Saturday, July 19, 2014

သူ့မိဘတွေကိုလည်း အားနာပါ (ကိုညို)

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး သတိထားမိတာတခုက အာဇာနည်နေ့ရောက်တိုင်း ဗိုလ်ချုပ်ရဲ့သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးကို လူတော်တော်များများက လှောင်ပြောင် ရှုတ်ချတဲ့ ပြောဆိုမှုနဲ့ အရေးအသားတွေ မြင်နေရတာပါပဲ...။ ကျနော့်စိတ်ထဲအရှိတရား အတိုင်းပြောရရင် အတော်ဝမ်းနည်းတယ်။ အများက ဦးအောင်ဆန်းဦးကို အပြစ်တင်တာ နားလည်သဘောပေါက်ပေးနိုင်ပေမယ့် တဖက်မှာလည်း လိုတာထက်ပိုပြီး အလွန်အကျွံ ပြောနေ၊ ရေးနေ၊ အပြစ်တင်မဆုံးဖြစ်နေကြလို့ သူ့ရဲ့ညီမ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့မိဘနှစ်ပါးဖြစ်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ကိုလည်း အားနာသင့်တယ်၊ သူတို့ မျက်နှာနဲ့ ကျေးဇူးတရားတွေကို ထောက်ထားသင့်တယ်လို့ ခံစားမိပြီး ဒီဆောင်းပါးကို ရေးတာဖြစ်တယ်။ 

ဦးအောင်ဆန်းဦးနာမည်ကို ကျနော်တို့ ၈၈ ပြည်သူ့အရေးတော်ပုံမှာ စပြီးကြားဖူးတယ်။ အောင်ဆန်းဦး ပြန်လာမယ်၊ ဒီမိုကရေစီတိုက်ပွဲကို ဦးဆောင်မယ်ဆိုတဲ့ ကောလဟလတွေနဲ့ စိတ်ခွန်အားတက်ခဲ့တယ်။ နောက်ပိုင်း အမေရိကားနိုင်ငံသား အောင်ဆန်းဦးရဲ့ ပြည်သူ့ထံ အိတ်ဖွင့်ပေးစာတွေတောင် ထွက်လာသေးတယ်...။ အဲဒီတုန်းက ဗိုလ်ချုပ်ရဲ့သားကြီး ဦးအောင်ဆန်းဦးကို တိုင်းပြည်ခေါင်းဆောင်အဖြစ် ကျနော်တို့ စိတ်ကူးမျှော်မှန်းခဲ့တယ်။


နောက်ပိုင်းမှသိရတာက ပင်ကိုယ်စိတ် ခပ်အေးအေးပုံသဏ္ဍန်ရှိတဲ့ ဦးအောင်ဆန်းဦးဟာ နိုင်ငံရေးကို ထဲထဲဝင်ဝင်လုပ်ဖို့ ဆန္ဒမရှိဘူး၊ စိတ်မပါဘူးဆိုတာပါ။ ၁၉၈၈ လား ၁၉၈၉ လားမသိ၊ အင်တာဗျူးတခုမှာ ဒေါ်အောင်ဆန်းစုကြည်က ကျမ အကိုကြီးက နိုင်ငံရေးကို သိပ်စိတ်မဝင်စားဘူးလို့ ရယ်ရယ်မောမော ပြောဖူးပါတယ်။ 

တကယ်ပဲ နောက်ပိုင်း မြန်မာ့နိုင်ငံရေးလောကမှာ ဦးအောင်ဆန်းဦးရဲ့ ပါဝင်ပတ်သက်မှုကိုမတွေ့ရလို့ ကျနော်တို့ ဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ရတယ်။ 

ဒါကလည်း ကျနော်တို့က သူ့အပေါ် ကိုယ့်စိတ်ဆန္ဒစွဲတွေနဲ့ အရမ်းမျှော်လင့်ခဲ့ကြတာကိုး...။ သူ့ စိတ်ဆန္ဒနဲ့ သူ့ဘက်က အနေအထားတွေကိုမှ ကိုယ်က သေချာမလေ့လာနိုင်တာကိုး...။ 

ဦးအောင်ဆန်းဦးအပေါ် အများက ပိုမိုအားမရစိတ်တွေသာမက၊ မလိုတမာစိတ်တွေအထိ ဖြစ်ပွားစေခဲ့တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ပိုင်ဆိုင်မှုအငြင်းပွားခဲ့ကြတဲ့ ပြဿနာပါ...။ အဲဒီပြဿနာပေါ်လာပြီးနောက် ဦးအောင်ဆန်းဦး နာမည်ပျက်ခဲ့တယ်။ အတို့အထောင်လုပ်ပြီး ဖျက်ခဲ့သူတွေက ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးအဖွဲ့တွေဆိုတဲ့ သဲလွန်စတခု ကျနော် ရခဲ့တယ်။ ကျနော် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာနေထိုင်ခဲ့စဉ် အာအက်ဖ်အေ သတင်းထောက် လုပ်ခဲ့တယ်။ မြန်မာသံရုံးက သံအမတ်အပါအဝင် ဝန်ထမ်းတချို့နဲ့ သိကျွမ်းခဲ့တယ်။ 

အဲဒီမှာ စစ်သံမှူးရဲ့တပည့် ထောက်လှမ်းဗိုလ်တယောက်နဲ့ ရင်းနှီးခဲ့တယ်။ သူက ဒေါ်အောင်ဆန်းစုကြည်နေအိမ် အမွေအရှုတ်အထွေး ဇာတ်လမ်းတချို့ ပြောပြတယ်။ သူက ကျနော် သတင်းထောက်ဆိုတော့ စာရေးလို့ရအောင် ကျနော့်ခေါင်းထဲ ထည့်ပေးလိုက်တာပါ။ ကျနော်က ထောက်လှမ်းရေးသတင်းဆို အကုန်အစင် မယုံတာလည်းပါတယ်။ မိသားစုပြဿနာဖြစ်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးအတွက်သာမက နားထောင်တဲ့ ပြည်သူတွေ သောတရှင်တွေအတွက်ပါ အကျိုးဖြစ်စေမယ့် သတင်းအချက်အလက်တွေမဟုတ်လို့ အဲဒီတုန်းက သတင်းမလုပ်ခဲ့ဘူး။ အမှန်တော့ ဗိုလ်ချုပ်အောင်ဆန်းသမီးလည်းဖြစ် ပြည်သူလူထုအပေါ် သြဇာလည်းကြီးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးအမျိုးနာမည်ဖျက်ကြတဲ့အထဲမှာ မောင်နှမချင်း သွေးခွဲပြီး နာမည်ပျက်အောင်လုပ်ခဲ့တာပါ။ 

ဗိုလ်ချုပ်မျိုးဆက်တွေ မြန်မာ့နိုင်ငံရေးထဲဝင်လာမှာကို စစ်အာဏာရှင်တွေက အရမ်းစိုးရိမ်ပူပန်ကြတယ်။ မလိုလားဘူး။ ဒါကြောင့် ဗိုလ်ချုပ် သားသမီး နှစ်ယောက်စလုံးကို နာမည်ပျက်အောင် ဇာတ်လမ်းအမှန်နဲ့ အမှားတချို့ ရောစွက်ပြီး ဖန်တီးကြတာပါ။ ခဲတလုံးနဲ့ ငှက်နှစ်ကောင် မှန်အောင် ပစ်တာပါ။ ဒါကို သတိမူကြဖို့လိုတယ်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားအကြီးဖြစ်တဲ့ ဦးအောင်ဆန်းဦးကို နိုင်ငံရေးလောကထဲ တစိုးတစိမှ ခြေချလို့မရအောင်၊ မောင်နှမချင်းသွေးကွဲအောင်၊ နာမည်ပျက်အောင် ဖျက်ကြတာပါ။ ဒါဟာ ဦးနေဝင်းလက်ထက်ကတည်းက ဖြစ်စေချင်တဲ့ဆန္ဒကို သူ့တပည့် ဗိုလ်ချုပ်ခင်ညွန့်က ဆက်ပြီးလုပ်ခဲ့တာပါ။ ဦးအောင်ဆန်းဦး အိမ်ထောင်ရေးမှာပါ သူတို့ စိတ်အနှောက်အယှက်ဖြစ်အောင် သတင်းဆိုးတွေ ဖန်တီးခဲ့တယ်။ အခွင့်အရေးတွေ လာဘ်လာဘတွေနဲ့ မြူဆွယ်ခဲ့တယ်။

နောက်ဆုံးတော့ အာဏာရှင်တွေဆင်တဲ့အကွက် အောင်မြင်တယ် ပြောရမှာပေါ့။ မောင်နှမချင်းလည်း သွေးကွဲတယ်။ ပြည်သူ့အထင် အမြင်လွဲမှားမှုတွေ၊ အမုန်းတရားတွေ ရသွားတယ်။ ဗိုလ်ချုပ်အောင်ဆန်းမျိုးဆက်တွေ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ် တက်မလာနိုင်အောင် အမျိုးမျိုးကြံစည် ပိတ်ဆို့နိုင်ခဲ့တယ်။ တကယ်တော့ ပြည်သူတွေက အရှုံးပေါ်ပြီး အာဏာရှင်တွေကသာ အောင်ပွဲခံသွားတာဖြစ်တယ်။ ဒါကို သတိမူကြည့်ကြဖို့ လိုအပ်တယ်။ 

ကျနော်တို့တတွေ ဦးအောင်ဆန်းဦးကို အပြစ်တင်ဆဲရေးနေရင် အာဏာရှင်တွေ၊ အာဏာရူးတွေကပဲ ရယ်သွမ်းသွေး သြဘာပေးနေမှာပါ။ ဒါ နိုင်ငံရေးယဉ်ကျေးမှု မဟုတ်ဘူး။ ဒီမိုကရေစီယဉ်ကျေးမှုလည်း မဟုတ်ဘူး။ လူတယောက်ဟာ သူ့ရဲ့ လွတ်လပ်စွာ ရွေးချယ်မှုနဲ့ နေထိုင်အသက်ရှင် လှုပ်ရှားခွင့်ရှိတယ်။ သူ့သဘောနဲ့ သူ သူများကို အနှောက်အယှက်မပေးရင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်လှုပ်ရှားနေထိုင်ခွင့်ရှိပါတယ်။ ဒါကို ကိုယ့်သဘောဆန္ဒနဲ့ တိုင်းထွာပြီး ဒီလိုမဖြစ်ရကောင်းလား၊ ဒါလို မလုပ်ရကောင်းလားလို့ အပြစ်တင်စရာ မလိုပါဘူး။ သူ မမှန်ရင် သူ ခံရမယ်။ ကိုယ် မမှန်ရင် ကိုယ် ခံရမယ်။ 

အဲ... ဦးအောင်ဆန်းဦးက အများပြည်သူကို ခေါင်းဆောင်တဲ့ နိုင်ငံရေးသမားတယောက်၊ နိုင်ငံကို ဦးဆောင်နေတဲ့ အစိုးရအဖွဲ့ဝင်တယောက်ဆိုရင်တော့ တမျိုးပေါ့၊ ဝေဖန်ပေါ့။ အခု သူက သူ့အလုပ်သူလုပ်ပြီး ကိုယ့်ဖာသာ အေးအေးနေနေတာပါ။ ဒီစာရေးလို့ အပြစ်တင်လည်း ကျနော့်လိပ်ပြာ ကျနော်သန့်ပြီးသား။ ဦးအောင်ဆန်းဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်အမွေဆိုင်ကိစ္စဖြစ်ပြီး ဒေါ်စု အမှုအခင်းနဲ့ ရင်ဆိုင်ခဲ့ရစဉ်က ကျနော်တို့ ပြည်ပရောက်တွေ ဒေါသဖြစ်ခဲ့တယ်။ ဦးအောင်ဆန်းဦးနဲ့ ဇနီးနိုင်ငံတကာ ခရီးစဉ်တွေမှာတောင် ဆန္ဒပြကြတယ်။ ကျနော်ကိုယ်တိုင် အဲလို ဆန္ဒပြသတင်းတွေ ဖော်ထုတ်ရေးသားဖူးတယ်။ 

ကျနော် အဓိကပြောချင်တာက ဒီအချိန်အထိ ဦးအောင်ဆန်းဦးကို သိက္ခာချနေလို့ ဦးအောင်ဆန်းဦးတယောက်ထဲကို ထိပါးတယ်လို့ ထင်သလား...။ သူ့ရဲ့ ညီမ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလို အပြစ်တင်စာတွေ ပြောဆိုသံတွေကြားရလို့ စိတ်နှလုံး ရွှင်ပြုံး နှစ်ထောင်းအားရဖြစ်နေမယ် ထင်သလား။ မိဘနှစ်ပါးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ကရော သေရွာကနေထလာနိုင်ရင် သူ့ ရင်သွေးနှစ်ယောက်အတွက် ဘယ်လောက် ခံစားသွားရမလဲ...။ ဗိုလ်ချုပ်မျက်နှာ ဒေါ်ခင်ကြည်ရဲ့ဂုဏ်သိက္ခာကိုတော့ ထောက်ထားကြပါ။ 

ဗိုလ်ချုပ်သားသမီးတွေကို စော်ကားတာ အဖ ဗိုလ်ချုပ်ဂုဏ်သိက္ခာကိုပါ ထိပါးစေပါတယ်။ အပြုသဘောနဲ့ ဝေဖန်ထောက်ပြတာမျိုးမဟုတ်ဘဲ အပြစ်တင် နှိမ့်ချ စော်ကားတာမျိုးဆို တမျိုးသားလုံးအတွက် ရှက်စရာပါ။ ဒါမျိုးက ကျနော်တို့တိုင်းပြည်ကလိုအပ်နေတဲ့ ဒီမိုကရေစီယဉ်ကျေးမှု၊ နိုင်ငံရေးယဉ်ကျေးမှုလည်း မဟုတ်ပါဘူး။ အာဏာရှင်အကြိုက် ဓလေ့စရိုက်ပါ။ ကျနော်တို့တတွေ ဗိုလ်ချုပ်ကို ချစ်တယ်၊ ဒေါ်ခင်ကြည်ကို လေးစားတယ်ဆိုရင် သူတို့ လိုလား ဖြစ်စေချင်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုတွေ အားကောင်းမောင်းသန် ဖြစ်လာအောင် ကြိုးစားရမှာဖြစ်တယ်။ 

ကိုညို (အော်စလို) 
ဇူလိုင် ၁၉ ၂၀၁၄ 

 

No comments: