Sunday, June 1, 2014

သတင်းကျင့်ဝတ်၊ ကိုယ်ချင်းစာစိတ်နဲ့ လွတ်လပ်မှု (၂) - ကိုညို

ကျနော်တို့နိုင်ငံမှာတော့ ကျင့်ဝတ်ဆိုတဲ့အရာဟာ လွတ်လပ်မှု၊ မလွတ်လပ်မှုနဲ့လည်း ဆက်စပ်ပတ်သက်နေတတ်ပါတယ်။ ယူနတီ သတင်းထောက် အဖမ်းခံရတဲ့ကိစ္စဟာ ကျင့်ဝတ်တရားဆိုတာထက် သတင်းမလွတ်လပ်မှု၊ အစိုးရနဲ့ သတင်းသမားတွေအကြား အပြန်အလှန် ယုံကြည်မှုမရှိမှုက အခြေခံဖြစ်တယ်။ အဓိက ကတော့အစိုးရရဲ့ သတင်းထိန်ဝှက်မှုတွေနဲ့ နိုင်ငံရေး မလွတ်လပ်မှုပါ။ သတင်းသမားဆိုတာကလည်း အနှောင်အချုပ်ကင်းပြီး လွတ်လပ်တဲ့ သဘာဝအပေါ် အခြေခံတာဖြစ်တယ်။ ဘယ်သတင်းသမားမဆို လွတ်လွတ်လပ်လပ် တွေးချင်၊ ရေးချင်ကြမှာပါ။ 

လောင်းရိပ်မိ သတင်းသမားတယောက်ရေးတဲ့ သတင်းဟာ စိတ်ကူး၊ အတွေး၊ အကြံ မလွတ်လပ်တာမို့ တင်ပြတဲ့သတင်းဟာ ခပ်ပေါ့ပေါ့ဖြစ်နေတတ်သလို၊ ထောင့်မစေ့တတ်ဘူး။ အယ်ဒီတာရဲ့ အခန်းကဏ္ဍကို လေးစားအသိအမှတ်ပြုရပေမယ့် အပေါ်ကအထုခံရမှာ စိုးတထိတ်ထိတ်ဖြစ်နေတဲ့ အယ်ဒီတာလက်က ဖြတ်လာတဲ့သတင်းကတော့ မခန့်ငြားပါဘူး။ အယ်ဒီတာဆိုတာ သတင်းကို ပိုမိုရုပ်လုံးကြွအောင် တည်းဖြတ်နိုင်သလို တော်ရိရော်ရိလည်း ဖြစ်စေတယ်။ သူ့စိတ်စေတနာက ရှေ့ဆောင်တယ်။ 


သတင်းလွတ်လပ်မှုမရှိတဲ့တိုင်းပြည်မှာ ကျင့်ဝတ်ဆိုတာ တည်ဆောက်ရခက်ခဲပါတယ်။ တရားမှု မတရားမှုဆိုတဲ့ ဘက်နှစ်ဖက်မှာ ကိုယ်က ဘယ်ဘက်မှာရပ်မလဲဆိုတာက ကျင့်ဝတ်ရဲ့ ကြည်လင်မှုကို အနည်းနဲ့အများ ပွန်းပဲ့စေတာပဲ။ ကျင့်ဝတ်နဲ့စည်းကမ်း အနှစ်သာရခြင်း မတူပါဘူး။ ကျင့်ဝတ်မှာ ရိုးသားမှုနဲ့ သစ္စာတရားက အဓိကကျသလို ပိုနက်ရှိုင်းတယ်။ ဒါကြောင့် သတင်းထောက်ရဲ့ မှန်တယ်လို့ယူဆတဲ့ဘက်က ရပ်တည်မှုဆိုတာ ဘယ်ပေါ်မှာရပ်တဲ့ အမှန်တရားလဲဆိုတာနဲ့ ခလုတ်တိုက်စရာဖြစ်နေပြန်ရော။ ဒါကြောင့် သတင်းကျင့်ဝတ်မှာ ယုံကြည်ချက်တွေက သိမ်မွေ့စွာ ကပ်ပါနေတတ်တယ်။ 


သတင်းထောက်ဆိုတာက ဒီမိုကရေစီအပေါ် အခြေမခံရင် မရှင်သန်ဘူး၊ ကျဆုံးတာပဲ၊ ဒီမိုကရေစီအပေါ်ခိုင်ခိုင်ရပ်တည် လို့ ယခင် ဘီဘီစီ၊ အာအက်ဖ်အေ ရေဒီယိုသတင်းထောက် ဆရာ ဦးတင့်ဇော်က ကျနော့်ကို သြဝါဒပေးဖူးတယ်။ ဒီမိုကရေစီ ဆိတ်သုန်းတာဟာ သတင်းလွတ်လပ်မှု ကွယ်ပျောက်တာလည်း ဖြစ်တယ်။ မိမိတို့နိုင်ငံ ဒီမိုကရေစီလမ်းပေါ် ရောက်နေသလေား၊ ပျောက်နေသလား ကျနော်ထက် ပြည်တွင်းက သတင်းသမားတွေ ပိုသိပါတယ်။ ဒီမိုကရေစီ မရှိသရွေ့၊ လွတ်လပ်မှုမရှိသရွေ့ သတင်းကျင့်ဝတ်တို့၊ သတင်းသီလတို့ဆိုတာလည်း အငြင်းပွားစရာတွေရှိသလို၊ ရော့ရော့ရဲရဲ၊ ကစဥ့်ကလျှားတွေနဲ့ ကြုံနေမှာပဲ။

ဒီကနေ့ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်၊ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်လည်းလုပ်နေသူကိုယ်တိုင်က တချိန်က မီဒီယာကို မီဒီယာနဲ့တိုက်ဆိုတဲ့ အတွေးအခေါ်အလွဲကြီးကို အကောင်အထည်ဖော်ခဲ့ရုံမက ဒုဗိုလ်မှူးကြီး ရဲထွဋ်ဘဝကလည်း သတင်းထိုးစစ်နဲ့ တန်ပြန် သတင်းစစ်ဆင်ရေးအတွက်ဆိုပြီး ကမ္ဘာ့သတင်း လေ့လာသုံးသပ်ရေးအဖွဲ့ (World Information Bureau) ကိုလျှို့ဝှက်ဖွဲ့စည်းဆောင်ရွက်ခဲ့သူဖြစ်တယ်။ အဲဒီထဲမှာ ဒီကနေ့ အာဏာလက်ကိုင်ပြုထားတဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ (ဥပမာ-ဦးခင်ရီ၊ ဦးခင်အောင်မြင့်)လည်း ပါဝင်နေပါတယ်။ နှစ်ပေါင်းများစွာ နိုင်ငံရေး သဘောတရားကို စစ်ရေးအမြင်နဲ့သာ ချည်းကပ် အကောင်အထည်ဖော်သူတွေ၊ အရာရာကို လုံခြုံရေးရှုဒေါင့်ကသာ ဦးစားပေးရှုမြင်တတ်တဲ့ စစ်ဝါဒီတွေမှာ လွတ်လပ်တဲ့ သဘောသဘာဝအပေါ် လေးနက်မှုရှိဖို့ အတော်အတန် ခက်ခဲကြတယ်။ သူတို့စိတ်နှလုံးမှာ အနယ်ထိုင် မာကျစ်နေတဲ့ အတွေးအခေါ် မိုင်းဆက်တွေ၊ စရိုက်သဘာဝတွေကိုပြင်ဖို့ ခဲယဉ်းတယ်။ ဒီမိုကရေစီတို့ လွတ်လပ်မှုတို့၊ သတင်းလွတ်လပ်ခွင့်တို့ကို သူတို့ပါးစပ်က အမြှုတ်တစီစီထွက်အောင် အော်ပြောနေပလေ့စေ၊ သူတို့ ပင်ကိုသဘာဝနဲ့ ဆန့်ကျင်တဲ့အရာမို့ လွတ်လပ်မှုနယ်ပယ်ထဲ အံဝင်ဂွင်ကျဖြစ်ဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် နိုင်ငံရေးစနစ်က မလွတ်လပ်ဘဲ၊ ဒီမိုကရေစီမစစ်မှန်ဘဲ သတင်းလွတ်လပ်မှု ရွှေအိပ်မက်ကြီး မက်နေသူဟာ ရူးသွပ်ခြင်းသက်သက် ဖြစ်ပါလိမ့်မယ်။ 

တိုင်းပြည်အုပ်ချုပ်ရေးနဲ့ ဥပဒေပြုမဏ္ဍိုင်ရဲ့ အခြေခံအကျဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံကြီး တိမ်းစောင်း လွဲချော်နေတာကို ပြည်သူတရပ်လုံး အုံးအုံးကြွက်ကြွက်နဲ့ ပြင်ပေးဖို့ ကြွေးကြော်တောင်းဆိုနေတာကို ထုံပေပေလုပ် ငြင်းဆန်နေတဲ့ အစိုးရက ဒီမိုကရေစီပေးမယ်ဆိုတာ ယုံလောက်စရာရှိပါရဲ့လား။ ဒီမိုကရေစီမရှိရင် သတင်းလွတ်လပ်ခွင့် မရှိပါ။ ဒါဆို သတင်းသမားကျင့်ဝတ်ဆိုတာကလည်း ရှင်သန်မှာမဟုတ်။ မျိုးစေ့က မိုးပျံအောင်ကောင်းနေပါစေ မြေရိုင်း၊ လေရိုင်းမှာ အပင်ပေါက်ဖို့ ခဲယဉ်းပါတယ်။ ပေါက်လာတဲ့အပင်ကလည်း အောင်မြင်ဖွံ့ထွားမှာ မဟုတ်။ တည်ငြိမ်အေးချမ်းမှုမရှိတဲ့ နိုင်ငံရေးစနစ်ဖြစ်လာဖို့ သတင်းသမားတွေ သတင်းလွတ်လပ်ခွင့်နယ်မြေကို ချဲ့ထွင်ဖို့ ဦးစွာကြိုးပမ်းရမှာဖြစ်တယ်။ ဒီနေရာမှာ မိမိတို့ဘက်က တလက်မမျှ အလျှော့ပေးစရာ မလိုဘူး။ ဈေးညှိစရာလည်း မလိုဘူး။ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်ဟာ အပြန်အလှန် အကျိုးပြု အမှီသဟဲပြုနေတာမို့ သူတို့တန်ဖိုးကို ဈေးဆစ်လို့ မရဘူး။ တစ်ရာတန်ကို တစ်ဆယ်ဖိုး၊ ငါးဆယ်ဖိုးနဲ့ ဈေးနှိမ်တာကို လက်ခံစရာမလိုဘူး။ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဟာ လူ့ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်အချိုးညီနေတာကြောင့် ဖြစ်တယ်။ လွတ်လပ်မှုကို ထိမ်းချုပ်တာဟာ လူ့ဂုဏ်သိက္ခာကို ချိုးဖဲ့နေတာနဲ့ အတူတူပဲ။ 

၁၉၉၅ ခုနှစ်ကလို့ ထင်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်ပရောက် သတင်းသမားတွေအားလုံး စုစည်းကျင်းပတဲ့ မြန်မာသတင်းသမဂ္ဂညီလာခံကို ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်းလည်း အမေရိကားကနေ တက်ရောက်လာတယ်။ ခရီးရောက်မဆိုက်တွေ့ရတဲ့ ညနေ ထမင်းဝိုင်းမှာ ဆရာကြီးကို ကျနော်က မေးခွန်းတခွန်း မေးတယ်။ ဆရာကြီးဟာ ပါလီမန် ဒီမိုကရေစီခေတ်ကတည်းက အောင်ဗလ ဆိုတဲ့နာမည်နဲ့ တိကျမှန်ကန်ပြီး ထိရောက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ ဖော်ထုတ်ရေးခဲ့တယ်၊ အခုတော့ အချက်အလက် သိပ်မခိုင်မာဘဲ ဝါဒဖြန့်သဘောဆန်ဆန် ဆောင်းပါးတွေရေးနေတာ တွေ့ရတယ်၊ ဒါကြောင့် အရင်က တလျှောက်လုံးထိန်းသိမ်းလာတဲ့ ဆရာကြီးရဲ့ကလောင်နာမည်ကို ပွန်းပဲ့မထိခိုက်စေဘူးလား လို့ မေးလိုက်တယ်၊ ဆရာကြီးက ချက်ချင်းပဲ အခုဟာ စစ်ဖြစ်နေတာဗျ၊ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက် စစ်ဖြစ်နေတာ၊ ရန်သူကိုလက်ထဲမှာ ခဲရှိရင် ခဲနဲ့ပေါက်၊ တုတ်ရှိရင် တုတ်နဲ့ပစ်ရမှာပဲ” လို့ ဖြေပါတယ်။ ထမင်းဝိုင်းမှာရှိတဲ့ သတင်းသမားတွေအားလုံး ဆရာကြီးစကားကို သဘောကျလို့ အားရဝမ်းသာ ရယ်မောအားပေးကြတယ်။ နောက်တရက်မနက် ကြေးမုံဦးသောင်းနဲ့ ဓာတ်ပုံအတူရိုက်ရင်း သူက ကျနော့်ကို ကိုညို... ကျနော်လည်း ကိုယ့်ကလောင်သိက္ခာကို ထိန်းရေးချင်တာပေါ့ဗျာ၊ ဒါပေမယ့် လူသားအားလုံးရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ့် တိုက်ပွဲဖြစ်တယ်၊ မတတ်နိုင်ဘူးလေ၊ ရေးဖို့ဖြစ်လာတော့လည်း ရေးရတာပေါ့” လို့ ပြောပါတယ်။ အဲဒီအချိန်ကစပြီး ဝါဒဖြန့်စာလို့သတ်မှတ်ပြီး သိပ်အလေးအနက်မထားတဲ့ ဆရာကြီး ကြေးမုံဦးသောင်းရဲ့ စာတွေကို အပေါ်ယံသဘော မဖတ်တော့ဘူး၊ အချက်အလက်တွေသာမက သူ့ဆောင်းပါးတွေနောက်က အများပြည်သူအပေါ် ရှေ့တန်းတင်တဲ့ သူ့စေတနာနဲ့ ယုံကြည်ချက်ကို မြင်အောင်ရှာဖတ်တယ်။ 

ကျနော်တို့ရှေ့က သတင်းစာဆရာတွေ၊ သတင်းထောက်ကြီးတွေဟာ လွတ်လပ်ရေးကိုရှေ့ရှုပြီး ပြည်သူလူထုကို ရှေ့ဆောင် လမ်းပြခဲ့တယ်၊ ဆင်းရဲဒဏ်တွေ ခံခဲ့တယ်၊ အချိန်တွေအများကြီးပေး လေ့လာပြီး စေတနာအခြေခံတဲ့ သူတို့အသိကို ရှယ်ယာလုပ်ပေးခဲ့တယ်။ ကျနော်တို့တတွေ ဒီကနေ့ကြုံတွေ့ရတဲ့ခေတ်က အင်္ဂလိပ်ခေတ်၊ ဂျပန့်ခေတ်ထက် ဘယ်လောက်များ သာလွန်နေသလဲ...။ တိုင်းတပါးကျွန်ခေတ်ကလောက်တောင် လွတ်လပ်မှုရှိပါရဲ့လား။ ချစ်တီးတွေ လယ်သိမ်းခံရတဲ့ ဘဝထက်ဆိုးရွားတဲ့ (ဒီကနေ့) လယ်သမားတွေဘက်က အခြေအနေကို မီဒီယာတွေက ကျကျနန သတင်းလုပ်နိုင်သေးရဲ့လား။ ခြေတံလက်တံရှည်ရှည်နဲ့ မီဒီယာအများစုကို ဘယ်လိုလူတွေက ပိုင်ဆိုင်တာလဲ။ စစ်တပ်မကောင်းရင် မကောင်းတဲ့အကြောင်း စုံစမ်းဖော်ထုတ်ရေးလို့ရပြီလား၊ မီဒီယာတွေ တင်ရဲလား။ သမ္မတ၊ ကာချုပ်အကြောင်း ဝေဖန်ရေးသားမှုကို လွတ်လွတ်လပ်လပ် ဖော်ပြနိုင်ရဲ့လား။ 

တခါတုန်းက သတင်းစာတစောင်မှာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီရဲ့ မတရား စီးပွားအမြတ်ထုတ်မှုတွေနဲ့ပတ်သက်တဲ့ သတင်းဆောင်းပါးတပုဒ် ရေးပို့တဲ့အခါ အယ်ဒီတာက ကျနော့်ဆောင်းပါးကို ကြိုက်ပေမဲ့ မသုံးရဲပါဘူး။ သူတို့သတင်းစာက စစ်တပ်ပိုင်ပုံနှိပ်စက်တခုမှာ ရိုက်နှိပ်ထုတ်ဝေရလို့ စစ်တပ်မကောင်းကြောင်း သတင်းတွေပါရင် ပုံနှိပ်မပေးလို့ပါတဲ့။ ကိုင်း... ဘယ်လောက်အံ့သြစရာကောင်းတဲ့ သတင်းလွတ်လပ်ခွင့်လဲ...။ လွတ်လပ်မှုမရှိတဲ့ မီဒီယာလောကမှာ ဘယ်သူတွေက ကျင့်ဝတ်ဖောက်ဖျက်နေသလဲ...။ ဝ မရှိဘဲ ဝိလုပ်လို့ ရမယ်တဲ့လား...။ သူများမကောင်းတာ ရေးခွင့်ပေးပြီး ကိုယ်မကောင်းတာ ဖော်ထုတ်ခွင့်မရတဲ့ ဒီမိုကရေစီကို ဘယ်လိုနာမည်ပေးရမှာလဲ။ 

တချို့ကလည်း ငါက ဂျာနယ်လစ်ဇင်းသမား၊ ဂျာနယ်လစ်ဇင်ကျောင်း တက်လာတာ၊ သင်တန်းတက်လာတာဆိုပြီး အမောက်တွေ ထောင်ထောင်ပြနေတယ်။ ကျောင်းတက်တာ နည်းပညာနဲ့ အသိပညာတိုးလို့ ကောင်းပါတယ်၊ မတက်ရင်လည်း တတ်မှာမဟုတ်၊ ဒါပေမယ့် သင်တန်းအသိသာမက လက်တွေ့ဘဝအတွေ့အကြုံရှိဖို့ လိုတယ်။ ပြီးတော့ သမိုင်းကို မသိရင်၊ နိုင်ငံရေးနဲ့ခေတ်သရုပ်ကို မခွဲခြမ်း မစိတ်ဖြာမတတ်ရင် အခြေအနေနဲ့ အကြောင်းအရာတွေကို ဘယ်လို သုံးသပ်နိုင်မှာလဲ။ ဘယ်လိုကောက်ချက်ဆွဲမှာလဲ။ ဟိုလူပြောတာ ရေး၊ နောက်လူရဲ့ ကွဲပြားတဲ့အမြင်လေးရေးရုံနဲ့ အခြေအနေတရပ်လုံးကို စာဖတ်သူက ခွဲစိတ်ဖြာနိုင်တဲ့ထိ လုံလောက်နိုင်မယ်ထင်သလား...။ 

တလောက အော်စလိုမှာ စာရေးဆရာ၊ ဂျာနယ်လစ်ဇ်တချို့လာတော့ ပြည်တွင်းက ဂျာနယ်တိုက်တခုရဲ့ စီအီးအို တယောက်က ကျနော်က ဂျာနယ်လစ်ဇ်ဆိုတာ ပါးစပ်ကမချ၊ လူတတ်ကြီးလုပ် ပြောဟောနေပေမယ့် လက်တွေ့မှာ သူ့အတွေးအခေါ်က ဝေတေဝါးတား၊ ဟိုဟာ မှန်သလို၊ ဒီဟာဟုတ်သလိုနဲ့ ရပ်တည်ချက်က တည်တည်ငြိမ်ငြိမ် မရှိ၊ မခိုင်မာ။ သူရေးတဲ့စာ သေချာဖတ်ကြည့်တော့ သူ့ကလောင်က မလွတ်လပ်၊ ဟိုထိန်း ဒီချုပ်နဲ့ ဘာကိုပြောချင်မှန်း မရှင်းမလင်း။ အနှီပုဂ္ဂိုလ်က စာနယ်ဇင်းကောင်စီမှာ ဆရာကြီးလုပ်နေတော့ အနာဂတ်ကို မျှော်တွေးရတာ ရင်လေးတယ်။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတာ နိုင်ငံရေးပရိယာယ်သာဖြစ်တယ်။ ဂျာနယ်လစ်ဇင်းပညာနဲ့ မဆိုင်။ အတွေးအခေါ် မလွတ်လပ်ရင် ဂျာနယ်လစ်ဇင်းပညာကို အာကာသအထိ သွားလေ့လာ... ဂျာနယ်လစ်ဇ်ကောင်း ဖြစ်လာမှမဟုတ်။ အကြောက်တရားနဲ့ ကလောင်တံ ဘယ်အချိန်မှ ဓာတ်မတည့်ပါ။ ငါ ဂျာနယ်လစ်ဇ်ကွလို့ လိပ်ခေါင်းထွက်အောင် အော်ပစေ၊ မလွတ်လပ်ရင် အချီးနှီး။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လုံးလုံး ပြည်သူတွေ ပြည်တွင်းထုတ်၊ သတင်းစာဂျာနယ်၊ မဂ္ဂဇင်းတွေဖတ်လို့ အသိအမြင်တိုးလာသလား...၊ ပြည်ပရေဒီယို သတင်းတွေ၊ ဆောင်းပါးတွေနားထောင်ပြီး အတွေးအသိတွေ ရခဲ့သလား... စစ်တမ်းထုတ်ကြည့်ပါ။ ဒါက လွတ်လပ်မှုနဲ့ မလွတ်လပ်မှု ဘယ်လောက်တာသွားသလဲ သက်သေပါ။ 

တချို့ထုတ်ဝေသူ၊ သတင်းစာ၊ ဂျာနယ်အယ်ဒီတာတွေကိုယ်တိုင်ကလည်း စစ်အာဏာရှင်စနစ်အောက် နှစ်ပေါင်းများစွာ ကျင်လည်ကျက်စား၊ လှည့်ပတ် မွှေနှောက် လုပ်ကိုင်ခဲ့ရတော့ ကလောင်ကို ထိန်းချုပ်ရေးသားတတ်တဲ့ အလေ့အကျင့်ရနေပြီး အစိုးရခေါင်းဆောင်တွေကို ဝေဖန်လိုက်ရင်ပဲ အပြစ်တခုခုရှိနေသလို မလုံမလဲ ခံစားရတယ် လို့ အယ်ဒီတာတယောက်က ပြန်ပြောခဲ့ဖူးတယ်။ ကလောင်သွားကို ဒဲ့မထိုးဘဲ ချွန်းအုပ် ရေးတယ်။ ကိုယ်ပြောချင်တဲ့ Message က စာဖတ်သူဆီ ရှင်းရှင်းလင်းလင်း မရောက်။ 

ဒီမိုကရေစီခေတ်ဦးမှာ သတင်းလောက ပွင့်လင်း ရိုးသားဖို့လိုတယ်။ ကိုယ်တိုင်လွတ်လပ်ပြီး အလင်းပြနိုင်ဖို့လိုတယ်။ ကိုယ်တိုင်က လောင်းရိပ်မိပြီး အရောင်မှိန်နေရင် ပွင့်လင်းပြီး တောက်ပတဲ့ အနာဂတ်ကို ရောက်မှာမဟုတ်။ ဒါကြောင့် လွတ်လပ်မှုတံခါး ကျယ်ကျယ်ပွင့်နေဖို့ အဓိကကျပါတယ်...။ လွတ်လပ်မှ ငြိမ်းချမ်းမယ်၊ ငြိမ်းချမ်းမှ သီလထိန်းနိုင်မှာမို့ ကျင့်ဝတ်ခိုင်မာဖို့ဆိုတာ လွတ်လပ်တဲ့ ရေခံမြေခံ မရှိမဖြစ်လိုအပ်ပါတယ်။ ။ 

ကိုညို (အော်စလို) 
၂၇ မေ၊ ၂၀၁၄ 

 

No comments: