Saturday, June 14, 2014

ခွေးမသာ ဦးအံ့မောင်နှင့် ယုန်တစ်ကောင်၏ နောက်ဆုံးခရီး (အရှင်ဉာဏိက)

ဒီနေ့ နေ့ဆွမ်းကို ဆန်ဖရန်စစ္စကိုမြို့အနီးက ဒေလီစီးတီးကို ကြွခဲ့ရတယ်။ ဒေလီစီးတီဆိုတာက အမေရိကရောက် မြန်မာနွယ်ဖွားတွေ အနေများတဲ့မြို့။ အခြားနေရာတွေမှာ မြန်မာတွေ များကောင်းများမယ်။ ဒါပေမယ့် ဧရိယာကျဉ်းကျဉ်းလေးထဲမှာ အမေရိကရောက် မြန်မာနွယ်တွေ အများဆုံး စုနေတဲ့နေရာကိုပြပါဆိုရင် ဒီမြို့ကို ပြရမယ်။ လမ်းတိုင်းမှာ မြန်မာမိသားစု တစ်စုတော့ အနည်ဆုံးရှိတယ်။ အချို့လမ်းများမှာဆိုရင် မြန်မာမိသားစုတွေ လေးငါးဦးမက။ ဈေးဆိုင်တွေမှာ အလုပ်လုပ်နေကြသူတွေထဲမှာလည်း မြန်မာတွေဆိုတာ နေရာအနှံ့။ 

ဒီမြို့လေးမှာ ရောက်ရှိနေထိုင်သူတွေအများစုက မြန်မာပြည်ဖွား တရုတ်အနွယ်တွေ။ ရောက်နေကြတဲ့နှစ်တွေလည်း မနည်းကြတော့။ အချို့ဆိုရင် တတိယမျိုးဆက်တောင် ရှိနေကြပြီ။ ပထမမျိုးဆက်တွေက အသက်တွေကြီးနေကြပြီမို့ မီးစာကုန် ဆီခမ်း အရွယ်ရောက်နေကြပြီ။ ဒါကြောင့် ကံကုန်သက်တမ်းစေ့ အမှည့်ကြွေ ကြွေကြသူတွေလည်း ဒီပတ်ဝန်းကမြို့များထဲမှာဆို ဒီမြို့လေးမှာက အများဆုံး။ ရွယ်နှောင်းရင့်ကြွေ သေသူတွေရဲ့ အသုဘရှု အခမ်းအနားတွေအတွက်နဲ့ ဒီမြို့လေးမှာ ကြွရတာက တော်တော်များပါတယ်။ 


အမေရိကကိုရောက်လာတော့ ဒီက ယဉ်ကျေးမှုက မြန်မာနွယ်ဖွားတွေအပေါ်မှာလည်း ရိုက်ခတ်လာဟန်ထင်ရဲ့။ အိမ်တော်တော်များမှာ အိမ်မွေးတိရစ္ဆာန်ငယ်များကိုလည်း မွေးကြတယ်။ အရှင်သခင်တွေ အရွယ်လွန်တော့ သေကြရသလို အိမ်မွေးတိရစ္ဆာန်လေးတွေလည်း သက်တမ်းစေ့တော့ သေကြရတာပါပဲ။ အတူနေတာကြာလာတော့ သံယောဇဉ်ဆိုတာက ပိုလာတတ်ကြတာ သဘာဝ။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်တွေ သေလို့ ငိုကြွေးသောက ဖြစ်ကြတာကိုလည်း တွေ့ရတတ်တယ်။ မြန်မာပြည်မှာနေစဉ်က တိရစ္ဆာန်မသာနဲ့စပ်ပြီး ကုသိုလ်ပြုကာ အမျှဝေကြတာကို မတွေ့ခဲ့ရဖူးပေမယ့် ဒီမှာရောက်တော့ အိမ်မွေးတိရစ္ဆာန်လေးတွေ ကွယ်လွန်လို့ ကုသိုလ်ပြု အမျှပေးဝေကြတာကို မကြခဏဆိုသလို တွေ့ရတတ်တယ်။ 

ဒီနေ့လည်း ရင်းနှီးတဲ့မိသားစုက သူတို့အိမ်မှာမွေးထားတဲ့ ယုန်မလေး ရိုစီ ကွယ်လွန်သွားတာကြောင့် ကုသိုလ်ပြုလုပ်ကာ အမျှအတန်း ပေးဝေကြပါတယ်။ အရင်က သူတို့အိမ်ကိုရောက်တဲ့အခါများမှာ သူတို့မွေးထားတဲ့ သမီးလေး ရိုစီက သူတို့စကားကို ဘယ်လောက်တောင် နားလည်ကြောင်း၊ သူတို့တွေရဲ့ မျက်နှာရိပ် မျက်နှာကဲကိုလည်း နားလည်ကြောင်း စသဖြင့် တိရစ္ဆာန်ငယ်လေးတွေ အိမ်မှာမွေးတတ်ကြတဲ့သူတွေ ပြောနေကျ၊ ချီးကျူးစကားတွေကို အားပါးတရ ပြောတတ်ကြပါတယ်။ မိသားစုက ယုန်မလေး ရိုစီကိုလည်း သမီးတစ်ယောက်လို သဘောထားပုံ ရပါတယ်။ ခု ကုသိုလ်ပြုတာတောင်မှပဲ ကွယ်လွန်သူ သမီးလေး ရိုစီ ကောင်းမှုရယ်လို့ စာတန်းထိုးကာ နဝကမ္မ၊ ခြုံစောင်နဲ့ ခြေအိတ် စတဲ့ လှူဖွယ်ဝတ္ထုများကို လှူဒါန်းပါတယ်။ ရေစက်ချချိန်မှာလည်း အိမ်ရှင်များမှာ မျက်ရည်စက်လက်နဲ့။ 

ဆွမ်းစားအိမ်ကနေ ကျောင်းပြန်ရောက်တော့ ကျောင်းပေါက်မှာ ဧည့်သည်များစောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။ ဖုန်းနံပတ်က ဖုန်းဟောင်းထဲမှာပါသွားလို့ ဆရာတော့်ကို ကြိုတင် ဖုန်းမခေါ်နိုင်ပါကြောင်းနဲ့ လာရတဲ့ခရီးကလည်း သိပ်မနီးလို့ ဒီဘက်ရောက်မှတော့ ဆရာတော်ကို မတွေ့ရဘဲ မပြန်ဘူးဆိုပြီး ကျောင်းရှေ့မှာ ထိုင်စောင့်နေတာ။ တော်တော်နဲ့ ဆရာတော် ပြန်မကြွလာနိုင်တာကြောင့် တပည့်တော်တို့ အနီးနားက ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာသွားစားပြီး ခု နောက်တစ်ခေါက် ပြန်လာတာ။ ဆရာတော်ရဲ့ ရှေ့လေးတွင်ပဲ ရောက်ပါတယ်လို့ ပြောပါတယ်။ 

ကျောင်းပေါ်မှာ ခဏနားကာ သူတို့လှူဒါန်းလိုတာများ လှူဒါန်းကြပါတယ်။ အလှူရှင်များကို ပရိတ်တရားချီးမြှင့်ကာ တရားစကား အနည်းငယ်ပြောပြီး ရောက်တိုင်းရောက်ခိုက် အလာပ သလာပစကား ဆက်ပြောဖြစ်ပါတယ်။ အဲဒီမှာ ဒီနေ့သွားခဲ့ရတဲ့ ယုန်မလေး ရိုစီအတွက် ရည်စူးကုသိုလ်နဲ့ မကြာမီကလည်း ခုလိုပဲ ဒကာမတစ်ဦးက သူချစ်တဲ့ သူ့ခွေးလေး ဘပ်ဒီအတွက် ရည်စူးကာ ကုသိုလ်ပြုခဲ့တဲ့အကြောင်း။ သတ္တဝါတစ်ကောင် သေဆုံးသွားတဲ့အခါမှာ ဖြစ်နိုင် ရောက်နိုင်တဲ့ ဂတိများနဲ့ စပ်ဆိုင်တဲ့အကြောင်းကိုလည်း ပြောဖြစ်ပါတယ်။ 

သူတို့မိသားစုလည်း သတ္တဝါလေးတွေကို ချစ်ခင်ကြကြောင်း၊ အရင်က ခွေးလေးတစ်ကောင် မွေးခဲ့ဖူးကြောင်း၊ အဲဒီ သူတို့ခွေးလေး သေသွားတော့ သူတို့မိသားစုမှာ အတော်လေး ဝမ်းနည်းခဲ့ရကြောင်း ပြောပါတယ်။ နောက်ပြီး ဒကာတော်က ကောင်းတယ် ဘုရား။ တပည့်တော်တို့လည်း ခွေးမသာ၊ ယုန်မသာတွေနဲ့ စပ်တဲ့တရားစကားကို နာခွင့်ရတာ ဗဟုသုတရလို့ ဝမ်းသာပါတယ်။ ဒီနေ့ ဆရာတော် ကြွရောက်ချီးမြှင့်ခဲ့တဲ့ အဲဒီ ယုန်လေးနဲ့ မကြာမီက ဆုံးသွားတယ်ဆိုတဲ့ ခွေးလေးတွေကို ဒီနေ့ တပည့်တော်တို့မိသားစုပြုလုပ်တဲ့ ကုသိုလ်ရဲ့ အဖို့ဘာကိုလည်း တပည့်တော်က အမျှအတမ်း ပေးဝေပါဦးမယ်လို့ ပြောပါတယ်။ 

စကားပြောနေရင်းပဲ မြန်မာပြည်မှာ ခုလောလောဆယ်ဖြစ်နေတဲ့ မဟာသန္တိသုခ ကျောင်းတော်ကြီးအကြောင်း ရောက်သွားတယ်။ အဲဒီမှာ သူ့ကို သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဆိုသူ ဦးအံ့မောင်ရဲ့ သတင်းစာရှင်းလင်းပွဲလုပ်ထားတဲ့ ဗီဒီယိုဖိုင်ရယ်၊ ဘီဘီစီနဲ့ အမေးအဖြေလုပ်ထားတဲ့ အသံဖိုင်ရယ်ကို အင်တာနက်မှာ ကြည့်လိုက်ရ၊ နားထောင်လိုက်ရတဲ့အကြောင်း ပြောဖြစ်ပါတယ်။ 

ဒီတော့ ကိုယ့်ဒကာက ဘာတွေစိတ်ဆိုးသွားတယ် မသိပါဘူး။ အရှင်ဘုရား။ တိရစ္ဆာန်မသာ၊ ခွေးမသာအကြောင်းပြောရတာ ကျက်သရေရှိတယ်။ ဒီ…သား အကြောင်းပြောရတာ လုံးဝ ကျက်သရေမရှိဘူး။ သိသိကြီးနဲ့ ဗြောင်လိန်ညာနေတယ်။ တပည့်တော်လည်း အဲဒီ ဗီဒီယိုကို ကြည့်ဖြစ်တယ်။ ကြည့်နေရင်း အလွန်ဒေါသထွက်တယ်။ ဒီ…သားအကြောင်း မပြောစမ်းပါနဲ့ ဘုရားလို့ ပြောပါတယ်။ ဒီတော့ သူ့မဟေသီက “ရှင်ကလည်းတော်ရယ်၊ ဘုန်းဘုန်းရှေ့မှာ၊ သူများ အကုသိုလ်ကို ကိုယ့်အကုသိုလ်ဖြစ်အောင် မလုပ်စမ်းပါနဲ့။ သူ့ထိုက်နဲ့သူ့ကံ ရှိပါစေ” ရယ်လို့ ဖျောင်းဖျ ပြောဆိုပါတယ်။ 

ဒီတော့ ဒကာတော်က “ဆရာတော် ခွင့်လွှတ်ပါဘုရား။ သူက အရင်ကလည်း ဘုရားတပည့်တော်တို့မိဘတွေ ကိုးကွယ်ဆည်းကပ်ခဲ့တဲ့ ဆရာတော်ကြီးတစ်ပါးကို ခုလိုပဲ ထောင်ထဲရောက်အောင်လုပ်ခဲ့တယ်လို့ ဆရာတော့် တပည့်တွေက ပြောခဲ့ဖူးတယ်။ အဲဒါကြောင့် အဲဒီကတည်းက ဒီလူ့နာမည်ကို မကြားချင်လောက်အောင် မုန်းနေခဲ့တာ။ ခုတစ်ခါ ပြန်ကြားရတော့ တပည့်တော်စိတ် မထိန်းနိုင်အောင် သတိလက်လွတ်ဖြစ်သွားတယ်။ ခွင့်လွှတ်ပါဘုရားလို့ လျှောက်ပါတယ်။ 

ရဟန်းသံဃာတွေရှေ့မှာ ရိုင်းရိုင်းပြပြ ဘယ်တုန်းကမှ စကားမဆိုခဲ့တဲ့ ကိုယ့်ဒကာ။ စောစောကတင်ပဲ ခွေးမသာ၊ ယုန်မသာတွေအကြောင်း ပြောနေတုန်းက ပြုံးပြုံးနဲ့ နားထောင်နေခဲ့တဲ့ ဒကာ၊ ဒီနေ့ သူတို့မိသားစုပြုခဲ့တဲ့ ကုသိုလ်အတွက် ခွေးလေးနဲ့ ယုန်လေးကိုပင် အမျှအတမ်းပေးဝေဦးမယ်လို့ ပြုံးပြုံးရွှင်ရွှင်ပြောခဲ့တဲ့ ဒကာ။ ဒီဒကာက ရုတ်တရက် ခုလို ဆဲရေးတိုင်းထွာတာကိုမြင်ရတော့ ဦးအံ့မောင်နဲ့စပ်ပြီး တော်တော်လေးစိတ်ဆိုးနေလို့သာဖြစ်မယ်လို့ ကောက်ချက်ချမိပါတယ်။ 

ဒီနေ့အဖြစ်အပျက်ကိုတွေ့လိုက်ရတော့ လောကမှာ လူတစ်ယောက် ဆိုးသွမ်းယုတ်မာရင် အခြားသူများလည်း ငိုကြွေးမြည်တမ်းရ၊ ဆင်းရဲဒုက္ခရောက်ကြရ၊ အကုသိုလ်ပွားကြတာမို့ လူဆိုးလူယုတ်မာ မဖြစ်ရလေအောင် စောင့်ထိန်းသင့်လှကြောင်း ဆင်ခြင်မိရပါတယ်။ 

ဒီနေ့တစ်နေ့ထဲမှာပဲ ခွေးမသာအကြောင်း ပြောဖြစ်၊ ဦးအံ့မောင်အကြောင်း ပြောဖြစ်၊ ယုန်တစ်ကောင်ရဲ့ နောက်ဆုံးခရီးအတွက် တရားလည်းဟောဖြစ်ခဲ့ရ။ ချစ်ခင်သူတွေရဲ့ ချစ်ခင်မှုကို အခြေခံလို့ဖြစ်ရတဲ့ ပူဆွေးသောကတွေကိုလည်း ကြုံရ၊ စာနာတတ်သူတွေရဲ့ ဝမ်းမြောက်ဝမ်းသာမှုနဲ့ ကြည်နူးမှုတွေကိုလည်း တွေ့ခဲ့ရ။ ဒေါသဖြစ်စရာသူတွေကြောင့် ဒေါသဖြစ်တာကိုလည်း တွေ့လိုက်ရ။ သတိတရ သံဝေဂလည်း ဖြစ်မိပါတယ်။ သောကပဲဖြစ်ဖြစ်၊ ဒေါသပဲဖြစ်ဖြစ်၊ အကုသိုလ်တရားချည်းဟာမို့ ဘယ်အရာမှတော့ ကောင်းတယ်လို့ မဆိုသာပါဘူး။ 

သို့ပေမယ့် ကိုယ့်ရဲ့ တစ်ဘဝတာခရီးကုန်ဆုံးလို့ ကိုယ်နဲ့နီးစပ်သူတွေ၊ မနီးစပ်သူတွေက ကိုယ့်ကို အကြောင်းတမျိုးမျိုးနဲ့ သတိရနေကြမယ်ဆိုရင်တောင် ကိုယ် အသက်ရှင်စဉ်မှာလုပ်ခဲ့တဲ့ ကိုယ့်ရဲ့ အလုပ်မှား၊ ပြောခဲ့တဲ့ အပြောမှားတွေကြောင့် စိတ်ဆိုးအမျက်ထွက်ကာ နာကျည်းဒေါသနဲ့ သတိရကြတာထက်စာရင်ဖြင့် ကိုယ့်ရဲ့ ပြုမူပြောဆိုမှုက သူတို့အတွက် နှစ်သက်မြတ်နိုးဖွယ်ဖြစ်စေခဲ့လို့ ချစ်မြတ်နိုးကြတာကြောင့် သောကနဲ့ သတိရကြတာက နည်းနည်းတော့ ပိုကောင်းပေလိမ့်မယ်လို့ တွေးဖြစ်မိပါတယ်။ ။ 

အရှင်ဉာဏိက 

No comments: