တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး .................. ဒို့အရေး
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ......................... ဒို့အရေး
ဆိုတဲ့ စာတမ်းတွေကို မြို့အနှံ့၊ နယ်အနှံ့မှာ ဆိုင်းဘုတ်တင်ထားတာတွေ၊ တိုင်း၊ တပ်မ၊ တပ်ရင်းနဲ့ အစိုးရ ဌာနဆိုင်ရာအသီးသီးမှာ ဆိုင်းဘုတ်တင် ချိတ်ဆွဲထားတာတွေ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ ဖျော်ဖြေရေး မီဒီယာတွေမှာ ထည့်သွင်းထားတာတွေကို ကျွန်ုပ်တို့အားလုံး တွေ့မြင်နေကြရပါတယ်။ နိုင်ငံတော်မူဝါဒဖြစ်တဲ့ ဒီစကားလုံးတွေဟာ စကားလုံး အနှစ်သာရအနေနဲ့ကြည့်မယ်ဆိုရင် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒီမူဝါဒတွေကို အမှန်တကယ် ကျင့်သုံးနိုင်ခဲ့ခြင်းရှိပါသလားဆိုတာကို လေ့လာဆန်းစစ်ရန် လိုအပ်လာပါတယ်။
ပြည်ထောင်စုဆိုတဲ့စကားလုံးဟာ နိုင်ငံတော်တည်ထောင်မှု (state - formation) ဆိုင်ရာ နိုင်ငံရေး အစီအမံများ (political arrangements) တွေနဲ့ ဆက်နွယ်ပါတယ်။ လူတဦးချင်းဆီမှာ နိုင်ငံရေးတန်ဖိုး (political values) တွေ တူတိုင်း၊ နိုင်ငံရေး အစီအမံ (political arrangements) တွေ မတူညီပါဘူး။ နိုင်ငံရေး တန်ဖိုးတွေ မတူပေမယ့်လည်း နိုင်ငံရေး အစီအမံမှာကျတော့ တူသွားပြန်တတ်ပါတယ်။ နိုင်ငံရေးမှာ ထာဝရ ရန်သူ၊ ထာဝရ မိတ်ဆွေ ဆိုတာမရှိဘူးဆိုတဲ့ အတွေးအခေါ်ဟာ ဒီအချက်တွေကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။
နိုင်ငံတော်တည်ထောင်မှုမှာ ပြည်ထောင်စုအသွင်သဏ္ဍာန်နဲ့ တည်ထောင်မှုဆိုရင် နိုင်ငံရေးအရ တန်းတူညီမျှမှု (political equality) နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် (self- determination) တွေက အလွန်အရေးကြီးပါတယ်။ ဒါတွေမရှိရင် နိုင်ငံတော်တည်ထောင်မှုဆိုင်ရာ ပဋိပက္ခ (state – formation conflicts) ဖြစ်ပြီး ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါတယ်။ နိုင်ငံတော်တည်ထောင်မှုမှာ တပြည်ထောင်စနစ် (unitary state system)၊ ဖယ်ဒရယ် ပြည်ထောင်စုစနစ် (federal state system)၊ သီးခြားခွဲထွက်၍ တိုင်းပြည်တည်ထောင်ရေးစနစ် (separate state system) စသည်ဖြင့် ကွဲပြားပါတယ်။ အခြားသဏ္ဍာန်မူကွဲတွေလည်း ရှိပါသေးတယ်။
unitary state system မှာ နိုင်ငံရေး အစီအမံတွေအားလုံးဟာ ဗဟိုမှာပဲ ချုပ်ကိုင်ထားပါတယ်။ separation of powers က အလျားလိုက်သဏ္ဍာန်အနေနဲ့ရှိပြီး ဒေါင်လိုက်သဏ္ဍာန် မရှိပါဘူး။ အစိုးရတရပ်ပဲ ရှိပါတယ်။ လွှတ်တော်တရပ်ပဲရှိပြီး၊ တရားစီရင်ရေးစနစ် ကွဲပြားမှုတွေ မရှိပါဘူး။ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံတည်ထောင်ထားမှုစနစ်က unitary state system ဖြစ်ပါတယ်။ federal state system မှာ နိုင်ငံရေးအစီအမံတွေက ဗဟိုမှာပဲ ချုပ်ကိုင်ထားခြင်း မရှိပါဘူး။ separation of powers က အလျားလိုက်သဏ္ဍာန်အနေနဲ့ရော၊ ဒေါင်လိုက်သဏ္ဍာန်ပါ ရှိပါတယ်။
ဖယ်ဒရယ်အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေ ရှိပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုလွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်များ ရှိပါတယ်။ တရားစီရင်ရေးစနစ်တွေ ကွဲပြားမှု ရှိနိုင်ပါတယ်။ ဖဒရယ်ပြည်ထောင်စုဆိုင်ရာ နိုင်ငံရေး အစီအမံများမှာ အိန္ဒိယနိုင်ငံကဲ့သို့ quasi- federal arrangements၊ ဂျာမဏီနိုင်ငံကဲ့သို့သော unitarian federal arrangements စတာတွေကနေ အမေရိကန်ပြည်ထောင်စုရဲ့ constitutional federal arrangements တွေအထိ သဏ္ဍာန်အမျိုးမျိုး၊ အာဏာခွဲဝေမှု (division of powers) အမျိုးမျိုးကွဲပြားကြပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အာဏာခွဲဝေမှုမှာတော့ ဖက်ဒရယ်အစိုးရအတွက် သတ်မှတ်ထားတဲ့ delegated powers (ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို regulate လုပ်ရန်၊ ငွေစက္ကူထုတ်လုပ်မှု၊ စစ်ကြေငြာမှု၊ လက်နက်ကိုင်တပ်များထားရှိမှု၊ စာပို့စနစ်၊ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးမှု)၊ ပြည်နယ်အစိုးရများအတွက် သတ်မှတ်ထားတဲ့ reserved powers (ပြည်တွင်းကုန်သွယ်ရေးကို regulate လုပ်ရေး၊ ကျောင်းများတည်ထောင်ရေး၊ သက်ဆိုင်ရာပြည်နယ်အလိုက် ဥပဒေများပြဌာန်းရေးနဲ့ ရွေးကောက်ပွဲများ ကျင်းပရေး)၊ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရများက ရှယ်ယာလုပ်ရန် သတ်မှတ်ထားတဲ့ concurrent powers (အခွန်ကောက်ရေး၊ တရားရုံးများ တည်ထောင်ရေးနဲ့ ချေးငွေ ရယူရေး) စတာတွေ ပါဝင်ပါတယ်။
separate state system ဆိုတာကတော့ လူမျိုးရေး၊ ဝါဒရေး၊ ဘာသာရေး စတာပေါ်မှာ အခြေခံပြီး သီးခြားနိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း ဖြစ်ပါတယ်။ ဥပမာ- အိန္ဒိယနိုင်ငံမှ လွတ်လပ်သော သီးခြားနိုင်ငံအဖြစ် ပါကစ္စတန်နိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း စတာမျိုး ဖြစ်ပါတယ်။ ဒီလို ကွဲပြားသွားတဲ့နိုင်ငံတွေဟာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ခွဲထွက်ပြီး နိုင်ငံတည်ထောင်မှုသဏ္ဍာန် ဖြစ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့ အသွင်ကူးပြောင်းကာလတွေဖြစ်တဲ့ တိုင်းတပါး လက်အောက်ခံကနေ လွတ်လပ်ရေးရစကာလ (ဥပမာ-ကိုလိုနီနိုင်ငံများ) တွေနဲ့ အင်အားကြီး အာဏာထိန်းချုပ်မှု တစုံတရာ ပျောက်ကွယ်သွားသောကာလ (ဥပမာ-ဆိုဗီယက်ယူနီယံ၊ ယူဂိုစလားဗီးလား) စတာတွေမှာ ဒီလို separate state ဆိုင်ရာအရေးတွေ ပေါ်ထွက်တတ်ပါတယ်။
သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ ကွဲပြားမှုတွေရှိနေတဲ့နိုင်ငံတွေမှာ အသွင်ကူးပြောင်းကာလဆိုတာ နိုင်ငံတော်တည်ထောင်မှု (state- formation) လို့ သတ်မှတ်လေ့ရှိကြပါတယ်။ ဒီလို အခြေအနေ၊ အချိန်အခါတွေမှာ တန်းတူညီမျှမှုဆိုင်ရာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အရေးတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် နိုင်ငံရေးခေါင်းဆောင်များအကြား အပြန်အလှန် ယုံကြည်မှု၊ ကတိတည်မှု၊ အပြန်အလှန် လေးစားမှု၊ ပဋိပက္ခရေးရာ ကျွမ်းကျင်သူများရှိမှု၊ confidence-building measures များ ဖော်ဆောင်ထားမှု စတာတွေကို ကြိုတင်ပြင်ဆင် တည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ကံကြမ္မာကို တဦး၊ တဖွဲ့၊ တပါတီတည်းပေါ်မှာ အလုံးစုံ ပုံအပ်ပြီး၊ အသွင်ကူးပြောင်းကာလအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားမှုတွေ အားနည်းခဲ့ရင်၊ အာဏာရ အစိုးရဘက်က တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို မလေးစားဘဲ အာဏာအလွဲသုံးစားလုပ်ပြီး ဖိအားပေးမှုတွေဖြစ်ရင် ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါတယ်။ ကျွန်ုပ်တို့မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရကာစ အခြေအနေဟာ အသွင်ကူးပြောင်းကာလအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားမှု အားနည်းချက်တွေရဲ့ ရလဒ်တွေပါပဲ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးရရှိရေးအတွက် တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေး ဝါဒပေါင်းစုံရှိတဲ့ အဖွဲ့အစည်းပေါင်းစုံက လက်တွဲခဲ့ကြပါတယ်။ ဒီနေရာမှာ လွတ်လပ်ရေးရရှိရေးဆိုတဲ့ political values တွေ တူညီခဲ့ကြပါတယ်။
သို့ပေမယ့် နယ်ချဲ့လက်အောက်မရောက်ခင်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအစီအမံတွေမှာ စစ်အနိုင်တိုက်ပြီး စုစည်းသိမ်းသွင်းမှုပေါ်မှာ အခြေခံတဲ့ state formation သဏ္ဍာန် ရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုးစုတွေအကြားမှာ political values တူပေမယ့် political arrangements စဉ်းစားထားပုံတွေ မတူညီပါဘူး။ နိုင်ငံရေးဝါဒပေါင်းစုံ လက်ကိုင်စွဲထားတဲ့ အဖွဲ့အစည်းပေါင်းစုံမှာလည်း လွတ်လပ်ရေးရရှိရေးဆိုတဲ့ political values တူပေမယ့် political arrangements စဉ်းစားထားပုံတွေ မတူညီပါဘူး။ အချို့က unitary state၊ အချို့က federal state၊ အချို့ကတော့ separate state အထိ စဉ်းစားထားမှုတွေ ရှိကြပါတယ်။
ဒီလို မတူညီမှုတွေကို ပင်လုံစာချုပ်နဲ့ ညှိနှိုင်းယူခဲ့ကြပါတယ်။ ဒါပေမယ့် ပင်လုံစာချုပ်ဟာ တိုင်းရင်းသား လူမျိုးစုအားလုံးကို ကိုယ်စားပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ ပင်လုံစာချုပ် နိဒါန်းမှာ "ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာရလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့က ကန့်ကွက်သူမရှိဘဲ - - - သဘောတူညီ ကြလေသည်˝ လို့ ပါရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပင်လုံညီလာခံဟာ all inclusive dialogue လုပ်ပေးနိုင်ခဲ့တဲ့ ညီလာခံ မဟုတ်ပါဘူး။ ကရင်နီ၊ မွန်၊ ကရင်၊ ရခိုင် အပါအဝင် မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုအားလုံးကို ကိုယ်စားပြုခြင်း မရှိနိုင်ခဲ့ပါဘူး။
အဆိုးဆုံးကတော့ ယုံကြည်မှု တည်ဆောက်ထားမှု အခြေအနေပဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ဖြစ်ပေါ်လာခြင်း အစမှာကတည်းက အပြန်အလှန်ယုံကြည်မှုဟာ အင်စတီကျူးရှင်းပေါ်မှာ အခြေခံတာထက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာ တိုင်းရင်းသားခေါင်းဆောင်များရဲ့ ယုံကြည်လေးစားမှုအပေါ်မှာ အခြေခံထားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုဟာ တိုင်းပြည်အတွက် အစားထိုးလို့မရနိုင်တဲ့ ဆုံးရှုံးမှုကြီးတခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ပဋိပက္ခများ ကြီးထွားလာစေခဲ့တဲ့ ကံဆိုးမိုးမှောင်ကျစေသော အကြောင်းတရားကြီးတခုဆိုရင်လည်း မမှားပါဘူး။ ဗိုလ်ချုပ်တို့သာရှိခဲ့မယ်ဆိုရင် လွတ်လပ်ရေးမရခင် အချိန်ကာလတိုလေးအတွင်းမှာ တိုင်းရင်းသားလူမျိုးအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့မှာဖြစ်သလို၊ ပြည်တွင်းစစ်ကိုတားဆီးနိုင်မယ့် အသွင်ကူးပြောင်းကာလဆိုင်ရာ ကြိုတင်ပြင်ဆင် တည်ဆောက်မှုတွေလည်း လုပ်ထားနိုင်ခဲ့မှာပါ။
သို့ပေမယ့် မြန်မာတို့ရဲ့ ကံဆိုးမိုးမှောင်ကျမှုလို့ပဲ ဆိုရလေမလား၊ ခေါင်းဆောင်တဦးတည်းကိုပဲ အားကိုးကြပြီး၊ အင်စတီကျူးရှင်း တည်ဆောက်မှု အားနည်းခြင်းရဲ့အကျိုးဆက်လို့ပဲ ဆိုရလေမလား မသိ။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတာနဲ့ ပြည်ထောင်စုပုံသဏ္ဍာန် အစိုးရနှင့် အာဏာခွဲဝေမှု၊ တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူညီမျှခွင့်၊ ပင်လုံစိတ်ဓာတ် စတာတွေက တစထက်တစ လျော့ပါးပျောက်ကွယ်လာခဲ့ပါတော့တယ်။ ပင်လုံစာချုပ် လက်မှတ်ရေးထိုးစဉ်က ဗိုလ်ချုပ်ကိုယ်စားပြုခဲ့တဲ့ ဖဆပလ အစိုးရမှာလည်း တပြည်ထောင်စနစ် (unitary system) ကို နိုင်ငံတည်ထောင်မှုဆိုင်ရာ နိုင်ငံရေးအစီအမံအဖြစ် လက်ခံယုံကြည်သူများက ကြီးစိုးခဲ့ပါတယ်။
အသွင်ကူးပြောင်းကာလတိုင်းမှာ အာဏာရအစိုးရရဲ့ အတွေးအခေါ်၊ အယူအဆတွေဟာ အခရာကျပါတယ်။ ငြိမ်းချမ်းစွာနှင့် တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ဖော်ဆောင်မှု၊ အာဏာကိုအသုံးပြု၍ အင်အားသုံးဖြေရှင်းမှုဆိုတဲ့ နည်းလမ်းတွေအနက် လွတ်လပ်ရေးရကာစ ဖဆပလ အစိုးရက အများဆုံးအသုံးပြုခဲ့တဲ့ နည်းလမ်းကတော့ အုပ်ချုပ်ရေးအာဏာနဲ့ စစ်တပ်ကိုအသုံးပြုပြီး အင်အားသုံးဖြေရှင်းမှုတွေပဲ ဖြစ်ပါတယ်။
အပြန်အလှန် ယုံကြည်မှုတည်ဆောက်ထားတာ အားနည်းနေတဲ့အချိန်ကာလ၊ သံသယများ ကြီးထွားနေသောကာလ၊ ညီညွတ်ရေးဆိုရာမှာလည်း လူမျိုးစုအားလုံးကို ကိုယ်စားပြုထားခြင်းမရှိသေးသော ပင်လုံစာချုပ်တခုသာရှိနေသောကာလ၊ တနည်းဆိုရင် နိုင်ငံရေးအရ political sensitivity အမြင့်မားဆုံးဖြစ်နေသော ကာလတွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေကို လက်နက်နဲ့ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။ အတင်းအကျပ် လက်နက်သိမ်းမှုတွေ ရှိလာခဲ့ပါတယ်။ လက်နက်နဲ့ အင်အားသုံးဖြေရှင်းမှုဆိုတာ အခြေအနေ၊ အချိန်အခါပေါ်မှာ မူတည်ပြီးမှ ထိရောက်မှုရှိပါတယ်။ အခြေအနေ၊ အချိန်အခါနဲ့ မလျော်ညီရင် ပိုမိုဆိုးရွားတဲ့အခြေအနေကို ရောက်သွားစေတတ်ပါတယ်။ ဥပမာ-လူနှစ်ဦးမှာ တဦးနဲ့တဦး မယုံကြည်မှုတွေ၊ သံသယတွေရှိနေချိန်မှာ တဦးက လူသူစုဆောင်းပြီး တုတ်၊ ဓားတွေနဲ့ အခြားလူတဦးထံကို ရှေ့ရှုသွားမယ်ဆိုရင် သွားသူများက တိုက်ခိုက်ဖို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တဖက်နဲ့ တဖက် တိုက်ခိုက်မှု ဖြစ်ကို ဖြစ်ပါတယ်။
ဖဆပလ အစိုးရလက်ထက်မှာ ပြည်တွင်းစစ်မီးတွေ တောက်လောက်လာခြင်းဟာ နဂိုရှိရင်းစွဲ နိုင်ငံတော် တည်ထောင်မှု (state formation) ဆိုင်ရာ အားနည်းချက်တွေပေါ်မှာ လက်နက်နဲ့ ဖိအားပေးမှုတွေ၊ လက်နက် အတင်းအကျပ် လိုက်လံ သိမ်းဆည်းမှုတွေက ထပ်ဆောင်းသွားခဲ့ခြင်း ဖြစ်ပါတယ်။ confidence-building measures တွေ အားနည်းခဲ့ကြပါတယ်။ ဝါဒရေးရာ ပဋိပက္ခတွေအပြင် ပင်လုံစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပဋိပက္ခတွေကလည်း စတင်ပေါ်ထွက်ခဲ့ပါတယ်။ ဒါက ပင်လုံစာချုပ်တခုတည်းဟာ ပြည်ထောင်စုအရေးအတွက် လုံလောက်သောပြင်ဆင်မှု မဟုတ်ခဲ့ဘူးဆိုတာပြသတဲ့ လက္ခဏာတရပ်ပါပဲ။
ဖဆပလ အစိုးရလက်ထက်မှာ ပြည်တွင်းစစ်ဖြစ်ရခြင်းရဲ့ အခြေခံအကြောင်းတရားဖြစ်ကတော့ ပြည်ထောင်စုအရေးကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကြိုးပမ်းမှုထက် တပြည်ထောင်စနစ်နဲ့ လက်နက်အင်အားသုံးဖြေရှင်းမှုကို ပိုပြီးဇောင်းပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးထက် စစ်ဆင်ရေးကြီးများနဲ့ ချေမှုန်းနိုင်ရေးကို ဦးစားပေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဆိုတာ လက်ခုပ်နှစ်ဖက်တီးမှ မြည်တဲ့အရာဖြစ်ပါတယ်။ အာဏာရသူများနဲ့ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ အတိုက်အခံပြုနေသူများဘက်က ငြိမ်းချမ်းရေးရဖို့ မည်မျှပဲ ပြင်ဆင်နေသည်ဖြစ်စေ၊ တောင်းဆိုနေသည် ဖြစ်စေ၊ အာဏာလက်ဝယ်ရထားတဲ့ အစိုးရဘက်က ငြိမ်းချမ်းရေးဆိုတာကို လက်နက်ဖြုတ်သိမ်းပြီးမှ တည်ဆောက်လို့ရမည့်အရာ၊ နိုင်ငံရေးအရ အပြီးတိုင်ချေမှုန်းပြီးမှ တည်ဆောက်လို့ရမည့်အရာ၊ အာဏာရသူများရဲ့ သတ်မှတ်ချက်များအတိုင်း အတိုက်အခံများဘက်မှ လိုက်နာဆောင်ရွက်ရမည့်အရာလို့ သတ်မှတ်နေသမျှကာလပတ်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ တည်ဆောက်နိုင်မှာ မဟုတ်ပါ။ ငြိမ်းချမ်းရေးဆိုတာ ဒူးထောက်အညံ့ခံရေး မဟုတ်ပါ။
နောက်ဆုံးမှာတော့ ဖဆပလရဲ့ တပြည်ထောင်စနစ်ကို တိုင်းရင်းသားများက ပြည်ထောင်စုသဏ္ဍာန် တောင်းဆိုမှုတွေ ပေါ်ထွက်လာပါတော့တယ်။ ဒီအခါမှာ ဖဆပလ ဝန်ကြီးချုပ်က ပြည်ထောင်စုအရေးကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံတော်အာဏာကို ဗိုလ်နေဝင်းဆီ ထိုးအပ်လိုက်ပါတယ်။ ဗိုလ်နေဝင်းက အရပ်သားအစိုးရကို အာဏာ ပြန်လွှဲပေးထားစဉ်ကာလမှာ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အမြော်အမြင်ကြီးစွာနဲ့ ၁၉၆၁ ခုနှစ်မှာ တောင်ကြီးမြို့မှာ ညီလာခံတရပ်ကျင်းပပြီး စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကို တောင်းဆိုခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ဦးနုက ရွေးကောက်ပွဲဝင်စဉ်က ကတိအတိုင်း အမျိုးသားနှီးနှောဖလှယ်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ဆယ်စုနှစ်ကျော်ကာလတလျှောက် ပြည်ထောင်စုသဏ္ဍာန် အကောင်အထည်ဖို့ အားနည်းခဲ့ရာက ပြည်ထောင်စုသဏ္ဍာန် အခင်းအကျင်းအတွက် ပထမဆုံး ခြေလှမ်းလို့ ဆိုနိုင်ပါတယ်။ federal arrangements မဖြစ်သွားရင်တောင် အနည်းဆုံး quasi- federal arrangements ဖြစ်သွားစေနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ရှိခဲ့ပါတယ်။ Unitary state ကနေ Federal State အနေနဲ့ တစတစ အသွင်ကူးသွားစေနိုင်တဲ့ local autonomy, provincial autonomy စနစ်တွေကိုလည်း နှီးနှောဖလှယ်ပွဲတွေကတဆင့် အမြင်တွေ ချပြဆွေးနွေးနိုင်ခဲ့ကြမှာပါ။ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလဟာ နိုင်ငံတော်ကြီးက ပြည်ထောင်စုသဏ္ဍာန်ကို ပထမဆုံးခြေလှမ်း စလှမ်းစကာလပါ။
သို့ပေမယ့် ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အုပ်စုက ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပါတော့တယ်။ ပြည်ထောင်စု မပြိုကွဲရေးလို့ ဆိုပါတယ်။ လက်တွေ့မှာကျတော့ တပြည်ထောင်စနစ် မပြိုကွဲရေး၊ ဗဟိုအစိုးရမှ အာဏာကို အပြည့်အဝ ချုပ်ကိုင်ထားနိုင်ရေးပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုသဏ္ဍာန် ဖော်ဆောင်ရေးခြေလှမ်းကို ရိုက်ချိုးခြင်းဖြစ်တဲ့အတွက် ပြည်ထောင်စု ပြိုကွဲရေးပဲ ဖြစ်ပါတော့တယ်။
ဒီလို ပြည်ထောင်စု မပြိုကွဲရေးလို့ အမည်ခံတဲ့ ပြည်ထောင်စုပြိုကွဲရေး လုပ်ငန်းဆောင်တာတွေကို တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်ကာလတလျှောက်လုံးမှာ စစ်အာဏာရှင် အဆက်ဆက်က အမွေခံ ကျင့်သုံးခဲ့ကြပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ဆိုတာကို ပြည်ထောင်စု ပြိုကွဲစေတဲ့စနစ်လို့ သတ်မှတ်ပြောဆိုပါတယ်။ စစ်အာဏာသိမ်းယူမှုတွေကို ပြည်ထောင်စု မပြိုကွဲရေးအတွက် ကာကွယ်စောင့်ရှောက်ရခြင်း၊ တိုင်းပြည် ချောက်ထဲကျမည့်အရေးကို ကာကွယ်စောင့်ရှောက်ရခြင်းလို့ ဝါဒဖြန့်ချိရေးတွေ လုပ်ခဲ့ပါတယ်။ ကျောင်းသင်ခန်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားများမှာ ထည့်သွင်းခဲ့ပါတယ်။ အတွေးအမြင်၊ အသိဉာဏ် ပိတ်ပင်မှုတွေ လုပ်ပါတယ်။
ဦးနှောက်ဆေးခြင်း၊ ဝါဒဖြန့်ချိခြင်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်နက်တွေဆိုတာက စစ်မြေပြင်မှာ လက်နက်ကြီး မိုးရွာခံရတာထက် ပိုပြီးကြောက်စရာကောင်းတဲ့ လက်နက်တွေဖြစ်ပါတယ်။ လူတယောက်ကို ခြောက်လခန့် စနစ်တကျ ဦးနှောက်ဆေးပြီး အယူအဆအမှားတွေကို ရိုက်သွင်းလို့ ရပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေး အသုံးပြုပြီး စုစည်းခိုင်မာနေတဲ့ အင်အားစုကြီးတခုကို နှစ်အနည်းငယ်အတွင်း ဖရိုဖရဲ တစစီပြန့်ကျဲအောင် လုပ်ဆောင်လို့ ရနိုင်ပါတယ်။ ဝါဒဖြန့်ချိရေး လက်နက်နဲ့ အမှန်တွေ အမှားဖြစ်၊ အမှားတွေ အမှန်ဖြစ်ပြီး အမှန်နဲ့ အမှား မသဲကွဲတော့တာတွေ ပြုလုပ်လို့ရပါတယ်။ စစ်အာဏာရှင်အဆက်ဆက်ဟာ ဒီလက်နက်တွေကို စနစ်တကျ အသုံးချခဲ့ကြပါတယ်။
သူရဲကောင်းဝါဒ၊ စစ်ဘုရင်ဝါဒ၊ ဗမာဘုရင်များက အစိတ်စိတ်အမြွာမြွာ ကွဲပြားနေတဲ့နိုင်ငံကို စစ်ရေးအင်အားသုံးပြီး ပြန်လည်စုစည်းယူထားတဲ့ သမိုင်းကြောင်း၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး သမိုင်းကြောင်းနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ ရန်ကုန်အစိုးရလို့ အခေါ်ခံခဲ့ရရာကနေ ခဲရာခဲဆစ် အသက်၊ သွေး၊ ချွေး စတေးပြီး နိုင်ငံတော်ကြီးကို ကာကွယ်ထားရတဲ့ သမိုင်း၊ တိုင်းရင်းသားတွေက ဖယ်ဒရယ်စနစ်ကို တောင်းဆိုပြီး ပြည်ထောင်စုပြိုကွဲရေး ပြုလုပ်လာတဲ့ အန္တရာယ်ကို တပ်မတော်မှ ကာကွယ်လိုက်ရခြင်း၊ လူသတ်ခေါင်းဖြတ်ပြီး မင်းမဲ့စရိုက်များစိုးမိုးနေချိန်မှာ ချောက်ထဲကျမည့်အရေးမှ တိုင်းပြည်ကိုကယ်တင်ထားရခြင်း စတဲ့ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းများကို အာဂုံဆောင်ကျက်မှတ်ပြီး ကြီးပြင်းလာရတဲ့လူငယ်များကို တပ်သားသစ်သင်တန်းများမှာ ခြောက်လခန့်၊ ဗိုလ်သင်တန်းများမှာ သုံးနှစ်ခန့် သင်တန်းပေးမှု၊ ရဲတပ်ဖွဲ့ဝင်များကို သင်တန်းပေးမှု၊ အရပ်သားများကို ဝန်ထမ်း သင်တန်းများမှာ သင်တန်းပေးမှု၊ အာဏာရှင် လက်ကိုင်တုတ်များကို စီမံခန့်ခွဲရေးသင်တန်းတွေမှာ သင်တန်းပေးမှု စတဲ့ အချိန်ကာလတွေဟာ လူတယောက်ကို ဦးနှောက်ဆေးဖို့ လုံလောက်တဲ့ အချိန်ကာလတခု ဖြစ်ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ လက်ဆင့်ကမ်းအမွေတွေကို ထိန်းသိမ်းကြပြီး ဖယ်ဒရယ်မူဆိုတာကို ပြည်ထောင်စုပြိုကွဲရေးမူလို့ လက်ခံထားကြသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ လက်နက်ကိုင် အင်အားစုများကို သောင်းကျန်းသူများဟု အမှန်တကယ် ယုံကြည်လက်ခံနေသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ တိုင်းရင်းသားများကို ပြည်ထောင်စုမှ ခွဲထွက်ရေး ကြိုးပမ်းနေကြတယ်လို့ ထင်မှတ်နေသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ အဖိနှိပ်ခံ ပြည်သူတို့ရဲ့ တိတ်တဆိတ် ရင်ထဲက ငိုကြွေးသံတွေ စုပြုံထွက်လာတဲ့ လူထုအရေးတော်ပုံများကို သူပုန်များ မြို့ထဲဝင်စီးနေပြီဟု အမိန့်ပေးခံရ၍ မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်ခဲ့သူ တပ်မတော်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ သံဃာတော်များ မေတ္တာပို့ ဆုတောင်းခြင်းကို သံဃာတုများဖြင့် ပြည်ထောင်စု ပြိုကွဲရေး လာလုပ်နေပြီဟု တပ်လှန့်ပစ်ခတ်သတ်ဖြတ်ခိုင်းမှုများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ ဒါတွေကို ပြန်လည် လေ့လာဆန်းစစ်ကြည့်ရရင် အဖြေကို သိနိုင်ပါတယ်။
မည်သို့ဆိုစေ၊ သေချာသည်ကတော့ ပြည်ထောင်စု မပြိုကွဲရေးဆိုသော ခေါင်းစဉ်အောက်မှ ပြည်ထောင်စုပြိုကွဲရေး လုပ်ငန်းစဉ်များကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများမှ မိမိတို့လုပ်လိုက်တဲ့အလုပ်ရဲ့ အတိုင်းအဆ ပမာဏကိုမသိဘဲ စစ်အာဏာရှင်တို့ အလိုကျ လိုက်လံလုပ်ဆောင်ပေးနေကြပြီး ပြည်ထောင်စု မပြိုကွဲရန် ကာကွယ်နေတယ်လို့ ထင်မှတ်မှားမှုတွေရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း လူမျိုးစုဒေသတွေမှာ သက်ဆိုင်ရာ လွှတ်တော်တွေရှိပြီး ပြည်နယ်အစိုးရအဖွဲ့တွေ ဖွဲ့စည်းထားပေမယ့် လက်တွေ့မှာတော့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေးအာဏာ ကျင့်သုံးမှုဆိုင်ရာ အာဏာအပိုင်းအခြားတွေကလည်း ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုအောက်မှာပဲ ရှိနေပြန်ပါတယ်။ အာဏာခွဲဝေမှု (Division of Power) ကိုလည်း ကျင့်သုံးနိုင်မှု မရှိပါ။
ငြိမ်းအဖွဲ့များလို့ အများခေါ်ဝေါ် သုံးစွဲထားတဲ့ လူမျိုးစု လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနဲ့ စစ်အာဏာရှင်တို့အကြားမှာ ၁၉၉၀ အလွန်ကာလတွေကဖြစ်တည်ခဲ့တဲ့ ငြိမ်းချမ်းရေးဟာလည်း စစ်မှန်သော ငြိမ်းချမ်းရေးအသွင် မဆောင်ခဲ့ပါဘူး။ အပစ်အခတ်ရပ်စဲရေး၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး လုပ်ဆောင်နိုင်မှု အတိုင်းအတာ အထိသာရှိခဲ့ပြီး၊ စစ်အာဏာရှင်တို့ဘက်မှ နယ်မြေ စိုးမိုးရေး၊ ရင်ဆိုင်ထိန်းချုပ်ရေး၊ ဖိအားပေးရေး၊ သပ်လျှိုဖြိုခွဲရေး စတာတွေကို ဦးစားပေး လုပ်ဆောင်ခဲ့ကြပါတယ်။
၁၉၉၀ အလွန်ကာလတွေနဲ့ ၂၁ ရာစု ကနဦးပိုင်းတွေမှာ ဖိအားပေးမှုများ အသွင်သဏ္ဍာန် အမျိုးမျိုးနှင့်ရှိခဲ့ရာက ၂၀၀၈ ပြည်သူ့ဆန္ဒခံယူပွဲပြီးချိန်နောက်ပိုင်းမှာ အာဏာရှင်တို့ဘက်မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အစဉ်တစိုက် ဖိအားပေးပြီး ခြေကုပ်ယူတပ်စွဲမှုတွေ၊ ရင်ဆိုင်ထိန်းချုပ်မှုတွေ၊ ကြိုကြား ထိတွေ့မှုတွေ၊ အင်အားအလုံးအရင်းဖြင့် နယ်မြေအနီးသို့ ချဉ်းကပ်ဝန်းရံမှုတွေ၊ အင်အားပြ ခြိမ်းချောက်မှုတွေ၊ တိုင်းရင်းသားခေါင်းဆောင်များအား မောက်မောက်မာမာ ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တပ်မတော်ဘက်က အလုံးစုံချေမှုန်းရေးနဲ့ စစ်ဆင်ရေးကြီးများ ဆင်နွှဲခြင်းမရှိလာရင်တောင် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအကြားမှာ နယ်ခြားစောင့်တပ် လုပ်ဖို့၊ လက်နက်ချဖို့ ဖိအားပေးလိုက်၊ စစ်ရေးအင်အားပြလိုက်၊ ထိတွေ့မှုဖြစ်လိုက်၊ mediator များက ကြားဝင်လာပြီး အပစ်အခတ် ရပ်စဲလိုက်နဲ့ သံသရာလည်နေမှုဟာ ပြည်ထောင်စုသဏ္ဍာန်တည်ဆောက်မှု နိုင်ငံရေးအခင်းအကျင်းတွေ မဖြစ်ပေါ်လာသေးသမျှကာလပတ်လုံး ဖြစ်နေမှာတော့ အသေအချာပါပဲ။ စစ်မှန်သော ရေရှည်ခံ ငြိမ်းချမ်းရေးကတော့ ပေါ်ထွက်လာခြင်းရှိမှာ မဟုတ်ပါ။
အခုလို ပြည်ထောင်စုသဏ္ဍာန်၊ ဒီမိုကရေစီအသွင်သဏ္ဍာန်မရှိတဲ့ လက်နက်အင်အားသုံး ဖြေရှင်းမှုများဟာ ပြည်တွင်းစစ်မီးကိုမွှေးနေတာနဲ့ အတူတူပါပဲ။ တချိန်ချိန်မှာ ပြည်တွင်းစစ်မီးတောက်ကြီး အချိန်မရွေး ထတောက်သွားနိုင်ပါတယ်။ ပြည်ထောင်စုမပြိုကွဲရေးကို ဦးထိပ်ထားသည်ဟု အမည်ခံပြီး ပြည်ထောင်စုစနစ်ကို တောင်းဆိုနေကြတဲ့ တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်းဟာ ပြည်ထောင်စုကို ဖြိုခွဲနေတာနဲ့ အတူတူပါပဲ။ ပြည်ထောင်စုသဏ္ဍာန် တည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးအခင်းအကျင်းများကို ဖျက်ဆီးနှောင့်ယှက်ခြင်းဟာ ပြည်ထောင်စု ပြိုကွဲရေးလုပ်တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် မရှိသေးတဲ့ ပြည်ထောင်စုကို မပြိုကွဲရေးဆိုပြီး ရွတ်ဆိုနေတာထက် စစ်မှန်သော ပြည်ထောင်စုစနစ် ထွန်းကားလာစေရန် တည်ဆောက်ဖို့သာ လိုအပ်ပါကြောင်းနှင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့များမှလည်း အာဏာရှင်စနစ်၏ မှိုင်းတိုက်ထားမှုများကို မယုံကြည်ဘဲ စစ်မှန်သော ပြည်ထောင်စုစနစ် တည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။ ။
ခင်မမမျိုး
No comments:
Post a Comment