Thursday, May 8, 2014

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၅) - မင်းကျော်ခိုင်

ကိုအုန်းမြင့်ဆိုတာ ကျနော်နဲ့ တရပ်ကွက်ထဲသား။ သူက ကိုရဲ (ရဲလွင်) တို့၊ ကိုတိုး (ခင်မောင်တိုး) တို့နဲ့ အရွယ်မကွာဘူး။ ကိုအုန်းမြင့် မိတ်ဆက်ပေးခဲ့လို့သာ ကျနော်နဲ့ မဇ္ဈိမလှိုင်းဖြစ်လာမယ့် လိစ္ဆဝီ (ပြဿနာကောင်များ) နဲ့ ရင်းနှီးခဲ့ရတာ။ 

ကိုအုန်းမြင့်က ကျနော်တို့ ၆ မိုင်ခွဲအုပ်စုရဲ့ ညဘက် အဆောင်တွေသွားပြီး သီချင်းဆိုကြတဲ့အဖွဲ့ထဲမှာ သူ့အသံက အကောင်းဆုံး၊ သူတယောက်ထဲဆိုပြီဆိုရင် အားလုံးက ငြိမ်ပြီးနားထောင်ကြတာ။ ကိုအုန်းမြင့်ရဲ့ ညီအငယ်ဆုံး ကိုထွန်းလင်းက ဂစ်တာအတီးကောင်းတယ်။ စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ်တို့ သီချင်းတွေဆိုပြီဆိုရင် သူ့အသံနဲ့လိုက်တယ်။ အဲဒီအချိန်တုန်းက (၁၉၇၉-မေလ) သူနဲ့ ခိုင်ထူးရဲ့ တေးမြုံငှက် အခွေထွက်ပြီးခဲ့ပြီ။ 


ဒါပေမယ့် မပေါက်ခဲ့ဘူး။ နောက်မှ ခိုင်ထူး တကိုယ်တော်အနေနဲ့ထွက်တဲ့ အဉ္ဇလီမှာ ခိုင်ထူး စ ပေါက်ခဲ့တာ၊ ကိုအုန်းမြင့်ကတော့ ခွေ ဆက်မထွက်တော့ဘူး။ တေးမြုံငှက်မှာ ကိုအုန်းမြင့်နာမည်က ရီဇော်၊ ကိုအုန်းမြင့် က Philippine က José Rizal ကို သိပ်လေးစားအားကျတယ်။ José Rizal က Philippine ရဲ့ National Hero ပါ... ကိုအုန်းမြင့်တို့ခေတ်က အင်္ဂလိပ်နာမည်တွေ သုံးခွင့်မရှိသလို ဒီလို တော်လှန်ရေး သူရဲကောင်းတွေရဲ့ နာမည်မျိုး ပိုတောင် သုံးခွင့်မရှိခဲ့ဘူး။ ဒါကြောင့် သူ့ဖာသူ မြန်မာမှုပြုပြီး ရီဇော် နာမည်နဲ့ သီချင်းဆိုခဲ့တာ။ အဲဒီတုန်းက တေးမြုံငှက်မှာ ခိုင်၊ မိုး၊ ပြည့် (ခိုင်ထူး၊ မိုးကျော်၊ ရာပြည့်) နဲ့ ရီဇော်ပေါ့။ 

ရီဇော်ရဲ့သီချင်းတွေက လူစိမ်း၊ တပွေထဲ။ တပွေထဲသီချင်းကို ခိုင်ထူးက သူ နောက်ထွက်တဲ့အခွေ (သီချင်းတပုဒ် ပန်းတဆုပ် တေးစု (၁၉၈၀-စက်တင်ဘာ) မှာ သို့တရံတခါဆီနဲ့ ပေါင်းဆိုခဲ့ပါတယ်၊ တေးရေးက ကိုနေဝင်းပါ။ ခိုင်ထူးနဲ့ ကျနော်တခါမှ မဆုံခဲ့ဘူးပါဘူး။ ဒါပေမယ့် မိုးကျော်ရယ်၊ ဘိုတင့် လို့ခေါ်တဲ့ ရာပြည့်တို့ကတော့ သိပ်ရင်းနှီးခဲ့ပါတယ်။ 

ကိုအုန်းမြင့်တို့က ၆ မိုင်ခွဲက သူတို့အိမ်ရှေ့မှာ ဆေးလိပ်၊ ကွမ်းယာနဲ့တွဲပြီး အိမ်ဆိုင်လေး ဖွင့်ထားတယ်။ ကျနော်တို့ ၆ မိုင်ခွဲက ကာလသားတသိုက်ရဲ့ စုရပ်ပေါ့။ အဲဒီအချိန်တုန်းက သူတို့မိသားစု စီးပွားရေးဖြစ်တဲ့ ဒေါ်ရီ ကွမ်းယာပစ္စည်းဆိုင် ရှိပါတယ်။ ကိုအုန်းမြင့်၊ သူ့ညီ ကိုထွန်းလင်းတို့က သူတို့အမေ ဒေါ်ရီနဲ့အတူ ဆိုင်ထိုင်ကြတယ်။ အိမ်ဆိုင်မှာကတော့ သမီးအကြီးဆုံးဖြစ်တဲ့ မတူးက ဆိုင်ထိုင်တယ်။ သူတို့ညီအကိုတွေ သိမ်ကြီးဈေးကနေ ဆိုင်သိမ်းပြန်လာပြီး ညဘက်ကြမှ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေမှာ သီချင်းသွားဆိုကြတာ ည သန်းခေါင်အထိပဲ။ 

၁၉၈၄ နောက်ပိုင်းကျတော့ သူ့ညီမဖြစ်တဲ့ ချိုတူး (ချိုချိုမြိုင်)၊ ကိုကျော်ဇော၊ ကိုအုန်းမြင့်၊ နောက် ဒိန်း လို့ခေါ်ကြတဲ့ ကိုထွန်းဝင်း တို့ သိမ်ကြီးဈေးမှာ ထိုင်ကြတယ်။ ကျနော်နဲ့အတွဲဆုံးက ကိုကျော်ဇော (ကိုအုန်းမြင့်ရဲ့ ညီ) ခုတော့ သူလည်း ဆုံးသွားခဲ့ပြီ။ သူတို့ညီအကိုတွေအားလုံး ကွယ်လွန်ကုန်ကြပါပြီ။ ညီအငယ်ဆုံးဖြစ်တဲ့ ကိုထွန်းလင်းတယောက်ပဲ သားယောက်ျားလေးထဲ ကျန်တယ်၊ ကျန်တာက ညီအမတွေ၊ မတူး၊ ချိုတူး၊ မီးမီးတို့...။ 

ကျနော် တောခိုပြီးနောက်ပိုင်းကျတော့ သူတို့စီးပွားရေးပြောင်းသွားတယ်၊ နာမည်ကျော် ဒေါ်ရီနဲ့သားများ အထည်ဆိုင် ဖွင့်လိုက်ကြတယ်၊ သူတို့အိမ်ဆိုင်လေးကလည်း ဒေါ်ရီနဲ့သားများ အထည်ဆိုင်ဖြစ်သွားတယ်။ ချိုတူး (ချိုချိုမြိုင်) က ကမ္ဘောဒီဒယား ဖနွမ်းပင်မှာ ဧရာဝတီ မြန်မာထမင်းဆိုင် ဖွင့်ထားတယ်။ ခုဆို ချိုတူးနဲ့ သူ့ညီမ အငယ်ဆုံး မီးမီးတို့ ကွပ်ကဲနေကြတာပေါ့။ 

ချိုတူးကလည်း ဂစ်တာ ကောင်းကောင်းတီးတတ်တယ်။ မိန်းကလေးတီးဝိုင်းတောင် ထောင်လိုက်သေး။ Venus လား မသိဘူး၊ သူတို့တီးဝိုင်းနာမည်က...(သူ့ ပြန်မေးရအုန်းမယ်) ချိုတူးတို့အုပ်စုက RC 2 ကစလို့ Eco, RASU အထိ ငကဲတွေလေ။ သူတို့အုပ်စုထဲက နာမည်တွေပြောပြမယ်၊ ချိုတူး နာမည်က သူ့အကို ကိုထွန်းဝင်းလို့ပဲ ဒိန်း လို့ခေါ်ကြတယ်။ အရပ်ရှည်လို့ ဒိန်းဒေါင်ကနေ ဒိန်းဖြစ်လာတာပေါ့။ ဒိန်း၊ ငကစ်၊ ငဖေ၊ ပေစိ၊ ပြားလီ (နှာခေါင်းပြားလို့)၊ နှပ်ချေး၊ ဆိုးကြီး... အဲလိုနာမည်တွေ...။ 

ရပ်ကွက်ထဲမှာ လူငယ်တွေကို အင်္ဂလိပ်စာ၊ ဂျပန်စာ၊ အခမဲ့ သင်ပေးတယ်။ ဒါကြောင့် ကိုအုန်းမြင့်ကို ရပ်ကွက်ထဲက လူငယ်တွေက တီချာအုန်းလို့လည်း ခေါ်ကြတယ်။ သူက ဆံပင်ညှပ်တာလည်း ကောင်းတယ်။ သူတို့အိမ်ရှေ့က ဘောလုံးကွင်းအစပ် သစ်ပင်အောက်မှာ လူငယ်တွေကို ဆံပင်ညှပ်ပေးတတ်တယ်။ အဲဒီအချိန်တုန်းက ရန်ကုန်မှာ နာမည်ကြီး ဆံပင်ညှပ်ဆရာကတော့ ၂၉ လမ်းက ကိုသာလှ ပေါ့။ ကိုအုန်းမြင့်က ဆံပင်ညှပ်တာ ကိုသာလှထက် သာတယ်လို့ ကျနော်တို့ရပ်ကွက်ထဲက လူငယ်တွေက ပြောကြတယ်။ 

သူက ဆေးလိပ်သောက်တယ်။ နှင်းဆီ ဆေးပေါ့လိပ်ပေါ့၊ တခါတလေ ငွေတောင် ဆေးပေါ့လိပ်၊ အရက် မသောက်တတ်ဘူး။ ကျနော်တို့ အရက်ဝိုင်း လိုက်ထိုင်တတ်တယ်၊ အမြည်းလိုက်စားမယ်။ ကျနော်တို့ အရက်ဖိုးရှင်းလို့ ပါတဲ့ပိုက်ဆံ မလောက်ရင် သူ့ဆီကပဲ တောင်းရှင်းခဲ့ရပေါင်းလည်း များခဲ့တယ်။ 

တခါတလေ ကျနော် သူ့ကို လမ်းမှာဆုံမိလို့ ကိုအုန်းမြင့် အရက်လိုက်တိုက်ဗျာ... တပိုင်းဆိုရပါပြီလို့ စကားခေါ်လိုက်ရင် ဘယ်တော့မှ မငြင်းဘူး။ စကားပြောရင်း၊ အမြည်းစားရင်း လိုက်တိုက်တတ်တယ်၊ ဘော်ဒါစိတ်အပြည့်ရှိတဲ့ ကိုအုန်းမြင့်ပါ။ 

ကိုအုံးမြင့်က စိတ်ရောဂါ ဝေဒနာလည်းရှိပါတယ်...။ Autism လို့ ပြောရမှာပေါ့၊ လူနာမည်၊ နံပါတ်၊ အကြောင်းအရာ လိပ်စာ၊ ခုနှစ်သက္ကရာဇ် အားလုံးကို သာမန်လူတွေထက် အံ့သြစရာကောင်းအောင် မှတ်မိတယ်။ တချို့ သူ့ကို သီချင်းရေးခိုင်းတဲ့လူရှိရင် အလကား ကူညီရေးပေးတယ်။ သူ ရေးခဲ့တဲ့ သူ့သီချင်းတွေကို တချို့က သူတို့နာမည်တွေနဲ့ ထုတ်တယ်။ သူ စိတ်ရောဂါရတဲ့အချိန်ဆိုရင် သူ့အနား ဘယ်သူမှ မကပ်ရဲတော့ဘူး...။ 

အဲဒီအချိန်မျိုးဆိုရင် သူနဲ့ပတ်ဝန်းကျင်ဟာ တော်တော်ကို အဆင်မပြေဖြစ်ပြီလေ၊ အံမဝင်ဂွင်မကျပေါ့။ သူ့လိုရောဂါမျိုးက သီချင်းရေးတဲ့ ကိုနေဝင်းမှာလည်း ရှိတယ်။ လူတိုင်းမှာ သူ့အကြောင်းနဲ့ သူ၊ သူ့ရောဂါနဲ့သူ ရှိကြတာပဲလေ။ ခုတော့ ကိုအုန်းမြင့်လည်း ၂ဝ၁ဝ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့မှာ လောကကြီးကို ခွဲခွာသွားခဲ့ပါပြီ။ 

သီချင်းဆိုတဲ့ ကိုအုန်းမြင့် (ရီဇော်) သမိုင်းဝင်းထဲက အင်ကြင်းဆောင်နောက်မှာ သူ ဆိုနေကျသီချင်း ၁၉၇၉ တုန်းကပေါ့... "တံတားထိပ်ကျောင်းသူ" (စိုင်းခမ်းလိတ်ရေးပြီး စိုင်းဆိုင်မောဝ်ဆိုတဲ့ သီချင်း) အမှတ်တရပါ...။ 

လွမ်းဆွတ်သတိရတယ် ကိုအုန်မြင့်ရေ...။ 

ဆက်ပါဦးမည်။

မင်းကျော်ခိုင် 

No comments: