူးဒေလီဟာ ပူချစ်သလောက် ခြင်တွေလည်း တထောကြီး ပျော်ပါးကျက်စားတယ်။ ဗမာပြည်လိုပဲ ခြင်ထောင်နဲ့အိပ်မှ ခြင်ရော၊ ယင်ရော ကာကွယ်ရာရောက်တယ်။ ဒါတောင် ခြင်ထောင်စလေး နည်းနည်းလေးလွတ်တာနဲ့ အပေါင်းအဖော်တွေနဲ့ ခြင်ထောင်ထဲ ရောက်လာပြီ။ ပြီးတော့ ခြင်ထောင်ဇာပေါက်ကနေ ခေါင်းပြူဝင်ပြီး လက်ခြေတွေကို သွေးစုတ်တော့တာပဲ။ တခါက အိပ်ရေးပျက်ပျက်နဲ့အိပ်နေရင်း ခြင်ထောင်နဲ့လက် ကပ်မိသွားရင် ပြွတ်ခဲပြီး သွေးစုတ်လိုက်တာ မနက်ကျတော့ ကိုယ့်လက်က လက်ချောင်းလေးတွေကစပြီး လက်မောင်းရင်းထိ ကြက်ဟင်းခါးသီးလို အဖုအပိန့်တွေကို အံ့မခန်းတွေ့လိုက်ရတယ်၊ သုံး လေးရက်ကြာထိ လက်တဖက်လုံး ဝဲပေါက်နေသလိုပဲ။
ခြင်နဲ့ပတ်သက်ပြီး မမေ့နိုင်စရာလေးတွေအများကြီးထဲက မှတ်မှတ်ထင်ထင် တချို့ပြောရအုံးမယ်။ တခါက ကျနော်နဲ့ သူငယ်ချင်းတွေ ဒေလီအနောက်ဘက်ခြမ်း ပါချင်းဗီဟာဆိုတဲ့ ရပ်ကွက်မှာ အိမ်ငှားနေတယ်။ အိမ်အနောက်ဘက်မှာ ပေ ၂၀၀ ကျော်ကျယ်တဲ့ တူးမြောင်းကြီးကြီးတခု ရှိတယ်။ ရေက ညိုမဲပုတ်အဲ့နေတာပဲ။ ရေဆိုးမြောင်းပါ။ တအိအိနဲ့ စီးနေတဲ့ ချောင်းကြီးဖြစ်ပေမယ့် ရေသေလိုဖြစ်နေတယ်။ ကန်ဘောင်တလျှောက် မြေပတ်ကြားတွေမှာ ခြင်တွေ အသိုက်ဖွဲ့ခိုကြတယ်။ ညမိုးချုပ်တာနဲ့ ခြင်ခေါပဏီတပ်ကြီးအုပ်စုလိုက် အုပ်စုလိုက် မဲနက် လုံးခဲပြီး လေထဲ ဝေ့ဝဲနေရင်း အနီးနားက လူနေတိုက်တန်းတွေဆီ ပျံသန်းလာကြတယ်။
ရပ်ကွက်နေ အိမ်အားလုံး ပြူတင်းတံခါးမှာ ခြင်လုံသံဇကာတွေ ကာထားတယ်။ ဒါလည်း မရဘူး အသေခံတိုးဝင်တယ်။ ဒါကြောင့် မိုးချုပ်တာနဲ့ ပြူတင်းမှန်တံခါးတွေ၊ တံခါးပေါက်တွေကို အမြန်ပိတ်ထားရတယ်။ နို့မဟုတ်ရင် တညလုံး ခြင်တပ်ကြီးနဲ့ နဘမ်းလုံးရမယ်။ ပြောရအုံးမယ်။ တံခါးမကြီးကို နေခင်းဆိုဖွင့်ထားတတ်တော့ အုတ်နံရံနဲ့ တခါးကြားမှာ ခြင်တွေ ခိုနေတတ်တယ်။ နံရံကလည်း အေးစိမ့်နေသလို အလင်းရောင်လည်းမရှိ မှောင်နေတော့ နံ့ရံအကြား ခြင်သိုက်ကြီးလို ဖြစ်နေတယ်။
ဘယ်လောက်အထိ ခြင်အုပ်ကများလည်းဆိုရင် ရုတ်တရက်မြင်ရင် ပျားတွေ အုံဖွဲ့နေသလိုပဲ အုပ်နံရံအဖြူတောင် မပေါ်ဘူး၊ ခြင်တွေ ပြွတ်သီးပြီး ခဲနေတာ အုပ်နံရံတောင် မဲနက်ညိုမောင်းနေတယ်။ တကယ်ပြောတာ၊ ကျနော့်ဘဝမှာ အဲဒီလောက် ခြင်တွေကို တလုံးတခဲကြီး ပြွတ်သိပ်နေတာ မမြင်ဖူးဘူး။ မန္တလေးမှာ ကျောင်းတက်တုန်းက ခြင်မြို့တော်လို့ မှတ်ထင်ခဲ့တာ နယူးဒေလီရောက်မှ မန္တလေးဟာ အကင်းလေးဖြစ်သွားတယ်။ ပူတာရော၊ ခြင်ပေါ်တာရော စံနမူနာတင်ရမယ်။
နေ့စဉ် အိပ်ရာမဝင်ခင် ကျနော်တို့တတွေ မော်စကွီးတိုး အော်ပရေးရှင်း အရင်ဆုံးလုပ်ရတယ်။ ပထမဆုံး သမံသလင်းကြမ်းခင်းပေါ် သတင်းစာတွေ ဖြန့်ခင်းရတယ်။ ဒေလီရောက် မြန်မာကျောင်းသားတွေ အိမ်တိုင်းနီးပါး သတင်းစာယူတယ်။ သတင်းသိဖို့တင်မက အင်္ဂလိပ်လိုလည်း အလေ့အကျင့်ဖြစ်တယ်။ ပြီးတော့ ကြမ်းပြင်ပေါ် ထမင်းစားတော့ သတင်းစာက အခင်းဖြစ်တယ်။ သတင်းစာဆိုဒ်တွေကလည်း အကြီးကြီးတွေ။ အချပ်ပိုတွေကလည်း အများကြီး၊ မဂ္ဂဇင်းဖတ်ရသလို ကဏ္ဍလည်းအစုံ၊ ပြီးတော့ ပိဿချိန်နဲ့ ပြန်ရောင်းစားလို့ရတယ်။
ညမအိပ်ခင် ခန်းလုံးပြည့် သတင်းစာခင်း ပြီးတာနဲ့ ခြင်သတ်ဆေးပြား လေးဒေါင့်အပြာပြားလေးတွေ၊ နာမည်က နိုက်ကွင်း၊ ဂွတ်နိုက်နဲ့ အမျိုးမျိုးပဲ။ အမှန်က တညလုံး အဲဒီဆေးပြားတွေကို စက်ကလေးပေါ်တင် အပူပေးပြီးထွန်းထားတော့ အနံ့နဲ့ ခြင်တွေမခံနိုင်ဘဲ ပြေးတယ်။ ဒါပေမယ့် ကျနော်တို့ဆီက ခြင်တွေက အဲလောက်နဲ့ မဖြုံဘူး။ အဲဒီ ခြင်ဆေးပြားလေးကို တခါထဲ မီးရှို့လိုက်တာ..။ ဘာပြောကောင်းမလဲ ခြင်ဆေးနံ့က ထောင်းခနဲထပြီး မီးခိုးတငွေ့ငွေ့ ထွက်တော့တာပဲ။ အခန်းတံခါးကို လုံအောင်ပိတ်ထားတယ်။ တံခါးအောက် သမံသလင်းနဲ့ လွတ်နေတာလေးကိုတောင် အဝတ်တွေ ဆို့ကာထားသေးတယ်။ မီးလည်း ပိတ်ထားလိုက်တယ်။ လူလည်း ခြင်ဆေးနံ့နဲ့ မူးမိုက်နေတာပဲ။
အာ... ဘာပြောကောင်းမလဲ ခြင်တွေ မူးမိုက်ပြီး သတင်းစာ စာရွက်တော်ပေါ် ပြုတ်ကျနေတဲ့အသံက တဖြောက်ဖြောက်နဲ့ နန်းစတော့ပ်၊ မရပ်မနား။ မိုးသီး မိုးပေါက်တွေ ကျနေသလိုပဲ...။ မိုးပေါက်ကျသံ စဲသွားပြီဆိုမှ တံပျက်စီးနဲ့ အမှိုက်ကော်လေးယူပြီး လှဲကျင်းတော့တာပဲ။ အမလေး ခြင်ထွေးကြီးက ကြောင်ခေါင်းလောက် နီးပါးရှိတယ်။
ကျနော်တို့တတွေ ဖက်ဆစ်ရန်သူတပ်တွေကို ပစ်ခတ်နှိမ်နင်းခွင့်မရခဲ့ပေမယ့် စစ်အစိုးရလိုပဲ ကျနော်တို့အပေါ် သွေးစုတ်အမြတ်ထုတ်ပြီး ရှင်သန်နေတဲ့ အဲလောက်များတဲ့ခြင်တွေကိုတော့ ညစဉ်မပြတ် သတ်ဖြတ်နှိမ်နင်းခဲ့ရတယ်။
ဝဋ်ကြွေးတွေ ကြီးမားပါပေ့...။
(ခဏ ဒီမှာနားပြီးမှ အပျင်းပြေဖတ်ဖို့ နက်ဖန် ဆက်ရေးပါအုံးမယ်၊ စိတ်ဝင်စားစရာကောင်းတဲ့ မဏိပူရက အင်ဖားဆေးရုံ၊ အကျဉ်းထောင်နဲ့ နယူးဒေလီ မီးရထားဘူတာရုံကြီးက ကြွက်၊ ပိုးဟတ် ဂျပိုးနဲ့ သူတို့လို လူတွေအကြောင်းလည်း ကျန်သေးတယ်)
ကိုညို (အော်စလို)
၂၃ ဇူလိုင် ၂၀၁၄
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment