Monday, June 9, 2014

ကျနော် ထောင်ကလွတ်တဲ့နေ့ (ထက်ရာဇာ)

အဲဒီနေ့ကတော့ ဘဝမှာ ဘယ်တော့မှ မေ့နိုင်မယ့်နေ့ မဟုတ်ပါဘူး။ ၁၉ မေလ ၁၉၉၄ မနက်မှာပါ။ ထောင်ဖွင့်သံ သံချောင်းခေါက်အပြီးမှာတော့ ထောင်မှူး ထောင်ပိုင်နဲ့ ဝန်ထမ်းတွေက ပုံစံခေါင်းတွေငုံ့ထားလို့ အော်သံအဆုံး ကျနော့်တိုက်ခန်းရှေ့ကို ရောက်လာကြပါတယ်။ “ထက်ရာဇာ ထောင်ကျနံပါတ် ၈၃၃၂ /စီ ဟုတ်တယ် မဟုတ်လား” တဲ့။ ကျနော်ကလည်း “ဟုတ်ပါတယ်” ဆိုတော့ “မင်းအိပ်ယာလိပ် သိမ်းပါ” တဲ့။ ကျနော် ကြောင်သွားတယ်။ ထောင်ပိုင်ကို ပြန်မေးတယ်။ “ကျနော့်ကို လွှတ်တာလား၊ ထောင်ပြောင်းမှာလား” ဆိုတော့ “မင်း ဒီနေ့လွတ်ပါပြီလို့ ထောင်ပိုင်က ပြောတယ်။ ကျနော့်ကိုယ်ကျနော် မယုံနိုင်လောက်အောင်ပါပဲ။ ထောင်ထဲမှာ အကြာကြီးနေခဲ့ရတဲ့လူ ကျနော် လွတ်ပြီ။ ကျနော်တကိုယ်လုံး ဆတ်ဆတ်တုန်နေတယ်။ ဖမ်းတုန်းက ကျနော် အဲဒီလောက် စိတ်မလှုပ်ရှားခဲ့ဖူးဘူး။ 

ကျနော်ကို တိုက်တံခါးဝဖွင့်တဲ့အချိန်မှာပဲ လည်ကတုံးနဲ့ ကချင်ပုဆိုးနဲ့ လူတယောက်ရောက်လာတယ်။ “ညီလေး နေကောင်းပါတယ်နော်၊ အကို မင်းကိုလာကြိုတာပါ၊ အကို ရဲသတင်းတပ်ဖွဲ့ (SB) ကပါ” လို့ပြောပြီး နှုတ်ဆက်တယ်။ ကျနော့်အပျော်တွေအားလုံး ပျောက်သွားခဲ့ပြီ။ ကျနော် ရေမချိုးခင် ထောင်ပိုင်ရုံးကိုခေါ်ပြီး ကျနော် ထောင်ထဲဝင်ခါစက ကျနော့် နာရီတွေ၊ ပိုက်ဆံတွေပြန်ပေးပြီးတဲ့အခါမှာတော့ ပြဿနာက စပါပြီ။ အပြင်ရောက်လို့ နိုင်ငံရေးလုပ်ရင် လက်မှတ်ထိုးရမယ် တဲ့။ ကျနော်ပြောတယ်၊ မထိုးနိုင်ဘူး။ ကျုပ် လွတ်ရက်စေ့လို့လွတ်တာ လာမလုပ်နဲ့၊ မထိုးဘူး။ ထောင်ထဲပြန်ထည့်ရင် ပြန်ထည့်လို့ပြောတဲ့အချိန် ကျနော့်ကို တကယ်ပဲ ကျနော်နေတဲ့ အခန်းထဲကို ပြန်ထည့်ခဲ့ပါတယ်။ ကျနော့်စိတ်ဓာတ်တွေ သုညကို ရောက်သွားခဲ့ပေါ့။ 


ခဏအကြာမှာတော့ ထောင်မှူးဦးဘိုရောက်လာခဲ့ပြီး “ဟေး... ထက်ရာဇာ ရေချိုးကွာ မင်းလွတ်ပြီ” လို့ လာပြောပေမယ့် ကျနော် သူ့ကိုပြန်ပြောခဲ့ပါတယ်။ “ကျနော် မယုံဘူး ထောင်မှူး” ဆိုတော့ “ငါ့ကို ယုံပါကွာ” တဲ့။ ဒီလိုနဲ့ ကျနော်တခါမှ ဝအောင်မချိုးခဲ့တဲ့ရေ ပြီးတော့ ပန်းကန်ပြားနဲ့သာ ချိုးခဲ့ဖူးတဲ့ရေကို ဇလုံနဲ့ အဝချိုးတယ်။ အဲဒီအချိန် တိုက်ထဲက တိုက်ပိတ်ထားတဲ့ ကိုဆန်နီ (၈၈ မျိုးဆက်ကျောင်းသား)၊ ကိုကျော်စွာမိုး (ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်)၊ ကိုမိုးအေး (ဒီမိုကရက်တစ်မြန်မာ့အသံ) တို့က လှမ်းအော်ကြတယ်။ ငါ့ညီလေး လွတ်ပြီဟေ့ လွတ်ပြီဟေ့ တဲ့။ ဒီတော့ အားလုံးကလည်း ဝိုင်းအော်ကြတယ်၊ ထက်ရာဇာ လွတ်ပြီဟေ့ ဆိုပြီး။ 

အဲဒီနေ့က သီးသန့်ထောင်မှာ ပထမဆုံးလွတ်တဲ့ အကျဉ်းသားက ကျနော်ပါ။ ကျနော် အခန်းထဲပြန်ဝင် အမေပေးထားတဲ့ လည်ကတုံးလေးနဲ့ ယောလုံချည်လေးကို ဝတ်လိုက်တော့ ရင်ထဲတမျိုးကြီးပဲ။ ၅ နှစ်နီးပါး အပေါ်အဖြူ၊ အောက်အဖြူ ဝတ်လာခဲ့ရပြီး လူလိုသူလို ဝတ်လိုက်ရတာလည်းပါမပေါ့။ ဒီလိုနဲ့ ဂိုက်တခွဲသားနဲ့ တိုက်ထဲကထွက်လိုက်တယ်ဆိုရင်ပဲ ကျန်ခဲ့တဲ့ ကိုယ့်အခန်းကိုပြန်ကြည့်မိတော့ အဘ စောလှချစ်၊ ကိုအောင်မိုး (မိုးအေး DVB)။ ဘယ်လိုမှ မဆည်နိုင်တဲ့ မျက်ရည်တွေလည်း ဘယ်လိုကျမှန်းမသိ ကျလာတယ်။ ကျနော် အဘ စောလှချစ်နဲ့ ကိုအောင်မိုးကို ထိုင်ရှိခိုးတော့ ကိုအောင်မိုးက မြန်မာလို ဆုတောင်းပြီး အဘဦးစောလှချစ်က ကျနော့်ကို ခရစ်ယာန်လို ဆုတောင်းတယ်။ ကျနော် ဘယ်ဘာသာမှ မကိုးကွယ်တာသိပေမယ့် သူတို့ရဲ့ချစ်ခြင်းတွေပေါ့။ 

နောက်တခန်းရှေ့ရောက်တဲ့အခါမှာတော့ ပြည်မြို့က ဗကပ လို့ အစွပ်စွဲခံရတဲ့ ကိုဝင်းဆွေက သံတိုင်ကြားကနေ ခေါင်းကို ပုတ်တယ်။ ညီရေ နောက်တခါ လွတ်လပ်သောဘဝမှာဆုံမယ်တဲ့။ အတူတူပဲ ကိုမင်းဝေ (သူက ရမည်းသင်း) က ဗကပ လို့စွပ်စွဲခံရပြီး ထောင် သေဒဏ်ကျသူပါ။ သူက သူ့အိမ်က သူ့အမေ အမှတ်တရ သူ့အတွက်ထည့်ပေးလိုက်တဲ့ မာဖာလာ မီးခိုးရောင်လေးကို သံတိုင်ကြားကနေ ညီရေ အကို့အမေ အမှတ်တရ အကို့ကိုပေးထားတာ ကိုယ်က သေဒဏ်ကျတော့ ကိုယ် မပတ်တော့ဘူး ညီလေးလွတ်ပြီ ယူသွားတဲ့။ ကျနော် ထောင်ကလွတ်တယ်ဆိုပေမယ့် ကျနော် မျက်ရည်တွေ ကျနေတယ်။ ကျနော် ငိုနေတယ်။ ၅ နှစ်နီးပါး နေ့ရောညပါ မြင်နေရတဲ့သူတွေနဲ့ ကျနော် ခွဲသွားရတော့မယ်။ ကျနော်လွတ်ပြီ၊ သူတို့ ဒီဒုက္ခကို ဆက်ခံကြရဦးမယ် ကျနော် သိနေတယ်။ 

ဒီလိုနဲ့ ကိုမင်းဝေပေးတဲ့ မာဖလာလေးကို လည်ပင်းမှာပတ်ပီး နောက်အခန်းရှေ့ကို ရောက်တယ်ဆိုရင်ပဲ ကျနော် ထိုင်ချလိုက်ပြီး ဒူးထောက်ပြီး ကန်တော့ခဲ့ပါတယ်။ သူကတော့ ကျနော့်ရဲ့ထောင်ထဲမှာ အဖေထက်တောင်၊ ကျောင်းတုန်းက ဆရာ ဆရာမတွေထက်တောင် အင်္ဂလိပ်စာကို သင်ပေးခဲ့တဲ့ အဘ ဦးသာဘန်း (NLD) လွှတ်တော်ကိုယ်စားလှယ်ပါပဲ။ ကျနော် မျက်ရည်တွေလည်း ကျနေတယ်။ ဘယ်တော့မှ မမေ့တဲ့နေ့လည်း ဖြစ်တယ်။ 

ဒီလိုနဲ့ နောက်ထပ် တိုက်ခန်းတခန်းရှေ့ကိုအရောက်မှာတော့ အမြဲတမ်းပြုံးနေတတ်တဲ့ အန်ကယ်လ် ဦးအာပီသောင်း (ကယားပြည်နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် NLD )ပါ။ ကျနော် ငိုရင်းနဲ့ပဲ သူ့ကို ထိုင်ကန်တော့ပြီး “အန်ကယ်လ် ကျနော် သွားပါပြီ၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ အန်ကယ်” လို့ပြောတဲ့အခါ “ငါ့သားရေ မင်းတို့လိုလူတွေ အပြင် မြန်မြန်ရောက်တာ အန်ကယ် ဝမ်းသာတယ်ကွ၊ အန်ကယ်တို့က အသက်ကြီးပြီ။ ဘယ်တော့မှ တိုင်းပြည်အတွက် မလစ်ဟင်းစေနဲ့ကွ” လို့ပြောတဲ့အခါ ကျနော် ထပ်ပြီးကန်တော့မိပါတယ်။ 

နောက်ဆုံး ကျနော် ကန်တော့ဖြစ်တာက ကျနော်တို့တိုက်မှာ အသက်အကြီးဆုံးလည်းဖြစ်၊ ဘယ်သူနဲ့မှလည်း အဆင်မပြေတဲ့ အင်းစိန်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်ဆန်းဖြစ်ပါတယ်။ ကျနော် သူ့ကို ကန်တော့တဲ့အချိန်မှာ အန်ကယ်လ်ဦးကျော်ဆန်းက ကျနော့်ကို ဆုတွေ အရှည်ကြီး ဆုတောင်းပေးပါတယ်။ 

နောက်တော့ ၁ တိုက်ရှေ့ခြမ်းမှာရှိတဲ့ ခု ဇာတ်ညွှန်း ကဗျာဆရာမြတ်လှိုင်း အပါအဝင် ထောင်ထဲမှာ ကျန်နေရစ်မယ့် ကျနော့် ရဲဘော်ရဲဘက်တွေကို နှုတ်ဆက်ပြီး ၁ တိုက်ဝင်းထဲက ထွက်လိုက်တယ်ဆိုရင်ပဲ ၂ တိုက်မှာရှိနေကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်ကြတဲ့ ကိုလှိုင်မိုးသန်း(USA)၊ ကိုဆွေကို(USA)၊ လူ့ဘောင်သစ်က ကိုဇေယျ(ကုလားမကြီး)၊ ကိုအံ့ဘွယ်ကျော်၊ ကိုဗထူးမောင် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး တိုက်ခန်းတွေထဲကနေ “ညီလေးရေ ဘယ်တော့မှပြန်မလာခဲ့နဲ့ စစ်အာဏာရှင်ကို ဆက်တိုက်ပါကွာ” စသဖြင့် အမျိုးမျိုးအော်ပြီး နှုတ်ဆက်ကြပါတယ်။ ကျနော်လည်း သူတို့အားလုံးကို လက်ပြနှုတ်ဆက်ခဲ့ပြီး အကျဉ်းဦးစီးဝန်ထမ်းတွေ ခေါ်ဆောင်ရာနောက်ကို လိုက်ခဲ့ပါတယ်။

ထောင်ဘူးဝရောက်တဲ့အခါမှာတော့ ကျနော် နှစ်ရှည်လများနေထိုင်ခဲ့တဲ့ သီးသန့်ထောင်ကြီးကို နောက်ဆုံး နှုတ်ဆက်တဲ့အကြည့်နဲ့ လှည့်ကြည့်ဖြစ်ပါတယ်။ သီးသန့်ထောင်ကြီးက ဘာမှ မပြောင်းလဲသွားပါဘူး။ ကျနော် ထောင်ထဲကို စဝင်လာကတည်းကလည်း ဒီပုံစံ၊ ခု ကျနော် ၅ နှစ်နီးပါးနေခဲ့ပြီး ထောင်ကပြန်လွတ်တော့လည်း ဒီပုံစံပါပဲ။ ပြောင်းလဲသွားတာကတော့ ကျနော်ပဲဖြစ်ပါတယ်။ ထောင်ထဲဝင်လာခါစမှာ အသက် ၁၆ နှစ်မပြည့်သေးတဲ့ ကလေးလေးတယောက်ဟာ ထောင်ကလွတ်တဲ့အချိန်မှာ အသက် ၂၁ နှစ် ပြည့်တော့မယ့် လူငယ်တယောက်ဖြစ်နေခဲ့ပြီဖြစ်သလို ထောင်ထဲဝင်လာစက ရင်ထဲမှာ ဘာအနာတရမှမရှိတဲ့ အဖြူနဲ့ အစိမ်းဝတ် အခြေခံ ကျောင်းသားလေးတယောက်ဖြစ်ခဲ့ပေမယ့် ထောင်ကလွတ်တဲ့အချိန်မှာတော့ ရင်ထဲမှာ ဒဏ်ရာအနာတရအပြည့်နဲ့ အနာဂတ်ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တော့မယ့် လူငယ်တယောက်ဖြစ်နေခဲ့ပါပြီ။ 

ဒီလိုနဲ့ ဘူးတံခါးကြီးထဲကိုဝင်ပြီး သီးသန့်ထောင်မှူးကြီးရဲ့ရုံးခန်းမှာ သီးသန့်ထောင်မှူးကြီးက ဆုံးမသြဝါဒပေးပါတယ်။ သူပြောတဲ့ ဆုံးမသြဝါဒဆိုတာကတော့ “ငါတို့က မင်းတို့ကို ထိမ်းသိမ်းထားရုံပဲ ထိမ်းသိန်းထားတာပါ။ ငါတို့ရဲ့တာဝန်က ခိုင်းရင်လုပ်ရမှာပဲ ဒီတော့ ငါတို့ဟာ မင်းရဲ့ရန်သူလည်း မဟုတ်ပါဘူး” တဲ့၊ ကျနော် ပြန်မေးမိခဲ့ပါတယ်။ “ထိန်းသိမ်းရုံပဲ ထိမ်းသိမ်းတယ်ဆိုရင် ထောင်ထဲမှာ ကျနော်တို့ကို အငြိုးတကြီး ရိုက်နှက်တဲ့ကိစ္စကရော ထောင်မှူးကြီး ဘာပြောမလဲ” ဆိုတော့ “ဒါကတော့ ထောင်စည်းကမ်းကို မလိုက်နာရင်တော့ ထောင်တွင်း အရေးယူမှုဆိုတာကတော့ ရှိမှာပါပဲ” တဲ့။ ကျနော် သူ့ကို ဘာမှပြန်မပြောဘဲ ကိုယ့်ဖာသာကိုယ် မဲ့ပြုံးတချက် ပြုံးဖြစ်ခဲ့ပါတယ်။ 

ခဏအကြာမှာတော့ သံတိုင်တွေ တပ်ဆင်ထားတဲ့ အချုပ်ကားအပြာကြီး ရောက်လာခဲ့ပြီး အချုပ်ကားပေါ်ကို တက်ခဲ့ပါတယ်။ ဒီအချုပ်ကား မောင်းနှင်နေတဲ့နေရာကတော့ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ဗဟိုအကျဉ်းထောင် အင်းစိန်ရဲ့ ထောင်ကျရုံးခန်းရှိရာကိုပါ။ ကျနော်လည်း စိတ်ထဲကနေ စဉ်းစားမိပါတယ်။ အော် ငါ့တို့ဘဝတွေလည်း တော်တော်ဆိုးပါလား၊ ထောင်က လွတ်တာတောင် ဒီတိုင်းမလွှတ်ဘဲ ဒီအချုပ်ကားကို စီးနေရတယ်လို့။ အဲဒီတုန်းက ကျနော်တို့နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ကလွှတ်ပေးရင် အင်းစိန်ထောင်ဘူးဝကနေ လွှတ်ပေးလိုက်တာမျိုးမဟုတ်ဘဲ မမတ လို့ခေါ်တဲ့ မှုခင်းမှတ်ပုံတင်ဌာနကနေမှတဆင့် သက်ဆိုင်ရာ နယ်မြေထောက်လှမ်းရေးတပ်ကို ပြန်လွှဲပေးတာ ဖြစ်ပါတယ်။ 

ဒီလိုနဲ့ ဗဟိုအကျဉ်းထောင်အင်းစိန်ရဲ့ ထောင်ကျရုံးကို ရောက်ခဲ့ပါတယ်။ ထောင်ကျရုံးက ထောင်ထွက်လက်မှတ်တစောင် ထုတ်ပေးခဲ့ပြီး ထောင်ထွက်လက်မှတ်ပေါ်မှာတော့ ကျနော့်နာမည်နဲ့အတူ အရေးပေါ်စီမံချက် ဥပဒေပုဒ်မ ၅/ည လျှော့ရက်ဖြင့် ရဲမှတဆင့်လွှတ်လို့ ရေးထားပါတယ်။ နေ့လည် ၁၁ နာရီလောက်မှာမှ ဘားလမ်းက စုပေါင်းတရားရုံးကို ရုံးထုတ်တဲ့ အချုပ်သားတွေနဲ့အတူ ဘားလမ်း စတီးဝပ်အချုပ်ထဲကို ထည့်လိုက်ပါတယ်။ 

ကျနော် ထောက်လှမ်းရေးက စစ်ကြောရေးအချုပ်ခန်းရော၊ အင်းစိန်ထောင်ရဲ့ တိုက်အဆောင်များများရော၊ စစ်ခုံရုံးမတက်ခင်က အချုပ်ခန်းရော တော်တော်များများ နေခဲ့ဖူးပါတယ်။ ရောက်ဖူးသမျှ အချုပ်တွေထဲမှာ ဘားလမ်းက စတီးဝပ်အချုပ်လောက် စုတ်ပြတ် နံစော် ညစ်ပတ်နေတဲ့ အချုပ်ခန်းမျိုး မတွေ့ခဲ့ဖူးပါဘူး။ အချုပ်ခန်းထဲဝင်လိုက်တာနဲ့ ကြမ်းပြင်မှာ ရေလား၊ သေးလား မသိတဲ့အရာတွေ တစွတ်စွတ်နဲ့ ချေးနံ့ သေးနံ့ ချွေးနံ့နဲ့ ဘာအနံ့လို့ပြောရမှန်းကို မသိတော့တဲ့ အနံ့အသက်တွေကြောင့် လူက မူးနောက်နောက်ဖြစ်နေရုံမက အပေါ့သွားတဲ့နေရာမှာ သွားအန်ဖြစ်ရပါသေးတယ်။ 

ခဏအကြာမှာတော့ အရပ်ဝတ်နဲ့ လူ ၂ ယောက် ရောက်လာပြီး ကျနော့်နာမည်ကို ခေါ်ပါတယ်။ ပြီးတော့ အချုပ်ခန်းတံခါးဖွင့်ပြီး ကျနော့်ကို လက်ထိပ်ခတ်လိုက်ပါတယ်။ တယောက်က ကျနော်တို့ မှုခင်းမှတ်ပုံတင်ဌာနက ရဲအရာရှိတွေပါ တဲ့။ ကျနော်လည်း “ဟေ့လူ ဒီနေ့ ကျနော့်ကို ထောင်ကလွှတ်လိုက်တာလေ၊ ဘာလို့လက်ထိပ်ခတ်တာလဲ ပြန်ဖြုတ်ပေးပါ” ဆိုတော့ “ဒါ ကျနော်တို့ လုပ်ရိုးလုပ်စဉ်ပါ” တဲ့။ ကျနော်လည်း စိတ်က တော်တော်တိုနေပြီ။ ထောင်ကလွတ်တဲ့ လူတယောက်ကို မြို့လည်ခေါင်က ဘားလမ်းထဲမှာ လက်ထိပ်တန်းလန်းနဲ့ လမ်းလျှောက်ခိုင်းတယ်တဲ့ဗျာ။ တော်တော် အကြောက်ကြီးတဲ့ စစ်အစိုးပဲလို့ ခေါင်းထဲမှာလည်း တွေးမိပါတယ်။ 

ဒါနဲ့ မှုခင်းမှတ်ပုံတင်ဌာနကိုရောက်ပြီး ကျနော့်ကို ကိုယ်ရေးရာဇဝင်တွေ ပြန်ယူ၊ လက်ဗွေနှိပ်၊ ဓာတ်ပုံ ရှေ့တပုံ ဘေးတပုံရိုက် အားလုံးပြီးသွားတော့ “ကျနော် သွားလို့ရပြီလား”ဆိုတော့ နောက်ထပ် မျက်နှာစိမ်းတယောက်ရောက်လာပြီး “ကျနော် ရဲတပ်ဖွဲ့ ထောက်လှမ်းရေး နိုင်ငံရေးဌာနစုကပါ ကျနော်နဲ့လိုက်ခဲ့ပါဦး” တဲ့။ ထလရ(နိုင်)လို့ခေါ်တဲ့ ထောက်လှမ်းရေးနိုင်ငံရေး ဌာနစုကိုရောက်ပြီးတော့လည်း ခုနကအတိုင်းပဲ ကိုယ်ရေးရာဇဝင်ယူ၊ ဓာတ်ပုံရိုက်ပြီး ကျနော့်ကို ထိုင်ခိုင်းထားပါတယ်။ “ကျနော်က သွားလို့ရပြီလား” လို့ မေးတဲ့အခါ “ကျနော်တို့လူတွေ ခင်ဗျားအမေကို သွားခေါ်နေပါတယ် ခဏစောင့်ပါ” တဲ့။ 

ခဏအကြာမှာတော့ သားလို့ ခေါ်သံကြားရပြီး ကျနော့်အမေဝင်လာပြီး ကျနော့်ကိုဖက်ထားပြီး ငိုပါတော့တယ်။ ကျနော်လည်း စိတ်ထဲတမျိုးကြီးပဲ။ ဖမ်းတဲ့နေ့တုန်းကလည်း အမေ မငိုခဲ့ဘူး၊ ထောင်ကျတော့လည်း အမေမငိုခဲ့ဘူး၊ ငါးနှစ်နီးပါး ထောင်ထဲမှာ ထောင်အဝတ်အစား အဖြူဝမ်းဆက်နဲ့တွေ့တာလည်း အမေ မငိုခဲ့ဘူး။ ဘာကြောင့် အမေငိုတာလဲ၊ ကျနော် စဉ်းစားမရဘူး။ ကျနော်အမေ့ကို တိုးတိုး ကပ်ပြောလိုက်တယ်။ “အမေ ဒီကောင်တွေရှေ့မှာ မျက်ရည်မကျပါနဲ့” လို့။ ဟုတ်တယ်လေ၊ သူတို့ပုံစံကို သိနေပြီပဲ။ ပြီးမှ သူရဲကောင်းကြီးတွေလိုလို၊ ကယ်တင်ရှင်ကြီးတွေလိုလို ပြောလာမယ့်စကားတွေကို ကျနော် ကြိုတင်သိပြီးသားပဲ။ 

ခဏအကြာမှာတော့ ရဲအရာရှိတယောက်နဲ့ ရဲ ၂ ယောက် ရောက်လာပြီး “ကျနော်တို့ ဗဟန်းရဲစခန်းကပါ၊ ခင်ဗျားကို တရားစွဲခဲ့တာက ဗဟန်းရဲစခန်းဖြစ်တဲ့အတွက် ဗဟန်းရဲစခန်းကို ခဏခေါ်လာဖို့ မြို့နယ်မှူးက ညွှန်ကြားလို့ပါ” တဲ့။ ဘာမှမပြောနိုင်တဲ့အခြေအနေမှာ ဗဟန်းရဲစခန်းကို လိုက်ခဲ့တယ်။ အမေလည်း ပါတယ်။ ညနေ ၅ နာရီလောက်ဖြစ်နေပြီ။ ဗဟန်းရဲစခန်းရောက်ပြီး မြို့နယ်မှူးဆိုတဲ့ ရဲသုံးပွင့်နဲ့ အရာရှိတယောာက်နဲ့တွေ့ပြီး “ကျနော်တို့ အိမ်ပြန်လို့ရပြီလား” ဆိုတော့ “မရသေးပါဘူး၊ ခင်ဗျားနေအိမ်က ဒဂုံမြို့နယ်ထဲမှာဖြစ်တဲ့အတွက် ဒဂုံရဲစခန်းက လာခေါ်ပါလိမ့်ဦးမယ်” တဲ့။ 

ကျနော်လည်း စိတ်က အရမ်းတိုသွားပြီး “ခင်ဗျားတို့ ဒါ သက်သက်ညစ်တာပဲဗျ၊ ထောင်ကလွတ်လာတဲ့ ဒီနေ့မှလွတ်လာတဲ့ လူတယောက်ကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာပဲ” ဆိုတော့ အဲဒီရဲအရာရှိက “ခင်ဗျားက သာမန် ခိုးဆိုးလုယက်မှုဆိုရင်တော့ ကျနော်တို့က ဒီလိုမလုပ်ပါဘူး၊ ခင်ဗျားက နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျခဲ့တဲ့အတွက် ဒီလိုဆောင်ရွက်ရတာပါ” တဲ့။ ကျနော်လည်း ဒီတော့ “ခင်ဗျားတို့အစိုးရကပြောတော့ နိုင်ငံရေးအကျဉ်းသား မရှိဘူး၊ နိုင်ငံရေးပုဒ်မမရှိဘူးဆို ခုကျတော့ ရှိသွားပြန်ပြီလား” ဆိုတော့ ဒီအရာရှိက သူစကားမှားသွားတာ သိသွားပုံရပါတယ်။ “အေးဗျာ ကျနော်လည်း လုပ်စရာရှိသေးတယ် ဒဂုံရဲစခန်းက လာခေါ်ပါလိမ့်မယ်” လို့ပြောပြီး ထွက်သွားပါတယ်။ 

ခဏအကြာမှာတော့ ဒဂုံရဲစခန်းက ကားလာခေါ်ပြီး ဒဂုံရဲစခန်းမှာ ကိုယ်ရေးရာဇဝင်နဲ့ ဓာတ်ပုံတွေ ပြန်ရိုက်ပြန်ပါတယ်။ အားလုံးပြီးသွားတဲ့အခါမှာတော့ အရပ်ဝတ်နဲ့ လူ ၂ ယောက်ရောက်လာခဲ့ပြီး “ကျနော်တို့ တပ်မတော် ထောက်လှမ်းရေး ၇ ကပါ၊ ကျနော်တို့နဲ့ ခဏလိုက်ခဲ့ပါဦး။ ပြီးရင် ကျနော်တို့အိမ်ပြန်ပို့ပေးမှာပါ” တဲ့။ ကျနော် စိတ်လည်းမတိုတော့ဘူး၊ ဘာမှလည်း ပြန်ပြောချင်စိတ်မရှိတော့တာ အမှန်ပဲ။ ဒါနဲ့ ထောက်လှမ်းရေး ၇ ဝင်းထဲကို ဝင်လိုက်တော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ငါ ဒီနေရာမှာ သေလုမျောပါးခံခဲ့ရတာပါလားဆိုတဲ့ အတွေးကလည်း ခေါင်းထဲရောက်ပြန်ပါတယ်။ စစ်ကြောရေးတုန်းက အမြဲတမ်းရခဲ့တဲ့ ညမွှေးပန်းနံ့စူးစူးကိုလည်း ပြန်လည်ရှုရှိုက်မိပါတယ်။ 

ခဏအကြာမှာတော့ ဗိုလ်မှူးအဆင့်ရှိတဲ့ စစ်ယူနီဖောင်းဝတ်တယောက်ရောက်လာပြီး “ကျနော် ဗိုလ်မှူးလှသက်မောင်ပါ၊ တပ်မတော် ထောက်လှမ်းရေး ၇ တပ်မှူးပါ” လို့ မိတ်ဆက်အပြီး တပ်မတော်က ခုဆိုရင် တိုင်းပြည်ကို ဘယ်လို သာယာအောင် လုပ်ထားပြီးကြောင်း၊ အလုပ်အကိုင်တွေလည်း အရမ်းပေါများလာကြောင်း၊ စီးပွားရေးတံခါးကြီး ဖွင့်လိုက်တဲ့အတွက် ပြည်သူလူထုတွေ ဘယ်လို ပြေလည်ချောင်လည်နေသလဲဆိုတာ ခင်ဗျားက ထောင်ထဲက ခုမှ လွတ်တဲ့လူဆိုတော့ ယုံမယ်တောင်မထင်ကြောင်းနဲ့ စစ်အစိုးရကောင်းကြောင်း မိန့်ခွန်းခြွေပါတော့တယ်။ သူ စကားပြောပြီးသွားတဲ့အခါ နာရီကြည့်လိုက်တော့ ည ၈ နာရီခွဲနေပါပြီ။ ကျနော် မနက်ကတည်းက ခုချိန်ထဲ ရေပဲ သောက်ရပါသေးတယ်။ ဗိုက်ကလည်း တော်တော်ဆာနေပါပြီ။ 

ထောက်လှမ်းရေးကကားနဲ့ ကျနော်တို့သားအမိကို အိမ်ကိုပြန်ပို့ပေးပြီး ရေမိုးချိုးပြီး အမေက သားရေ ညစာပြင်ထားတယ်လို့ဆိုတာနဲ့ ထမင်းဝိုင်းကိုလာခဲ့ပါတယ်။ ထမင်းဝိုင်းမှာတော့ ထောင်ကလွတ်လာတဲ့ သားတယောက်အတွက် အမေ့ရဲ့ညစာက အလျှံပယ်ပါပဲ။ ကျနော် ထမင်းဝိုင်းကိုကြည့်ပြီး တွေသွားပါတယ်။ ငါးနှစ်နီးပါး အတူတူ နေ့ရောညပါနေထိုင်ခဲ့ပြီး ထမင်းအတူတူစားခဲ့ရတဲ့ ထောင်ထွင်းပုံရိပ်တွေက ကျနော် ရုပ်ရှင်ပြန်ကြည့်နေရသလို မြင်ယောင်နေပါတယ်။ 

ငါးပိကြော် တစွန်းစာပဲကျန်တော့ရင် အဲဒီတဇွန်းကို ၃ ယောက် ခွဲစားပေမယ့် ကျနော်က အငယ်ဆုံးမို့လို့ ကျနော့်ကို အမြဲ ပိုပိုသာသာ ထည့်ပေးတာတွေ။ ဒါတွေအားလုံးကတော့ ကျနော့်ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တော့တဲ့ ဘဝရဲ့ ပုံရိပ်ကားချပ်တွေပါပဲ။ အမေခူးပေးတဲ့ထမင်းကို အမေစိတ်မကောင်းဖြစ်မှာစိုးလို့ စားပြနေရပေမယ့် ကျနော့်ရဲ့စိတ်တွေကတော့ ၈ ပေပတ်လည် အခန်းကျဉ်း ဝပ်တ် ၄၀ အား မီးလုံးရောင်လေးအောက်က မဲပြာပြာအရောင် တာလဘောလို့ခေါ်တဲ့ အရည်တခွက်ရယ်၊ အလွန်တရာမှ ငန်တူးနံစော်လှတဲ့ ငါးပိ လက်တတို့စာရယ်ကိုပါ။ ။ 

လေးစားစွာဖြင့် 
ထက်ရာဇာ 

No comments: