Wednesday, June 4, 2014

ပြတ်ရွေ့မှတ်တမ်း (ဝေမှူးသွင်)

မပြေလည် နိုင်သေးတဲ့
ဝဋ်ကြွေးများစွာဟာ
ဒီကနေ့ရဲ့အစီအစဉ် တစ်ခုလား။

အမှောင်ကိုထမ်းရွက်ထားသော နေ့စွဲများမှာ၊
လစ်ဘရယ်တွေနေတဲ့ အခန်းမှာ၊
ထေရဝါဒအစွန်းရောက်တွေ ရှိတဲ့အရပ်မှာ၊
ငါက
တောမော်ဒန်တွေ ဖတ်ပြီး
ဘဝင်မြင့်နေမိတယ်။


ခေတ်ကာလကြီးထဲ
ဒုက္ခ ကလွဲလို့
မြင်မြင်သမျှ အားလုံး အတုတွေချည်းပဲ။

ကြက်ဥအတု၊ ကွန်ဒုန်းအတု၊
အနုပညာအတု၊ ဆေးဝါးအတု၊
ရွေးကောက်ပွဲအတု…
နောက်ပြီး
သူရဲကောင်းအတုတွေလည်း ပါတာပေါ့။

ဆိုတော့
အခွန်ထမ်း ပြည်သူတွေခမျာ
ဒုက္ခစစ်စစ်မှာပဲ ဂုဏ်ယူရမလို၊
အာဏာရှင်စနစ် နဲ့ ဒီဖက်တိုဂါးဗားမန့်* အောက်မှာပဲ
ပျော်အောင်နေရမလို၊
ဘာလိုလို… ဖြစ်နေရဲ့။

(ဆော့ခရတ္တိကို အားကျပြီး
ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကျပြန်တော့လည်း
အဆိပ်က အတု မိမှာစိုးရသေးတယ်။)

ထားပါ…
မထားချင်လည်း မထားပါနဲ့။

မဟုတ်ရင်တော့
ရွာသားများနဲ့ စစ်ခရိုနီကြီးများဖတ်ရန်
ခေတ်မီနိုင်ငံရေး အဘိဓာန်တစ်အုပ်ရှိဖို့ လိုပြီ။ ။

*(De Facto Government) 

 

No comments: