Wednesday, June 11, 2014

အိန္ဒိယက မြန်မာ့ဒီမိုကရေစီခံတပ်ကြီး အန်ကယ်လ် ဂျော့ခ်ျ (ကိုညို)

ကျနော်တို့ သူ့ကို စတွေ့ဖူးတာ ၁၉၉၂ ပြည်ထောင်စုနေ့က ဖြစ်လိမ့်မယ်။ ကျနော်တို့ မြန်မာကျောင်းသားလူငယ်တွေ နယူးဒေလီကိုရောက်လာတာ လအနည်းငယ်အကြာ မြန်မာသံရုံးရှေ့မှာ သူကိုယ်တိုင် ဦးဆောင်လှုံ့ဆော်ကျင်းပတဲ့ မြန်မာ့အရေးဆန္ဒပြပွဲမှာပါ။ အသားလတ်လတ်၊ အရပ်မြင့်မြင့် မျက်မှန်တပ်ထားပြီး မဖီးမသင် ပွယောင်းယောင်းဆံပင်နဲ့ သူ့ဟန်ပန်ဟာ သာမန်အရပ်သားတယောက်နဲ့ ဘာမှမကွာခြားပါ။ သူအမြဲလိုလို ဝတ်ဆင်လေ့ရှိတဲ့ ပြည်တွင်းဖြစ် ရိုးရာပင်နီရောင် ချည်ထည်အင်္ကျီတိုနံ့နံ့၊ ချည်ဘောင်းဘီရှည်ဖြူ  (Kurta Pajama) ဝတ်စကလည်း သူ့ရဲ့ စိတ်သဘောထား ရိုးသားဖြူစင်မှုကို ညွှန်းပြနေတယ်။ 

သူ့ဟန်ပန်က မိန့်ခွန်းပြောရင် အစပိုင်းတော့ လေသံအေးအေး ငြင်ငြင်သာသာ၊ နောက်တော့ အသံပြင်းလာပြီး အချက်ကျကျနဲ့ လက်သီးလက်မောင်းတွေတန်းပြီး မာန်ပါပါပြောတယ်။ အဲဒီတုန်းက သူက ဖမ်းဆီးထားတဲ့နိုင်ငံရေးသမား၊ ကျောင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာအမြန်လွှဲပြီး စစ်တပ်က စစ်တန်းလျှားပြန်ဖို့ အိန္ဒိယပြည်သူတွေက အပြင်းအထန် လိုလားနေတယ်လို့ ပြောသွားတာ မှတ်မိနေသေးတယ်။ သူ့နာမည် အပြည့်အစုံက ဂျော့ခ်ဖာနန်ဒေ့စ် (Georg Fandenesh) ဖြစ်ပြီး ကျနော်တို့ မြန်မာတွေက အန်ကယ်လ်ဂျော့ခ်ျလို့ ခေါ်လေ့ရှိတယ်။ သူဟာ မြန်မာ့ဒီမိုကရေစီအရေးမှာ အိန္ဒိယက ဘယ်ဝန်ကြီး၊ ဘယ်နိုင်ငံရေးသမားနဲ့မှမတူ အစွမ်းကုန် တက်ကြွလှုပ်ရှားဆောင်ရွက်တတ်သူ၊ မြန်မာတွေဘက်က အမြဲရပ်တည် အကာအကွယ်ပေးသူ၊ အိန္ဒိယက မြန်မာ့ဒီမိုကရေစီခံတပ်ကြီးဖြစ်တယ်။ 


စကားပြောကောင်းသလို စည်းရုံးရေးစွမ်းရည်ပြည့်ဝတဲ့ ဂျော့ခ်ျဟာ အသက် ၁၉ နှစ်အရွယ်ကတည်းက ဆိုရှယ်လစ် အတွေးအခေါ်ကို ယုံကြည်သူတယောက်အဖြင့် ကူးသန်းရောင်းဝယ်ရေး၊ အလုပ်သမားသမဂ္ဂထဲလှုပ်ရှားပြီး သူ့ရဲ့ လူငယ်ဘဝတွေကို နိုင်ငံရေးလှုပ်ရှားတက်ကြွသူအဖြစ် သမဂ္ဂလှုပ်ရှားမှုတွေမှာ နစ်မြုပ်ထားတယ်။ ထက်မြက်တဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီခေါင်းဆောင်၊ ဌာနအများအပြားရဲ့ဝန်ကြီး (မီးရထား၊ အလုပ်သမား၊ ကုန်ထုတ်လုပ်ရေး၊ ကာကွယ်ရေး) အလုပ်သမားသမဂ္ဂ နဲ့ ကူးသန်းရောင်းဝယ်ရေး သမဂ္ဂခေါင်းဆောင်၊ ဂျာနယ်လစ်ဇ်၊ စိုက်ပျိုးမွေးမြူရေးသမား၊ အောက်လွှတ်တော်အမတ် (RajyaSabha)စသဖြင့် တာဝန်တွေ အများကြီးယူခဲ့တယ်။ 

မန်ဂလိုမြို့(Mangalore) ဇာတိဖြစ်ပေမယ့် သြဇာအပြည့်အဝရှိတဲ့ သူ့ဒေသ တောင်ပိုင်းအိန္ဒိယမှာသာမဟုတ်ဘဲ သူနိုင်ငံရေးလှုပ်ရှားခဲ့တဲ့ ဘုံဘေ၊ ဘီဟားနယ်မှာလည်း သြဇာဖြန့်ကျက်နိုင်ခဲ့တယ်။ နောက်ပိုင်း ဘီဟားနယ်ကို ကိုယ်စားပြုပြီး ရွေးကောက်ခံခဲ့တယ်။ ဘုံဘေနဲ့ ဘီဟား၊ ဘန်ဂလိုနယ်တွေမှာ သူ့ကို အောက်ခြေလူတန်းစားတွေကအစ တလေးတစား သိကြတယ်။ 

၁၉၇၅ ဇွန်လ ၂၅၊ အိန္ဒိယ ဝန်ကြီးချုပ် အင်ဒရာဂန္ဒီလက်ထက် တိုင်းပြည်မှာ နိုင်ငံရေးမငြိမ်မသက်မှုတွေ၊ အတိုက်အခံပါတီနဲ့ အဖွဲ့အစည်းတွေရဲ့ ဆန္ဒပြ၊ သပိတ်တိုက်ပွဲတွေကြောင့် နိုင်ငံတဝှမ်း အရေးပေါ်အက်ဥပဒေ (State of Emergency) ကို ထုတ်ပြန်ကြေငြာခဲ့တယ်။ အရေးပေါ်အက်ဥပဒေ မကြေငြာခင် ၁၉၇၄ ကတည်းက ဂျော့ခ်ျဟာ နိုင်ငံလုံးဆိုင်ရာ မီးရထားအလုပ်သမားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်နေတော့ တနိုင်ငံလုံး မီးရထားအလုပ်သမားသပိတ်ကို ဆင်နွှဲနေချိန်လည်းဖြစ်တယ်။ ဂျော့ခ်ျရဲ့နိုင်ငံရေးလှုပ်ရှားမှု အပြင်းထန်ဆုံး၊ အားကောင်းမောင်းသန်ကာလတွေလို့ ပြောရမယ်။ အလုပ်သမား၊ လယ်သမားဆန္ဒပြပွဲတွေကို ဦးဆောင်တာ၊ အစိုးရအာဘော်ကို တန်ပြန်ပြီး အသံလွှင့်စက်ထောင် ဝါဒဖြန့်ချိတာတွေ လုပ်ခဲ့တယ်။ ၁၉၇၆မှာ ဘာရိုဒါ ဒိုင်းနမိုက်ပြဿနာနဲ့ (ဘာရိုဒါမြို့ဘူတာကို ဗုံးခွဲဖို့ ကြံစည်မှုနဲ့) ၂ နှစ်တာ အရေးပေါ်ကာလ သက်တမ်းတလျှောက် ထိမ်းသိမ်းခံခဲ့ရတယ်။ ၂ နှစ်အကြာ ထောင်ကထွက်တာနဲ့ ရွေးကောက်ပွဲ ဝင်တယ်၊ ဘီဟားပြည်နယ် ဝန်ကြီးဖြစ်တယ်၊ အသက် ၄၇ နှစ်အရွယ်ပါ။ 

သူ့ရဲ့ လူသိများ ထင်ရှားတဲ့လှုပ်ရှားမှုတွေက အိုင်ဘီအမ်မ် (IBM-International BusinessMachines Corporation) ဆန့်ကျင်ရေး၊ (အမေရိကန်ရဲ့ နည်းပညာစွမ်းအားနဲ့ နိုင်ငံတကာမှာအခြေစိုက်ပြီး စီးပွားလုပ်ဆောင်မှုတွေပါ)၊ နိုင်ငံတဝှမ်းက ပက်စီနဲ့ ကိုကာကိုလာ ဖယ်ရှားရေး၊ ကွန်ကန်(Konkan Railway) မီးရထားလမ်း ဆက်သွယ်ရေးလှုပ်ရှားမှု ဦးဆောင်သူ (၁၉၈၉-၉၀ မီးရထားဝန်ကြီးတာဝန်ယူခဲ့စဉ် မိုင် ၄၆၀ ရှည်မီးရထားလမ်းကို အိန္ဒိယတောင်ပိုင်း ပင်လယ်ကမ်းမြို့တွေက ဖြတ်ဖောက်ပြီး အနောက်ပင်လယ်ကွေ့နဲ့ ဆက်သွယ်မှု)၊ ကာကွယ်ရေးဝန်ကြီးသက်တမ်းအတွင်း (၁၉၉၈-၂၀၀၄) အစိုးရအဖွဲ့အတွင်း အခြေအတင်၊ အငြင်းပွားစရာများဖြစ်ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန်နယ်စပ် ကာဂီးလ်စစ်ပွဲ (Kargil War) စစ်အောင်နိုင်အဆုံးသပ်မှု၊ အိန္ဒိယရဲ့ ပေါ့ခ်ဒန်ညူကလီယားစမ်းသပ်မှု (NuclearTests Pokhran) ညွှန်ကြားဆောင်ရွက်မှုတွေအပြင် တခြားတပြည်လုံး အုံးအုံးကြွက်ကြွက်နဲ့အငြင်းပွားစရာတွေဖြစ်တဲ့ ဘားဒတ်ခ် (Barak Missile Scandal) ဒုံးကျည်ပြဿနာ၊ တဟီလ်ကာ ငွေကြေးအရှုတ်တော်ပုံ (TehelkaScandal)တို့လည်း ဖြစ်ခဲ့တယ်။ 

ကျနော်တို့ မြန်မာကျောင်းသားလူငယ်တွေ နယ်စပ်ဒေသအသီးသီးနဲ့ အကျဉ်းထောင်တွေထဲကနေထွက်လာပြီး နယူးဒေလီကိုရောက်လာတော့ အိန္ဒိယ နိုင်ငံရေးလောကထဲက အန်ကယ်လ်ဂျော့ခ်ျတယောက်သာ စိတ်ဝင်တစားနဲ့ အစောဆုံး ဖိတ်ခေါ်ဆက်ဆံခဲ့သူဖြစ်တယ်။ အန်ကယ်လ်နဲ့ စပြီးတွေ့ဆုံခဲ့တဲ့ မြန်မာ့အရေးဆန္ဒပြပွဲနောက်ပိုင်း သူ့ဆီ အချိန်မရွေး ဆက်သွယ်ဖို့၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် အတူတွဲလုပ်ဆောင်ကြဖို့ ဖိတ်ခေါ်တယ်။ အဲဒီတုန်းက သူဟာ မီးရထားဝန်ကြီးဟောင်း၊ အိန္ဒိယ အောက်လွှတ်တော်အမတ်၊ ထင်ရှားတဲ့ အတိုက်အခံနိုင်ငံရေးသမား။ ကျနော်တို့က ဒေလီမြို့အနောက်ပိုင်းကျတဲ့ ဂျနတ်ပူရီ (JanakPuri) အရပ်မှာ UNHCR အသိအမှတ်ပြုခံထားရတဲ့ ပူပူနွေးနွေး မြန်မာ့နိုင်ငံရေးသမားဒုက္ခသည်တွေ၊ ပူပူနွေးနွေး ဒုက္ခသည်လို့ပြောရတာက ကျနော်တို့ဟာ အိန္ဒိယမှာ ပထမဆုံး UNHCR ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရလို့ပါ။ 

အဲဒီကာလက နယူးဒေလီမှာ မြန်မာလူငယ် ၁၅ ယောက်ဝန်းကျင်ပဲရှိမယ်။ ကျနော်တို့ UNHCR နဲ့ လမ်းဖောက်ပြီး ဒေလီနိုင်ငံရေး (အကြမ်းမဖက် နှလုံးရည်နိုင်ငံရေးတိုက်ပွဲ) လှုပ်ရှားမှုတွေ စလုပ်တော့ နယ်စပ်က ကျောင်းသားရဲဘော်တွေ တသုတ်ပြီးတသုတ် ဒေလီတက်လာတယ်။ အခင်းအကျင်းသစ်တခုနဲ့ နိုင်ငံရေးမျက်နှာစာသစ်တစ်ခု၊ နယ်ပယ်တခု စပြီးတည်ဆောက်ကြတယ်။ အဲဒီမှာ ကျနော်တို့ရဲ့ အဓိကအားကို အန်ကယ်ဂျော့ခ်ျက ကျောထောက်နောက်ခံပေးခဲ့တယ်။ သူဟာ ကျနော်တို့ရဲ့ အုပ်ထိန်းသူလည်းဖြစ်၊ ခံတပ်လည်းဖြစ်၊ ဒီမိုကရေစီမိတ်ဆွေလည်း ဖြစ်ခဲ့တယ်။ 

တနေ့ နယ်စပ်ကနေ ဒေလီတက်လာတဲ့ ပန်းချီစစ်ငြိမ်းအေးနဲ့ အဲဒီတုန်းက အဖွဲ့ဖွဲ့ပြီးလှုပ်ရှားနေတဲ့ မြန်မာကျောင်းသားများ အဖွဲ့ချုပ် (နောက်ပိုင်းမှာ နယူးဒေလီနဲ့ အိန္ဒိယနယ်စပ်အသီးသီးက ကျောင်းသားအဖွဲ့တွေ စုပေါင်းပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် ABSL ဖြစ်ခဲ့တယ်) တွေ့ပြီး ပန်းချီပြပွဲတစ်ပွဲလုပ်ဖို့ တိုင်ပင်တယ်။ ကျနော်တို့ကို မိဘသဖွယ် ကူညီစောင့်ရှောက်နေတဲ့ အိန္ဒိယဗဟိုတရားရုံးရှေ့နေ အမျိုးသမီး (လူ့အခွင့်အရေးရှေ့နေ) နန်ဒီတာဟတ်ခ်ဆာ (NanditaHaksa)က လိုအပ်တဲ့အကြံဉာဏ်နဲ့ ငွေကြေးကအစ မတည်ပေးတယ်၊ အဆက်အသွယ်တွေ လုပ်ပေးတယ်။ အဓိက ရည်ရွယ်တာက မြန်မာ့အရေး အိန္ဒိယနိုင်ငံရေးလောကနဲ့ ပြည်သူတွေ ပိုမိုသိအောင်ရယ်၊ ကျနော်တို့ လူငယ်တွေ နိုင်ငံရေးလှုပ်ရှားဖို့ ရံပုံငွေလည်း ရအောင်ပါ။ 

ပန်းချီပြပွဲကျင်းပမယ့်နေရာက မြို့ထဲမှာ၊ အန်ကယ်ဂျော့ခ်ျ အိမ်နဲ့နီးတယ်။ ဒါနဲ့ ကျနော်တို့ရဲဘော်တွေ သူ့ကိုသွားတွေ့တယ်။ “ကျနော်တို့ အန်ကယ်အကူအညီလိုလို့ပါ၊ ငြိမ်းချမ်းရေးတိုက်ပွဲ(Bettle for Peace) ပန်းချီပြပွဲ လုပ်မယ်၊ အန်ကယ် အဖွင့်စကားပြောပေးပါ” “ရတယ်၊ နောက်ဘာကူညီရမလဲ” “ ရေးဆွဲပြီး ပန်းချီကားတွေ ယာယီထားဖို့ နေရာလိုပါတယ်” “ရတယ်၊ ငါ့ရုံးခန်းဘေးက အခန်းတခန်းမှာထား၊ နောက်ထပ်ဘာလိုလဲ” “ပန်းချီဆရာ ပန်းချီဆွဲဖို့နဲ့ ကျနော်တို့ ယာယီရုံးခန်းထားဖို့ပါ” “လာခဲ့၊ အဲဒီအခန်းကိုရှင်းပြီး မင်းတို့ရုံးခန်းဖွင့်၊ ဒါပဲလား” 

အန်ကယ်လ်ဂျော့ခ်ျက အဲလို လူပါ။


မြန်မာ့ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီး ဘယ်အခန်းအနား၊ ဘယ်အစည်းအဝေးပဲဖြစ်ဖြစ် လိုအပ်လို့ သူ့ကိုခေါ်ရင် မငြင်းဘူး။ ဖြစ်အောင် လုပ်ပေးတယ်။ ၁၉၉၇ အောက်တိုဘာက မဏိပူရနယ်စပ် မိုးရေးမြို့အထိလာပြီး နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးနောက်ကွယ်က မြန်မာစစ်အာဏာပိုင်တွေ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုလုပ်ကြပုံကို ဖွင့်ချပြီး မြန်မာကျောင်းသားတွေ၊ ဒေသခံတွေနဲ့အတူ ဆန္ဒပြပွဲကြီး လုပ်ခဲ့တယ်။ သူက အစိုးရအချင်းချင်း တိတ်တဆိတ် ဆက်ဆံရေးမဟုတ်ဘဲ နှစ်နိုင်ငံပြည်သူအချင်းချင်း ရင်းရင်းနှီးနှီးဆက်ဆံရေးကို အလိုရှိတယ်လို့ ထောက်ပြခဲ့တယ်။ နောက်ပိုင်း သူ ကာကွယ်ရေးဝန်ကြီးဖြစ်တော့လည်း နယ်စပ်ကိုပြန်လာပြီး မြန်မာ့ဒီမိုကရေစီရေးကို အားပေးတဲ့ မိန့်ခွန်းတွေ ပြောခဲ့တယ်။ 

အင်္ဂလိပ် ကိုလိုနီခေတ် VIP တွေနေထိုင်ပြီး ဒီကနေ့ အိန္ဒိယ အစိုးရဝန်ကြီးတွေ၊ နိုင်ငံခေါင်းဆောင်တွေနေထိုင်တဲ့ South Block အရပ်က No3. KrishnaMelon Marg နေအိမ်ဝန်းဟာ နောက်ပိုင်း မြန်မာကျောင်းသားတွေရဲ့ ဌာနချုပ်ဖြစ်ခဲ့တယ်။ သူ့အိမ်ဟာ ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်ကနေထိုင်သွားတဲ့ အက္ကဘာလမ်းနေအိမ်နဲ့ တလမ်းပဲခြားတယ်။ ကျနော်တို့ နိုင်ငံရေး ထုတ်ပြန်ကြေငြာချက်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရေးမှာ သူ့အိမ်လိပ်စာကို အသုံးပြုတယ်။ 

အိန္ဒိယ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေတိုင်း ဒီလိပ်စာဟာ ဝန်ကြီးအိမ်မှန်း သိတယ်။ ကျယ်ပြောတဲ့ မြက်ခင်းနဲ့ ရောင်စုံပန်းခင်းတွေ၊ ကြီးမားတဲ့ ခရေပင်ကြီးနဲ့ ဝက်သစ်ချပင်ကြီးတွေရှိပြီး အရိပ်ကောင်းတဲ့ ခြံဝန်းကြီးဟာ ကျနော်တို့မြန်မာပြည်က ဒီမိုကရေစီရေး ဆောင်ရွက်သူတွေအားလုံးရဲ့ နိုင်ငံရေး အခမ်းအနားများနဲ့ ညီလာခံတွေ၊ အစည်းအဝေးတွေ ကျင်းပရာသာမက မင်္ဂလာဧည့်ခံပွဲတွေလို လူမှုရေးကိစ္စတွေပါ ဆောင်ရွက်လေ့ရှိတယ်။ “ဒီခြံဝန်းဟာ မြန်မာနိုင်ငံသားမိတ်ဆွေ မည်သူမဆို လွတ်လပ်စွာအသုံးပြုနိုင်တဲ့ နယ်မြေဖြစ်တယ်” လို့ ပြောခဲ့တယ်။ 

အဲဒီခြံဝင်းလိပ်စာရယ်၊ အန်ကယ်ဂျော့ခ်ျ နာမည်ရယ်ကြောင့် ကျနော်တို့ လုံခြုံခဲ့တယ်၊ ပြဿနာများစွာ ပြေလည်ခဲ့ဖူးတယ်။ အန်ကယ်ဂျော့ခ်ျအတွက်တော့ ကျနော်တို့ကြောင့် ပြဿနာများစွာ ဖြစ်ခဲ့ဖူးတယ်။ သူ ကာကွယ်ရေးဝန်ကြီးဖြစ်တော့ အိန္ဒိယသတင်းစာတချို့နဲ့ မီဒီယာတွေက ကာကွယ်ရေးဝန်ကြီးအိမ်မှာ မြန်မာသူပုန်တွေ ရုံးဖွင့်ထားတယ်လို့တောင် ဖော်ပြတယ်။ အဝေဖန်ခံရတယ်။ သူက တခြားအမတ်တွေ၊ ဝန်ကြီးတွေလို ခြံဝင်းကို တံခါးစောင့် မထားဘူး။ တရက်မှာ သူ့ခြံ မျက်နှာချင်းဆိုင်မှာနေတဲ့ ပြည်ထဲရေးဝန်ကြီး အိမ်ကမထွက်ခင် ယာဉ်ထိန်းပုလိပ်တွေက လုံခြုံရေးအရ လမ်းပိတ်ထားတယ်၊ နေအိမ်နဲ့မနီးမဝေးက လွှတ်တော်ကိုသွားဖို့ အချိန်နီးနေပြီမို့ အိမ်ကကားနဲ့ထွက်လာတဲ့ အန်ကယ်ဟာ လုံခြုံရေးရဲတွေရဲ့ တားမြစ်တာကိုခံရတယ်။ ဒါနဲ့ လွှတ်တော်ကို ခြေကျင်သွားတယ်။ သူ့အိမ်ဝင်းတံခါးကိုလည်း မြူနီစပယ်ခေါ်ပြီး ချက်ချင်းလာဖြုတ်ခိုင်းလိုက်တယ်။ ကျနော်တို့အတွက် သူ့အိမ်ဟာ တံခါးမရှိ၊ ဓားမရှိ။ အဲဒါ သူ ကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့အထိပဲ။ 

ကာကွယ်ရေးဝန်ကြီးဖြစ်တော့ လက်နက်ကိုင်အစောင့်တွေ ထားပြီ၊ ကျနော်တို့ကတော့ အရင်အတိုင်း အလွယ်တကူ ဝင်စေထွက်စေပဲ။ ဒါပေမယ့် နိုင်ငံရေး၊ လူမှုရေးအရ မသင့်လျှော်လို့ ကျနော်တို့တတွေ သီးခြားရုံးခန်းတခု ရှာဖွေ ပြောင်းရွှေ့ဖို့ လုပ်ခဲ့တယ်။ တနေ့မှာ ကျနော်တို့ရုံးက ဖိုင်တွေ၊ ပစ္စည်းတွေ သယ်ရွှေ့နေတာကို အန်ကယ်လ်က တွေ့သွားတယ်။ “မင်းတို့ ငါ မပြောမချင်းဘယ်မှ မပြောင်းနဲ့၊ ဒီမှာနေတာ အလုံခြုံဆုံးပဲ” လို့ ပြောပါတယ်။ ဒါနဲ့ ဆက်နေဖြစ်တယ်။ သူဟာ ဟိန္ဒူဝါဒီများနဲ့ တည်ဆောက်ထားတဲ့ ဘီဂျေပီပါတီရဲ့ တဦးတည်းသော ခရစ်ယာန်ဘာသာဝင်တယောက်ပါ။ ခရစ်စမတ်ရာသီရောက်ရင် ကျနော်တို့ မြန်မာနိုင်ငံသားတိုင်းရင်းသားတွေ သူ့အိမ်သွားပြီး ခရစ်စမတ် ကယ်လ်ရိုသီချင်းတွေဆိုတဲ့အခါ သူ့မျက်နှာမှာ ပျော်ရွှင်ချမ်းမြေ့နေတာ မြင်ရတတ်တယ်။ 

သူဟာ ပွင့်လင်းပြတ်သားပြီး ဆုံးဖြတ်ချက်ခိုင်မာတဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်။ သူ့ရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်တခုက မြန်မာ့အရေးနဲ့ ပတ်သက်တယ်။ ၁၉၉၇ လောက်က ရခိုင်နဲ့ ကရင်သူပုန်တွေကို ကပ္ပလီကျွန်းဘက် ရေတပ်အခြေစိုက်စခန်းတခု ဖွင့်ပေးမယ်လို့ပြောပြီး အိန္ဒိယ စစ်ထောက်လှမ်းရေး ဗိုလ်မှူးတယောက်က ဖျားယောင်း ခေါ်လာတယ်။ အိန္ဒိယရေပိုင်နက် လင့်န်ဖောလ်ကျွန်းရောက်တော့ သူပုန် ခေါင်းဆောင် ၆ ဦးကို သွေးအေးအေးနဲ့ လုပ်ကြံလိုက်တယ်။ ကျန်တဲ့ ရဲဘော် ၃၄ ယောက်ကို လက်နက် ခဲယမ်းမီးကျောက်တွေ၊ စက်လှေမော်တော်တွေနဲ့တကွ ဖမ်းပြီး မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားတယ်။ အဲဒီအချိန်ဟာ နှစ်နိုင်ငံအကျိုးစီးပွားအတွက် မြန်မာ့တပ်မတော်နဲ့ အိန္ဒိယတပ် ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလဖြစ်တယ်။ 

တိုက်ဆိုင်ချင်တော့ ဂျော့ခ်ျဖာနန်ဒေ့စ်က ၁၃ ယောက်မြောက် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဖြစ်လာစ ပူပူနွေးနွေး။ အိန္ဒိယရေတပ်ရဲ့ မြန်မာတိုင်းရင်းသား သူပုန်တွေအပေါ် အိန္ဒိယက လျှို့ဝှက်လုပ်ဆောင်မှု အခြေအနေမှန်ကိုသိသွားတဲ့ ကာကွယ်ရေးဝန်ကြီးဟာ အမြန်ဆုံး ရေတပ်စစ်ဦးစီးချုပ်ရဲ့ ပင်လယ်မျော့စစ်ဆင်ရေး (Orparation Leech)ကို ရပ်စဲဖို့ ညွှန်ကြားတယ်။ ပြီးတော့ ရေတပ်စစ်ဦးစီးချုပ် ဘစ်ခ်ျနူး ဘဂဝတ် (Vishnu Bhagwat, Chief of the NavalStaff) ကို ရာထူးနဲ့တာဝန်ကနေ အနားပေးလိုက်တယ်။ ဒါဟာ အိန္ဒိယ စစ်ဘက်သမိုင်းမှာ တကြိမ်မှမရှိခဲ့ဖူးသလို ယနေ့ထိလည်း မပေါ်ပေါက်ဖူးတဲ့ ကာကွယ်ရေးဝန်ကြီးက စစ်ဦးစီးချုပ်ကို သက်တမ်း ၂ နှစ်မပြည့်ခင် ရာထူးကဖြုတ်လိုက်တဲ့ ဖြစ်ရပ်ပါ။ အန်ကယ်ဂျော့ခ်ျရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်လို့ ဆိုရမယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က အသက် ၈၄ နှစ်တိတိပြည့်ခဲ့သူ အန်ကယ်လ်ဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကစပြီး ဦးနှောက် မှတ်ဉာဏ် ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ အိုမင်းရင့်ရော်စေတဲ့ ဦးနှောက်ရောဂါ Alzheimer နဲ့ Parkinson ရောဂါခံစားနေရပြီး အိပ်ယာပေါ် လဲနေပါတော့တယ်။ ဒီဝေဒနာ မခံစားရမီကတည်းက အခန်းအနားတွေမှာ စကားပြောရင် စကားမပီတာ၊ စကားထစ်တာ၊ ထပ်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ စကားလုံးတွေ မေ့လျှော့နေတာတွေ ဖြစ်နေပါပြီ။ အန်ကယ်လ်ဟာ ကျနော်တို့မြန်မာတွေအရေးသာ မဟုတ်၊ တိဘက်တွေနဲ့ ဘူလ်တန်၊ နီပေါလ် လွတ်မြောက်ရေး လှုပ်ရှားမှုတွေကိုလည်း တက်တက်ကြွကြွ လုပ်ဆောင်တတ်ပါတယ်။ 

အိမ်နီးချင်းကိစ္စ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေနဲ့ အင်တာဗျူးလုပ်တိုင်း မြန်မာ၊ တိဘက်၊ ဘူလ်တန်ကိစ္စကို မပြတ်ထည့်ပြောလေ့ရှိပါတယ်။ သူ့ကိုယ်သူလည်း “ကျနော်ဟာ ဒီမိုကရက်တစ် တယောက်အဖြစ် အမြဲရပ်တည်ပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက်ဆို ဘယ်နိုင်ငံ ဘယ်လူမျိုးပဲဖြစ်ဖြစ် တတ်စွမ်းသမျှ ကူညီ အားပေးသွားမှာ ဖြစ်တယ်”လို့ ပြောလေ့ရှိပါတယ်။ ကျနော်တို့ကို သူ့ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ၊ နိုင်ငံတကာ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးတိုင်း “သူတို့ဟာ ဒီမိုကရေစီနဲ့ အခြေခံအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျနော့်ရဲ့ မြန်မာမိတ်ဆွေဖြစ်တယ်”လို့ တလေးတစား ပြောတတ်တာလေးကို ကျနော်တို့ မမေ့ပါဘူး။ 

အန်ကယ်လ်ဂျော့ခ်ျဟာ မပြီးဆုံးသေးတဲ့ ကျနော်တို့နိုင်ငံ ဒီမိုကရေစီတိုက်ပွဲအတွက် အိန္ဒိယနိုင်ငံက တောင့်တင်းခိုင်မာတဲ့ ခံတပ်ကြီးတခုအဖြင့် ကျနော်တို့ရင်ထဲမှာ ရှိနေအုံးမှာပါ...။ 

ကျနော်တို့ချစ်တဲ့ အန်ကယ်လ်ဂျော့ခ်ျ ခံစားနေရတဲ့ဝေဒနာများ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ...။ ။ 

ကိုညို (အော်စလို) 
၀၅ ဇွန်၊ ၂၀၁၄ 

ကိုးကား... ဝီကီပီဒီးယားမှ 

(ဇွန် ၁၀ (အင်္ဂါနေ့) ထုတ် တူမောရိုး ဂျာနယ်မှာပါတဲ့ ဆောင်းပါးပါ။ တချိန်က မြန်မာ့ဒီမိုကရေစီအရေးကို အစွမ်းကုန် အားပေးရုံမက ကျနော်တို့ မြန်မာကျောင်းသားလူငယ်တွေကိုပါ မိဘသဖွယ် ကူညီစောင့်ရှောက် အားပေးခဲ့တဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ ဂျော့ခ်ျ ဖာနန်ဒေ့စ် အကြောင်း ကျနော်သိသလောက် ရေးထားတာပါ။)  

No comments: