Thursday, July 3, 2014

ခွပ်ဒေါင်းနှင့်အတူ - ကိုစိုးသိမ်း (ပဲခူး)

ခွပ်ဒေါင်းနှင့်အတူ
(၁၉၆၂-၆၃) ခုနှစ် တက္ကသိုလ်အရေးတော်ပုံ မှတ်တမ်း

ရေးသူ-ကိုစိုးသိမ်း (ပဲခူး) 

၁၉၆၂-ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ (ကျောင်းသား အာဇာနည်နေ့) တွင် ကျဆုံးခဲ့ရှာသော ကျောင်းသားရဲဘော်များနှင့် အရေးတော်ပုံကြီးကို သစ္စာရှိသောအားဖြင့် ဤစာအုပ်ကို ရေးသည်။ 

‘အမှာ’ 

ရဲဘော်စာဖတ်သူ ...

၁၉၆၂၊ ၆၃ နှစ် တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုများကို နောင်အနာဂတ်တိုက်ပွဲများအတွက် အထောက်အကူဖြစ်စေရန် မှတ်တမ်းတစောင်တဖွဲ့ ထားရှိသင့်သည်ဟုယူဆမိ၍ ဤစာအုပ်ကို ထုတ်ဝေဖြစ်ခဲ့ပါသည်။

ဤမှတ်တမ်းစာအုပ်မတိုင်မီကပင် ဇူလိုင်အရေးတော်ပုံ၏ ဂရက်များဖြစ်သော မန္တလေးဆောင်မှာ ရဲဘော်ကိုခင်ဆွေ၏ (ရင်ပြင်နီ) သည်၎င်း၊ ဒဂုန်ဆောင်မှ ရဲဘော်ကိုလှမြင့်၏ (ဥဒါန်းမကြေ)သည်၎င်း၊ ရဲဘော်ကိုတင်အေး၊ ကိုကြည်ဝင်းနှင့် ကိုသူမွန် (ကိုသိန်းအောင်)တို့၏ (တက္ကသိုလ်ဝန်းကျင်) သည်၎င်း၊ အင်းဝဆောင်မှ ရဲဘော်အောင်မျိုး၏ (အရေးတော်ပုံ စာစောင်သစ်)သည်၎င်း၊ တက္ကသိုလ်နယ်မြေတွင် အားရဘွယ်ရာ ထွက်ပေါ်လာခဲ့ပြီးသည်သာမက၊ ယခုတဖန် ရဲဘော်ကိုခင်ဆွေနှင့် ကိုသန်းထွန်းဦး (အင်းဝ) တို့၏ (အနိုင်မခံ)သည်ပင်လျှင် မကြာမီထွက်လာလိမ့်မည်ဟု ကြားသိရပေသည်။

ဤ (အရေးတော်ပုံမှတ်တမ်း) သည် မမေ့ပျောက်သင့်သော ၁၉၆၂၊ ၆၃ အရေးတော်ပုံကြီးကို အကြမ်းဖျင်း စာပန်းချယ်ထားသည်ဖြစ်ရာ စုတ်ချက် အနုအရမ်း၊ အကြမ်းအပျော့များ ပါကောင်းပါရှိမည် ဖြစ်ပေသည်။

မှတ်တမ်းရေးသူသည် (၆၂-၆၃) ကျောင်းသားလှုပ်ရှားမှုများတွင် လေးဦးကော်မတီမှအစပြု၍ ကျောင်းသားအခွင့်အရေး ကာကွယ်မှုကော်မတီအထိ တိုက်ပွဲအစဉ်အဆက် ရှေ့တန်းမှ ပါဝင်ဆင်နွှဲခဲ့သူဖြစ်သောကြောင့်လည်း ဤမှတ်တမ်းသည် အတော်ပင် ပြည့်စုံခိုင်လုံသည်ဟု ဆိုချင်ပါသည်။

ဤစာအုပ်ထုတ်ဝေခြင်းသည် စီးပွားရေးကိုယ်ကျိုးရှာခြင်းမဟုတ်ဘဲ ယုံကြည်ချက်အတွက်သာဖြစ်ကြောင်း မှတ်တမ်းတန်ဘိုးနှင့် ဈေးနှုန်းကိုယှဉ်ကြည့်လျှင် သိနိုင်မည်ဟု မြော်လင့်ပါသည်။

ညွှန့်သောင်း 
(ထုတ်ဝေသူ) 

ခွပ်ဒေါင်းနှင့်အတူ 
(၁၉၆၂-၁၉၆၃) တက္ကသိုလ် အရေးတော်ပုံမှတ်တမ်း 

လှုပ်ရှားနေသော တက္ကသိုလ် 

၁၉၆၂-၆၃ ခုနှစ် ရန်ကုန်တက္ကသိုလ်စာသင်နှစ်သည် သမိုင်းစဉ်အဆက် ရာဇဝင်တင်ရစ်မည့် နှစ်အပိုင်းအခြားဖြစ်ပေသည်။

၁၉၆၂-ခုနှစ် မတ်လ-၂ ရက်နေ့တွင် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပထစ အစိုးရ၏လက်ဝယ်မှ ‘တော်လှန်ရေးကောင်စီ’ အမည်ခံ ဗိုလ်နေဝင်းဦးဆောင်စော ‘စစ်ဗိုလ်အစိုးရ’ သည် သိမ်းပိုက်ခြင်း ပြုလိုက်ပေသည်။ အဆိုပါ ‘စစ်ဗိုလ်အစိုးရ’ တက်လာသည်နှင့်တပြိုင်နက် မြန်မာပြည်သူလူထုကြီးတရပ်လုံးသည် ယင်းအစိုးရ၏အခြေအနေကို မျက်တောင်မျှ ရရမခတ်ရဲဘဲ စောင့်စားကြည့်ရှုနေခဲ့ကြပေသည်။

ထိုအချိန်တွင် ထိုအစိုးရ၏ ဒီမိုကရေစီရေးသဘောထား နိုင်ငံခြားဆက်ဆံရေး သဘောထားနှင့် အုပ်ချုပ်ရေး ပုံစံများအတွက် အာမခံချက်များကို ကြားသိလာကြရာ အနည်းငယ် အသက်ရှူချောင်သလို ဖြစ်လိုက်ကြရသေးသည်။

သို့ရာတွင် ယင်းအစိုးရသည် မွေးဖွား၍မှ ၆-လသား မပြည့်မီတွင် ရန်ကုန်တက္ကသိုလ် ဇူလိုင်လ ၇-ရက် သတ်ဖြတ်မှုကြီးကို ကျူးလွန်လိုက်ခြင်းအားဖြင့် မိမိ၏ဇာတိသရုပ်ကို မိမိဘာသာ ဖော်ခြင်းပြုလိုက်ပေသည်။

တက္ကသိုလ်သည် ကျောင်းသားထု၏ အောင်မြေသာဖြစ်၏။ တက္ကသိုလ်သည် အစဉ်တက်ကြွနေ၏။ ကျောင်းသားထု၏ အစဉ်အလာကိုကလည်း ဖိလျှင်ကြွ၍ ထိလျှင်ချတတ်သော ရာဇဝင်ရှိခဲ့သည်ဖြစ်၏။ ငြိမ်းချမ်းစွာ ပညာသင်ကြားလိုသော ကျောင်းသားထုသည် ဗြိတိသျှခေတ်မှ ပထစ ခေတ်အထိပင် မိမိတို့၏ ငြိမ်းချမ်းစွာနှင့် အကြောင့်အကျကင်းစွာ ပညာသင်ကြားရေး၊ အမျိုးသားပညာရေး တည်ဆောက်ရေး၊ ဒီမိုကရေစီ အခွင့်အရေးတို့အတွက် ရုန်းကန်တောင်းဆိုရင်း တိုက်ပွဲလမ်းကြောင်းတလျှောက်တွင် ခွပ်ဒေါင်းအောင်လံကို မြင့်မားစွာ လွှင့်ထူကာ တိုက်ပွဲဝင် လှုပ်ရှားခဲ့ကြ၏။

မည်သည့်အစိုးရပင် တက်လာပါစေ၊ ဆုံးရှုံးနေသော အခွင့်အရေးများအတွက် ဝန့်ဝန့်စားစား တောင်းဆိုရန်မှာမူ ကျောင်းသားထု၏ ရာဇဝင်ပေးတာဝန်သာ ဖြစ်ပေသည်။

ဤခံယူချက်ကို မြဲမြံစွာဆုတ်ကိုင်ရင်း တက္ကသိုလ်နယ်မြေသည် အစဉ်လှုပ်ရှားတက်ကြွနေလေသည်။ ဇူလိုင်အရေးတော်ပုံမှသည် ယနေ့အထိ ခွပ်ဒေါင်းအောင်လံသည် ကျောင်းသားထုတိုက်ပွဲများ၏ ရှေ့တန်းတွင် မားမားမတ်မတ် လွှင့်ထူနေသည်မဟုတ်ပါလား။

ကျောင်းသားထုသည် ခွပ်ဒေါင်းနှင့်အတူ တိုက်ပွဲဝင်ရင်း ခွပ်ဒေါင်းနှင့်အတူ အောင်ပွဲခံရဦးမည်သာဖြစ်လေသည်။

ဇူလိုင် ၇-ရက် အရေးတော်ပုံကြီး 
သို့မဟုတ် 
ရန်ကုန်တက္ကသိုလ် ဇူလိုင် ရက်စက်မှုကြီး 
(Rangoon University July Massacre) 

၁၉၆၂-၆၃ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှုမှတ်တမ်းသည် ဇူလိုင်အရေးတော်ပုံမှ စတင်ရမည်သာ ဖြစ်လေသည်။

ယင်းအရေးတော်ပုံဖြစ်ရခြင်း၏ အခြေခံမီးပွားသည် ကျောင်းဆောင်နေ ကျောင်းသားထုအတွက် မတရားချုပ်ချယ်ထားသော ကျောင်းဆောင်စည်းကမ်းဆိုးများမှ စတင်ခဲ့ပေသည်။

လွတ်လပ်စွာနှင့် ငြိမ်းချမ်းစွာနေထိုင်၍ ပညာသင်ကြားလိုကြသော တက္ကသိုလ်ကျောင်းသားများသည် မိမိတို့၏ ရသင့်ရထိုက်သော အခွင့်အရေးများကို မတရားချုပ်ချယ်၍ လူဆိုးများသဘွယ် ဖိနှိပ်ထားခြင်းကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လာရသောအခါ ဖိလျှင် ကြွ၍၊ ထိလျှင် ချတတ်သော အစဉ်အလာ စိတ်ဓာတ်သည် တွန်းကန်ထွက်ပေါ်၍ လာရပေသည်။

‘စစ်ဗိုလ်အစိုးရ’ ၏ သစ္စာရှိ အာဏာပိုင်တို့၏ တင်းမာသောဆက်ဆံ အုပ်ချုပ်မှုနှင့် ကျဉ်းကြပ်သော အခြေအနေများကြောင့် ကျောင်းသားထု၏ အုံကြွမှုမှာလည်း မှိုင်းပြည့်နေသော မီးပုံးပျံသဖွယ်၊ တွန်းကန်ပြည့်နှက်၍နေပေ၏။

ထိုအခါ တကသ သည် ကျောင်းသားထုအတွက် တာဝန်ရှိလာပြီဖြစ်သည့်အတိုင်း သက်ဆိုင်ရာ အာဏာပိုင်များနှင့် သွားရောက်တွေ့ဆုံ၍ ကျောင်းသားတို့၏ နစ်နာချက်များကို တင်ပြခြင်းပြုလေသည်။ သို့ရာတွင် ငါ လုပ်သမျှ အကောင်းဟု ရာဇမာန်တက်နေသော စစ်ဗိုလ်အစိုးရ၏ တာဝန်ရှိသူများသည် တကသ တင်ပြချက်များကို အလေးအနက် စဉ်းစားခြင်းမပြုခဲ့ကြချေ။

နောက်ဆုံးတွင် တကသ သည် ၁၉၆၂-ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျောင်းဆောင်ကိုယ်စားလှယ်များ ဘိတ်ခေါ်၍ ယင်းစည်းကမ်းပြဿနာကို မည်သို့ကိုင်တွယ်ကြမည်နည်းဟု မေးမြန်းဆွေးနွေးခြင်း ပြုလာရပေသည်။ ယင်းဆွေးနွေးပွဲ၏ရလာဒ်မှာ တောင်းဆိုချက် သုံးခုကို အတည်ပြုလိုက်ခြင်းဖြစ်ပေသည်။

အဆိုပါတောင်းဆိုချက်များမှာ ...

(၁) ကျောင်းသားထု လိုက်နာကျင့်သုံးရန် မဖြစ်နိုင်သော မတရားကျောင်းဆောင် စည်းကမ်းဆိုးများကို လုံးဝ ဖျက်သိမ်းပစ်ရန်။

(၂) တက္ကသိုလ်ကောင်စီတွင် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်စေရန်။

(၃) အဆိုပါ ကျောင်းသားကိုယ်စားလှယ်များပါဝင်သော အဖွဲ့အစည်းတခုခုက ကျောင်းသားထုနှင့်သင့်လျော်သော ကျောင်းဆောင် စည်းကမ်းသစ်များကို ပြန်လည်ရေးဆွဲရန်ဟူ၍ ဖြစ်ပေသည်။

ဤတောင်းဆိုချက်များမှာ ကျောင်းသားထု၏ ရိုးသား၍တရားသော ဆန္ဒများသာဖြစ်လေသည်။ သို့ရာတွင် အာဏာပိုင်တို့က ကျောင်းသားထု၏ဆန္ဒကို လုံးဝ လျစ်လျူရှု၍နေခဲ့ပေရာ ဇူလိုင် ၇-ရက်နေ့ အရေးတော်ပုံကြီးဖြစ်ပွား ရသည်အထိပင် ဖြစ်လေသည်။

ဇူလိုင်လ ၆-ရက်နေ့ညတွင် ကျောင်းသားထု၏ရင်ထဲမှ အစိုင်အခဲများပွင့်အန်၍လာကြပေသည်။ မည်သူ၏ ပယောဂမျှမပါဘဲ အကျဉ်းထောင်သဖွယ် သော့ခတ်၍ထားသော အဆောင်တံခါးများကိုရိုက်ချိုး၍ ကျောင်းဆောင်ရေးမှူး၏ အိမ်ရှေ့သို့ စုဝေးချီတက်ကြလေသည်။ ထို့နောက် မိမိတို့၏ရင်ထဲမှ အကြိတ်အခဲများကို ဟစ်အော်၍ဆန္ဒပြကြရာ နောက်ဆုံးတွင် ကျောင်းသားများ၏ တောင်းဆိုချက်များကို အထက်သို့တင်ပြပေးပါမည်ဟု ကျောင်းဆောင်ရေးမှူးက ကတိပေးခဲ့လေသည်။ (ကျောင်းသားထု၏ တောင်းဆိုချက်များမှာ တကသ နှင့် ထပ်တူပင်ဖြစ်ပေသည်။) ကျောင်းသားများသည် ကျောင်းဆောင်ရေးမှူး၏ကတိကိုယုံစား၍ စည်းကမ်းသေဝပ်စွာ မိမိတို့အဆောင်များသို့ ပြန်ခဲ့ကြလေသည်။ ယင်း ၆-ရက်နေ့ည လှုပ်ရှားမှုသည် ကျောင်းသားထု၏ ညီညွှတ်သောအင်အား သွေးစည်းသော စိတ်ဓာတ်နှင့် ခိုင်မာသောတိုက်ပွဲယုံကြည်ချက်ကို အထင်အရှားပြသခဲ့ခြင်းဖြစ်ပေသည်။

ဇူလိုင်လ ၇-ရက်နေ့ ညနေ ၁-နာရီတွင် တကသ၌ ကျောင်းသားထုစည်းဝေးပွဲကြီး ကျင်းပခဲ့သည်။ ယင်းစည်းဝေးပွဲကြီးအပြီးတွင် ကျောင်းသားထုသည် မိမိတို့အား ဖိနှိပ်ချုပ်ချယ်ထားသော ကျောင်းဆောင် စည်းကမ်းဆိုးများကို ဆန့်ကျင်သောဆန္ဒပြပွဲကြီးကို တကသ၏ ခေါင်းဆောင်မှုအောက်တွင် စည်းကမ်းသေဝပ်စွာ ပြုလုပ်ခဲ့ပေသည်။

ယင်းသို့ ကျောင်းသားထု၏ အခွင့်အရေးများအတွက် ဆန္ဒပြတောင်းဆိုခြင်းကို ခေါင်းဆောင်၍ဟုဆိုကာ ဆန္ဒပြပွဲအပြီးတွင် တကသ ခေါင်းဆောင်များကို စစ်ဗိုလ်အစိုးရ၏ စုံထောက်များက အဓမ္မဝင်ရောက်ဖမ်းဆီးခဲ့လေသည်။ ကျောင်းသားများက မခံမရပ်နိုင်ဖြစ်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ စစ်ဗိုလ်အစိုးရ၏ လက်နက်ကိုင်များသည် မျက်ရည်ယိုဗုံးများကို တိုက်ပစ်၍လူစုခွဲခဲ့သည်။ နောက်ဆုံးတွင် လက်နက်မဲ့ ကျောင်းသားအုပ်ကြီးများအတင်းသို့ ယမ်းအားပြင်းထန်လှသော နံပါတ် G 3 အမျိုးအစား ကျည်ဆံများကို မောင်းပြန်သေနတ်များဖြင့် ဒလကြမ်းပစ်ခတ် သတ်ဖြတ်ခဲ့လေသည်။

စစ်အစိုးရ၏ အလွန်အားထားရသော အင်အားတစိတ်တဒေသဖြစ်သည့် အဆိုပါ အထူးတပ်သားများ၏ လက်ချက်ဖြင့် အရေအတွက် အတိအကျမသိနိုင်သော ကျောင်းသားပေါင်း အမြောက်အများ သေဆုံးခဲ့ရသည်။ အမြောက်အများ ဒဏ်ရာရ၍ လူညွန့်တုံးခဲ့ကြရသည်။ (ခြေပြတ်လက်ပြတ်၊ ရုပ်ပျက်ဆင်းပျက်များစွာကို အားလုံး ကိုယ်ချင်းစာ၍ ကြည့်နိုင်ပေသည်)။

အဆိုပါ ရက်စက်မှုကြီးကို စစ်ဗိုလ်အစိုးရသည် မြိန်ရေယှက်ရေ ကျူးလွန်ပြီးသောအခါ သွေးငတ်နေသော ထိုလူစုသည် ဇူလိုင်လ ဂ-ရက် နံနက်စောစောတွင် လွတ်လပ်ရေးသမိုင်းဝင် တကသ အဆောက်အဦကြီးကို ယမ်းကပ်များဖြင့် ဖြိုခွင်းဖျက်ဆီးပစ်လိုက်ပေသည်။ မိမိတို့၏ပြစ်မှုကြီးကို ဖုံးကွယ်ရန်အတွက်လည်း အဆိုပါ တကသ သည် နစ်ဖြူသူပုန်တို့နှင့်ဆက်သွယ်ရာ ဋ္ဌာနချုပ်ဖြစ်သောကြောင့်ဟူ၍လည်း ဆင်ခြေပေးလိုက်ချေသေး၏။

နောက်ဆုံးတွင် စစ်ဗိုလ်အစိုးရသည် ရန်ကုန်တက္ကသိုလ်နယ်မြေတွင်းမှ မိမိတို့၏ လက်ရာခြေရာ သဲလွန်စများကို ဖျောက်ဖျက်ရန်အတွက် ရန်ကုန်တက္ကသိုလ်နှင့်တကွ တပြည်လုံးရှိ ကောလိပ်ကျောင်းအားလုံးကို ရက်ပေါင်း ၅၀ ကျော် ပိတ်ထားလိုက်လေသည်တကား။

ဆက်လက်ဖော်ပြပါမည်။ 

  

No comments: