Friday, June 13, 2014

လောကဓံလေပြင်း တိုက်ခတ်ခဲ့သော်လည်း (ခင်ငြိမ်းသစ်)

တကယ်တော့ ဘဝဆိုတာမျိုးက ကိုယ်ဖြစ်ချင်တိုင်းလည်း ဖြစ်တာမဟုတ်သလို၊ ကိုယ်ပျက်ချင်တိုင်းလည်း ပျက်တာ မဟုတ်ပါဘူး။ ဘဝမှာ ဖြစ်လာတဲ့အတိုင်းသာ နေနိုင်ဖို့ကြိုးစားကြရပါတယ်။ တကယ်လို့များ ဖြစ်လာတဲ့အတိုင်း မနေနိုင်သေးတဲ့အခါ၊ ဒါမှမဟုတ် မနေနိုင်တော့တဲ့အခါ စိတ်ဖိစီးမူတွေနဲ့ ကိုယ်စိတ်ကို နွမ်းကြေစေမှာဖြစ်ပါတယ်။ ဒါကြောင့် လောကဓံလေပြင်းပြင်း အတိုက်ခံခဲ့ရသူတွေဘဝကို ဘယ်လိုတည်ငြိမ်အောင် ကြိုးပမ်းခဲ့ကြလဲဆိုတာကို ဗိုလ်မှူးဝင်းနိုင်ကျော်ရဲ့ ဇနီးမခင်မိုးဆမ်းက သူ့ဘဝအကြောင်းတွေကို ပြောပြပါတယ်။ 

ကျွန်မတို့ကြားဖူးတာက တပ်ထဲက တပ်မတော်သားတွေရဲ့ဇနီးတွေဟာ သူတို့ခင်ပွန်းတွေ ရာထူးတိုးဖို့၊ အထက်အရာရှိ သဘောကျဖို့အတွက် အရာရှိတွေရဲ့နေအိမ်မှာ ဝိုင်းကူပေးရတယ်လို့ သိထားပေမယ့် မခင်မိုးဆမ်းရဲ့ခင်ပွန်း ဗိုလ်မှူးဝင်းနိုင်ကျော်ကတော့ နဝတခေတ်က ဗိုလ်ချုပ်ဦးတင်ဦးရဲ့ ကိုယ်ရေးအရာရှိဖြစ်ခဲ့တာကြောင့် သူဟာ တပ်ထဲမှာ သွားမနေခဲ့ရဘူးလို့ ပြောပြပါတယ်။ သူ့ခင်ပွန်းက သူ့အပေါ် အလေးအမြတ်ထားတာကြောင့်လည်းပါသလို ဗိုလ်ချုပ်တင်ဦးမိသားစုက စိတ်သဘောထား ပြည့်ဝတာကြောင့်လည်း ဗိုလ်ချုပ်မိသားစုနဲ့ ပုံမှန်အတိုင်းပဲ ဆက်ဆံနိုင်ခဲ့တယ်လို့ မခင်မိုးဆမ်းက ပြောပြပါတယ်။ 


ဒီအတိုင်းကြည့်လိုက်ရင်တော့ ဘဝဟာ ပြောင်းလာစရာအကြောင်းမရှိပါဘူးလို့ မခင်မိုးဆမ်းက ပြောပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲနဲ့ ဗိုလ်ချုပ်တင်ဦးဟာ လေယာဉ်ပျက်ကျခဲ့ရတဲ့အကြောင်းကိုတော့ မခင်မိုးဆမ်းက “ပုံမှန်အတိုင်းဆိုရင် ဗိုလ်ချုပ်သွားတဲ့နောက်ကို အမ ခင်ပွန်းက လိုက်ရတယ်။ အဲဒီ့အခေါက်မှာတော့ သူက ထိုင်း-မြန်မာနယ်စပ်ကို ၄၅ ရက်လောက်စောပြီး နယ်စပ်မျဉ်းကို တိုင်းဖို့သွားရတယ်။ နောက်မှ ဗိုလ်ချုပ်က လိုက်သွားတာ၊ ဗိုလ်ချုပ် အဲဒီလိုဖြစ်သွားတဲ့အပေါ် သူ စိတ်မကောင်းလည်း တော်တော်ဖြစ်တယ်၊ စိတ်လည်းညစ်သွားတယ် ထင်ပါတယ်။ သူ တပ်ကနေ ပင်စင်ယူလိုက်တယ်” လို့ ပြောပြခဲ့ပါတယ်။ 

ဗိုလ်မှူးဝင်းနိုင်ကျော်က တပ်ကနေ ပင်စင်ယူလိုက်ပြီးတဲ့နောက်တော့ အရပ်ဖက်ဖြစ်တဲ့ အမျိုးသားစီမံကိန်းနဲ့ စာရင်းအင်းဌာနကို ပြောင်းရွေ့လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီ့အချိန်အထိတော့ သူတို့အိမ်ထောင်ရေးမှာ လောကဓံ ပြင်းပြင်းကိုခံစရာ မရှိပါဘူး။ ဒါပေမယ့် ဗိုလ်မှူးက ပညာရေးကို လောဘကြီးသူဖြစ်တော့ အခွင့်အရေးပေးတဲ့ သင်တန်းအားလုံးကို ဗိုလ်မှူးက တက်ရောက်ခဲ့ပါတယ်။ သူတို့ရဲ့အိမ်ထောင်ရေးမှာ သားသမီးလည်း မထွန်းကားခဲ့တော့ ဗိုလ်မှူး စာပေလေ့လာနေတဲ့အချိန်တွေမှာ မခင်မိုးဆမ်းဟာ သူတစ်ယောက်တည်း ပြင်းမနေချင်တာကြောင့် ဘုရားရှိခိုးလိုက်၊ တရားထိုင်လိုက်နဲ့နေခဲ့တယ်လို့ ပြောပြပါတယ်။ ဗိုလ်မှူးက MBA သင်တန်းမှာ ပထမရတော့ အထက်အရာရှိက ဘယ်သူ့ကိုမှ မပြောပါနဲ့လို့ တားမြစ်ခဲ့တဲ့လို့ မခင်မိုးဆမ်းက ပြောပါတယ်။ “တကယ်ဆိုရင် ကိုယ့်ရဲ့တပည့် သင်တန်းမှာ ပထမရတယ်ဆိုတာ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလဲ၊ ဒါပေမယ့် သူ့အထက်က အရာရှိကတော့ အဲဒီလိုမဟုတ်ဘူး။ ဘယ်သူ့ကိုမှမပြောဖို့ တားမြစ်ခဲ့တယ်”လို့ ဝန်ထမ်းလောကထဲက အခြေအနေကို ပြောပြခဲ့ပါတယ်။ 

ဗိုလ်မှူးဝင်းနိုင်ကျော်က သူ တိုက်ပွဲတွေတိုက်ခဲ့ရင်း တိုင်းရင်းသားဒေသတွေကို ရောက်ရင်းကနေ သူ စိတ်ဝင်စားလာတာက Conflict လို့ခေါ်တဲ့ ပြည်တွင်းစစ် နှစ်ရှည်ဖြစ်ပေါ်နေတဲ့အကြောင်းရင်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စိတ်ဝင်စားလာပါတယ်။ ဗိုလ်မှူးက အမျိုးသားစာရင်းအင်းဌာနမှာလဲ UN နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းဇယားတွေကို ကိုင်တွယ်ရတာဖြစ်လို့ သူ့မှာ နိုင်ငံတကာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမှာ ပိုပြီးတော့ နှံ့စပ်လာပါတယ်။ ဒါကြောင့်လည်း Conflict ပတ်သက်တဲ့သင်တန်းတွေကို လျှောက်ရင်းကနေ UK က ပေးတဲ့ Chevening Fellowship ရသွားတယ်။ ဒါကြောင့် UK မှာ သုံးလသင်တန်း သွားတက်ပါတယ်။ အဲဒီလို သင်တန်းသွားတက်ဖို့အတွက် စာရင်းအင်းဌာနကို လျော်ကြေးပေးခဲ့ရတယ်လို့ မခင်မိုးဆမ်းက ပြောပြပါတယ်။ အိမ်ထောင်ရှင်မဖြစ်တဲ့ သူမအနေနဲ့ ဘဝမှာ အတည်တကျဖြစ်တဲ့ အလုပ်ကနေထွက်ပြီး၊ ဘာမှမရေရာတဲ့ တိုင်းရင်းသားနဲ့ အစိုးရကြားက ပဋိပက္ခထဲကို မသွားစေချင်ဘူးလို့ ပြောပါတယ်။ ဒါကြောင့်လည်း ဗိုလ်မှူးရဲ့ဇနီးအနေနဲ့ အလုပ်ကနေ မထွက်ဖို့ထားမြစ်ခဲ့တယ်လို့ ပြောပါတယ်။ “အမက သူ့ကို အလုပ်ကနေ မထွက်စေချင်ဘူး။ ဒါကြောင့် သူ့ကိုမထွက်ဖို့ တားသေးတယ်။ သူက Conflict နဲ့ပတ်သက်လို့ သိပ်ကို စိတ်အားထက်သန်နေတာဆိုတော့ အမလည်း လက်လျော့လိုက်တယ်။ ဒါကြောင့် အမကလည်း တစ်ဖက်က ကိုယ်နိုင်တဲ့လုပ်ငန်းတွေကိုလုပ်ပြီး တစ်ဖက်တစ်လမ်းက ဝင်ငွေရှာခဲ့တယ်” လို့ သူမရဲ့ ဖြတ်သန်းမှုကို ပြောပြပါတယ်။ 

ဗိုလ်မှူးက တိုင်းရင်းသားပဋိပက္ခကို စိတ်ပါဝင်စားပြီး တစိုက်မတ်မတ်လုပ်နေတဲ့အချိန်မှာ ငြိမ်းချမ်းရေးဆိုတဲ့စကားကို ဟဟတောင် ပြောလို့မရသေးဘူးလို့ သူမက ပြောပြပါတယ်။ ဗိုလ်မှူးက UK မှာ သင်တန်းတက်ပြီး ပြန်ရောက်လာတဲ့အချိန်မှာ နာဂစ်ဖြစ်နေတာနဲ့ ကြုံကြိုက်သွားတော့ UN အဖွဲ့ရဲ့လက်အောက်ခံ OCHAR မှာ coordinator အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အိုချာမှာ လစာကောင်းတာကြောင့် မခင်မိုးဆမ်းက သူ့ဘဝတော့ တည်ငြိမ်သွားပြီလို့ တွက်ဆခဲ့ပါတယ်။ ဒါပေမယ့် အိုချာမှာလုပ်နေတုန်းမှာပဲ ကမ္ဘောဒီးယားက CBCS က သူ့ကို ၂ နှစ် Scholar ပေးလိုက်ပါတယ်။ သူမအတွက်တော့ ဘဝရဲ့တည်ငြိမ်မှု နောက်တစ်ကြိမ် ပျောက်သွားပြန်တာပါပဲ။ ဒီလို လစာကောင်းတဲ့လုပ်ငန်းကို ကျောခိုင်းလိုက်တဲ့ ခင်ပွန်းကိုတော့ ဘာဖြစ်လို့အလုပ်ကထွက်တာလဲဆိုတာကို သိခဲ့ပေမယ့် အကြိမ်ကြိမ် ထပ်မေးခဲ့ပါတယ်။ ဒီလို အကြိမ်ကြိမ်မေးခဲ့တာက နောက်ဆုံးအကြိမ်ဖြစ်ပြီး သူ အရမ်းစိတ်ဝင်စားနေတဲ့ လုပ်ငန်းတွေကို မလုပ်ဖို့ မတားတော့ဘူးလို့ သိရပါတယ်။ 

ကမ္ဘောဒီးယားမှာ သင်တန်းတက်နေတာ ၁ နှစ်ကြာပြီးတဲ့ နောက် မခင်မိုးဆမ်းရဲ့ ကျန်းမာရေးအခြေအနေအရ ဗိုလ်မှူး ရန်ကုန်ကို ပြန်လာခဲ့ရပါတယ်။ အဲဒီနေ့ဟာ မခင်မိုးဆမ်းရဲ့ဘဝမှာ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့၊ ဒါမျိုးဖြစ်လာမည်လို့ အိပ်မက်တောင်မမက်ခဲ့ဘူးတဲ့ အဖြစ်အပျက်မျိုးပါလို့ သူမက ပြောပါတယ်။ အဲဒီ့အဖြစ်အပျက်ကို ပြန်ပြောပြနေရင်းက မခင်မိုးဆမ်း မျက်ရည်တွေ ကျလာပါတယ်။ ဘဝမှာ ဘယ်နှစ်ကြိမ်ပြန်ပြောပြော ငိုရတဲ့အဖြစ်အပျက်ပါလို့လည်း သူမက ပြောပါတယ်။ မခင်မိုးဆမ်း ဆေးရုံတက်ရမယ်လို့ ဗိုလ်မှူးနဲ့ ဖုန်းဆက်ရင်း ပြောဖြစ်ပါတယ်။ ဗိုလ်မှူးက ဒါဆိုရင် သူခွင့်ယူပြီး ပြန်လာခဲ့မယ် တဲ့။ မခင်မိုးဆမ်းနဲ့ ဗိုလ်မှူးဝင်းနိုင်ကျော် ဖုန်းပြောတာကို မြန်မာပြည်မှာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ထောက်လှမ်းရေးတွေ က ဖုန်းကိုကြားဖြတ်နားထောင်တာကြောင့် ဗိုလ်မှူး ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်လေယာဉ်နဲ့ ပြန်ရောက်လာမည်ဆိုတာကို အသေးစိတ် သိနေခဲ့ပါတယ်။ 

အဲဒီ့နေ့က ဗိုလ်မှူးကို မခင်မိုးဆမ်း လေဆိပ်မှာသွားကြိုခဲ့ပါတယ်။ သူမအနေနဲ့ ဗိုလ်မှူးကို လေဆိပ်မှာ အကြိမ်ကြိမ် ကြိုဆိုခဲ့ဖူးတာဖြစ်လို့ ဘာမှ ထူးဆန်းတဲ့စိတ်ခံစားမှုမျိုး မရှိပါဘူးလို့ ပြောပါတယ်။ ဒါပေမယ့် သူမစိတ်ထဲမှာ တစ်ခုခုတော့ဖြစ်နေတယ်လို့ ခံစားနေရပါတယ်။ သူမရဲ့ဘေးမှာ ပုံမှန်ထက်ထူးခြားတဲ့ လူတွေရှိနေတယ်ဆိုတဲ့ ခံစားမှုမျိုးက သူမကို ကသိကအောက်ဖြစ်စေပါတယ်။ လေယာဉ်ဆိုက်တယ်ဆိုရင်ပဲ သူမရဲ့အနီးအနားက လူတွေက အချင်းချင်းဖုန်းတွေနဲ့ လှမ်းပြောကြပါတယ်။ အဲဒီ့လူကို မိအောင်ဖမ်းဖို့နဲ့ ရတဲ့အမှုဆွဲထားဖို့ ပြောနေသံကြားရပါတယ်။ တစ်ခုခုကတော့ အကြီးအကျယ် လွဲမှားနေပါပြီ။ သူမရဲ့ခင်ပွန်းကို အရိပ်အယောင်တောင်မှ မတွေ့ရသေးပါဘူး။ ဒါကြောင့်လည်း သူမ လည်တဆန့်ဆန့်နဲ့ စောင့်မျှော်နေခဲ့ပါတယ်။ အခြားခရီးသည်တွေ ထွက်လာတာကုန်သလောက်ရှိမှ သူမရဲ့ခင်ပွန်းကို ထောက်လှမ်းရေးတွေက ဖမ်းသွားတယ်ဆိုတာကို လှမ်းမြင်လိုက်ရပါတယ်။ 

ဘာကြောင့် ဖမ်းတယ်၊ ဘာဖြစ်လို့ ဖမ်းတယ်ဆိုတာကို သူမ သိခွင့်မရှိပါဘူး။ သူမရဲ့ခင်ပွန်းက ဘာတွေများ အမှားလုပ်ထားပါလိမ့်၊ သေချာတာက သူမခင်ပွန်းက လာဘ်ပေးလာဘ်ယူကိစ္စမျိုးဆိုတာ စိုးစိတောင်မှမရှိတာ သူမ အသိဆုံး၊ ဒါဆိုရင် ဖြစ်နိုင်တာက သူ အရမ်းစိတ်ဝင်စားနေပါတယ်ဆိုတဲ့ Conflict ကြောင့်လား။ ဘာဆိုဘာမှ မသိဘဲနဲ့ သူမ ခင်ပွန်းနဲ့ ရက်ပေါင်း ၄၀ လောက် အဆက်အသွယ် ပြတ်သွားခဲ့ရပါတယ်။ ဒီ ရက်ပေါင်းလေးဆယ်ဆိုတာ သူမအတွက် ဘဝပေါင်း ၄၀ လောက်ကြာတယ်လို့ထင်ရအောင် ပူလောင်ခဲ့ရတဲ့အကြောင်းကို မျက်ရည်တွေကြားက ပြောပြခဲ့တာပါ။ 

ဗိုလ်မှူး အဖမ်းခံရတယ်ဆိုတဲ့အကြောင်းကို ရေကြည်မှာနေတဲ့ သူ့မိဘတွေဆီကို အကြောင်းကြားရပါတယ်။ အသက် ၈၀ ကျော် ဗိုလ်မှူးရဲ့ဖခင်ဟာ ဒီသတင်းကိုကြားကြားခြင်း နေမကောင်းဖြစ်ခဲ့ပါတယ်။ သူတို့လည်း သူတို့သား ဘာတွေ မှားယွင်းလဲဆိုတာကို စဉ်းစားကြပေမယ့် အဖြေမရပါဘူး။ မခင်မိုးဆမ်းကတော့ အရင်က ခင်မင်ခဲ့သူတွေထံ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ခင်မင်ခဲ့ဘူးသူတွေက သူမနဲ့ပတ်သက်ရင် ရာဇဝတ်သင့်မှာကို ကြောက်နေခဲ့ကြတယ်လို့ ပြောပြပါတယ်။ ခင်ပွန်းသည် ဘယ်ကိုရောက်နေတယ်ဆိုတာကို ဘယ်လိုမှ စုံစမ်းလို့မရခင် ယောက္ခထီးကြီး ဆေးရုံတင်ရပါတယ်။ ဒါကြောင့် သူမ ရေကြည်ကို လိုက်သွားခဲ့ရတယ်။ နောက်တော့ အဖေဆုံးတယ်လို့ သူမက ဆက်ပြောပါတယ်။ အဖေရဲ့ဈာပနမှာ ရေကြည်ကလူတွေက ဗိုလ်မှူးကို ဝိုင်းမေးခဲ့တဲ့အခါ သူမက နိုင်ငံခြားမှာ ပြန်လာလို့မရဘူးလို့ ပြောခဲ့ပေမယ့် ရင်ထဲမှာ စိုးရိမ်မူတွေနဲ့ ပြည့်နှက်နေတယ်လို့ ပြောပြပါတယ်။ 

ရေကြည်ကနေ ရန်ကုန်ကို ပြန်ရောက်ရောက်ခြင်းမှာပဲ ဗိုလ်မှူး အင်းစိန်ထောင်မှာ ရောက်နေပြီ၊ ထောင်ဝင်စာ လာတွေ့ပါလို့ အကြောင်းကြားခဲ့ပါတယ်။ သူမက ခင်ပွန်း ပြန်လွတ်လာမယ်လို့ပဲ မျှော်လင့်ခဲ့တာပါ။ ထောင်ဆိုတဲ့စကားလုံးဟာ ဘဝမှာ ပတ်သက်လာစရာမရှိဘူးလို့ ထင်ထားခဲ့ပေမယ့် အခုတော့ ထောင်ဘူးဝကို ရောက်ခဲ့ရပါပြီ။ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ ဗိုလ်မှူးက ကယောင်ကတန်းတွေ ပြောနေတယ်။ ငိုချင်စိတ်ကို အံကြိတ် ထိန်းထားပြီး ဗိုလ်မှူးကို အားပေးစကားပြောခဲ့ရတယ်လို့ သူမက ပြောပြတယ်။ 

ဘဝဟာ အခါခါ မယုံနိုင်စရာပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်မှူး သေဒဏ်ချခံရပါတယ်။ ကြိုးသမားတွေ ဝတ်ဆင်ရတဲ့ လိမ္မော်ရောင်ဝတ်စုံနဲ့ ပထမဦးဆုံးတွေ့ရတဲ့အချိန်မှာ Shock ရသွားတယ်လို့ မခင်မိုးဆမ်းက ပြောပါတယ်။ အိပ်မပျော်တဲ့ညတွေ၊ အတွေးများနေခဲ့တဲ့နေ့တွေကို ကျော်ဖြတ်ဖို့အတွက် မခင်မိုးဆမ်းက အဘိဓမ္မာသင်တန်းကို တက်ခဲ့တယ်လို့ ပြောပြပါတယ်။ ဒီအဖြစ်အပျက်ကြောင့် လူတွေရဲ့ အတွင်းသဘောကိုလည်း တော်တော်သိခဲ့ရတယ်လို့ ပြောပါတယ်။ အခုတော့ သူမရဲ့ အလုပ်က ၂ ပတ် တစ်ခါ ထောင်ဝင်စာတွေ့ဖို့နဲ့ စိတ်တည်ငြိမ်အောင်လို့ ဘာသာရေး သင်တန်းတွေကို တက်ရောက်တာ၊ ပြန်လည်ပို့ချတာကို လုပ်နေတယ်လို့ ပြောပါတယ်။ အရင်ကတော့ ဗိုလ်မှူးကတော်ဘဝနဲ့ တပ်အသိုင်းအဝိုင်းမှာ ကျင်လည်ခဲ့ရပေမယ့် အခုတော့ ခင်ပွန်း လွတ်မြောက်ဖို့အတွက် နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ဆက်ဆံပြောဆိုတတ်ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဘဝကို နေသားတကျဖြစ်အောင်တော့ နေလို့ရနေပါပြီလို့ ပြောပါတယ်။ ဗိုလ်မှူးပြန်လွတ်လာရင်တော့ အရင်လိုပဲ ဗိုလ်မှူးကို ပါရမီဆက်ဖြည့်အုန်းမှာပါလို့ သူမက ပြောပါတယ်။ 

ဘာပဲဖြစ်ဖြစ် ပြည်သူ့ဘက်ကရပ်တည်ခဲ့တဲ့ တပ်မတော်သားတစ်ဦး အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး သူ တစိုက်မတ်မတ် လေ့လာခဲ့တဲ့ ပဋိပက္ခဖြေရှင်းနည်းတွေကို အသုံးချနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ။ 

ခင်ငြိမ်းသစ်

 နိုင်ငံတော်လျှို့ဝှက်ချက်ကို ဖောက်ဖျက်လို့ သေဒဏ်ပေးခံခဲ့ရတဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်ရဲ့ ဘဝအစိတ်အပိုင်းတွေပါ။ 


No comments: